အခန်း (၃၆၆)
Vol. 25 Ch. 366
မိုးကြိုးခန်းမဆောင် တစ်ခုလုံးကို သုတ်သင်ပြီး သွေးနှင့် ရေးသားထားသော လက်ရေးစာတစ်စောင် ချန်ရစ်ခဲ့၏။
မည်မျှဝေးကွာသော နေရာမှဖြစ်ပါစေ သံမဏိအရိုးဂိုဏ်းအား ရန်ပြုသူဟူသမျှသည် အသတ်ခံရပေလိမ့်မည်။
ဤစကားသည် အလွန်တရာပင် ကြမ်းတမ်းလွန်းလှ၏။
"မိုးကြိုးခန်းမဆောင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ။ဒါက သတင်းကြီးပဲ။"
"အပြင်ဘက်ကို ထွက်သွားပြီဆိုတာနဲ့ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာပဲ။"
"သံမဏိအရိုးဂိုဏ်းက ဟွာရန်နိုင်ငံမှာရှိတဲ့ အဆင့်ခြောက် မိစ္ဆာဂိုဏ်းတစ်ခုကိုတောင်မှ ပွင့်ပွင့်လင်းလင်းနဲ့ ဖျက်ဆီးရဲတယ်။တစ်ခြားအဖွဲ့အစည်းတွေက သူတို့ကို ကျိန်းသေပေါက်လွှတ်ပေးမှာ မဟုတ်ဘူး။"
သို့ပေမဲ့ သူတို့သည် မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သော မိုးကြိုးခန်းမဆောင်ဂိုဏ်း ဖျက်ဆီးခံလိုက်ရသည့်အတွက် အလွန်အမင်းပျော်ရွှင်နေကြသည်။
သို့သော်ငြား နိုင်ငံတစ်ခုထဲတွင် တည်ရှိသော ဂိုဏ်းတစ်ခုဖြစ်သောကြောင့် တစ်ခြားသော နိုင်ငံမှ အင်အားစုတစ်ခုသည် ရောက်ရှိလာပြီး လာရောက်ဖျက်ဆီးသည်ဆိုသည်မှာ အနည်းငယ်တော့ မလျော်ညီသည့် ကိစ္စပင်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မိုးကြိုးခန်းမဆောင် ဖျက်ဆီးခံရခြင်းသည် အစပင် ရှိသေးသည်ဆိုသည်ကို အားလုံးက မသိရှိကြပေ။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သံချပ်ကာဝတ် တပ်သားများနှင့်အတူ သစ်တောထဲကို ဖြတ်သန်း၍ ဒုတိယပစ်မှတ်ဖြစ်သော နတ်ဆိုးငယ်ဂိုဏ်းဆီသို့ ဦးတည်သွားနေသည်။
မိုးကြိုးခန်းမဆောင်ခန်းမ၏ ကျောက်ပြားပေါ်တွင် ရေးသားခဲ့သော သူ၏စကားအတိုင်းပင် မည်မျှဝေးကွာသော နေရာဖြစ်ပါစေ သံမဏိအရိုးဂိုဏ်းအား ရန်ပြုသူမှန်သမျှသည် အသတ်ခံရပေလိမ့်မည်။
ထို့ကြောင့် အလွန်ဝေးကွာသော နေရာဖြစ်နေစေကာမူ သူသည် ရောက်အောင်သွားမည်။
"ရောင်းရင်း …"
စုရှောင်မို မေးလိုက်၏ "ကျေးဇူးပြုပြီး နတ်ဆိုးငယ်ဂိုဏ်းရဲ့ နေရာတိတိကျကျကို ပြောပြပေးပါ။"
လမ်းမေးခံရသော သိုင်းကျင့်ကြံသူတစ်ယောက်သည် အရှေ့ဘက်ဆီသို့ လက်ညှိးထိုးပြကာ ပြောလိုက်သည်။ "ဒီလမ်းအတိုင်းသွားလိုက် တောင်နှစ်ခုကိုကျော်ပြီးလို့ရှိရင် နတ်ဆိုးငယ်ဂိုဏ်းကို ရောက်လိမ့်မယ်။"
"ကျေးဇူးတင်ပါတယ်။"
"ရပါတယ်ဗျာ"
စုရှောင်မိုသည် ထိုသူ၏လည်ပင်းပေါ်တွင် တင်ထားသော အအေးဓားအား အသာပြန်ရုတ်၍ ဝံပုလွေပေါ်သို့ ခုန်တက်ကာ လက်သီးဆုပ်၍ ပြောလိုက်သည်။ "နောက်မှတွေ့ပါမယ်။"
