အခန်း (၃၇၁)
Vol. 25 Ch. 371
သူတို့သည်သာ ကြောက်ရွံ့တတ်သည်ဆိုလျှင် ထိုကဲ့သို့ သွားပြီးတော့ ပြဿနာရှာလိမ့်မည်မဟုတ်ပေ။
သူသည် အဆင့်ခြောက်မိစ္ဆာဂိုဏ်းလေးခု ကို တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့၏။ ထိုအရာသည် ဟွာယန် နိုင်ငံတစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်သွားစေသည်။
သူတို့ဂိုဏ်းသည် ပြဿနာလာရှာ၍ရသည့် ဂိုဏ်းမျိုးမဟုတ်ကြောင်း သက်သေပြခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ မည်သို့ပင်တွေးတွေး သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက ပါဝင်လာလိမ့်မည်ဟု သူမထင်မှတ်မိခဲ့ချေ။
၎င်းတို့သည် မိစ္ဆာဂိုဏ်းနှစ်ဆယ်အား စုစည်း၍ တပည့်တစ်သောင်းကျော်ကို ခေါ်ယူကာ အလွန်တရာ ကြမ်းတမ်းသော အရှိန်အဟုန်နှင့် သူ့ဆီသို့ ချီတက်လာခဲ့ကြပြီဖြစ်သည်။
"စိတ်ပျက်စရာပဲ။"
ကျွင်းချောင်ရှောင်းမျက်မှောင်ကုတ်မိလိုက်သည်။
မိစ္ဆာဂိုဏ်းများ စုဖွဲ့၍ တစ်ခုတည်း အဖြစ် စုဖွဲ့ပြီး လာရောက်ခြင်း မဟုတ်လျှင် သူ့အနေဖြင့် အနိုင်ယူနိုင်စွမ်းရှိနေသေးသည်။ ယခုအချိန်မှာတော့ မဖြစ်နိုင်ချေ။ ထို့အပြင် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုကလည်း ပါဝင်ပတ်သက်နေသေး၏။
လီလိုရှုပြောလိုက်သည်။ "မနက်ဖြန်မနက်ဆိုရင် တောင်ခြေမှာတော့ လူတွေဖွေးဖွေးလှုပ် ဖြစ်နေတော့မှာပဲ။"
"ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ။" ကျွင်းချောင်ရှောင်းမျက်မှောင်ကုတ်လိုက်သည်။
သူသည် ရှန်ကွမ်းဟုန်အား အကူအညီတောင်းမည့် အကြံအစည်အား ပယ်ရှားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အခုအချိန်တွင် မိုးချုပ်နေပြီဖြစ်၏။
သူ့အနေဖြင့် အသွားအပြန်လုပ်မည်ဆိုလျှင်တောင်မှ မနက်ခင်းသို့ရောက်လျှင်ပင် ကောင်းကင်ဘုံကျောင်းမှ လူတွေကို ဆက်သွယ်၍ ရမည်မဟုတ်ချေ။
ထို့အပြင် ရှန်ကွမ်းဟုန်သည် သူ့အား တစ်ခါကူညီခဲ့ပြီးပြီဖြစ်၏။ အထပ်ထပ်သွား၍ အကူညီတောင်းနေရန်မဖြစ်။
အရေးအကြီးဆုံးမှာ သူ့ကိုယ်သူ အားကိုးမှသာ ဖြစ်ပေလိမ့်မည်။
လီလိုရှုပြောလိုက်သည်။ "တပည့်တွေကို တောတွေထဲကို ခေါ်သွားပြီးတော့ ပုန်းနေခိုင်းမလား။"
"မလိုပါဘူး။"
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ "ဂိုဏ်းအကာအကွယ် အစီအရင်ရှိတာကြောင့် သူတို့အထဲကိုတော့ ဝင်မလာနိုင်ဘူး။"
ဂိုဏ်း၏အကာအကွယ်အစီအရင်သည် အလွန်တရာ အားကောင်းလှသည်ဖြစ်ကြောင်း လီလိုရှု သိပြီးဖြစ်သည်။ သူမ ပြောလိုက်သည်။ "လူတွေက အများကြီးရောက်လာမှာ တောင်ကိုဝိုင်းပတ်ပြီး ပိတ်ထားမယ်ဆိုရင် ကျွန်မတို့ အပြင်ကို ထွက်လို့ရမှာမဟုတ်ဘူး။ဒီတော့ … "
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ငါတို့ ရင်ဆိုင်ရမယ့်နည်းလမ်းကို စဉ်းစားရမယ်။"
ဂိုဏ်းအကာအကွယ်အစီအရင်သည် သံမဏိအရိုးဂိုဏ်းအား ကာကွယ်ရန်သာ ဖြစ်သည်။ သို့ပေမဲ့ သူတို့အနေနှင့် အပြင်မထွက်ဘဲ နေ၍ရမည် မဟုတ်ချေ။
ထို့အပြင် ပို၍ ဆိုးဝါးသည်မှာ အဆင့်သုံး မိစ္ဆာဂိုဏ်းတစ်ခုနှင့် သူတို့ထပ်မံရင်ဆိုင်ရခြင်းဖြစ်သည်။
