အခန်း (၃၇၂)
Vol. 25 Ch. 372
အရင် ကမ္ဘာမြေတုန်းက ကျွင်းချောင်ရှောင်းသည် စာပေသင်ကြားမှုတွင် တော်လှသူမဟုတ်ပေ။ သို့ပေမဲ့ သူသည်လက်ရေးတော့အလွန်လှ၏။
ထို့ကြောင့် သူရေးသားလိုက်သောစာလုံးများသည် နဂါးများ၊ ဖီးနစ်ငှက်များ ပျံသန်းသကဲ့သို့ အလွန်တရာ လှပလွန်းနေသည်။
မိစ္ဆာဂိုဏ်းများလာရောက်တိုက်ခိုက်မည့်အချိန်သာမဟုတ်လျှင် မြို့တော်ဝန်ရှဲ့သည် လက်ခုပ်တီးကာ ထ၍ ချီးကျူးမိပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း”
သူသည်မျက်မှောင်ကုတ်ကာပြောလိုက်၏။ “ဒီလိုမျိုး စင်မြင့်ကိုဆောက်ပြီး သေခြင်းရှင်ခြင်းစင်မြင့်လို့ နာမည်ပေးထားတယ် ဆိုတော့ မိစ္ဆာဂိုဏ်းနဲ့တိုက်ခိုက်ဖို့ စီစဉ်နေတာလား”
“အမှန်ပဲ” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“သိုင်းလောက၏စည်းမျဉ်းအရ ကျုပ်တို့တွေ မျှမျှတတ ဒီစင်မြှင့်ပေါ်မှာတိုက်ခိုက်မယ်...”
မြို့တော်ဝန်ရှဲ့ ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
သူရရှိထားသော သတင်းအချက်အလက်အရဆိုလျှင် ဟွာယန် နိုင်ငံ၏ မိစ္ဆာဂိုဏ်းသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို စေလွှတ်လိုက်ခြင်းဖြစ်၏။ မျှမျှတတ တိုက်ခိုက်မည်ဆိုပါက စင်ပေါ်မှာပဲ မမျှမတ သေဆုံးသွားနိုင်သည်။
“ဂိုဏ်းချုပ်ကျွင်း” မြို့တော်ဝန် ရှဲ့ ကပြောလိုက်၏။
“ဒီတစ်ခါလာမည့်ရန်သူတွေကအရမ်းကြမ်းတယ် ။ ဘာလို့အရင်လိုပုန်းမနေတာလဲ။ အေးအေးဆေးဆေး ဖြစ်ပြီဆိုတော့မှ ပြန်ပြီးတိုက်ခိုက်ကြတာပေါ့။”
သူရောက်ရှိလာခဲ့ခြင်းမှာ ဤကဲ့သို့သော အကြံဉာဏ်ကိုပေးရန်ဖြစ်သည်။ ကူအညီမဲ့နေသည်ဆိုသော်လည်း ဤနည်းလမ်းကသာ အလုံခြုံဆုံးနည်းလမ်းပင်ဖြစ်ပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် မြို့တော်ဝန်” ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။
“ကျုပ်ပုန်းမနေချင်ဘူး ပြီးတော့ သံမဏိအရိုးဂိုဏ်းရဲ့ပထမဦးဆုံး ဆောင်းပုဒ်က သူရဲကောင်းလိုနေထိုင်ပြီး သူရဲကောင်းလို သေဆုံးဖို့လေ”
သူသည် ထိုဆောင်ပုဒ်အား တခါမှမကြားဘူးခဲ့ချေ။