ထိုသူထွက်သွားပြီးသည့်နောက် လမ်းမေးခံရသော သိုင်းကျင့်ကြံသူသည် တစ်ကိုယ်လုံးပျော့ခွေ၍ မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားသည်။ သူ၏စိတ်ထဲမှာတော့ ကြိတ်ကာ အော်ဟစ်လျက်ရှိ၏။ "လမ်းမေးတာ ရိုးရိုးမေးလို့ရရဲ့သားနဲ့ ဘာကိစ္စ ဇက်ပေါ် ဓားတင်ပြီး မေးရတာလဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များနှင့်အတူ သွားချိန်မှာတော့ အဓိကလမ်းမများမှ မသွားခဲ့ပေ။ တောလမ်းများမှ ဦးတည်၍ သွားခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင်တောင်မှ များပြားလှသော တပ်သားများသည် လေအလျင်ကဲ့သို့ ထွက်ခွာသွားပြီဖြစ်သောကြောင့် တစ်ခြားသောသူများ အားလုံးသည် စိတ်ဝင်တစားဖြင့် ကြည့်မိလိုက်ကြ၏။
ထိုသူများအားလုံးသည် လေကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားကြသော အစုအဖွဲကြီး သည် နတ်ဆိုးငယ်ဂိုဏ်းကို ဦးတည်နေကြောင်းကို သိရှိသွားချိန်မှာတော့ ဘာဖြစ်မည်ဆိုသည်ကို သိချင်သောကြောင့် အနောက်မှလိုက်၍ ကြည့်ကြတော့သည်။
ပထမတုန်းက တောင်ပေါ်သို့ တက်သင့်လား၊ မတက်သင့်လား နှောင့်နှေးနေကြသည် ဆိုသော်လည်း ထိုကဲ့သို့ အလုံးအရင်းနှင့်လူများသည် တောင်ပေါ်တက်သွားပြီးနောက်မကြာခင်မှာပဲ သူတို့သည် သွေးနံ့များကို ရှူရှိက်လိုက်မိကြ၏။
ဤအရာသည် သားရဲများ၏ သွေးမဟုတ်ပေ။ လူသားများ၏ သွေးအနံ့ပင် ဖြစ်တော့သည်။
ထို့ကြောင့် ကျင့်ကြံသူများသည် သတ္တိမွေးကာဖြင့် ကျောက်လှေကားများအတိုင်း နတ်ဆိုးငယ်ဂိုဏ်းဆီသို့ တက်လိုက်ကြ၏။
တောင်၏ဂိတ်တံခါးသည် ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ချိန်မှာတော့ သူတို့သည် သူတို့၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်များနှင့် ပြည့်နှက်သွားသည်။ တစ်စုံတစ်ယောက်သည် နတ်ဆိုးငယ်ဂိုဏ်းသို့ ရောက်ရှိလာပြီး ဖျက်ဆီးခဲ့လေသည်လား။
သူတို့အလောတကြီးနှင့် လျှောက်ဝင်ကြည့်လိုက်သည်မှာတော့ အလွန်တရာ ခြောက်ခြားဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ဂိုဏ်းတစ်ခုလုံးတွင် အလောင်းများသည် ပုံလျှက်ရှိနေပြီး သွေးများမှာလည်း တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိ၏။ လေထုထဲတွင်တော့ အလွန်တရာ ညှီလှသောသွေးနံ့များ ဖြစ်တည်နေသည်။
အားလုံးသည် သက်မ ချမိလိုက်ကြ၏။ နတ်ဆိုးငယ်ဂိုဏ်း၏တပည့်များသည် ဤကဲ့သို့ သတ်ဖြတ်ခံလိုက်ရသည်လား။
"ကြည့်အုန်း"
