← Chapters

အခန်း (၃၅၉)

Vol. 25 Ch. 359

အခန်း (၃၅၉)

Vol. 25 Ch. 359

ဟာရီကိန်း ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်သည် အလွန်တရာ ကြီးမားသည်။ ထို့ကြောင့် လူငါးယောက်၊ ခြောက်ယောက် လောက် ထိုင်ဖို့ ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ပေ။

သို့ပေမဲ့ ယောကျာ်းလေးနှင့် မိန်းကလေး အတူတူ ထိုင်၍ သားရဲကို စီးနင်းရမည်ဆိုလျှင် ရှန်ကွမ်းရှင်းရောင် အနေဖြင့် မည်သို့သော သတ္တိဖြင့် စီးနင်းရမည်နည်း။

“ဂိုဏ်းချုပ် ….”

သူမသည် အားပြတ်သလို ပြောလိုက်သည် “ရထားလုံးပဲ ငှားစီးကြပါစို့”

“မလိုဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ရှန်ကွမ်းရှင်းရောင် မျက်မှောင်ကုတ်မိသွားသည်။

သူမသည် တပည့်တစ်ယောက်ဖြစ်ပြီး သူသည် ဂိုဏ်းချုပ်ဖြစ်သည်။ အတူတူ ထိုင်ဖို့ အတင်းဖိအားပေးမည် ဆိုလျှင် သူမ ဘာတတ်နိုင်မည်နည်း။

ရှန်ကွမ်းရှင်းရောင် တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး သားကောင်ဖမ်း ဘောလုံးအား ပစ်လွှတ်လိုက်သည်။

ဘန်း ..။

ထိုက်ချိ ပုံစံ အလင်းပုံရိပ်ယောင်များ လင်းလက်သွား၏။

ဟူး ..ဟူး…။

လျှပ်စီးကြောင်းတွေ တဖြတ်ဖြတ်ပြေးနေသည့် ခရမ်းရောင်အမွေးအမျှင်တွေ နှင့် ကျားသားရဲ ကြီး တစ်ကောင်သည် လေထုထဲတွင် ပေါ်လာသည်။

ဒါက …။

ရှန်ကွမ်းရှင်းရောင် အံ့အားသင့်မိသွားသည်။ “ဒါက ခရမ်းရောင် လျှပ်စီးသားရဲ မဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်လျှပ်စီးကျားသားပေါက် ၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ကာ ပြုံး၍ ပြောလိုက်သည် “မင်းနဲ့ ငါ တစ်ယောက် တစ်ကောင်စီ စီးမယ်”

ကျားသားပေါက်သည် ငြင်းဆန်သည်ကို မမြင်ရတော့ ရှန်ကွမ်းရှင်းရောင် တစ်ယောက် သူမ ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ထိတ်လန့်တုန်လှုပ်မိနေတော့သည် “ဂိုဏ်းချုပ် .. ဒါကလည်း ဂိုဏ်းချုပ် ရဲ့ ပဋိညာဉ် သားရဲပဲလား”

“အမှန်ပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

“……..”

လေဓာတ်အမျိုးအစား သားရဲကို ပဋိညာဉ်ရေးထိုးနိုင်ဖို့ ဆိုသည်ကပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် မိုးကြိုးလျှပ်စီးအမျိုးအစား သားရဲနောက်တစ်ကောင်ကိုပင် ပဋိညာဉ်ရေးထိုးထားသေးသည်။

မယုံကြည်နိုင်ဖွယ်ရာပင်။

စောနက ဂိုဏ်းချုပ်ပစ်လွှတ်လိုက်သောအရာသည် မည်သည့်အရာ ဖြစ်သနည်း။

ဤအရာသည် သားကောင်ဖမ်းဘောလုံးဖြစ်ပြီး စာအုပ်စာပေများကို ဖတ်ရှုထားသော ရှန်ကွမ်းရှင်းရောင် တစ်ယောက် ထိုအရာကို လုံးဝ ကြားဖူး၊ သိဖူးမြင် မဟုတ်ချေ။

အမှောင်ထဲတွင် ပုန်းအောင်းကာ စောင့်ကြည့်လျက် ရှိသော ရှန်ကွမ်းမိသားစု၏ တပ်သားများသည် အလွန်ထိတ်လန့်သွားကြသည်။

……….