တချို့သောသံမဏိအရိုးဂိုဏ်းတပည့်များသည် မှတ်စုစာအုပ်လေးများကိုထုတ်ယူ၍ ရေးမှတ်လိုက်ကြ၏။ တချို့သောဂိုဏ်းသားများမှာမူ မျက်လုံးကို စုံမှိတ်၍ ငြိမ်ငြိမ်သက်သက်ဖြင့် ရွတ်ဖတ်ကာ အလွတ် မှတ်သားလျက်ရှိ၏။
“သူရဲကောင်းတစ်ယောက်လိုနေထိုင်ပြီး သူရဲကောင်းတစ်ယောက်လိုသေဆုံးမယ်ဟုတ်လား”
မြို့တော်ဝန်ရှဲ့ သည် လိုက်ပါ၍ရွတ်ဖတ်လိုက်၏။ ပြီးနောက် သူ၏စိတ်ထဲတွင်တော့ လေးစားမှုများနှင့်ပြည့်နှက်သွားခဲ့သည်။
အလွန်အားကောင်းလှသော ရန်သူနှင့်ရင်ဆိုင်ရမည့် အချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာတည်ငြိမ်နေ၏။
ထို့အပြင် ဤကဲ့သို့သောစကားများကို ထုတ်ဖော်၍ပြောဆိုနေသည်။ သံမဏိလို မာကြောသောစိတ်ဓာတ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ”
မြို့တော်ဝင်ရှဲ့ သည်လည်း စိတ်အားတက်ကြွသွား၏။ သူပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့ ကျုပ်ကလည်းသံမဏိအရိုးဂိုဏ်းနှင့်အတူရှိနေမယ်”
သူသည် ဤအချိန်မှာတော့ ချင်းယန်မြို့သူမြို့သား ၃.၆ သန်းအကြောင်းကို ထည့်၍မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအကြိမ်တွင် သူသည် သူ့ကိုယ်သူ သာကိုယ်စားပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ကျွင်းချောင်ရှောင်းကလက်သီး ဆုပ်ကာ ပြောလိုက်၏။
ရန်သူတွေလာနေသည်ကိုသိရှိနေသည်ကိုတောင်မှ သူအား ထောက်ခံအားပေးကူညီနေလေသည်။ ဤအရာသည်မှာ စစ်မှန်သည့် ခင်မင်ရင်းနှီးမှုပင်ဖြစ်တော့သည်။
ကောင်းကင်ပြင်သည် ဖြည်းဖြည်းချင်းတောက်ပလာ၏။
သစ်ပင်များ၌ ချိတ်ဆွဲထားသော မှော်ပညာဖြင့်အဆင့်မြှင့်တင်ထားသည့် မီးလုံးများသည် အလင်းကွယ်ပျောက်သွားသည်။
အသစ်တည်ဆောက်ထားသော သေခြင်းရှင်ခြင်းစင်မြင့် သည် မနက်ခင်းတည်နေရာထဲမှာတော့ ထီးထီးကြီးတည်ရှိနေ၏။
"ဓားကိုကိုင်၍ ကောင်းကင်ပေါ်သို့ မော့ကာ ရယ်မောမည်။" တစ်စုံတစ်ယောက်သည် ဤမျှအားကောင်းပြီး ကြမ်းတမ်းလှသော စာသားများကို ကိုမြင်သည်ဆိုပါက ရင်သက်ရှုမောဖွယ်ခံ စားသွားရပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ပြန်၍အနားမယူကြချေ။
