အခန်း (၃၅၂)
Vol. 24 Ch. 352
ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့ဆီမှ ဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။
လီချင်းယန်က ပြောလိုက်သည်။ "ဂိုဏ်းချုပ် မနက်ခင်းကတည်းက အိုက်မိသားစုခေါင်းဆောင် ရောက်လာတာ။သူက အဓိကဟောခန်းထဲမှာ ဂိုဏ်းချုပ်ကို စောင့်နေတယ်။"
"ဪ ဒီလိုလား။"
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲသို့ သွား၍ အာလာပ သလာပ စကားများ ပြောဆိုလိုက်သည်။
အိုက်မိသားစုခေါင်းဆောင်သည် သူ့အား ပိုက်ဆံ ဆေးပင်နှင့် ဆေးမျိုးစေ့များ လာရောက်ပေးအပ်ခြင်းပင် ဖြစ်တော့၏။
"ေဩာ် ဟုတ်ပြီ။"
စီးပွားရေးကိစ္စများ ပြောဆိုပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အိုက်မိသားစု ခေါင်းဆောင်။ကျုပ်က ချင်းယန်မြို့ထဲမှာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်ထားတယ်။ဒီတော့ အိုက်ခေါင်းဆောင်အနေနဲ့ ဆာလောင်မြက် လုံလုံလောက်လောက် ထောက်ပံ့ပေးဖို့ မျှော်လင့်မိတယ်။"
"ဆိုင်တစ်ဆိုင်ဖွင့်မယ် ဟုတ်လား။ ဆာလောင်မြက် ဟုတ်လား။"
အိုက်ရှန်းရီသည် အူလည်လည်နှင့် ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်း ဆာလောင်မြက်လို ပေါပေါပဲပဲ ရတဲ့ အရာကို သုံးပြီးတော့ ဘာဆိုင်ဖွင့်ဖို့ စဉ်းစားထားတာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"တိရစ္ဆာန် အစားအစာ အရောင်းဆိုင်"
ဖူဒ။
လက်ဖက်ရည်သောက်နေသော အိုက်ရှန်းရီသည် ပါးစပ်ထဲမှ လက်ဖက်ရည်များ ပြန်လည်ပန်းထွက်လာ၏။ သူ၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်သွားသည်။
"ဂိုဏ်းချုပ်ကျွင်းက တိရစ္ဆာန် အစားအစာ အရောင်းဆိုင်ဖွင့်ဖို့ ဟုတ်လား။"
"အမှန်ပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အိုက်ရှန်းရီသည် မူးနောက်နောက်ပင် ခံစားလိုက်မိ၏။ အလွန်တရာ အစွမ်းထက်လှသော ဆေးပညာရှင်သည် ဆေးဆိုင်မဖွင့်ဘဲနှင့် အဘယ့်ကြောင့် တိရစ္ဆာန် အစားအစာရောင်းသည့်ဆိုင် ဖွင့်ရသနည်း။
လာ၍ စနောက်နေသည်လား။
ထို့အပြင် ဆာလောင်မြက်ဆိုသည်မှာ နေရာတိုင်းတွင် တွေ့ရသည့် အရာမျိုးဖြစ်၏။
