အခန်း (၃၇၀)
Vol. 25 Ch. 370
ဟွာယန်နိုင်ငံ၏ မိစ္ဆာဂိုဏ်းလေးခု ဖျက်ဆီးခံလိုက်ရသော သတင်းသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်နေသည်။ နှစ်ရက် ၊ သုံးရက် အတွင်း ချင်းယန်နိုင်ငံ တစ်ခုလုံးဆီ ပြန့်နှံ့သွားပြန်သည်။
များပြားလှသော ဂိုဏ်းများနှင့် တကိုယ်တော် ကျင့်ကြံသူများသည် ထိုသတင်းကိုကြားတော့ မျက်လုံးပြူးသွားကြသည်။
အဆင့်ခြောက် ဂိုဏ်းလေးခုအား တစ်ရက်အတွင်း ဖျက်ဆီးခဲ့ခြင်း။
ထိုအရာသည် အမှန်တကယ်ပင် ဟုတ်ရဲ့လား သူတို့ မသေချာကြပေ။
ဟွာယန်မြို့ရှိ သူတို့၏ အဆက်အသွယ်များနှင့် ချိတ်ဆက်ကာ မေးမြန်းကြည့်မှ ထိုသတင်းအမှန်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
“ကောင်းကင်ဘုံ …”
“ဒါက ကြောက်စရာပဲ”
“အဆင့်ခြောက် မိစ္ဆာဂိုဏ်းလေးဂိုဏ်းနော်။ အဆင့်ကိုး၊ အဆင့်ရှစ် လေးဂိုဏ်းမဟုတ်ဘူး။ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ဖျက်ဆီးခံရတာလဲ”
များပြားလှသော ကျင့်ကြံသူများသည် အပူတပြင်း ဆွေးနွေးမိနေကြသည်။
သေမင်းတောင်ကြားထဲတွင် ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူ တော်တော်များများမှာ ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းသားများ၏ အနိုင့်လုယက်ခြင်းကို ခံခဲ့ရသည်။
လွန်ခဲ့သော သုံးနှစ်ကဆိုလျှင် အဆင့်ခုနှစ် ဂိုဏ်းတစ်ခု၏ တပည့်သည် အဆင့်ခြောက် မိစ္ဆာဂိုဏ်းသားများနှင့် ပဋိပက္ခုဖြစ်ပွားခဲ့သည်။ ပြီးနောက် ထိုတပည့်၏အဆင့်ခုနှစ် ဂိုဏ်းတစ်ခုလုံးသည် ဖျက်ဆီးခံခဲ့ရ၏။
ထိုသို့ ဖျက်ဆီးခဲ့သော ဂိုဏ်းသည် မိုးသက်လေပြင်း ခန်းမဆောင် ပင် ဖြစ်တော့သည်။
ထိုသို့ လာရောက်ဖျက်ဆီးခဲ့စဉ်က ချင်ဟောင်ရန် သည် ဂိုဏ်းနှစ်ကြား ကြားလူအဖြစ် ညှိ့နှိုင်းပေးခဲ့သေးသည်။ သို့ပေမဲ့ တစ်ဖက်လူများသည် အလေးမထားဘဲ အဆင့်ခုနှစ် ဂိုဏ်းအား ဖျက်ဆီးခဲ့၏။ ထို့ကြောင့် ချင်ဟောင်ရန်သည် မျက်စိစုံမှိတ်ကာ မသိသလို နေပေးခဲ့ရ၏။
အတိုချူပ်ပြောရလျှင် ချင်းယန်နိုင်ငံ၏ ကျင့်ကြံသူများသည် ဟွာယန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများအား ငယ်ကြောက်လိုပင် ကြောက်ရွံကြသည်။
ယခု သံမဏိအရိုးဂိုဏ်းသည် ဟွာယန်နိုင်ငံဆီ သွားပြီးနောက် မိစ္ဆာဂိုဏ်းလေးခုအား ဖျက်ဆီးခဲ့ချိန်တွင် သူတို့ အားလုံး နှစ်ထောင်းအားရ ခံစားမိကြ၏။
ဟောင်ချီဂိုဏ်းမှာတော့ ချင်ဟောင်ရန်သည် ဒေါသထွက်မိနေသည်။ သူသည် တစ်ဖက်နိုင်ငံ၏ မိစ္ဆာဂိုဏ်းတစ်ခုကိုပင် သွားရောက်၍ မဖျက်ဆီးရဲပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း က တစ်ရက်အတွင်း မိစ္ဆာဂိုဏ်း လေးခုကို ဖျက်ဆီးခဲ့၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ဂုဏ်သက္ခာသည် သူ့ထက် ပိုမို၍ ကြီးမာလာပြီ ဖြစ်သည်။
