အခန်း (၃၅၄)
Vol. 24 Ch. 354
ချင်းယန်နိုင်ငံ မြို့ရှစ်မြို့လုံးတွင် သံမဏိအရိုး တိရိစ္ဆာန် အစားအစား အရောင်းဆိုင်အား ဖွင့်လှစ်ခဲ့သည်။ ထိုဆိုင်များအား တာဝန်ယူ စီမံခန့်ခွဲနေသူများမှာ မိုးဆွေဟောခန်းမှ လူများ ဖြစ်သည်။
ဈေးအရ ပြောရမည်ဆိုလျှင် ဆိုင်စစဖွင့်ခြင်း ဈေးပေါသော်လည်း နောက်ပိုင်းတွင် ကျွင်းချောင်ရှောင်းသည် ဆေးတစ်လုံးကို ငွေတေးလ် ငါးရာ အဖြစ် သတ်မှတ်ခဲ့၏။
သာမာန်ုသိုင်းပညာရှင်များအတွက် အနည်းငယ်ဈေးကြီးသည် ဆိုသော်လည်း မြင်းမွေးမြူသော မိသားစုကြီးများ အတွက်မူ လက်ခံနိုင်လောက်သော ဈေးနှုန်းပင် ဖြစ်သည်။
ဟုတ်ပေသည်။
ထိုသူတို့သည် စတင်အသုံးပြုသော ပထမရက်ကတည်းက ဆေးလုံး၏ အစွမ်းကို သိရှိသွားခဲ့ကြ၏။
ဆယ်ရက်ကြာပြီးနောက်မှာတော့ ဆေးတစ်လုံး ငွေတေးလ် ငါးရာ ဆိုသည်မှာ အလွန်တန်ကြောင်း နားလည်သွားသည်။
စီးပွားရေး ကိစ္စများအား စီမံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အရေအတွက် များများ ထုတ်လွှတ်နိုင်ရန် စတင်ကာ စဉ်းစားတော့၏။
ဆာလောင်မြက်သည် ပြဿနာတစ်ခု မဟုတ်ပေ။ အဓိက ပြဿနာမှာ အသားပင် ဖြစ်သည်။
ထို့အပြင် ဆေးတစ်လုံးအတွက် အသားက တစ်ကက်တီတောင် လိုအပ်သည် မဟုတ်လား။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် သူ့အား လာရောက်၍ တွေ့ဆုံသည် “ကျွန်တော် အပြင်ထွက်ပြီး လေ့ကျင့်ချင်တယ်”
သူ့အနေနှင့် ဂိုဏ်းထဲမှာ ဆက်လက်ကျင့်ကြံနေမည် ဆိုလျှင် ခန္ဓာကိုယ်အားအင် နှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်လာမည်မှာ သေချာသည်။ သို့ပေမဲ့ တိုက်ခိုက်ရေး စွမ်းရည်မှာတော့ လိုအပ်ချက်တွေ ရှိနေပေလိမ့်မည်။
“ဘယ်လောက်ကြာမှာလဲ”
“တစ်လ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါပေမဲ့ မသွားခင်မှာ သိုလှောင်လက်စွပ်တွေ များများယူသွား”
ရီရှင်းချန် နားမလည်နိုင်ဖြစ်သွား၏ “ဘာလို့လဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အသား ကီလိုတစ်သောင်းလောက် ရအောင် ယူခဲ့”
“……..” ရီရှင်းချန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။
ဂိုဏ်းချုပ်သည် သလင်းအမြူတေများလိုအပ်မည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အသားများ ဖြစ်နေလေသည်။
ရီရှင်းချန် ခရီးထွက်မည့် ကိစ္စသည် ကျွင်းချောင်ရှောင်းအား ဉာဏ်အလင်းရစေသည်။ သူ့ကိုယ်တိုင် တွေးလိုက်မိ၏ “တခြားတပည့်တွေလည်း အပြင်ထွက်ပြီး လေ့ကျင့်မှ ဖြစ်မယ်”
ရလဒ်အနေဖြင့် …။
သူသည် ရှောင်ကျီ နှင့် တခြားသူများကိုပါခေါ်ယူ၍ အပြင်သို့ သွားရောက် လေ့ကျင့်ရန် အမိန့်ပေးလိုက်၏။ အဓိက အားဖြင့် အသားများများ ပိုမိုယူဆောင်လာကြရန်မှာကြားလိုက်သည်။
နောက်တစ်ရက်မှာတော့ …