တစ်စုံတစ်ယောက်သည် တုန်ရင်နေသော လက်အစုံဖြင့် အဓိကဟောခန်းရှိ တစ်နေရာ ဆီသို့ လက်ညှိးညွှန်ပြကာ ထအော်လိုက်၏။ "ဒါကနတ်ဆိုးငယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။"
အားလုံးသည် သူတို့၏ခေါင်းများကို အလျင်အမြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ရွှေရောင်အနားစပ်များပါသော တာအို ဝတ်စုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ဟောခန်း၏ထောင့်တစ်ခုတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
ထိုသူ၏ခေါင်းသည် အောက်သို့ ဇာတ်ကျိုးကျနေပြီဖြစ်ပြီး ရင်ဘတ်ပေါ်မှာတော့ အလွန်တရာ ကြီးမားလှသော ဓားမော့ရာကြီးတစ်ခု ရှိနေ၏။ ထိုသူသည် နတ်ဆိုးငယ်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်းဖြစ်၏။
များပြားလှသော ကျင့်ကြံသူများသည် အသာလျှောက်ဝင်၍ ကြည့်လိုက်ချိန်မှာတော့ နတ်ဆိုးငယ်ဂိုဏ်း ဆိုသော ဆိုင်းဘုတ်၏အောက်နံရံတွင် ရေးသားထားသော မည်မျှဝေးကွာသည့် နေရာမှဖြစ်ပါစေ သံမဏိအရိုးဂိုဏ်းအား ရန်ပြုသူများသည် သတ်ဖြတ်ခြင်းခံရမည်ဆိုသော စာတန်းအား မြင်လိုက်ကြ၏။
ဤစာသည် လူသတ်သမားများ ရေးသားခဲ့သည့်အရာလား။
"သံမဏိအရိုးဂိုဏ်း ဟုတ်လား။ဒါက ချင်းယန်နိုင်ငံရဲ့ ဂိုဏ်းတစ်ခုမဟုတ်လား။"
"ဘယ်လိုရန်ငြိုး အမျိုးအစားမျိုးရှိလို့ မိုင်ပေါင်းထောင်ချီကို ခရီးနှင်လာပြီး လူတွေကို လာပြီး သတ်တာလဲ။ပြီးတော့ အဆင့်ခြောက် မိစ္ဆာဂိုဏ်းတစ်ခုကို သုတ်သင်ရှင်းလင်းပစ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။"
………..
သွေးမီးတောက်ဂိုဏ်း
လက်ရှိအချိန်မှာတော့ သွေးမီးတောက်ဂိုဏ်းသည် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်လျက်ရှိ၏။
ဟာရီကိန်းဝံပုလွေများကို စီးနင်းထားသော သံမဏိအရိုးတပည့် ငါးရာကျော်တို့သည် လှံများကို ကိုင်ဆောင်ထားကြ၏။ သူတို့သည် တိုက်ပွဲထဲသို့ ဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ စစ်နတ်ဘုရား များကဲ့သို့ပင် အချိန်တိုင်း ရန်သူများအား သတ်ဖြတ်လျက်ရှိနေသည်။
သူတို့သည် အလွန်တရာ အခြေခိုင်လှသော ကျင့်ကြံခြင်းအဆင့်ရှိသည်။ ထို့အပြင် ကောင်းမွန်လှသော လက်နက်များရှိသည့်အပြင် လေကဲ့သို့ပင် လျင်မြန်လှသော ဝံပုလွေသားရဲများကိုလည်း စီးနင်းထားသေး၏။
ထို့ကြောင့် လူများအား သတ်ဖြတ်ရသည်ဆိုသည်မှာ ပန်းပင်များကို ခုတ်ပိုင်းကဲ့သို့ပဲ လွယ်ကူလွန်းနေသည်။
သွေးမီးတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်တရာဒေါသထွက်နေသည် ဆိုသော်လည်း ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်းမရှိပေ။