အာဝူး …။

တောတောင်ထဲမှာတော့ ဟာရီကိန်းဝံပုလွေဘုရင်သည် အသော့နှင်လျက်ရှိသည်။ သို့ပေမဲ့ သူ၏ ကျောပေါ်ရှိ မိန်းကလေးသည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသောကြောင့် သူ၏ အမြန်နှုန်းအား ထိန်းသိမ်းနေရ၏။

ကျွင်းချောင်ရှောင်းသည် ခရမ်းရောင် လျှပ်စီးသားရဲအား စီးနင်းကာအရှေ့မှ ပြေးနေသည်။

သူသည် ရှန်ကွမ်းဟုန် နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ရုံတင်သာမက ၎င်း၏ မြေးကိုပါ တပည့်အဖြစ် ခေါ်ယူနိုင်ခဲ့သည်။ မမျှော်လင့်ထားသည့် အကျိုးကျေးဇူးများပင်ဖြစ်တော့၏။

ဟင်း …

သူသည် လှပလွန်းသော မိန်းကလေးနှင့် အတူ ဟာရီကိန်း ဝံပုလွေဘုရင်အား စီးနင်းချင်မိသည်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ ခရမ်းရောင်လျှပ်စီးကျားသားပေါက်ကိုသာ သူ စီးနင်းခဲ့ရသည်။

ဘာကိုဆိုလိုသနည်း။

ဂိုဏ်းချုပ်ကျွင်းသည် အစဉ်အမြဲ တစ်ကိုယ်တည်း ဖြစ်နေမည့် လက္ခဏာပင် ဖြစ်လောက်၏။

………..

သူတို့ ပြန်လာသည့် ခရီးစဉ်သည် မမြန်လွန်းပေ။ သို့ပေမဲ့ သူတို့ ဂိုဏ်းဆီသို့ ပြန်လာချိန်တွင် နေမဝင်သေးချေ။

“အမ် …”

“ဂိုဏ်းချုပ် မိန်းကလေးတစ်ယောက်ကို ခေါ်လာတာပဲ”

“လှလိုက်တာ”

“သူမရဲ့ ဝတ်စုံကိုကြည့်ရတာ ချမ်းသာတဲ့မိသားစု တစ်ခုရဲ့ သမီးဖြစ်ရမယ်”

တပည့်များသည် လာရောက်စုဝေး၍ တီးတိုးပြောဆိုနေကြတော့သည်။

အခြားတစ်ဘက်တွင် ရှိနေသာ ရှန်ကွမ်းရှင်းရောင် မှာတော့ ရှက်ရွံ့သည့် မျက်နှာအမူအရာဖြင့် ဖြစ်နေသည်။ ထို့အပြင် သူမသည် အိမ်တော်ထဲမှာသာ အစဉ်အမြဲနေထိုင်ခဲ့ခြင်း ဖြစ်ပြီး လူကြားထဲသို့ သိပ်ပြီး ထွက်လေ့ထွက်ထ မရှိချေ။

“ချင်းချင်း ….”