စင်မြင့်ကြီး၏ဘေးတစ်ဖက်တစ်ချက်တွင် ညီညီညာညာစီတန်းရပ်လျှက်ရှိပြီး သူတို့၏လက်များကိုနောက်ပစ်ကာ ခေါင်းကိုမော့၍ ဟိတ်ဟန်အပြည့်ရပ်နေကြ၏။
မြို့တော်ဝင်ရှဲ့သည် ထိုအရာကိုမြင်တော့တွေးလိုက်မိသည်။ သံမဏိအရိုးဂိုဏ်းသားများ ပီသလွန်းလှတယ်။ သံမဏိလိုအရိုး နဲ့ စိတ်ဓာတ် ရှိနေတာပဲ။
မနက်ခင်းနှင်းမြူများပျောက်ကွယ်ပြီးသည်နောက်မှာတော့ နေထွက်လာခဲ့သည်။ အရာအားလုံးကို ရှင်းလင်းစွာမြင်နေရပြီဖြစ်သည်။
ရုတ်တရက်ဆိုသလိုပဲ တောနက်ထဲမှ များပြားလှသည့် သိုင်းပညာရှင်များ ထွက်ပေါ်လာကြ၏။
မြို့တော်ဝင်ရှဲ့၏ နှလုံးခုန်သံများသည်မြန်ဆန်သွား၏။
ဟွာယန်နိုင်ငံ၏ မိစ္ဆာဂိုဏ်းများ ရောက်ရှိလာကြပြီလား။
မဟုတ်ပေ။ ဤသိုင်းပညာရှင်များသည် ချင်းယန်နိုင်ငံမှ ရိုးရိုးသိုင်းပညာရှင်များသာဖြစ်၏။ ထို့အပြင် ချင်းယန်မြို့မှရှိသောမိသားစုများ လွတ်လပ်သောကျင့်ကြံသူများကလည်း ရောက်ရှိလို့လာကြသည်။
ထိုသူများအားလုံးကသည် အော်ဟစ်လိုက်ကြ၏။ “တိုက်ခိုက်မယ်။ သေဆုံးတဲ့ထိတိုက်ခိုက်မယ်။”
လက်ရှိအခြေအနေမှာတော့ ဟူရန်မြို့၏ အိုက်ကလန်၊ စွန်းရန်မြို့၏ စုန့်ကလန် နှင့် တခြားသော မြို့မိမြို့ဖ မိသားစုကြီးခုနှစ်ခု၏ ခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
သူတို့သည် ပွဲလာကြည့်ခြင်းမဟုတ်ပေ။ သံမဏိအရိုးဂိုဏ်းကိုလာရောက်ကူညီခြင်းဖြစ်၏။
ဟွာယန်နိုင်ငံ၏ မိစ္ဆာဂိုဏ်းများသည် ချင်းယန်နိုင်ငံအား အနိုင်ကျင့်နေသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အားလုံးသည် မကျေနပ်ခဲ့ကြပေ။
ယခု သံမဏိအရိုးဂိုဏ်းက ကူညီဖြေရှင်းလိုက်ပြီဆိုတော့ သူတို့သည် အလွန်အမင်းကျေးဇူးတင်နေမိ၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းဒုက္ခရောက်ချိန်တွင် ရောက်ရှိလာပြီး ကူညီခြင်းသာဖြစ်သည်။
အချိန်အတိုအတွင်းမှာပဲ သေခြင်းရှင်ခြင်းစင်မြင့် ၏ အနီးတွင် သိုင်းပညာရှင် တစ်သောင်းလောက် ရောက်ရှိလာကြ၏။ ဤအရေအတွက်မှာ အလွန်တရာ များပြားလှသည်ဟုဆိုရပေမည်။
ဟုတ်ပေသည်။ မိသားစုများ၊ လွတ်လပ်သောကျင့်ကြံသူများသာ ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်ပြီး ချင်းယန်နိုင်ငံရှိ မည်သည့် ဂိုဏ်းကမှ ရောက်မလာကြချေ။