သူ၏အရှေ့မှာတော့ ဟာရီကိန်းဝံပုလွေဘုရင်ကြီးအား စီးနင်းထားသည့် ကျွင်းချောင်ရှောင်း ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်ထားပြီး အလွန်တရာ ခိုင်မာလှသော တောင်ကြီးတစ်ခုလို သူ၏ရှေ့တွင်ရပ်တန့်နေသည်။
အဆုံးသတ်မှာတော့ သွေးမီးတောက်ဂိုဏ်း၏ တပည့်များအားလုံးသည် သတ်ဖြတ်ခံလိုက်ရ၏။
အထက်အကြီးအကဲများအားလုံးသည်လည်း ရှောင်ကျီနှင့် တစ်ခြားသူများ၏လက်တွင် မိနစ်သုံးဆယ်အတွင်း သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
သွေးမီးတောက်ဂိုဏ်းဂိုဏ်းချုပ်၏ ပိန်လှီနေသောလက်များသည် တုန်ရင်လျက်ရှိနေသည်။ သူသည် အံကိုကြိတ်ကာ ပြောလိုက်၏။ "ဒီရန်ငြိုးကို ဘယ်တော့မှ ဖယ်ရှားလို့ရမှာမဟုတ်ဘူး။"
"ဝှစ်… ဝှစ်"
ပြောပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် သွေးရောင်မီးတောက်များ ဖြစ်ပေါ်လာသည်။ ပြီးနောက် သူသည် လေထဲသို့ ခုန်တက်သွားတော့သည်။
ဤအရာသည် အလွန်ရှားပါးလှသော မိစ္ဆာနည်းစနစ် တစ်ခုဖြစ်သည့် သွေးမီးတောက်လွတ်မြောက်ခြင်း နည်းစနစ်ဖြစ်၏။
ထိုအရာကို အသက်သွင်းလိုက်သည် ဆိုသည်နှင့် လူတစ်ယောက်သည် သွေးရောင်မီးတောက်အလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး မြန်မြန်ဆန်ဆန်ပင် လွတ်မြောက်ထွက်ပြေးနိုင်သည်။။ ထို့အတူ ဘေးထွက်ဆိုးကျိုးမှာလည်း ပြင်းထန်လွန်းသည်။
ထိုနည်းစနစ်ကို ထုတ်သုံးလိုက်သည်ဆိုသည်နှင့် အသုံးပြုသူသည် အားနည်းသွားရုံတင်မက ၎င်း၏ သက်တမ်းသည်လည်း ကျဆင်းသွားပေလိမ့်မည်။
ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလှ၏။
ထို့ကြောင့် သူသည် ကျွင်းချောင်ရှောင်း၏ ပြိုင်ဘက်တစ်ယောက်မဟုတ်မှန်း သွေးမီးတောက်ဂိုဏ်းချုပ် နားလည်သည်။
ထို့ကြောင့်ပင် သူ၏လွတ်မြောက်ခြင်း နည်းစနစ်ကို အသက်သွင်းကာ ထွက်ပြေးရန် စဉ်းစားလိုက်ခြင်းဖြစ်၏။
"ဝှစ်"
ထိုအချိန်မှာတော့ အလွန်တရာ အားကောင်းလှသော အစိမ်းရောင်ဓားမော့အလင်းတန်းသည် လေထုထဲတွင် ပြည့်နှက်သွားသည်။
ထိုဓားမော့ တိုက်ခိုက်ချက်သည် တောင်တန်းငယ်များကိုပင် ဖျက်ဆီးနိုင်သည်အထိ အားကောင်းလှပြီး သွေးရောင် အလင်းတန်းများအား တိုက်ရိုက်ပင် ပိုင်းဖြတ်သွားတော့၏။
"ဘုန်း"
သွေးကဲ့သို့ မီးတောက်လုံးတစ်ခုသည် ရုတ်တရက်ဆိုသလိုပဲ ပျက်စီးသွားတော့သည်။ အထဲတွင်ရှိနေသော သွေးမီးတောက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်သည်လည်း နှစ်ပိုင်းဖြစ်သွားတော့သည်။