အဓိကဟောခန်းထဲ ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ ညွှန်ကြားလိုက်၏ “ဒါက တပည့်သစ်ပဲ။ မင်း သူု့အတွက် အခန်းကိစ္စတွေ ပြင်ဆင်ပေးလိုက်”

အွန်း ..။

လုချင်းချင်းသည် ရှန်ကွမ်းရှင်းရောင် အား တစ်ချက်ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်သည် “ငါနဲ့ လိုက်ခဲ့”

“ကျေးဇူးပါ စီနီယာအစ်မ”

ရှန်ကွမ်းရှင်ရောင် သည် ယဉ်ကျေးစွာပြောလိုက်၏။

သို့ပေမဲ့ စိတ်ထဲမှာ ကြိတ်ကာ တွေးနေမိသည် “ဒီလောက် အေးစက်တဲ့ အော်ရာ …။ သူမ က ရေခဲဓာတ် ကျင့်ကြံသူ တစ်ယောက်ဖြစ်ရမယ်”

သူမ၏ စိတ်ဝိညာဉ်အမြစ်သည် သာမာန်အဆင့်သာ ဖြစ်ပြီး ကျင့်ကြံခြင်းမှာလည်း မရီဒန်ဖွင့်ခြင်း အဆင့် တစ်ဆယ်သာ ရှိ၏။ သို့ပေမဲ့ သူမ၏ ကျင့်ကြံခြင်းအပေါ် နားလည်မှုနှင့် အသိပညာသည် သူမနှင့် တန်းတူများထက် ပိုမို၍ အားကောင်းသည်။

…….

အရှေ့တောင်ရန်ကျူး …. နတ်ဆိုးမိစ္ဆာဂိုဏ်း။

ဂိုဏ်းခွဲမှုးသည် လက်ရှိအချိန်တွင် အတွေးနက်လျက်ရှိသည်။

သူသည် ကောင်းကင်ဘုံကျောင်း ဒုကျောင်းအုပ်ဆီမှ စာကို လက်ခံရရှိထားခြင်းဖြစ်၏။ ကျောင်း၏ နည်းပြဟောင်း တစ်ယောက်ဖြစ်သော ရှန်ကွမ်းဟုန်၏ မြေးသည် သံမဏိအရိုးဂိုဏ်းသား ဖြစ်သွားပြီး ဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်၏။

ထိုအရာသည် သတိပေးခြင်းပင် ဖြစ်သည်။

ဟမ့်…။

ဂိုဏ်းခွဲမှုးသည် စာကိုကိုင်ပြီး ထူးမခြားနားသလို ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းလေးက ကောင်းကင်ဘုံကျောင်းထိ သွားပြီး ခြေထောက်ကို လျှာနဲ့ သွားလျက်ခဲ့ပုံပေါ်တယ်”

“ဂိုဏ်းခွဲမှုး …”

သူ၏ နောက်လိုက်ထဲမှ တစ်ယောက်က ပြောလိုက်သည် “ကျုပ်တို့ ဘာလုပ်ကြမလဲ”

“အင်း … ဋ္ဌာနချုပ်ကို သတင်းပို့ရမှာပေါ့”

ဂိုဏ်းခွဲမှုးသည် စာရေးပြီး နတ်ဆိုးမိစ္ဆာဂိုဏ်း ဋ္ဌာနချုပ်ဆီ သတင်းပို့လိုက်တော့၏။

ရက်အနည်းငယ်ကြာတော့ …

စာအနည်းသာ ရေးသားထားသော ပြန်စာ ရောက်လာခဲ့သည် ။ သံမဏိအရိုးဂိုဏ်းအား ပစ်မှတ်ထားနေခြင်းအား ခဏတာ ရပ်တန့်ထားရန် ဖြစ်လေသည်။

ဋ္ဌာနချုပ်သည် ကောင်းကင်ဘုံကျောင်း အား စိုးရွံနေပုံပေါ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအား အာရုံမစိုက်တော့ဘဲ ခွန်ဂိုဏ်းနှင့် တိုက်ခိုက်နေသော ဂိုဏ်းခွဲများအား မည်သို့ ထောက်ပံ့ရမည်ကို စဉ်းစားတော့၏။

………

“ဂိုဏ်းချုပ် …..”