နေ့စဉ်နေတိုင်း အစည်းပေါင်း သောင်းချီ၍ ရောင်းချရမည်ဆိုလျှင်တောင်မှ အမြတ်အစွန်းမှာ အလွန်တရာ နည်းပါးလိမ့်မည်။
အတွေ့အကြုံ မြင့်မားလှသော စီးပွားရေးသမားတစ်ယောက်ဖြစ်သည်မို့ အိုက်ရှန်းရီသည် တိရစ္ဆာန်အစားအစာ ရောင်းချခြင်းနှင့် ပတ်သက်၍ အားမပေးချေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း ပြုလုပ်ချင်သည်ဆိုမှတော့ သူ့အနေနှင့် ကျိန်းသေပေါက် ပူးပေါင်းပေးရမည်။
ထို့ကြောင့် ဟူရန်မြို့သို့ ပြန်သည့် လမ်းမှာတော့ သူသည် ဆာလောင်မြက်များကို ပြင်ဆင်ထားရန် တိတ်တဆိတ်ကြိုပြီး တွေးတောထားရန်သာမက ဖြစ်နိုင်မည်ဆိုပါက ဆိုင်ဖွင့်သည့် အခမ်းအနားတွင် ပေးဖို့ လက်ဆောင်ပစ္စည်းပါ ပြင်ဆင်ထားရန် စဉ်းစားထားမိ၏။
ဤကိစ္စနှင့် ပတ်သက်၍ ချင်းယန်မြို့တွင်းရှိ မိသားစုကြီးများ အားလုံးသည်လည်း မြို့တော်ဝန်ရှဲ့ဆီမှ တစ်ဆင့် သတင်းကြားရှိပြီးသား ဖြစ်ကြသည်။
ထို့ကြောင့် သူတို့သည် လက်ဆောင်ပစ္စည်းများ ပေးအပ်ရန် အစောကြီးကတည်းက ပြင်ဆင်နေကြ၏။ ကျွင်းချောင်ရှောင်း ဆိုင်ဖွင့်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးသည် ကျိန်းသေပေါက်သွား၍ လူကိုယ်တိုင် ဂုဏ်ပြုစကား ပြောရပေမည်။
"ကြားပြီးသွားပြီလား။သံမဏိအရိုးဂိုဏ်းချုပ်က ချင်းယန်မြို့ထဲမှာ စီးပွားရေးလုပ်ငန်းတစ်ခု ပြုလုပ်မယ်တဲ့။"
"ဒီလိုကိစ္စကြီးကို ငါလည်း ကြားခဲ့တာပေါ့။အခု မိသားစု တော်တော်များများက ပြင်ဆင်နေကြတယ်။ ဂိုဏ်းချုပ်ကျွင်း ဆိုင်ဖွင့်ပြီဆိုရင် သူတို့က လူကိုယ်တိုင်သွားပြီးတော့ ဂုဏ်ပြုစကားပြောကြမှာတဲ့။"
ကျွင်းချောင်ရှောင်းတစ်ယောက် ချင်းယန်မြို့ထဲတွင် ဆိုင်ဖွင့်မည်ဆိုသောသတင်းသည် လက်ရှိ၌ တစ်မြို့လုံး၏ အပူတပြင်း ဆွေးနွေးစရာ ကိစ္စရပ်ကြီးတစ်ခုလိုပင် ဖြစ်နေတော့သည်။
တစ်ခြားသော မြို့များသို့ပင် ဤသတင်းမှာ ပျံ့နှံ့လျက်ရှိ၏။
"သံမဏိအရိုးဂိုဏ်းက ကြီးမားတဲ့ အလားအလာရှိတယ်လေ။ဒါကြောင့် ငါတို့ အဲမှာ သွားပြီးတော့ ဝယ်မယ်ဆိုရင် ငါတို့ကို အသိအမှတ်ပြုပေးမှာပဲ။"
များပြားလှသောမိသားစုများသည် ထိုသတင်းကို ကြားပြီးသည့် နောက်မှာတော့ ဆိုင်ဖွင့်မည့်အချိန်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေကြတော့သည်။
…......