"ဒါဆိုရင် ဘယ်လိုရင်ဆိုင်ကြမလဲ။" လီလိုရှုမေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ငါစဉ်းစားလိုက်အုန်းမယ်။"
ခဏလောက်ကြာတော့ သူသည် အတွေးတစ်ခုရသွား၏။ လက်ဖျောက်တီးကာပြောလိုက်သည်။ "သိုင်းလောကရဲ့ စည်းမျဉ်းအတိုင်းပဲ ဆောင်ရွက်ရမှာပေါ့။"
"သိုင်းလောကစည်းမျဉ်းဟုတ်လား။"
လီလိုရှု ဇဝေဇဝါဖြစ်သွားသည်။
တစ်ခြားသောမြို့များဆီသို့ ပို့လွှတ်ထားသော သူမ၏အဖွဲ့ဝင်များဆီမှ သတင်းအချက်အလက် ရရှိပြီးသားဖြစ်၏။
ဟွာယန် နိုင်ငံမှာရှိသော မိစ္ဆာဂိုဏ်းသားပေါင်းများစွာတို့သည် ချင်းယန်နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ သူတို့မှာ အနည်းဆုံး ငါးထောင်မှ ခြောက်ထောင်နီးပါးခန့်ပင်ရှိသည်။
"ငါးထောင်မှ ခြောက်ထောင်ဟုတ်လား။"
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။ "လူတစ်သောင်းလောက်မဟုတ်ဘူးလား။"
မိစ္ဆာဂိုဏ်းခေါင်းဆောင်နှစ်ဆယ်တို့သည် အတူတကွစုဝေး၍ ထွက်လာသည့်သတင်းသည် ဟွာယန်နိုင်ငံသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများသည် အပျော်သဘောဖြင့် လာရောက်ကြည့်ရှုကြခြင်းဖြစ်၏။
ထို့ကြောင့် လူအရေအတွက်မှာ ပိုမိုများပြားနေခြင်းပင်ဖြစ်တော့သည်။
……….
တောင်ပြာဂိုဏ်း …။
မာယွင်တန် ပြန်လာသည့်နောက်မှာတော့ ဝမ်တုန်လင်သည် အခန်းထဲသို့ ဝင်လိုက်၏။ ပြီးနောက် စာကိုပစ်ပေးလိုက်သည်။
"တစ်စုံတစ်ခုကြီးမားတာတော့ ဖြစ်ကုန်ပြီ။"
"ဘာဖြစ်တာလဲ။"
သူစာကိုဖတ်ကြည့်လိုက်ပြီးသည့်နောက်မှာတော့ ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်မိသည်။ သူသည် ထိတ်လန့်စွာ ဖြင့် ပြောလိုက်သည်။ "သွားပြီ …. သွားပြီ။တကယ့်ကို ကိစ္စကြီးပဲ။"
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းဆီမှ ပေးပို့လာသော စာပင်ဖြစ်သည်။ ပါဝင်သည့်အကြောင်းအရာမှာ ချင်းယန်နိုင်ငံရှိ သံမဏိအရိုးဂိုဏ်းသည် သူတို့၏ဟွာယန်နိုင်ငံမှ ဂိုဏ်းလေးဂိုဏ်းအား ဖျက်ဆီးခဲ့၏။ ထို့ကြောင့် မနက်ဖြန်တွင် ၎င်းတို့သည် သွေးကြွေးလာရောက်ဆပ်မည်ဖြစ်ကြောင့် နှင့် တစ်ခြားသောဂိုဏ်းများအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် အကြံပြုခြင်းပင်ဖြစ်တော့သည်။
ဝမ်တုန်လင်သည် သက်ပြင်းချကာ ပြောလိုက်သည်။ "သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက ကျုပ်တို့ကို ဂိုဏ်းချုပ်ကျွင်း ကို မကူညီနဲ့လို့ပြောနေတာပဲ။"
မာယွင်တန် သည် အေးစက်စွာ ပြောလိုက်သည်။ "ကျုပ် စိတ်အပူဆုံးအရာ ဖြစ်လာတာပဲ။"
"နတ်ဆိုးမိစ္ဆာဂိုဏ်းထက် ဆိုးဝါးတဲ့ ကပ်ဘေးကြီးကတော့ ရောက်လာပြီ။"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ဘယ်လိုလုပ်ရမလဲဟုတ်လား။ ဂိုဏ်းချုပ်ကို မြန်မြန်သတင်းပို့ရမှာပေါ့။"
ဤကဲ့သို့ ကြီးမားလှသော ကိစ္စရပ်တွင် သူတို့အနေနှင့် ကျွင်းချောင်ရှောင်းကို ကူညီချင်သည် ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို လိုအပ်နေပြီ ဖြစ်သည်။
………..
