← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

ကျွင်းချောင်ရှောင်း ရောက်ရှိလာမှုသည် အိမ်တော်အတွင်းရှိ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်စေသည်။

တစ်ချို့သည် ငယ်ရွယ်၍ အလားအလာရှိကာ ပါရမီထူးလှသော သူ့အား ချီးကျူးကြပြီး တစ်ချို့မှာတော့ ချောမောမှုအတွက် ချီးကျူးထောပနာ ပြုနေကြ၏။

ဟုတ်ပေသည်။

သာမာန် ဝတ္တုများဆိုလျှင် ကျင့်ကြံသူများသည် သူ့အား အကုန်အထင်သေး လှောင်ပြောင်ရပေလိမ်မည်။ သို့သော်ငြား လက်ရှိအခြေအနေမှာတော့ ကွာခြားလျက်ရှိသည်။

အလွန်နည်းပါးသော လူတွေသည်သာလျှင် သူ့အား ကဲ့ရဲ့ အထင်မကြီးကြချေ။ အနည်းငယ်ဆိုသည်မှာ လူအရေအတွက် တစ်ဒါဇင်လောက်သာ ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်တိုက်ခဲ့သည်။

သို့ပေမဲ့ အားအင်အဆင့်သည် အားအင်အဆင့်သာ ဖြစ်၏။အဆင့်နိမ့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဆိုသည်မှာတော့ ပြောင်းလဲသွားမည် မဟုတ်ချေ။

အဆင့်မြင့် နိုင်ငံများရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲမှာတော့ အဆင့်ကိုး နိုင်ငံတစ်ခုဖြစ်သော ချင်းယန်နိုင်ငံသည် တောသာသာ ဖြစ်သည်။

သူတို့အတွက် ဂိုဏ်းချုပ်မက၍ မြို့တော်ဝန် ဖြစ်နေသည် ဆိုလျှင်တောင်မှ တောသားများသာ ဖြစ်လေ၏။

ထိုအရာသည် ရှေးခေတ်ကတည်းက ယခုထိ တည်ရှိနေသော စိတ်ခံစားချက်များဟု ဆိုရမည်။ သူတို့သည် တောတွင်နေထိုင်ကြသောသူများအား အထင်သေးတတ်ကြပြီး အစွမ်းအစရှိသည်ဟုလည်း မထင်မှတ်ကြချေ။

ကျွင်းချောင်ရှောင်းသည် တစ်ချို့သော ကျင့်ကြံသူများ၏ မျက်လုံးထဲမှ အထင်းသေးမှုများကို မြင်နေရသည်။ သို့ပေမဲ့ စိတ်ထဲတွင် မထားချေ။

မင်းတို့က ငါ့ကို အထင်သေးတာလား။ ငါကလည်း မင်းတို့ကို ရှိတယ်လို့ကို မထင်အောင် ထားမယ်။

“ဂိုဏ်းချုပ်ကျွင်း”

မာယွင်တန်သည် တီးတိုးပြောလိုက်သည် “ခင်ဗျား ချင်းယန်နိုင်ငံမှာ စီးပွားရေး လုပ်ငန်းစလုပ်တယ်လို့ ကျုပ်ကြားခဲ့တယ်။”

“ဟုတ်တယ်”

“ဘာစီးပွားရေးလဲ”

“တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်”

“……..”

မာယွင်တန် ဆွံ့အသွားမိ၏။

သူသည် ဆေးလုံး၊ လက်နက်၊ စိတ်ဝိညာဉ်ကျောက်တုံးများ ရောင်းချရန် အကြံပြုခဲ့သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အဘယ့်ကြောင့် တိရိစ္ဆာန်အစားအစာ အရောင်းဆိုင် အား ဖွင့်လှစ်ရသနည်း။

ထိုအချိန်မှာပဲ ဧည့်ကြိုတာဝန်ကျ အစေခံ တစ်ယောက်က အော်လိုက်သည် “ချင်းယန်နိုင်ငံ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ခေါင်းဆောင် ချင်ဟောင်ရန် လာလည်ပါတယ်”

“ချင်ဟောင်ရန်လား” ကျွင်းချောင်ရှောင် တီးတိုးပြောလိုက်သည် “ဒီလူလည်း လာတယ်ကိုး”

မကြာမီမှာပဲ ..