သုံးရက်ကြာပြီးသည့်နောက်မှာတော့ ရာသီဥတုသည် အလွန်အမင်း ကောင်းမွန်နေ၏။
နက္ခတာရာများ အရဆိုလျှင် ဤနေ့သည် စီးပွားရေးလုပ်ရန်အတွက် အကောင်းဆုံးသော နေ့လည်း ဖြစ်သည်။
ဖြောင်း ….. ဖြောင်း ……. ဖြောင်း။
ချင်းယန်မြို့၏ အဓိကလမ်းမကြီး၏ လူထူထပ်ရာ နေရာတွင်တော့ ဗြောက်အိုးဖောက်သံများသည် မရပ်မနားနှင် အချိန်အတော်ကြာ ထွက်ပေါ်လျက်ရှိ၏။
ထိုလမ်းထဲမှာတော့ သိုင်းကျင့်ကြံသူများနှင့် ပြည့်နက်လျက်ရှိသည်။
ထိုသူတို့အားလုံးသည် အနီရောင် အဝတ်ဖြင့် ဖုံးကာထားသော ဆိုင်းဘုတ်ကြီးအား စူးစိုက်ကြည့်မိနေကြသည်။ ဂိုဏ်းချုပ်ကျွင်းသည် မည်ကဲ့သို့သော ဆိုင်မျိုးကို ဖွင့်မည်နည်း။
"ဂိုဏ်းချုပ်ကျွင်း။"
ဗြောက်အိုးများအားလုံး ဖောက်ပြီးသည့် နောက်မှာတော့ အိုက်မိသားစု ခေါင်းဆောင်သည် အလွန်တရာ ကောင်းမွန်လှသော လက်ဆောင်ထုတ် နှင့် အတူ ရောက်ရှိလာသည်။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဆိုင်ဖွင့်တဲ့ အတွက် ဂုဏ်ပြုပါတယ်။စီးပွားရေးတွေ ဒီရေအလား တိုးတက်ပါစေ။"
"ကျေးဇူးအများကြီးတင်ပါတယ်။" ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။
မြို့တော်ဝန်ရှဲ့နှင့် မြို့ထဲရှိ တစ်ခြားသော မိသားစုခေါင်းဆောင်များသည် ဂုဏ်ပြုလက်ဆောင်များ လာရောက်ပေးအပ်ကြသည်။
"သူတို့တွေအားလုံးက မိသားစု ခေါင်းဆောင်တွေလေ။သံမဏိအရိုးဂိုဏ်းက အလားအလာရှိတယ်လို့ သတ်မှတ်ထားတဲ့ အတိုင်းပဲ စစဖွင့်ပြီဆိုကတည်းက တကယ့် ဆရာကြီးတွေကို ဆွဲဆောင်နိုင်ခဲ့တာပဲ။"
"ချီးတဲ့မှ။တစ်ခြားမြို့ခုနစ်ခုရဲ့ မြို့တော်ဝန်တွေတောင် ရောက်လာပြီပဲ။"
များပြားလှသော ဆရာ့ ဆရာကြီးများသည် လက်ဆောင်ထုတ်များနှင့် ရောက်ရှိလာပြီး ဆိုင်၏ အပေါက်ဝတွင် စုဝေးလျက်ရှိနေကြသည်။
ထိုအချင်းအရာကို မြင်တော့ သိုင်းကျင့်ကြံသူ တော်တော်များများသည် ထိတ်လန့်တုန်လှုပ်မိနေကြ၏။
ဂိုဏ်းသစ်တစ်ခုသည် ဤမျှ များပြားသော ဆရာကြီးများအား ဆိုင်ဖွင့်ပွဲတက်ရောက်ရန်အတွက် ဆွဲဆောင်နိုင်စွမ်း ရှိနေသည်လား။ သံမဏိအရိုးဂိုဏ်းသည် အလွန်ပင် အားကောင်းလွန်းလှ၏။
လောကနိယာမအရဆိုလျှင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများသည်လည်း ဂိုဏ်းတစ်ခု၏ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်သည့် အချိန်တွင် လက်ဆောင်များ ပေးပို့ရပေလိမ့်မည်။
သို့ပေမဲ့ ဤအချိန်မှာတော့ ထိုသူတို့သည် တစ်ယောက်မှ ရောက်မလာကြပေ။
သံမဏိအရိုးဂိုဏ်းနှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့တို့သည် အလွန်နက်နဲလှသော ရန်ငြိုးများ ရှိကြောင်း သိုင်းကျင့်ကြံသူများက သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မလာသည်မှာ သာမန်ကိစ္စပင် ဖြစ်၏။
"ဂိုဏ်းချုပ်ကျွင်း။"
မြို့တော်ဝန်ရှဲ့က ပြောလိုက်သည်။ "အချိန်ရောက်လာပြီလေ။ ဆိုင်းဘုတ် ပေါ်က အဝတ်ကို ကျေးဇူးပြုပြီးတော့ ဖယ်လိုက်ကြရအောင်။"
အင်း။
ကျွင်းချောင်ရှောင်းသည် ဆိုင်၏ အဝင်ဝဆီသို့ သွားသည်။ ဆိုင်းဘုတ်အား ဖုံးလွှမ်းထားသည့် အနီရောင်အဝတ်ကို ဖယ်ရှားနိုင်မည့် အနီရောင် ကြိုးစတစ်ခုအား အသာဖမ်းဆွဲချလိုက်တော့၏။
"........."
တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်သည်။
များပြားလှသော မိသားစုများမှ ဆရာကြီးများသည် သံမဏိအရိုးဂိုဏ်း တိရစ္ဆာန်အစားအစာ အရောင်းဆိုင်ဆိုသည့် စာလုံးအား ပြူးကြောင်ကြောင် မျက်လုံးများနှင့် ကြည့်မိနေကြသည်။ သူတို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိနေကြ၏။
ဂိုဏ်းချုပ်ကျွင်းသည် ဆေးလုံးပစ္စည်း ရောင်းချသည့်ဆိုင် ၊ လက်နက်ပစ္စည်းရောင်းချသည့်ဆိုင် သို့မဟုတ် ဆေးပစ္စည်းရောင်းချသည့် ဆိုင် ဖွင့်လှစ်သည်ဟု သူတို့အားလုံး ထင်မှတ်မိကြသည်။ တိရစ္ဆာန်အစားအစာ ရောင်းချသည့် ဆိုင်အား ဖွင့်လှစ်လိမ့်မည်ဟု သူတို့ မထင်မိခဲ့ချေ။
သူတို့အားလုံး ဤနေရာသို့ ရောက်ချလာရှိခြင်းမှာ တိရစ္ဆာန်အစားအစာ ရောင်းချသည့် ဆိုင်အတွက် လာရောက်ဂုဏ်ပြုခြင်းဖြစ်ပေသည်။
အလွန်အံံအားသင့်ဖို့ ကောင်းလွန်းနေ၏။
လာရောက်ကြည့်ရှုနေကြသော သိုင်းပညာရှင်များသည်လည်း ဆွံ့အနေကြ၏။
လက်တစ်လော ထင်ရှားကျော်ကြားနေသော ဂိုဏ်းသစ်တစ်ခုသည် တိရစ္ဆာန် အစားအစာရောင်းချသည့် ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက လူအားလုံး ရယ်မောလှောင်ပြောင်ကြမှာ သေချာသည်။
တခြားသောသူများ၏ မျက်နှာပေါ်ရှိ အမူအရာများကို မြင်သည့်အချိန်မှာတော့ မြို့တော်ဝန်ရှဲ့နှင့် အိုက်မိသားစု ခေါင်းဆောင်တို့သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထိုသို့ ဖြစ်ပျက်လာမည်ကို သူတို့ သိရှိပြီးသား ဖြစ်သည်။
ထို့အပြင် ဂိုဏ်းတစ်ခုအနေနှင့် ၎င်းတို့၏ စီးပွားရေး ကို အခြေချ တိုးတက်အောင် ပြုလုပ်ရာတွင် တိရစ္ဆာန်အစားအစာ ရောင်းချသည် ဟူသော ကိစ္စသည် တစ်ခါမှ မကြုံဖူးသော ကိစ္စ ဖြစ်နေသည် မဟုတ်လား။
"အားလုံးပဲ။"
ဆိုင်းဘုတ် ဖွင့်ချပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားတို့ဆီမှာ မြင်းတွေ၊ တိရစ္တာန်တွေ ၊ ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေ ရှိတယ်ဆိုရင် သံမဏိအရိုးဂိုဏ်းဆီလာပြီး အစားအစာတွေ လာဝယ်ကြ။"
အားလုံးသည် ပို၍ပင် ဆွံ့အနေမိကြသည်။ ယင်ကောင်ပင်ဝင်၍ ဥရလောက်အောင် ၎င်းတို့၏ ပါးစပ်များသည် ဟောင်းလောင်းပေါက် ဖြစ်မိနေကြ၏။
တိရစ္ဆာန်အစားအစာဆိုသည်မှာ နေရာတိုင်းတွင် ဝယ်၍ ရနိုင်သည်။
တစ်ချို့သော မြင်းခြံကို ပိုင်ဆိုင်သော မိသားစုတွေဆိုလျှင် မြင်းစာကျွေးဖို့အတွက် ကိုယ်တိုင်ဖန်တီးထားသော မြင်းအစားအစာများပင် တည်ရှိနေကြသည်။ အဘယ့်ကြောင့် ချင်းယန်မြို့သို့ တကူးတက လာရောက်ပြီး တိရစ္တာန်အစားအစာကို ဝယ်ယူမည်နည်း။