တစ်ချိန်တည်းမှာပဲ ဟောင်ချီဂိုဏ်းထဲတွင်ရှိနေသော မဟာမိတ်ခေါင်းဆောင်ချင်သည်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ စာကို လက်ခံရရှိသည်။
ယေဘုယျအားဖြင့် ဟွာယန်နိုင်ငံထဲတွင်ရှိသော မိစ္ဆာဂိုဏ်းများအားလုံးသည် မနက်ဖြန်၌ သံမဏိအရိုးဂိုဏ်းအား ပစ်မှတ်ထား တိုက်ခိုက်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲအနေဖြင့် မမြင်သလို ဆက်လက်နေထိုင်ရန် အကြံပြုထားသော စာပင်ဖြစ်၏။
"ဟား ဟား ဟား ဟား"
အဓိကဟောခန်းထဲတွင် အားရပါးရရယ်မောလိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွင်းချောင်ရှောင်း"
မဟာမိတ်ခေါင်းဆောင်ချင်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "မင်းကတော့ ဒုက္ခရောက်ပြီ။"
သူသည် ဤကဲ့သို့ နေ့မျိုး ဖြစ်ပေါ်လာစေရန်စောင့်စားနေခြင်းဖြစ်၏။
ဤအချိန်မှာတော့ မမြင်သလို နေထိုင်ရုံတင်မက သူ၏မျက်လုံးများကို လက်နှင့် ထိုးဖောက်ရမည်ဆိုလျှင်တောင်မှ ချက်ချင်းပင် ထိုးဖောက်ကာ နေလိုက်တော့မည်ဖြစ်သည်။
ဤကဲ့သို့ ပျော်ရွှင်စရာကောင်းသည့် ကိစ္စကို တစ်ယောက်တည်း ခံစားနေ၍ မဖြစ်ချေ။
ချင်ဟောင်ရန်သည် အလောတကြီးဆိုသလိုပဲ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များဆီသို့ သတင်းစကား ပေးပို့လိုက်တော့၏။ ပြီးနောက် မြန်မြန်လာရန်နှင့် သံမဏိအရိုးဂိုဏ်းဆီသို့ မနက်ဖြန်သွားရန် အမိန့်ပေးလိုက်သည်။
ဘာအတွက်လဲ။ ဟုတ်ပေသည်။ ပွဲကြည့်ရန်ပင်ဖြစ်သည်။
……....
ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းများသည် ဤအချိန်မှာတော့ အလုံးအရင်းနှင့် ရောက်ရှိလာခြင်းတင်မဟုတ်ဘဲ ချင်းယန်းနိုင်ငံရှိ အဖွဲအစည်းများအား ကြိုတင်၍ သတင်းပေးပို့ထားသည်။
များပြားလှသော သိုင်းပညာရှင်များသည် ထိုစာကို လက်ခံရရှိခဲ့ကြ၏။
"ထင်ထားတဲ့အတိုင်းပဲ။"
"သိတယ်။ သံမဏိအရိုးဂိုဏ်းက မိစ္ဆာဂိုဏ်းတွေကို ဖျက်ဆီးခဲ့တယ်။ဟွာယန်နိုင်ငံက ဂိုဏ်းတွေက ဒီကိစ္စကို သက်တောင့်သက်သာနဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး။"
"မိစ္ဆာဂိုဏ်းနှစ်ဆယ်က အတူတကွ ဆင်းသက်လာမယ်ပြောတယ်။ပြီးတော့ အဲထဲမှာသတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက လူတွေရော ပါတယ်လို့ပြောတယ်။ဂိုဏ်းချုပ်ကျွင်းကတော့ ဒီတစ်ကြိမ် အကြီးအကျယ် ပြဿနာတက်ပြီ။"
"သူတို့ ဒီကိစ္စကနေ အသက်အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ မျှော်လင့်မိတယ်။"
ချင်းယန်နိုင်ငံမှ သိုင်းပညာရှင်များသည် ထိုကဲ့သို့ ပြောဆိုလိုက်သည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းသည် ဤကပ်ဘေးကြီးမှ လွတ်မြောက်သွားလိမ့်မည်ဟု သူတို့မထင်မိချေ။
ထို့အပြင် များပြားလှသည့် ကျွမ်းကျင်သူများ ပါဝင်နေေသောကြောင့် အဆင့်ငါး ဂိုဏ်းတစ်ခု ဆိုလျှင်တောင်မှ ဤအရာကို ကိုင်တွယ်နိုင်မည်မဟုတ်။
"သွားကြစို့။"
"ချင်းယန်မြို့ကိုသွားကြည့်မယ်။"
များပြားလှသော အဖွဲ့အစည်းများ၊မိသားစုများ၊လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည် ချက်ချင်းပင် လှုပ်ရှားကြတော့သည်။
ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းနှစ်ဆယ်တို့သည် သံမဏိအရိုးဂိုဏ်းကို တိုက်ခိုက်ရန် ထွက်ခွာလာကြသည်။ ဤအရာသည် ကိစ္စအကြီးပင်ဖြစ်သည်။ သူတို့အနေနှင့် တစ်ခုခုတော့ လုပ်မှ ဖြစ်လိမ့်မည်။
ချင်းယန်မြို့ …
မြို့တော်ဝန်ရှဲသည် သတင်းကို ရရှိပြီးသည့်နောက်မှာတော့ အဓိကဟောခန်းဆီသို့ ဆင်းသက်လာကာ ပြောလိုက်သည်။ "ငါ့ရဲ့ ဂိုဏ်းချုပ်ကျွင်း … ဘာလိုအဆင့်သုံးမိစ္ဆာဂိုဏ်းတစ်ခုကို ထပ်ပြီး ရန်စရတာလဲ။ မဖြစ်သေးဘူး မဖြစ်သေးဘူး။ငါ သူ့ကို မြန်မြန် သတင်းပေးမှဖြစ်မယ်။"
ညရောက်နေသည်ဆိုသော်လည်း သူသည် သံမဏိအရိုးဂိုဏ်းသို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် ပြင်ဆင်လိုက်တော့သည်။
သို့ပေမဲ့ သူ တောင်ခြေသို့ ရောက်ရှိချိန်မှာတော့ မျက်လုံးအပြူးသား ဖြစ်သွားမိ၏။
လက်ရှိအချိန်တွင် များပြားလှသော အဖြူရောင်ပစ္စည်းများသည် ဂိုဏ်း၏လမ်းတစ်လျှောက်တွင် တည်ရှိနေပြီး အလွန်လင်းထိန်သည့် မီးအလင်းရောင်အား ပေးစွမ်းနေသည်။
"ဒီအရာတွေက … "
မြို့တော်ဝန်ရှဲ့ ဆွံ့အနေမိသည်။ "ညလင်းပုလဲတွေလား။"
မဟုတ်ပေ။ သူမြင်နေရသည်မှာ ကမ္ဘာမြေ မီးလုံးများပင်ဖြစ်သည်။
ဤအရာသည် ကျွင်းချောင်ရှောင်း စဦးစတိုးထဲမှ မဖြစ်မနေဝယ်ယူခဲ့ရသော နေ့စဉ်သုံး ပစ္စည်းများထဲမှ တစ်ခုပင်ဖြစ်သည်။ ဤအရာကို မှော်ပညာဖြင့် ပြန်လည်ပြုလုပ်ထားသော စွမ်းအင်မီးလုံးဟု ခေါ်ဆို၏။
မည်သည့်လျှပ်စစ်မှမရှိဘဲ အလိုလို မီးလင်းနိုင်စွမ်းရှိသည်။