ထွက်ပြေးလွတ်မြောက်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကျွင်းချောင်ရှောင်း သည် သွေးမီးတောက်ဂိုဏ်းဆီသို ရောက်ရှိလာသည်ဆိုသည်မှာ တရားမျှတမှုကို လာရောက်တောင်းဆိုခြင်းဖြစ်သည်။
ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းပြောသော တရားမျှတမှုဆိုသည်မှာ မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးခြင်းပင် ဖြစ်တော့၏။
"ဂိုဏ်းချုပ်"
ရှောင်ကျီပြောလိုက်သည်။ "ရတနာတွေကို ရှာတွေ့ပါပြီ။"
မိုးကြိုးခန်းမဆောင်နှင့် နတ်ဆိုးငယ်ဂိုဏ်းတို့အား ဖျက်ဆီးပြီးသည့်နောက် ၎င်းတို့၏ရတနာခန်းများထဲသို့ ဝင်ရောက်၍ ရတနာပစ္စည်းများကို အကုန်သိမ်းကျုံးယူခဲ့၏။ ထို့ကြောင့် သွေးမီးတောက်ဂိုဏ်းတွင်လည်း ထိုသို့ သူပြုလုပ်ရပေလိမ့်မည်။
ဟွာယန်နိုင်ငံတွင် ကောင်းကောင်းမွန်မွန် နေထိုင်လို့ရရဲ့သားနှင့် ထိုသူတို့သည် ချင်းယန်နိုင်ငံအနားရှိ သေမင်းတောင်ကြားထဲသို့ ရောက်ရှိလာခဲ့သည်။
ပိုင်ရှင်မရှိသည့် တည်နေရာဖြစ်သောကြောင့် မည်သူမဆို နေချင်သလို နေထိုင်၍ လုပ်ချင်သလို လုပ်၊ သွားချင်သလို သွားလာ၍ရသည် ဆိုသော်လည်း ၎င်းတို့သည် ကိုယ်ဘာသာ ကိုယ်မနေကြပေ။
၎င်းတို့၏အားအင်နှင့် လူသူအင်အားအရေအတွက်ကို အားကိုး၍ တစ်ဖက်သူများအား ဒုက္ခပေး၍ လုယက်ခဲ့ကြ၏။
အခု လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် သံပြားကိုကန်မိခဲ့ပြီဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးပင် ပြန်လည်၍ ဖျက်ဆီးခံခဲ့ရသည်။ ၎င်းတို့၏ချမ်းသာခြင်းနှင့် ကြွယ်ဝမှုအားလုံးသည်လည်း ပြောင်သလင်းခါအောင် ရှင်းလင်းခြင်းခံလိုက်ရတော့သည်။
ကျွင်းချောင်ရှောင်းသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်တောင်းဆိုခြင်းပင်ဖြစ်၏။
သူဆိုလိုနေသည်မှာ ဟွာယန် နိုင်ငံရှိ မိစ္ဆာဂိုဏ်းများအနေဖြင့် ချင်းယန်နိုင်ငံထဲတွင် မိမိကြိုက်သလို သွားလာ၍ လုယက်နိုင်သည်။
သို့ပေမဲ့ နောက်ဆုံးအချိန်တွင် သူ ထိုနေရာသို့ ရောက်ရှိလာပြီး ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်လိုက်ခြင်း နှင့် ဆင်တူ၏။
သွေးမီးတောက်ဂိုဏ်း၏ ရတနာပစ္စည်းများကို ယူဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သွေးဖြင့်စာရေးခဲ့သည်။ ပြီးနောက် တပည့်များကို ဦးဆောင်ကာ နောက်ဆုံးတိုက်ပွဲရှိရာနေရာဆီသို့ ဦးတည်သွားတော့သည်။