သူထင်မှတ်ထားသည့်အတိုင်းပဲ ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများသည် ဟွာယန်နိုင်ငံ ဆီမှ သတင်းကို ကြားပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းအား အလွန်အမင်း ချီးကျူးပြီး အားကိုးချင်စိတ်တွေ ဖြစ်မိလာ၏။
“ဟမ့် …”
ရှန်းတုံ သည် နှာခေါင်းရှုံ့လိုက်သည် “ဟွာရန်နိုင်ငံမှာ မိစ္ဆာဂိုဏ်းတွေ အများကြီးပဲ။ ကျွင်းချောင်ရှောင်း က သွားပြီး ဂိုဏ်းလေးခုကို ဖျက်ဆီးရဲတယ် ဆိုမှတော့ အားလုံးက ဒေါသထွက်ပြီး တုံ့ပြန်ကြမှာပဲ”
“ကောင်းတာပေါ့”
စစ်တုဝမ်သည် အသာပြုံးလိုက်သည် “မိစ္ဆာဂိုဏ်းတွေကို သွေးတိုးသွားစမ်းမှတော့ သံမဏိအရိုးဂိုဏ်း ပျောက်ကွယ်သွားမှာပဲ”
“အဲလိုအချိန်ရောက်မှ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ဘာလို့ ငြိမ်ငြိမ်လေး နေနေတာလဲ ဆိုတာကို သိလိမ့်မယ်။” နောက်ဂိုဏ်းချုပ်တစ်ယောက်က ဆိုလိုက်သည်။
မူလအားဖြင့် ဒေါသထွက်နေသော ချင်ဟောင်ရန် သည် ထိုသူ၏ စကားကိုကြားတော့ စိတ်သက်သာရာ ရရှိသွားသည်။ မကြာခင် သေဆုံးတော့မည့် လူများအတွက် ဒေါသဖြစ်နေစရာ မလိုပေ။
သူ ခဏစဉ်းစားကာ ပြောလိုက်၏ “ပြဿနာကြီး ရောက်လာမှာကို စောင့်ကြတာပေါ့”
………
အပြင်ဘက်ရှိ တခြားသော ကျင့်ကြံသူများသည် သံမဏိအရိုးဂိုဏ်းအကြောင်း ပြောဆိုနေချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်ပြီး ဆေးပင်ဥယျာဉ်သို့ သွားလိုက်၏။
သူ လာချိန်မှာတော့ လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုဝေးနေကြောင်း သူ သတိပြုမိသည်။ ယခင်ကထက် ပိုမို၍ အားကောင်းလာနေသည်။
“အကြီးအကဲဝေ …”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “တောင်ပေါ်က စိတ်ဝိညာဉ်စွမ်းအင်တွေက ဘယ်အချိန်ပြန်ကောင်းမှာလဲ”
ဆယ်ဆပိုမို အားကောင်းသော စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင် နှင့် ချီစုစည်းခြင်း ဆေးလုံးတို့ ရှိသည် ဆိုသော်လည်း သူ၏ အမြန်နှုန်းမှာ နှေးကွေးနေသည်ဟု သူ ထင်မှတ်မိနေသေးသည်။ ထို့ကြောင့် စိတ်ဝိညာဉ် စွမ်းအင်များ ပိုမို တိုးတက်လာစေရန် နှင့် စိတ်ဝိညာဉ်ကျောက်တုံး သွေးကြော ပွင့်သွားရန် သူ မျှော်လင့်မိနေ၏။
အကြီးအကဲဝေ ပြောလိုက်သည် “မြန်မယ်ဆိုရင် သုံးလ ကနေ ငါးလ။ နှေးမယ် ဆိုရင် သုံးနှစ်ကနေ ငါးနှစ် ဖြစ်မယ်”
အမြန်ဆန်ဆုံး ဆိုလျှင်ပင် လအနည်းငယ်စောင့်ရန် လိုအပ်နေသည်။ ထိုအရာသည် ကျွင်းချောင်ရှောင်း အား ဆွံ့အမိစေသည်။
“ဂိုဏ်းချုပ် …”
ထိုအချိန်မှာပဲ လီလိုရှု ရောက်ချလာပြီး သတင်းပို့၏ “အကြီးအကဲမာ လာလည်တယ်။ သူ တစ်ခုခုကို စိတ်ပူနေပုံပဲ။ မျက်နှာမကောင်းဘူး။ အခု အဓိက ဟောခန်းထဲမှာ။”
“ဟုတ်လား”
ကျွင်းချောင်ရှောင်း အဓိက ဟောခန်းဆီ ဦးတည်လိုက်၏။
သူ ဝင်လာလာချင်းမှာပဲ မာယွင်တန်သည် အလောတကြီးဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း …. ဟွာယန်နိုင်ငံက မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့တယ်ဆို”