အဘယ်ကြောင့်ဆိုသော် ချင်းယန်နိုင်ငံတွင်ရှိသော ဂိုဏ်းများသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှလူများဖြစ်ကြ သောကြောင့်ပင်။
ထိုသူတို့အားလုံးသည် ကျွင်းချောင်ရှောင်းဘက်မှာမရှိသည်မှာ ကျိန်းသေဖြစ်၏။
“ဂိုဏ်းချုပ်ကျွင်း” အီယန်မြို့၏မြို့တော်ဝန် သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “လွန်ခဲ့တဲ့သုံးနှစ်တုန်းက မိုးသက်လေပြင်းခန်းမဆောင်က ကျုပ်ရဲ့တည်နေရာထဲမှာရှိတဲ့ အဆင့်ခုနှစ်ကျမ်းရင်ဂိုဏ်းရဲ့ ဂိုဏ်းသား ငါးထောင့်ခုနှစ်ရာ့နှစ်ဆယ်ကို သတ်ဖြတ်ခဲ့တယ်။ သူတို့က သက်ကြီးရွယ်အိုတွေ ၊အမျိုးသမီးတွေ ၊ ကလေးတွေတောင်မချန်ခဲ့ဘူး ။ ဒါပေမဲ့ခင်ဗျားကတော့ မိုးသက်လေပြင်းခန်းမဆောင်ကို ဖျက်ဆီးပစ်ခဲ့ပြီ”
သူ ဦးခေါင်းငုံကာပြောလိုက်၏။ “သူတို့အစားကျုပ်က ကျေးဇူးတင်ပါတယ်။”
“ဂိုဏ်းချုပ်ကျွင်း” ရောင်ရန်မြို့၏ မြို့တော်ဝန်ကလည်း ကိုယ်ကိုညွန့်ကာပြောလိုက်သည်။ “ကျုပ်ကလည်းကျေးဇူးတင်ပါတယ်”
သူ၏ တည်နေရာထဲတွင်လည်း နတ်ဆိုးငယ်ဂိုဏ်း နှင့် ပြဿနာတက်ခဲ့သောကြောင့် ဂိုဏ်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံလိုက်ရသော အဆင့်ရှစ်ဂိုဏ်း တစ်ခု ရှိခဲ့သည်။
ဘုတ်။
လူငယ်တစ်ယောက်သည်ဒူးထောက်ထိုင်ချလိုက်ပြီး ကျွင်းချောင်ရှောင်းအား ကန်တော့လိုက်၏။ သူ၏မျက်လုံးဆီမှ မျက်ရည်များသည် မိုးကဲ့သို့ကျဆင်းလျက်ရှိ၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း … ကျုပ်မိသားစု သုံးဆယ့်ခြောက်ယောက်အတွက် ကလဲ့စားချေခဲ့ပေးတဲ့အတွက်ပါ။ ဝမ်တုန်ရဲ့ ဒီဦးချမှုကို လက်ခံပေးပါ။”
သူသည် ရောင်ရန်မြို့မှ သေးငယ်လှသော မိသားစုလေးတစ်ခု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည်။
သူသည် သူ့အဖေနှင့်လိုက်ပါ၍ သေမင်းတောင်ကြားတွင် လေ့ကျင့်ခဲ့၏။ ကြမ်းတမ်းလှသော သားရဲရိုင်းကြီးတစ်ကောင်ကို ရင်ဆိုင်းရင်း သူတို့သည် မိုးကြိုးခန်းမဆောင် နှင့် ပြဿနာဖြစ်ခဲ့ရ၏။ နောက်ဆုံးမှာတော့ သူ၏ မိသားစုတစ်ခုလုံးသည် သတ်ဖြတ်ခံခဲ့ရ၏။ ကံကောင်းစွာဖြင့် သူတစ်ယောက်သာလျင် အသက်ရှင်ခဲ့၏။