ကျန့်ရာ သည် အဓိကဟောခန်းထဲသို့ ဝင်လာပြီး ပြောသည် “နတ်ဆိုးမိစ္ဆာဂိုဏ်းက သံမဏိအရိုးဂိုဏ်းနဲ့ ကိစ္စကို ခဏတာ ရပ်တန့်မယ်လို့ သတင်းကြားတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “ကြည့်ရတာ ဆရာကြီး ရှန်ကွမ်း လှုပ်ရှားလိုက်ပြီ ထင်တယ်”

သေချာသည်။ အာဏာနှင့် အဆက်အသွယ်ကို ပိုင်ဆိုင်သူသည် အရာအားလုံးကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

“စိတ်သက်သာလိုက်တာ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံအား မှီ၍ စိတ်ချမ်းသာနေ၏။

နတ်ဆိုးမိစ္ဆာဂိုဏ်းသာ သူ့အား အချိန်အတိုင်းအတာ တစ်ခုထိ ပစ်မှတ်မထားဘူးဆိုလျှင် နေ့ရောညပါ ကင်းစောင့်နေစရာ မလိုတော့ပေ။

သို့ပေမဲ့ …

သူ မှတ်ထားရမည်။

လုံလောက်သည့် အားအင်ရှိပြီ ဆိုသည်နှင့် ထိုဂိုဏ်းအား ချိုမြိန်သော အရသာများ ပေးမြည်းစမ်းရန် သူ တေးထားမိ၏။

“ဂိုဏ်းချုပ် …”

ရှန်ကွမ်းရှင်းရောင် သည် အဓိက ဟောခန်းသို့ လျှောက်ဝင်လာပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည် “ဒီ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်က နတ်ဘုရားအဆင့်လား”

“အမှန်ပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဂိုဏ်းချုပ်၏ ပါးစပ်မှ အတည်ပြုချက်ကို ကြားရတော့ ရှန်ကွမ်းရှင်းရောင်သည် ပိုမို၍ ထိတ်လန့်သွားမိ၏။

သံမဏိအရိုးဂိုဏ်းထဲ ရောက်ပြီးနောက် သူမသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး အား ရရှိခဲ့ပြီး များပြားလှသော ကျင့်ကြံခြင်း နည်းစနစ်များအား ထိတွေ့ခွင့် ရခဲ့သည်။ ထို့ကြောင့်ပင် အံ့အားသင့်မိနေခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ် ….”

ရှန်ကွမ်းရှင်းရောင် သည် ပျော်ရွှင်စွာ ပြောလိုက်သည် “ဒီလောက် ကောင်းတဲ့ ကျင့်ကြံခြင်း နည်းစနစ် ရှိမှတော့ စိတ်ဝိညာဉ်အမြစ် ရဲ့ အရည်အသွေး မကောင်းရင်တောင်မှ ငါ မြန်မြန် တိုးတက်လာနိုင်မှာပဲ”

သူမသည် ကျင့်ကြံခြင်းနည်းစနစ် နှင့် သိုင်းတာအို အပေါ်တွင် နားလည်မှုများ ရှိသည် ဆိုသော်လည်း အားနည်းလွန်းလှသော စိတ်ဝိညာဉ်အမြစ် နှင့် ကျင့်ကြံခြင်း အဆင့်ကိုသာ ပိုင်ဆိုင်သည်။ ယခု ဂိုဏ်းချုပ်ဆီ လာရခြင်းမှာ တာအိုကို ပိုမို နားလည်စွာ သိရှိစေနိုင်ရန် ဖြစ်သည်။

ယခု နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် နှင့် ပေါများလှသော အရင်းအမြစ်များကြောင့် အားကောင်းလှသော ကျင့်ကြံသူတစ်ယေက် ဖြစ်လာရန် အခွင့်အရေး ရှိလာပြီဖြစ်၏။

“ငါ့ဆီမှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြုံးလိုက်သည် “ပိုပိုပြီး အားကောင်းလာအောင် လုပ်ဖို့ပဲ”