“အင်း .. ဟုတ်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ပြဿနာပဲ” မာယွင်တန် မျက်မှောင်ကုတ်သွား၏။
“ဘာဖြစ်လို့လဲ”
မာယွင်တန်သည် လေးလေးနက်နက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဆိုတာ ကြားဖူးလား”
“သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းလား”
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည် “တစ်ခါမှမကြားဖူးဘူး”
မာယွင်တန်သည် ပြောလိုက်သည် “နတ်ဆိုးမိစ္ဆာဂိုဏ်းလိုပဲ ကျော်ကြားတဲ့ အဆင့်သုံး မိစ္ဆာဂိုဏ်းတစ်ခုလေ။ ဟွာယန်နိုင်ငံမှာ သူတို့ရဲ့ ဂိုဏ်းခွဲတစ်ခု ရှိတယ်”
“ကျုပ် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကို ဘာမှမလုပ်ခဲ့ပါဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မာယွင်တန် ပြောလိုက်၏ “သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကိုတော့ ဘာမှမလုပ်ခဲ့ဘူးလေ။ ဒါပေမဲ့ ဟွာယန်နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းတွေကို ပြဿနာရှာခဲ့တယ် မဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို နားလည်သွားပုံဖြင့် ပြောလိုက်၏ “သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက မိစ္ဆာဂိုဏ်းလေးခု ဘက်ကနေ နေပြီး ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကို ပြဿနာရှာမယ်လို့ ဆိုလိုတာလား။”
“အမှန်ပဲ။”
အကြီးအကဲမာသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“………….” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
သူသည် အဘိုးကြီး ရှန်ကွမ်း၏ အရှိန်အဝါကို အသံုံးပြု၍ နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် ပြဿနာအား မကြာသေးခင်ကမှ ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။ ယခု ကံမကောင်းစွာဖြင့် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုအား ထပ်မံ၍ ပြဿနာ ရှာမိခဲ့ပြန်၏။ ကံမကောင်းပါတကား။
စနစ်မှ ပြောလိုက်သည် “ဒါက ကံမကောင်းတာမဟုတ်ဘူး။ကိုယ့်ဒုက္ခကိုယ်ရှာတာ”
“တော်စမ်း” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မာယွင်တန်သည် လေးနက်စွာဖြင့် ပြောလိုက်သည် “ဒီသတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက နတ်ဆိုးမိစ္ဆာဂိုဏ်းထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတယ်။ သူတို့သာ ချင်းယန်နိုင်ငံကို လာမယ်ဆိုရင် ကြိုပြီး ပြင်ဆင်စရာ ရှိတာတွေ အရင်ပြင်ဆင်မှ ဖြစ်မယ်။”
“ကောင်းပါပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
နတ်ဆိုးမိစ္ဆာဂိုဏ်း သည် ရန်စ၍ရသော အရာတစ်ခု ဆိုလျှင် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းမှာ ပိုမိုဆိုးရွား၏။