“ဂိုဏ်ချုပ်ကျွင်း ကျေးဇူးပြုပြီး ကျုပ်ရဲ့ ဦးညွှတ်မှုကို လက်ခံပေးပါ။”
“ဂိုဏ်ချုပ်ကျွင်း ကျေးဇူးပြုပြီး ကျေးဇူးတင်ပါရစေ။”
“ဂိုဏ်ချုပ်ကျွင်း”
သိုင်းပညာရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်းအား ဂါဝရပြု ကျေးဇူးတင်စကား ပြောဆိုကြ၏။
တော်တော်များများသည် ဤအဆင့်ခြောက် မိစ္ဆာဂိုဏ်း လေးဂိုဏ်း လက်ချက်ဖြင့် သေဆုံးခဲ့သောသူများ၏ အမျိုးအဆွေများ သို့မဟုတ် အနိုင့်ကျင့်ခံခဲ့ရသူများ ဖြစ်နေကြသည်။
မိစ္ဆာဂိုဏ်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။
အလွန်တရာရက်စက်လှပြီး အခြားသူများအား သတ်ဖြတ်ခြင်းကို ခုံမှင်လှသောသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဟု ဆိုရမည် ဖြစ်သည်။ တခြားသူများ၏ နာကျင်မှုကို သူတို့သည် လုံးဝဂရုမစိုက်ကြပေ။
သူတို့အား ပြဿနာရှာသည်ဟု ထင်မှတ်သည်ဆိုလျှင် အလွန်တရာ နာကျင်သော ပေးဆပ်မှုများကို ပြန်လည်ပေးဆပ်ခိုင်းတော့သည်။
ထို့ကြောင့် သူတို့သည် လူတွေကိုသတ်ဖြတ်လေ ရန်သူများလည်ပိုမိုများပြားလာလေ ဖြစ်လေတော့၏။
လက်ရှိတွင် ကျွင်းချောင်ရှောင်းအား များပြားလှသော ကျင့်ကြံသူများသည် လာ၍ ဂါဝရပြုခဲ့သည်။
ဆိုလိုသည်မှာ မိစ္ဆာဂိုဏ်းကြီး၏ လေးဂိုဏ်းလုံးဖျက်ဆီးခံရခြင်းအား ထောက်ခံအားပေးသည်ဆိုသည့် လက္ခာဏပင်ဖြစ်၏။
ကြယ်ကြွေကုန်မြေတိုက်ကြီးသည် အလွန်တရာရက်စက်လှသည်ဆိုသောလည်း ဤကဲ့သို့ စစ်မှန်သည့် ခံစားသက်ဝင်မှုမျိုးလည်း ရှိနေသေး၏။
သံမဏိအရိုးဂိုဏ်းသည် သူတို့အားကူညီခဲ့သည်။
သူတို့အားကူညီပြီး သူတို့၏မျိုးဆွေများအတွက် လက်စားချေပေးခဲ့၏။ ဤအရာသည် ကြီးမားလှသော ကြင်နာမှုဟုဆိုရမည်။
ထို့ကြောင့် သူတို့အနေဖြင့် သံမဏိအရိုးဂိုဏ်းဒုက္ခရောက်ချိန်၌ လာရောက်၍ ကူညီပေးခြင်းပင် ဖြစ်သည်။
“အားလုံးပဲ” ကျွင်းချောင်ရှောင်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မိစ္ဆာတွေကို အပြစ်ပေးတာ မိစ္ဆာတွေကို သတ်ဖြတ်တယ်ဆိုတာ ကျုပ်တို့သံမဏိဂိုဏ်း လုပ်ရမယ့် အရာတစ်ခုပဲ.....”