ချင်ဟောင်ရန်သည် ပြုံးပြုံး .. ပြုံးပြုံးဖြင့် လှမ်းဝင်လာသည်။

သူ့၏ ရှေ့ရှိ ကျွင်းချောင်ရှောင်းအား မြင်လိုက်ရချိန်မှာတော့ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားတော့၏။

ခဏကြာတော့ ချင်ဟောင်ရန်သည် လက်သီးကို ဆုပ်ကာ ဟန်လုပ်အပြုံးတစ်ခုကို ဖန်တီးပြီးပြောလိုက်သည် “တိရိစ္ဆာန် အစားအစာရောင်းတဲ့ ဂိုဏ်းချုပ်ကျွင်းပါလား”

သူသည် ကျွင်းချောင်ရှောင်း တိရိစ္ဆာန်အစားအစာ ရောင်းချသည်ကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် လူစုံတက်စုံ ရှေ့သို့ရောက်ချိန်မှ အရှက်ခွဲကာ လှောင်ပြောင်လိုက်ခြင်း ဖြစ်၏။

“တိရိစ္ဆာန် အစားအစာ ရောင်းတာလား”

တစ်စုံတစ်ယောက်က ဇဝေဇဝါ ဖြင့် မေးလိုက်သည် “ခေါင်းဆောင်ချင် .. ဘာကိုဆိုလိုတာလဲ”

ချင်ဟောင်ရန်သည် အသေးစိတ် သေချာရှင်းပြလိုက်၏။

သံမဏိအရိုးဂိုဏ်း၏ အဓိက စီးပွားရေးသည် တိရိစ္ဆာန်အစားအစာ ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း သိရှိပြီးသည့်နောက် အားလုံးသည် စိတ်ဝင်စားသွားကြ၏။

အဆင့်ခုနှစ်ဂိုဏ်းတစ်ခု၏ စီးပွားရေးလုပ်ငန်းသည် တိရိစ္ဆာန်အစားအစာ ရောင်းချသည့် လုပ်ငန်းဖြစ်လို့နေသည်။ ရှက်ရွံစရာ ကောင်းလွန်းလှသည်။

မူလကတည်းက ကျွင်းချောင်ရှောင်းအား အထင်သေးနေကြသည့် အဆင့်မြင့် သိုင်းပညာရှင်များမှာတော့ ပိုမို၍ စိတ်ပျက်သွားကြသည်။ သူတို့သည် စိတ်ထဲမှတင် မဟုတ်ဘဲ ပါးစပ်ကပါ တီးတိုးပြောဆိုမိကြ၏ “ဘယ်လိုကြောင်တောင်တောင် တောသားပါလိမ့်။”

“ဂိုဏ်းချုပ်ကျွင်း ….”

ချင်ဟောင်ရန်သည် ပြုံးကာ ပြောလိုက်သည် “ကျုပ် အခုတလော အလုပ်များနေတာနဲ့ ဆိုင်ဖွင့်ပွဲတောင် မတက်ဖြစ်ဘူး။ တောင်းပန်ပါတယ်”

ကျွင်းချောင်ရှောင်းသည် ထိုသူ ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အား လှောင်ပြောင်းနေခြင်းဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် ထူးမခြားနားသလို ပြောလိုက်သည် “ကောင်းပြီ။ ကျုပ် မဟာမိတ်ခေါင်းဆောင်ချင်ရဲ့ အိမ်ကို တိရိစ္ဆာန်အစာတွေ ပို့ပေးလိုက်မယ်”

“အားနာလိုက်တာ”

ချင်ဟောင်ရန် ပြောလိုက်သည် “ကျုပ် ဂိုဏ်းမှာက တိရိစ္ဆာန်အစာတွေ အပြည့်အဝ ရှိနေလို့ပါ”

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်၏ “ကျုပ်ပို့လိုက်တဲ့ အစာတွေက တိရိစ္ဆာန်စားဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ချင် စားဖို့လေ”

ဤစကားကိုကြားတော့ ချင်ဟောင်ရန် ၏မျက်နှာတစ်ခုလုံး မဲနက်သွား၏။

“မဖြစ်ဘူး။ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည် “ခုနကစကားကို မေ့လိုက်တော့။ ခေါင်းဆောင်ချင်က တိရိစ္ဆာန်အစာ စားလို့မဖြစ်ဘူး။ တိရိစ္ဆာန်ထက် ဆိုးတဲ့သူဆိုတော့ မရနိုင်ဘူး”

“………” မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။

ဂိုဏ်းချုပ်ကျွင်း၏ လူတစ်ဖက်သားအပေါ် လွန်လွန်ကြူးကြူး ပြောဆိုမှုကလည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကဲ့သို့ အားကောင်းလွန်းလှ၏။