လီချင်းယန် ၊ လုချင်းချင်းတို့ှမှလွဲ၍ တခြားသော အတွင်းစည်း တပည့်များသည် တောထဲသို့ သွားရောက် လေ့ကျင့်ကြတော့သည်။ ကျွင်းချောင်ရှောင်းသည် တပည့်များအား သိုလှောင်လက်စွပ်တွေ တော်တော်များများ ပေးလိုက်၏။
အသားများများ ရစေရန် ငွေအသုံးပြု၍ သိုလှောင်လက်စွပ်များပါ ထပ်မံ ဝယ်ယူပေးလိုက်သေးသည်။
အပြင်စည်း တပည့်များထဲမှ အားကောင်းသောသူများဖြစ်သည့် လီထျန်းထျန်း ၊ စီမာကျုံးတ ၊ စွေ့ပုကျန့် နှင့် တခြားသောသူများသည်လည်း တောရိုင်းထဲသို့ သွားရောက်လေ့ကျင့်ရလေသည်။ မသွား၍လည်း မရချေ။ ဂိုဏ်းချုပ်ကျွင်းမှာ လေ့ကျင့်ရန် သင့်တော်သည့် သူများအား တစ်ယောက်ပြီး တစ်ယောက် စေလွှတ်လျက်ရှိ၏။
အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်လာစေသည်သာမက လုံလောက်သည့်အသား ပမာဏလည်း ရရှိပေမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။
သူ၏ တပည့်များ တောရိုင်းထဲတွင် အန္တရာယ်ကျရောက်မည်ကိုတော့ ကျွင်းချောင်ရှောင်း စိတ်ပူမိသည်။ ထို့ကြောင့် အားအင်တိုးတက်ခြင်းအဆောင်များအား တစ်ယောက်တစ်ခု ပေးလိုက်သည်။
အမြန်နှုန်းအဆောင်မှာတော့ သူ့တွင် များများစားစား မရှိသလို တပည့်များတွင် ဟာရီကိန်း ဝံပုလွေများ ရှိသောကြောင့် မပေးတော့ချေ။
တပည့်များအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် သူသည် အားအားယားယား မနေပေ။ လျှိုဝမ်ရှစ်၏ မနက်စာကို စားပြီးသည့်နောက် ဝံပုလွေဘုရင်ကို စီးနင်းကာ ကျန်းရန် မြို့သို့ သွားလိုက်သည်။
မွေးနေ့ပွဲအား သွားရောက် ဂုဏ်ပြုခြင်းပင် ဖြစ်၏။
……….
ကျန်းရန်မြို့ …။
မြို့သည် ချင်းယန်နိုင်ငံလောက် မကြီးမားသော်လည်း ရှန်ကွမ်းမိသားစု အကြီးအကဲ နေထိုင်ရာ မြိူ့ဖြစ်သောကြောင့် ထူးခြားသော မြို့တစ်မြို့ဖြစ်သည်။
ကျွင်းချောင်ရှောင်း မြို့ထဲသို့ လျှောက်ဝင်လိုက်တော့ လမ်းပေါ်တွင် ရေတွက်၍မရအောင် များပြားသော ကျင့််ကြံသူများ ရှိနေကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရသည် “ချင်းယန်နိုင်ငံရဲ့ နိုင်ငံသားတွေတင် မကဘူး။ အပြင်က လူတွေလည်း ပါမယ် ထင်တယ်”
မှန်ပေသည်။ လမ်းပေါ်ရှိ သိုင်းပညာရှင် များသည် တခြားသော နိုင်ငံမှ လူများလည်း ဖြစ်ကြ၏။
၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မဆိုးလှချေ။ သူတို့ ကျန်းရန်မြိူ့သို့ ရောက်ရှိလာရခြင်းမှာ ဆရာကြီး ရှန်ကွမ်း၏ မွေးနေ့ပွဲအား လာရောက်တက်ရောက်ခြင်းပင် ဖြစ်တော့သည်။
“သွားစို့”
နောက်ဘက်ဆီမှ ကျန့်ရာနှင့် တူညီသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသော ကျင့်ကြံသူတစ်ယောက်က သူ့အား ကျော်တက်သွားသည်။ သူ တုန်လှုပ်သွားမိ၏ “သိုင်းဘုရင် တစ်ယောက်လား”
သိုင်းဘုရင်တစ်ယောက်တင် မကချေ။ မိသားစုကြီးများ၊ ဂိုဏ်းကြီးများမှ အကြီးပိုင်း ကျင့်ကြံသူများပင် မွေးနေ့ပွဲအား တက်ရောက်ကြသည်။
လမ်းတစ်လျှောက်မှာတော့ သိုင်းဘုရင်များတင်မက၊ သိုင်းအုပ်စိုးသူ များပါ ရှိနေသည်ကို မြင်နေရ၏။