“……….” စနစ် သည် ဆွံ့အသွား၏။
ဟွာယန်နိုင်ငံတွင်ရှိသော မိစ္ဆာဂိုဏ်း လေးဂိုဏ်းသည် ၎င်း၏ တပည့်များနှင့် ပြဿနာတက်ခဲ့သောကြောင့် လက်ခံသူသည် သွားရောက် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဘယ့်ကြောင့် ယခုအချိန်တွင် လောကကြီးတစ်ခုလုံးကို ကယ်တင်ခဲ့သည့် သူရဲကောင်းကြီးတစ်ယောက် ကဲ့သို့ ပြုမူပြောဆိုနေရသနည်း။
ထိုအချိန်မှာပဲ ချင်ဟောင်ရန်ဦးဆောင်သော ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများအားလုံးသည် အားလုံး၏မြင်ကွင်းထဲသို့ ဝင်လာကြ၏။
သူတို့သည် ချင်းယန်နိုင်ငံမှ များပြားလှသည့် သိုင်းပညာရှင်များစုဝေးနေသည်ကို မြင်ချိန်မှာတော့တွေးလိုက်မိ၏။
“ဒီလူတွေကငါ့လိုပဲ သံမဏိအရိုးဂိုဏ်းဖျက်စီးခံရတာကို လာကြည့်တာထင်တယ်။”
“ဂိုဏ်းချုပ်ကျွင်း” လင်ရန်မြို့ကမြို့တော်ဝန် တစ်ယောက်ကပြောလိုက်သည်။ “ဟွာယန်နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းတွေကိုဒီထဲ ကျူးကျော်ဝင်ရောက်ဖို့ခွင့်မပြုသင့်ဘူး။ ကျုပ်တို့လည်းခွင့်မပြုဘူး”
အားလုံးသည် သံပြိုင်အော်လိုက်၏။ သူတို့၏အသံသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးတွင် တုန်ခါသွားစေသည်။
ဤစကားသည် ကျွင်းချောင်ရှောင်း၏စိတ်အား လှုပ်ရှားမိစေသည်။
ဤရက်စက်လှသော ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အလွန်တရာ ရက်စက်လှသောကျင့်ကြံသူများနှင့်သာ ဖွဲ့စည်းထားသည်မဟုတ်ပေ။ ကြင်နာတက်ပြီး အမှားအမှန်အဆိုးအကောင်းကိုခွဲခြားနိုင်သည့် အပြုသဘောဆောင်သောကျင့်ကြံသူများ ရှိနေသေးကြောင်း သူ နားလည်လိုက်မိ၏။
ဘေးတစ်ဖက်တွင် ခန့်မှန်းလျက်ရှိသော ချင်ဟောင်ရန်သည် သူ၏မျက်နှာအား ပိတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။
မင်းတို့ရူးနေလား … ဘယ်လိုဖြစ်ပြီးသံမဏိအရိုးဂိုဏ်းကို ကာကွယ်နေချင်နေရတာလဲ။ ဒါမှမဟုတ် မိစ္ဆာဂိုဏ်းတွေရဲ့ရက်စက်တဲ့နည်းလမ်းတွေကို နက်နက်နဲနဲနားမလည်သေးလို့လား။
မဟုတ်ပေ။ မြို့တော်ဝင်အောင်း နှင့် မြို့တော်ဝင်ခန်း တို့နှစ်ယောက်လုံး၏ တည်နေရာထဲတွင် မိစ္ဆာဂိုဏ်းများ တည်ရှိကြသည်။ ထို့ကြောင့် မိစ္ဆာဂိုဏ်း များပြုလုပ်တတ်သောအရာများကို ကောင်းကောင်းသိနေ၏။
ဤတစ်ကြိမ် သံမဏိအရိုးဂိုဏ်းကို ကာကွယ်သည်ဆိုသည်မှာ အသေခံ၍လာရောက်ကူညီခြင်းပင်ဖြစ်သည်။
“ဟမ့်” ရှန်းတုန်သည်အသာပြောလိုက်သည်။ “ဒီကောင် လူတွေကိုဆွဲဆောင်ဖို့အတွက် ဘာဆေးတွေ ကျွေးထားလဲ မသိဘူး”
“ကျုပ်ကကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။”
သို့ပေမဲ့ ခဏလောက်ရပ်တန့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာပဲပြောလိုက်၏။ “ကျုပ် လုပ်ခဲ့တဲ့အလုပ်တွေရဲ့ ကျိုးဆက်ကို ကျုပ်ပဲဖြေရှင်းမယ်။ ပြီးတော့ သံမဏိအရိုးဂိုဏ်းရှာခဲ့တဲ့ပြဿနာကို ကျုပ်တို့ သံမဏိအရိုးဂိုဏ်းလူတွေကပဲဖြေရှင်းမယ်။”