“တပည့်က အလုပ်ကြိုးစားပါ့မယ်” ရှန်ကွမ်းရှင်းရောင် ပြောလိုက်သည်။

“ဂိုဏ်းချပ်”

ထိုအချိန်မှာပဲ လီလိုရှုသည် လျှောက်ဝင်လာသည် “မြို့ရှစ်မြို့မှာ ရှိတဲ့ ဆေးလုံးတွေအားလုံး ရောင်းလို့ ကုန်ပြီ”

“အဲလောက်တောင်လား”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။

မွေးနေ့ပွဲ မသွားခင်ကတင် သူ ဆိုင်တိုင်းအား ဆေးလုံး နှစ်သိန်းနီးပါး ပေးခဲ့သည်။ ယခု အားလုံးကုန်အောင် ရောင်းချခဲ့ပြီဆိုတော့ လူထုသည် သူ၏ တိရိစ္ဆာန်အစာ အား နှစ်သက်ကြပုံပေါ်၏။

ထိုအရာသည် တော်ရုံနှစ်သက်ပုံမျိုးပင်မဟုတ်ချေ။

……

ကျွင်းချောင်ရှောင်းသည် အမြန်ဆန်ဆုံးပြင်ဆင်ပြီး မြို့ရှစ်မြို့ရှိ ဆိုင်များသို့ ဆေးလုံး ငါးထောင်စီ ပေးပို့လိုက်သည်။

တတိယမြောက်နေ့မှာပဲ အားလုံး ရောင်းကုန်သွားပြန်၏။

“မြန်လိုက်တာ” ကျွင်းချောင်ရှောင်း ထိတ်လန့်သွားသည်။

အဆင့်နိမ့် ဆေးလုံးကို ဖန်တီးရသည်မှာ အလွန်မြန်ဆန်သည်။ သို့ပေမဲ့ ကုန်ကြမ်းဖြစ်သော အသားများမှ မလုံလောက်တော့ချေ။

“ဘာလုပ်ရမလဲ …. ဘာလုပ်ရမလဲ”

“မြို့ထဲကို သွားပြီး အသားဝယ်ရမလား။”

တွေးနေတုန်းမှာပဲ လီချင်းယန် ရောက်လာသည် “ဂိုဏ်းချုပ် … ဂျူနီယာ ညီလေးရီ နဲ့ တခြားသူတွေ ပြန်လာကြပြီ”

“မြန်လိုက်တာ” ကျွင်းချေုာင်ရှောင်း အံ့အားသင့်သွား၏။

ရီရှင်းချန်သည် အပြင်တွင် တစ်လတိတိ လေ့ကျင့်ရန် တောင်းဆိုခဲ့သည်။ သို့ပေမဲ့ လက်ရှိတွင် ဆယ်ရက်သာ ကြာသေးသည်မဟုတ်လား။

ပြောရမည် ဆိုလျှင် ညအင်ပါယာသည် တကယ်ပဲ တစ်လလောက် လေ့ကျင့်ရန် စီစဉ်ထားသည်။ သို့ပေမဲ့ သားရဲများကို သတ်ဖြတ်ပြီး သိုလှောင်လက်စွပ် ပြည့်သွားသည် ဆိုသည်နှင့် ရှောင်ကျီသည် သူ့အား အကြံပြုလာ၏ “ဂိုဏ်းကိုပြန်ပြီး အသားတွေ သွားပေးရအောင်။ ပြီးမှ ဆက်ပြီး လေ့ကျင့်ကြမယ်”

ထို့ကြောင့်ပင် ရီရှင်းချန်သည် မှုန်ကုတ်ကုတ်ဖြင့် ပြန်လာရတော့သည်။

ငါက သွားလေ့ကျင့်တာလေ။ အမဲလိုက်သွားတာမှမဟုတ်တာ။

All Chapters