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက တိရစ္ဆာန်အစားအစာကို ဆေးလုံးတစ်လုံးအဖြစ် ဖန်တီးထားတယ်။ဒီဟာက အာဟာရဓာတ် ပေါကြွယ်ဝရုံတာမဟုတ်ဘူး။ တစ်ခါစားလိုက်ရုံနဲ့ ဆယ်ရက်တိတိထပ်ပြီးတော့ ဆာလောင်မှုကို ခံစားရမှာ မဟုတ်ဘူး။"
"ဘာဖြစ်တယ်။"
အားလုံးသည် မျက်လုံးအပြူးသားဖြစ်သွားမိကြသည်။
တိရစ္ဆာန်အစားအစာကို ဆေးလုံးကဲ့သို့ ပြုလုပ်ထားပြီး ဆေးလုံးကို စားသုံးမည်ဆိုပါက ဆယ်ရက်တိတိ မဆာလောင်တော့ကြောင်း ပြောကြားသည်ကို သူတို့ကြားသည်။
ဆိုင်ဖွင့်ပွဲသို့ လာရောက် ဂုဏ်ပြုကြသော မိသားစုခေါင်းဆောင်ကြီးများသည် သံသယအပြည့်နှင့် ဖြစ်မိသွားကြ၏။
မြို့တော်ဝန်ရှဲ့နှင့် အိုက်မိသားစုခေါင်းဆောင်တို့ပင် ကြောင်တောင်တောင် ဖြစ်မိနေကြသည်။
သို့ပေမဲ့ သူတို့သည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတို့ကို မျက်မြင် တွေ့ကြုံ ခံစားဖူးကြသည် မဟုတ်လား။
နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်ကျွင်းတစ်ယောက် အဘယ့်ကြောင့် တိရစ္ဆာန်အစားအစာ ရောင်းချသည့်ဆိုင်ကို ဖွင့်လှစ်ချင်ကြောင်း သူတို့ နားလည်မိသွားကြသည်။ ဆယ်ရက်ထိ အဆာခံနိုင်သော တိရစ္ဆာန် အစားအစာဆေးလုံးကြောင့် ဖြစ်နေပေ၏။
"ဂိုဏ်းချုပ်ကျွင်း။"
အိုက်ရှန်းရီ ပြောလိုက်မိသည်။ "ကျုပ်တို့ အိုက်မိသားစုက တိရစ္ဆာန်တွေ မွေးထားတာ အများကြီးရှိတယ်။ဒီတော့ အစားအစာတွေ အများကြီး ပြင်ဆင်ရတယ်လေ။ဆေးလုံးတစ်လုံးကို ဘယ်လောက်လဲ သိချင်မိတယ်။"
စီးပွားရေးသမားတစ်ယောက်ဖြစ်သည့် အတိုင်းပင် ဈေးစကားကို စတင်၍ ပြောဆိုလာ၏။ အားလုံး သံသယနှင့် ဖြစ်နေချိန်တွင် သူသည် အချိန်ကိုက်ဝင်၍ ကူညီပေးလိုက်ခြင်းလည်း ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငွေတစ်ရာ တေးလ် ပါ။"
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် သေချာတွက်ချက်ပြီးသားဖြစ်၏။
စဦးအဆင့်သားရဲဆေးလုံးတစ်လုံး ပြုလုပ်ရန်အတွက် ဆာလောင်မြက်နှင့် အသား အနည်းငယ်သာလျှင် လိုအပ်သည်။ ဆေးလုံးတစ်လုံး၏ ကုန်ကျစရိတ်သည် ငွေတေးလ် နှစ်ဆယ်သာလျှင် ရှိသည်။
အိုက်ရှန်းရီ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဒီလို ပြောနေမှတော့ ဆေးလုံးက အာဟာရဓာတ်တွေလည်း ပြည့်ဝပြီး ဆယ်ရက်တိတိအဆာခံနိုင်မှာ ကျိန်းသေတယ်။ဒီတော့ ငွေတစ်ရာတေးလ် ဆိုတာက သင့်တော်တယ်လို့ ထင်တယ်။ဒီလိုလုပ်ရအောင်။"