သူထွက်သွားပြီး မကြာခင်မှာပဲ သားရဲရိုင်းများ၏ ခြေရာအတိုင်းလိုက်လာကြသော ဟွာယန်နိုင်ငံ၏ ကျင့်ကြံသူများအားလုံးသည် အဆင့်ခြောက်မိစ္ဆာဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်ကို မြင်ရချိန်မှာတော့ ထပ်မံ၍ တုန်လှုပ်မိကြသည်။
သွေးမီးတောက်ဂိုဏ်းနှုင့် မိုးသက်လေပြင်းခန်းမဆောင်တို့သည် အလွန်တရာ ကွာဝေးလှ၏။
ကျွင်းချောင်ရှောင်းမရောက်ခင်မှာပဲ များပြားလှသော ကျင့်ကြံသူများသည် အဆင့်ခြောက်ဂိုဏ်းများသုံးခု ဖျက်ဆီးခဲ့သည်ဆိုသော သတင်းမှာ ရရှိပြီးသားဖြစ်နေကြသည်။
ထိုအချိန်မှာတော့ ဟွာယန်နိုင်ငံတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိ၏။
အဆင့်ခုနစ်ဂိုဏ်းတစ်ခုသည် အဆင့်ခြောက်ဂိုဏ်းတစ်ခုအား ဖျက်ဆီးလိုက်ရသည်ဆိုသည်မှာ အနည်းငယ် အံ့အားသင့်စရာဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အဆင့်ခြောက်ဂိုဏ်းသုံးခုလုံး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်၏။
"ဂိုဏ်းသုံးခုလုံးက အနည်းဆုံးမိုင်တစ်ထောင်စီလောက် ဝေးကြတယ်။ဒီတော့ လေးနာရီအတွင်း သူတို့ကို ဖျက်ဆီးပစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။"
"ဂိုဏ်းတွေကို ဖျက်ဆီးပစ်တဲ့အပြင် သွေးနဲ့တောင် စာရေးခဲ့သေးတယ်။"
"သံမဏိအရိုးဂိုဏ်းက ဘယ်တုန်းက ဒီမိစ္ဆာဂိုဏ်းသုံးခုနဲ့ ရန်ငြိုးရှိသွားတာလဲ။ဘာလို့ သူတို့ ဟွာယန်နိုင်ငံထိ ရောက်လာပြီး ဂိုဏ်းတွေကို ဖျက်ဆီးပစ်ရတာလဲ။"
အားလုံးဆွေးနွေးလျက်ရှိ၏။ ပြီးနောက် ပိုမို၍ တုန်လှုပ်စရာသတင်းတစ်ခု ရောက်ရှိလာခဲ့သည်။
ယခု ဖျက်ဆီးခံခဲ့ရသော ဂိုဏ်းသုံးခု အပါအဝင် မိုးသက်လေပြင်း ခန်းမဆောင် တို့သည် လွန်ခဲ့သည့် လဝက်တုန်းက သေမင်းတောင်ကြားထဲသို့ သွားရောက်၍ အတူတကွလေ့ကျင့်မည်ဟု သဘောတူခဲ့ကြသည်။
"ဒါဆို ဖျက်ဆီးခံရ့ဖို တစ်ခုတည်း ကျန်တော့တဲ့ ဂိုဏ်းက မိုးသက်လေပြင်းခန်းမဆောင်ပဲ။သူတို့ကလည်း ဒီအတူတကွ လေ့ကျင့်မှုမှာ ပါဝင်ကြတဲ့ လူတွေပဲ။"
"အမှန်ပဲ သွားကြည့်ရအောင်။"
သတင်းကြားပြီးသည့်နောက်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် မိုးသက်လေပြင်း ခန်းမဆောင်သို့ မရပ်မနားဖြင့် အသော့နှင်တော့၏။
ထင်မထားသည့်အတိုင်းပင် လမ်းတစ်လျှောက်တွင် သားရဲရိုင်းများ၏ ခြေရာများကို တွေ့ရှိခဲ့ကြသည်။
ယခုအချိန်တွင် ဂိုဏ်းသုံးခုလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် မိုးသက်လေပြင်းခန်းမဆောင်အနေ နှင့် လုံခြုံစွာနှင့် ဆက်လက်တည်ရှိရန် ဆိုသည်မှာ မဖြစ်နိုင်ဖို့ များနေ၏။