ချင်ဟောင်ရန်သည် အမျက်ချောင်းချောင်း ထွက်မိနေသည်။ သို့ပေမဲ့ ထိုလူငယ်သည် အလွန်ထက်ရှလွန်းသည့် စကားလုံးစွမ်းရည်ကို ပိုင်ဆိုင်သော နှုတ်သီးကောင်း လျှာပါး ဆိုသော အမျိုးအစားမှန်း သတိရသွားတော့ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းကာ ဘာတစ်ခုမှမပြောဘဲ အတွင်းခြံဝန်းထဲ လှမ်းဝင်သွားတော့သည်။

အရိုးသားဆုံးပြောရလျှင် ဤကိစ္စအား သူ သွား၍ အစဖော်ခဲ့ခြင်းဖြစ်သည်။ သူသာ တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်အကြောင်း စကားမစခဲ့လျှင် ကျွင်းချောင်ရှောင်းသည် သူ့အား မရှိသလိုပင် ဆက်ဆံပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာ သူသည် ကျွင်းချောင်ရှောင်း၏ ပိဿလေး ဘေးပစ် စကားလုံးများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် ဆိုသော်လည်း သူ၏ အဓိက ရည်ရွယ်ချက်မှာတော့ အောင်မြင်ခဲ့သည်ဟု ဆိုရမည်။

အလွန်တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်သည်ဟု သတင်းကြီးနေသော ဂိုဏ်းတစ်ခုသည် တိရိစ္ဆာန်အစားအစာ ကို ရောင်းချနေသည်။ ထိုအရာသည် အားလုံး၏ အထင်မြင်သေးမှုနှင့် ထိုက်တန်လှသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ လူများသည် အဆင့်အတန်း ခွဲခြားသူများဖြစ်ကြ၏။ ထိုသို့သော အဆင့်အတန်းမှာလည်း လုပ်ကိုင်သည့် အသက်မွေးဝမ်းကြောင်း စီးပွားရေးပေါ်၌ မူတည်နေတတ်၏။

တိရိစ္ဆာန်အစားအစာ ရောင်းချခြင်းသည် အလွန်တရာ နိမ့်ကျပြီး သာမာန်လူများသာ ပြုလုပ်နိုင်သော အလုပ်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသောသူများအား လျစ်လျူရှုပြီး အကြီးအကဲမာ နှင့်အတူ အတွင်းခြံဝန်းထဲ လျှောက်ဝင်လိုက်တော့၏။

………

ရှန်ကွမ်းမိသားစု၏ အတွင်းခြံဝန်းထဲမှာတော့ မီးအိမ်များ၊ အလှပန်ခြင်းများဖြင့် အလှဆင်ထားပြီး လေးထောင့်ပုံစံ စားပွဲဝိုင်းများကိုလည်း ညီညီညာညာ ခင်းကျင်းထားသည်။ ဤနေရာတွင် မွေးနေ့စားပွဲ ကျင်းပမည် ဖြစ်သည်။

မကြာမီမှာပဲ များပြားလှသော ကျော်ကြားသည့် သိုင်းပညာရှင်များတို့သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

အားလုံးစုဝေးပြီးသည့်နောက် လူ လေးရာ မှ ငါးရာ နီးပါး ရှိသွားလေပြီ။ စကားပြောသံများနှင့် ဆူညံကာ စည်းကားနေလေသည်။

ရံဖန်ရံခါ ဆိုသလို ထိုသူတို့သည် မမေ့မလျော့နှင့် ကျွင်းချောင်ရှောင်းအား အထင်မြင်သေးသလို လှမ်းကြည့်တတ်ကြသေး၏။

အဆင့်မြင့် နိုင်ငံများမှ ကျင့်ကြံသူများသည် တိရိစ္ဆာန်အစားအစာ ရောင်းချသည့် သူ့အား လုံးဝ အဖက်မလုပ်ဘဲ ရှောင်ရှားသွားကြသည်။

နောက်ဆုံးမှာတော့ သူတို့၏ စားပွဲဝိုင်းတွင် မာယွင်တန်၊ ရှဲ့ နှင့် တခြားသော ချင်းယန်မြိုမိ၊ မြို့ဖ တစ်ချို့သာ ရှိနေကြ၏။

“ဟင်း …”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “တိရိစ္ဆာန်အစားအစာ အရောင်းဆိုင် ဖွင့်ထားတာ ရှက်စရာကောင်းလို့လား”

မာယွင်တန် ပြောလိုက်သည် “သူတို့မျက်လုံးထဲမှာ ဒီအလုပ်က အောက်တန်းကျတယ် ထင်နေတာ ဖြစ်မယ်”