သူ ပြောလိုက်သည်။ "ကျုပ်အရင်ဆုံး ဆေးလုံးတစ်ရာကို ဝယ်လိုက်မယ်။"
"ကျေးဇူးပြုပြီး"
ကျွင်းချောင်ရှောင်းသည် လက်အမူအရာကို ပြုလုပ်ပြီး ဆိုင်ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်တော့သည်။
အိုက်ရှန်းရီ ဝင်သွားသည်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် များပြားလှသော မိသားစုခေါင်းဆောင်များ သည် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ကြည့်ရှုကာ တစ်ယောက်ပြီး တစ်ယောက် လိုက်ဝင်သွားကြသည်။
သူတို့အနေနှင့် တိရစ္ဆာန်အစားအစာကို မလိုအပ်ပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အခုမှ ဆိုင်စဖွင့်သည် ဖြစ်သည်မို့ သူတို့အနေနှင့် ထောက်ပံ့ရမည်မှာ သဘာဝပင် ဖြစ်၏။
ထို့အပြင် ဆေးလုံးတစ်လုံးမှ ငွေတစ်ရာပဲ ကျသင့်မည် မဟုတ်လား။ ငွေတစ်သောင်းလောက် အသုံးပြု၍ ဝယ်ချင်လိုက်ခြင်းအားဖြင့် ခင်မင်ရင်းနှီးမှုကို တိုးမြှင့်သွားစေနိုင်သည့် အခွင့်အရေးပင်ဖြစ်သည်။
ဤသို့နှင့်ပဲ ဆိုင်ဖွင့်ပွဲကို လာရောက်ဂုဏ်ပြုကြသော များပြားလှသည့် မိသားစုခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် ဆေးလုံးများကို ဝယ်ယူ၍ ထွက်ခွာသွားကြ၏။
၎င်းတို့၏ ထောက်ခံမှုကြောင့် သံမဏိအရိုးဂိုဏ်းသည် ပထမဦးဆုံးနေ့မှာပဲ စဦးသားရဲဆေးလုံး ငါးထောင်ကျော်ကို ရောင်းချခဲ့ရပြီး ငွေငါးသိန်း ရရှိခဲ့၏။ အမြတ်ငွေမှာ ငွေလေးသိန်းခန့် ရှိသည်ဟု တွက်ချက်ရပေလိမ့်မည်။
ဤအမြတ်ငွေသည် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးလောက် မကောင်းမွန်ဘူးဆိုသော်လည်း ဆေးလုံး၏ အစွမ်းကို သိရှိသည်နှင့် တစ်ပြိုင်နက် မိသားစုခေါင်းဆောင်များသည် မိုင်တစ်ထောင်ခရီးကို ခရီးနှင်၍ အလုအယက်ဖြင့် သူ့ဆီသို့ လာ၍ ဝယ်ယူလိမ့်မည်ဟု ကျိန်းသေပေါက် သိရှိနေသည်။
ထိုကဲ့သို့ ဆေးလုံး၏ အစွမ်းကို သိရှိသွားပြီဆိုပါက သူတို့သည် ဆက်တိုက်ရောင်းချခြင်းအားဖြင် အမြတ်ငွေများ ပိုမို၍ တိုးပွားလာပေလိမ့်မည်။
ထို့အပြင် ဤကဲ့သို့သော တိရစ္တာန်အစားအစာရောင်းချသည့် ဆိုင်သည် သားရဲများအတွက်သာ အသုံးဝင်နေ၏။ မည်သို့သော လောဘကြီးသည့်လူ ဖြစ်လင့်ကစား တိရိစ္ဆာန်အစားအစာကို လာရောက် လုယူ စားသောက်လိ့မ်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ စီးပွားရေးသည် သူခိုး၊ ဓားပြများ လက်အောက်မှလည်း လွတ်ကင်းသော စီးပွားရေး ဖြစ်နေသည်။