ပြောရမည်ဆိုလျှင် တောင်ခြေ၌ ဤအရာများကို ချိတ်ဆွဲ၍ ဘာလုပ်နေသနည်း။
အလင်းရောင်ကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် အားရပါးရအလုပ်လုပ်နေကြသည်ကို မြင်နေရ၏။ တစ်ချို့သည် သစ်ပင်များကို ခုတ်လျက်ရှိပြီး တစ်ခြားသူများမှာ ကျောက်ပြားများကို မ လျက်ရှိ၏။
မြို့တော်ဝန်ရှဲ့သည် အနီးတစ်ဝှိုက်ကို ပတ်ကြည့်ပြီးသည့်နောက်မှာတော့ စင်မြင့်ကြီးတစ်ခု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။
"ဟမ်"
အလုပ်ပြီးစီးမှုကို တာဝန်ယူ စောင့်ကြပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "မြို့တော်ဝန်ရှဲ့ဘယ်လိုဖြစ်ပြီး ညနက်ကြီး ဒီကိုရောက်လာတာလဲ။"
အလွန်တရာ တည်ငြိမ်နေသော ကျွင်းချောင်ရှောင်းကို မြင်ချိန်မှာတော့ မြို့တော်ဝန်ရှဲ့ ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။
"ဂိုဏ်းချုပ်ကျွင်း …. ဟွာယန်နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းတွေက အတူတကွ ပူးပေါင်းပြီးတော့ ဒီကို လာနေကြတယ်။"
"ကျုပ်သိတယ်လေ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
မြို့တော်ဝန်ရှဲ့ သည် ကြောင်သွား၏။ ပြီးနောက် သူ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းသိတယ်ဆိုရင် ဘာလို့ တပည့်တွေကိုခေါ်ပြီး ဒီနေရာမှာ စင်မြင့်တစ်ခု ဆောက်နေရတာလဲ။ ပြဇာတ်ကြည့်မလို့လား။"
ကျွင်းချောင်ရှောင်း ပြုံးလိုက်သည်။ "သူတို့က အဝေးကလာတာလေ။ဒီတော့ သူတို့ကို ဖျော်ဖြေရမှာပေါ့။"
မြို့တော်ဝန်ရှဲသည် မြေပေါ်သို့လဲကျ၍ မေ့မျောလုမတတ်ပင်ဖြစ်သွား၏။
ဟွာယန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများ ရောက်ချလာသည်ဆိုသည်မှာ သံမဏိအရိုးဂိုဏ်းအား ဖျက်ဆီးရန် လာခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် တစ်ဖက်လူများအား ဖျော်ဖြေရန်ပင် တွေးတောနေ၏။ သူ၏ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေသည်လား။
နှစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ဘက်စကတ်ဘောကွင်းတစ်ခုစာ ကြီးမားလှသော ကျောက်စင်မြင့်ကြီးတစ်ခု ဖြစ်တည်လာတော့သည်။
ဤအရာသည် စင်မြင့်တည်ဆောက်ထားခြင်းမဟုတ်ပဲ တိုက်ခိုက်ရေးတည်နေရာတစ်ခုနှင့် ဆင်တူနေကြောင်း မြို့တော်ဝန်ရှဲ့တွေ့လိုက်ရသည်။
"စုတ်တံတစ်ခုယူခဲ့။" ကျွင်းချောင်ရှောင်းအော်လိုက်သည်။
လီချင်းယန်သည် စုတ်တံနှင့် မှင်ကို ယူဆောင်လာ၏။
သို့ပေမဲ့ စုတ်တံသည် အလွန်တရာ ကြီးမားလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် စုတ်တံကိုကိုင်၍ မှင်ခွက်ထဲသိုထည့်ကာ သစ်သားပြားပေါ်တွင် သေသေချာချာ စတင်၍ ရေးသားတော့သည်။
ခဏလောက်ကြာပြီးနောက် သူသည် စုတ်တံကို ပြန်လည်သိမ်းလိုက်၏။
သစ်သားပြား၏အပေါ်မှာတွင်တော့ အလွန်တရာ အားကောင်းလှသော စာသားများ ထင်ပေါ်နေသည်။ "သေခြင်းရှင်ခြင်း စင်မြင့်"
ကျွင်းချောင်ရှောင်းသည် စုတ်တံကို မှင်ပြန်သုတ် လိုက်ပြီး ဘေးတစ်ဖက်တွင် ထပ် ရေးလိုက်ပြန်သည်။ "ဓားကိုကိုင်၍ ကောင်းကင်ပေါ်သို့ မော့ကာ ရယ်မောမည်။"
အောက်ဘက်ဆီမှာတော့ "သံမဏိအရိုးဂိုဏ်း"ဆိုသော စာသားကို ထပ်မံ ရေးသားလိုက်၏။