ကျွင်းချောင်ရှောင်း သူ၏ နှာခေါင်းအား ကုတ်ကာ ပြောလိုက်၏ “ပိုက်ဆံရတဲ့ စီးပွားရေး လုပ်ငန်းဖြစ်ဖို့ပဲ လိုတယ်လေ။ အောက်တန်းကျတယ် ၊ အထက်တန်းကျတယ် လို့ ခွဲစရာ လိုလို့လား”

“အမှန်ပဲ”

မာယွင်တန် ပြောလိုက်သည် “အမှန်ပဲ။ ပိုက်ဆံရတယ်ဆိုရင် ချဉ်ဖတ် ရောင်းရရင်တောင်မှ သန့်ရှင်းတယ်လို့ ကျုပ်တော့ ထင်တယ်”

“ဒါနဲ့ …” သူ ဆက်ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ဆိုင်က အမြတ်ရော ကျန်ရဲ့လား”

“မနေ့ကတော့ ငွေတေးလ် နှစ်သန်းခွဲလောက် ရောင်းခဲ့ရတယ်”

“အဲလောက်များလား”

မာယွင်တန် ကြောင်သွား၏ “ဒါက အမြတ်ငွေ ၂၀ ရာခိုင်နှုန်းလောက် ရှိလား”

အင်း …

ကျွင်းချောင်ရှောင်း ခဏရပ်တန့်ကာ ပြောလိုက်သည် “ဖြစ်နိုင်တယ်”

တကယ်တမ်းမှာတော့ ဆေးလုံးထုတ်လှုပ်မှု၏ ကုန်ကျစားရိတ်သည် ရောင်းရငွေ၏ နှစ်ဆယ်ရာခိုင်နှုန်းသာဖြစ်ပြီး သူ၏ အမြတ်ငွေသည် ၈၀ ရာခိုင်နှုန်းရှိနေသည်။ သို့သော် ပြောပြလျှင်လည်း အကြီးအကဲမာ ယုံကြည်လိမ့်မည် မဟုတ်ချေ။

“ဟား …ဟား ..ဟား”

ထိုအချိန်မှာတော့ ဆံပင်အဖြူရောင်များနှင့် အဘိုးအို တစ်ယောက်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ အသာ လျှောက်လှမ်းထွက်လာသည်။

ထိုသူသည် စိတ်ထားကောင်းမွန်သည့်ပုံပေါ်ပြီး အလွန်လည်း အားကောင်းလှသည်။ အသက်မှာ သုံးရာနီးပါး ရှိပြီဟု ဆိုရမည်။

ရှန်ကွမ်းဟုန်။

ရှန်ကွမ်းမိသားစု၏ လက်ရှိ ခေါင်းဆောင်ဖြစ်သလို ကောင်းကင်ဘုံကျောင်း၏ နည်းပြဟောင်းတစ်ဦးလည်း ဖြစ်သည်။

အားကောင်းလှသော ကျင့်ကြံသူတစ်ယောက်က ပြုံးကာ ထပြောလိုက်သည် “ရှန်ကွမ်းမိသားစု ခေါင်းဆောင်ကတော့ ကြာလေ နုပျိုလာလေပဲ”

“ဟားဟား …”

ရှန်ကွမ်းဟုန်သည် မွေ့နေ့စားပွဲ တည်နေရာထိပ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏ “အဝေးကြီးကနေ တကူးတက လာရောက်ပြီး မွေးနေ့ပွဲကို တက်ရောက်ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအဘိုးကြီးက သင်္ချီုုင်းကုန်းကိုတောင် ခြေတစ်ဖက် နင်းနေပြီ”

ပြောပြီးသည့်နောက် သူသည်လက်ကို ယမ်းခါကာ ပြောလိုက်၏ “အားလုံးပဲ .. ထိုင်ကြပါ”

မာယွင်တန် နှင့် မြို့တော်ဝန်ရှဲ့တို့သည် ကျွင်းချောင်ရှောင်းနှင့် အတူ ပြန်ထိုင်လိုက်ကြသည်။

အားလုံးသည် ထိုင်ခုံ၌ ပြန်ထိုင်ပြီးသည့်နောက် မွေးနေ့ဆုတောင်းခြင်းများ ပြုလုပ်ကြတော့၏။

ရှန်ကွမ်းဟုန်သည် အားရပါးရ ရယ်လိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည် “ဒီကို သံမဏိအရိုးဂိုဏ်းချုပ် လာတယ်ကြားတယ်။ အကြီးအကဲမာ … ကျုပ်ကို မိတ်ဆက်ပေးအုံးလေ”

ဟင် …။

မာယွင်တန် ဆွံ့အသွားမိသည်။

All Chapters