ကျန်းရန်မြို့တွင် ထိပ်တန်းကျင့်ကြံသူများနှင့် ပြည့်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်မိသည် “ဆရာတစ်ယောက် ဖြစ်ရတာ နောက်ခံ တော်တော် တောင့်တာပဲ”
ရှန်ကွမ်းမိသားစု ဘယ်မှာနေထိုင်သည်ကို သူမသိချေ။ ဆူညံစွာပြောဆို၍ သွားနေကြသော ကျင့်ကြံသူများနောက်မှ လိုက်သွားရင်း ရှန်ကွမ်းမိသားစု အိမ်တော်သို့ သူ ရောက်ရှိသွား၏။
ကြီးမားလှသော အိမ်တော်ကြီးတစ်ခုဖြစ်ပြီး တံခါးဘေးတစ်ဖက်တချပ်တွင် ကြီးမားလှသော သားရဲ ပန်းပုရုပ်ကြီး နှစ်ရုပ် ရှိနေသည်။ အလွန်တရာ အားကောင်းလှသော အရှိန်အဝါမျိုးကို ထုတ်ဖော်လျက်ရှိသည်။
တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် ရှန်ကွမ်းအိမ်တော်ဟု ရေးသားထား စာလုံးများရှိပြီး ထိုစာလုံးများသည် အလွန်တရာ အားကောင်း၍ ကြီးမားသည့်ဖိအားများ ထုတ်ဖော်နေ၏။
ကျွင်းချောင်ရှောင်းသည် စာလုံးကို တစ်ချက်ဖတ်ကြည့်လိုက်တော့ စိတ်တစ်ခုလုံး တုန်ခါသွားမိသည်။
ထိုစာလုံးအား ရေးထားသူ၏ကျင့်ကြံခြင်းအဆင့်သည် အလွန်နက်ရှိုင်းသော အဆင့်တွင် ရှိနေခြင်း ဖြစ်မည်။
တစ်ယောက်က ထအော်လိုက်သည် “ဒါက ရှန်ကွမ်းမိသားစုအတွက် ကောင်းကင်ဘုံကျောင်းအုပ် ကြီးကိုယ်တိုင် ရေးပေးထားတဲ့ လက်ရေးစာ မဟုတ်လား။”
“ခန့်ညားလိုက်တာ” မွေးနေ့ပွဲတက်ရောက်ကြသော သူများသည် အံ့အားမသင့်ဘဲ မနေနိုင်ကြချေ။
ကျွင်းချောင်ရှောင်း နားလည်သွား၏ “ဒါကသိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ရေးသားထားတာကိုး။”
“ဂိုဏ်းချုပ်ကျွင်းလား”
ထိုအချိန်မှာပဲ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
မြို့တော်ဝန်ရှဲ့သည် အလွန်အံ့အားသင့်နေသော မျက်နှာဖြင့် ပြောလိုက်၏ “ဆရာကြီး ရှန်ကွမ်းရဲ့မွေးနေ့ပွဲကို လာတက်တာလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ .. ခင်ဗျားလွန်သွားပြီ။ ဒီကိုလာမှာကို ဘာလို့ ကြိုမပြောတာလဲ”
“ကျုပ်မေ့သွားလို့ပါ” မြို့တော်ဝန်ရှဲ့သည် ကြောင်အအဖြင့် ပြန်ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် စနောက်လိုက်ခြင်းသာ ဖြစ်သည်။ သူ ပြုံးကာ ပြောလိုက်သည် “အတူတူ သွားကြစို့”
“ကောင်းပြီ”
မြို့တော်ဝန်ရှဲ့သည် လမ်းလျှောက်ရင်း တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဆရာကြီးရှန်ကွမ်းကို လာပြီး ဂါရဝပြုသူတွေက အများကြီးပဲ ။ ခင်ဗျား သိုသိုသိပ်သိပ် နေမှဖြစ်မယ်”
သူသည် ရှန်ကွမ်းဟုန်၏ မွေးနေ့သို့ အကြိမ်ပေါင်းများစွာ လာခဲ့ဖူးသည်။ လာသည့်အချိန်တိုင်းလည်း ကလေးတစ်ယောက်လိုပင်။ မွေ့နေ့စားပွဲ၏ နောက်ဆုံးထောင့်တစ်နေရာတွင် ထိုင်ပြီး မရှိသည့် လူတစ်ယောက်လို သိုဝှက်စွာ နေခဲ့ရ၏။
တခြားနည်းလမ်းလည်းမရှိချေ။