“ဂိုဏ်းချုပ်ကျွင်း .. အဘိုးကြီး ရှန်ကွမ်း ဆီ သတင်းပို့မှ ဖြစ်မယ် ထင်တယ်” မာယွင်တန် အကြံပြုလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် သူ့ကို မကြာသေးခင်ကမှ အကူအညီတောင်းထားတာလေ။ ထပ်ပြီး ကူညီခိုင်းဖို့ ဆိုတာက ရှက်စရာကောင်းတယ်”
မာယွင်တန် ဆွံ့အသွား၏။ “သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း ဆိုတာက တကယ့်ကို ကပ်ဘေးကြီးပဲ။ ဂိုဏ်းချုပ်ကျွင်း .. ရှက်စရာမဟုတ်တာကို ရှက်မနေပါနဲ့”
“အမှန်ပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျန်းရန်မြို့ကို သွားမှ ဖြစ်မယ်”
ပြောပြီးသည့်နောက် သူသည် ဂိုဏ်းအကာအကွယ် အစီအရင်အား အသက်သွင်းလိုက်သည်။ ပြီးနောက် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လိုက်သည်။
“ဂိုဏ်းချုပ် ”
လီလိုရှုသည် အသံပို့လွှတ်လိုက်သည် “ဟွာယန် နိုင်ငံ သတင်းရလာတယ်။ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက မိစ္ဆာဂိုဏ်းနှစ်ဆယ်ကို စုစည်းပြီး ချီတက်လာနေတယ်။”
ဤသတင်းကို မည်သူပေးသနည်း။
စုန့်စီပင်ဖြစ်၏။
သူသည် ဝိညာဉ်လက်ဂိုဏ်းချုပ်နှင့် အတူ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ အစည်းအဝေးသို့ တက်ရောက်ပြီးသည့်နောက် တစ်ဖက်လူများသည် မိစ္တာဂိုဏ်းနှစ်ဆယ်အား စုစည်းစေပြီး သံမဏိအရိုးဂိုဏ်းအား ဖျက်ဆီးရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ ထို့ကြောင့် သူသည် မိုးဆွေဟောခန်းအဖွဲ့ဝင်များအား တိတ်တဆိတ် သတင်းပေးလိုက်ခြင်း ဖြစ်သည်။
“လူဘယ်လောက်များလဲ။ ဘယ်လောက် အားကောင်းလဲ။ ဘယ်အချိန်ရောက်မလဲ” ကျွင်းချောင်ရှောင်းမေးလိုက်သည်။
လီလိုရှု ပြောလိုက်သည် “သိုင်းဘုရင်နှစ်ယောက် ၊ သိုင်းစစ်သူကြီး ဆယ့်နှစ်ယောက် နဲ့ စုစုပေါင်း လူဦးရေ တစ်သောင်းလောက် ဖြစ်မယ်။ သူတို့ မနက်ဖြန် မနက်လောက် ဒီကိုရောက်လာလိမ့်မယ်”
“ချီးတဲ့မှ ..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်များသည် တုန်ရင်သွားသည် “ပြဿနာကြီးပဲ”
“ဂိုဏ်းချုပ်ကျွင်း …”
မာယွင်တန်သည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာရင်းမှ ပြောလိုက်သည် “ဘာတွေစဉ်းစားနေတာလဲ။ ကျန်းရန်မြို့ဆီ မြန်မြန်သွားတော့လေ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်ဆီမှာ ဟာရီကိန်း ဝံပုလွေဘုရင် ရှိတယ်။ ခဏလေး နဲ့ အရောက်သွားလို့ရတယ်။”
“ဒါဆိုလည်းကောင်းပြီ”
မာယွင်တန်သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “အရင်သွားနှင့်မယ်။ ပြန်ပြီး ဂိုဏ်းချုပ် နဲ့ တိုင်ပင်ရမယ်”
“ကျုပ် လိုက်မပို့တော့ပါဘူး” ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်၏။
သူသည် ဘယ်မှမသွားရန် ဆုံးဖြတ်လိုက်ကြောင်းကိုတော့ မာယွင်တန်အား အသိမပေးတော့ချေ။
ပြောရမည်ဆိုလျှင် ကိုယ့်ရှာခဲ့သော ပြဿနာအား ကိုယ်သာ ဖြေရှင်းရမည် မဟုတ်လား။ အလကားနေ သူများအား သွားရောက်၍ အပူကပ်ရန် သူ မစဉ်းစားထားချေ။