ဆရာကြီးရှန်ကွမ်း၏ မွေးနေ့ပွဲသို့ တက်ရောက်လာကြသူများသည် သူတို့ ရန်စ၍မရသော တည်ရှိသူများ ဖြစ်ကြသည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သို့ပေမဲ့ သူဤနေရာသို့ လာရောက်ရခြင်းသည် ဆရာကြီးရှန်ကွမ်းဆီမှ အကူအညီ တောင်းခံချင်၍သာ ဖြစ်သည်။ သိုသိုသိပ်သိပ်နေမည် ဆိုလျှင် သူ့အား မည်သူမှ သတိထားမိမည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် မည်ကဲ့သို့ အကူအညီ တောင်းရမည်နည်း။
စဉ်းစားနေတုန်းမှာပဲ နှစ်ယောက်သား လျှောက်ရင်း အိမ်တော်ထဲသို့ ဝင်လာမိသည်။
စည်းမျဉ်းအရ မွေးနေ့ပွဲတက်ရောက်သူများအား နာမည်ခေါ်ဆို၍ အသိအမှတ်ပြုကြ၏။
“ချင်းယန်မြို့တော်ဝန် ရှဲ့ တက်ရောက်ပါတယ်”
ရှန်ကွမ်းမိသားစု၏ အစေခံတစ်ယောက်က လက်ဆောင်ကို ယူပြီးနောက် အော်ဟစ်ကာ ကြေညာလိုက်သည်။
အတွင်းရှိကျင့်ကြံသူများသည် မည်သူမှဂရုမစိုက်ကြချေ။ ပြောစရာရှိသည်များကို မိတ်ဆွေသူငယ်ချင်းများ နှင့် ရယ်ရယ်မောမော ပြောဆိုလျက်ရှိကြ၏။
“သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်း … တက်ရောက်ပါတယ်” အစေခံက ထပ်မံအော်လိုက်သည်။
ဟမ် ..။
များပြားလှသော ကျင့်ကြံသူများသည် ချက်ချင်းပဲ တံခါးမကြီးဆီသို့လှည့်ကြည့်လိုက်ကြ၏။
မကြာမီမှာပဲ …
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် မြို့တော်ဝန်ရှဲ့နှင့်အတူ ခြံဝန်းထဲသို့ လှမ်းဝင်လာသည်။
ဤလူငယ်သည် အဆင့်ဆယ့်ခုနှစ်၊ ဆယ့်ရှစ်နှစ် လောက်သာ ရှိမည့်ပုံပေါ်ပြီး ချောမောလွန်းလှ၏။ လက်ရှိတွင် နာမည်ကြီးနေသော သံမဏိအရိုးဂိုဏ်းချုပ် ဆိုသည်မှာ ဤလူငယ်လေလား။
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲမာသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ရောက်လာပြီလား”
“အကြီးအကဲမာ …”
ကျွင်းချောင်ရှောင်း ပြန်လည် နှုတ်ဆက်လိုက်သည် “ခင်ဗျားရဲ့ မျက်လုံးတွေက တောက်ပနေတာပဲ။ ကျင့်ကြံခြင်း အဆင့် တိုးတက်သွားပြီ ထင်တယ်”
နှစ်ယောက်သား စကားတွေဖောင်ဖွဲ့နေတော့ အားလုံးက စူးစိုက်ကြည့်နေကြသည်။
ထိပ်တန်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းချုပ်ကို အနိုင်ယူခဲ့တဲ့ ဂိုဏ်းချုပ်ကျွင်း ဆိုတာ ဒီလောက်ငယ်မယ် မထင်ခဲ့ဘူး”
“သူရဲကောင်းတွေက လူငယ်တွေပဲ ဖြစ်လာတာ မဟုတ်လား” တခြားကျင့်ကြံသူများကလည်း ချီးကျူးလိုက်ကြသည်။
“စီနီယာအစ်မ …”
ငယ်ရွယ်ပြီး ချောမောလှသော မိန်းကလေးတစ်ယောက်က တီးတိုးပြောလိုက်သည် “ဒီကျွင်းချောင်ရှောင်းက တော်တော်ကြည့်ကောင်းတာပဲ”
စီနီယာအစ်မဟုခေါ်သော မိန်းကလေးက ပြုံးလိုက်သည် “သူက ချောတယ်။ ပြီးတော့ အားကောင်းတယ်။ မိန်းကလေးတွေရဲ့ နှင်းဆီခိုင်ဖြစ်လိမ့်မယ်”
ထိုစကားများကိုသာ ကျွင်းချောင်ရှောင်း ကြားပါက ထောင့်တစ်နေရာသို့ သွားရောက်ကာ ကြူုကြူပါအောင် ငိုပေလိမ့်မည်။
သူသည် ချောမော၏။ သို့ပေမဲ့ ချစ်သူရည်စား မရှိချေ။ ကံဆိုးလှချေသည်တကား။