← Chapters

ကိုးကောင်းကင်စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်

Vol. 11 Ch. 128

ကိုးကောင်းကင်စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်

Vol. 11 Ch. 128

"ပါရမီရှင်နှစ်ယောက်ရဲ့ အမည်ကို သိခွင့် ရှိမလား"

ချန်ရွှမ်သည် လက်စားချေရန် အလျင်မလိုဘဲ တစ်ဖက်လူ၏နောက်ခံကို အရင်ဆုံး စုံစမ်းနေသောကြောင့် ယွမ်ရှောင်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။ အင်မော်တယ်လောကတွင် နောက်ခံကောင်းသူကို ရန်စမိလျှင် မည်မျှအစွမ်းထက်ပါစေ၊ မလိုလားအပ်သော ပြဿနာ တက်သွားနိုင်သည်။ ၎င်းက တောဥပဒေသအတိုင်းဖြစ်ပြီး အဆင့်အတန်း မြင့်မားနေရုံသာ ဖြစ်ပေသည်။

"ချန်ရွှမ် တစ်နှစ်လောက် ကြာသွားတာနဲ့ ငါ့ကို မေ့သွားတာလား။ ငါ့အဖေက ကိုးကောင်းကင်စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်ပဲ"

ချန်ရီသည် မဟာကျောင်းတော်၏ တာအိုဆရာများကို အေးစက်စက်စိုက်ကြည့်ကာ ဖြေလိုက်သောကြောင့် မောက်မာနေသော အကြောင်းအရင်းအား ကျန်လူငယ်များ နားလည်သွားကြ၏။

"ချန်မျိုးနွယ်ရဲ့ ကဝေမ မျိုးနွယ်က မောင်းထုတ်ခံလိုက်ရပြီးတော့ အောက်ဘုံကို တစ်နှစ်ကျော်လောက် ရောက်နေတာလား။ ကောင်းကင်နယ်မြေကို ပြန်လာရဲတယ်ပေါ့"

တာအိုဆရာများက မျက်နှာထားပြောင်းလဲသွားကာ ချန်ရွှမ်၏ အချက်ပြမှုကြောင့် သူမကို စက်ဝိုင်းသဏ္ဍာန် နေရာယူလိုက်ကြသည်။

"ကောင်းကင်နယ်မြေက ငါ့အိမ်၊ ဘာကြောင့် ပြန်မလာရမှာလဲ။ ငါက အင်မော်တယ်တိုက်ပွဲကို ဝင်ရောက်ဖို့ စဥ်းစားထားတယ်"

ချန်ရီက အေးစက်စက် ရယ်မောလိုက်သော်လည်း တာအိုဆရာများက အကြည့်ချင်းဖလှယ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။ သူမကို ချန်မျိုးနွယ်မှ ထုတ်ပယ်ထားသောကြောင့် အထူးခေါင်းဆောင်၏ နောက်ခံကို အသုံးမပြုနိုင်ချေ။ ထို့အပြင် သူမက မဟာကျောင်းတော်၏တပည့်များကို သတ်ဖြတ်ခဲ့သောကြောင့် ချန်မျိုးနွယ်ကိုယ်စား အပြစ်ပေးမည်ဟု ကြေညာလိုက်ကြပြီး ခုခံလျှင် အကျိုးဆက်များ ဆိုးရွားပေလိမ့်မည်။

"သတ်မယ်ဆိုလည်း တိုက်ခိုက်၊ စကားများလွန်းတယ်"

ကျားမျက်နှာဖုံးနောက်ကွယ်မှ သူမ၏မျက်လုံးများက မီးဝင်းဝင်းတောက်လာစဥ် ချန်ရွှမ်က လက်တစ်ဖက်မြှောက်၍ အော်ဟစ်နေခဲ့သည်။

"ဆန်းကျယ်ကောင်းကင်ပန်းချီကား"

ဤစကားကို ကြားသောအခါ လှေပေါ်ရှိ လူငယ်များမှာ တုန်လှုပ်သွားကြပြီး သတိအနေအထားဖြစ်ကုန်၏။ သူတို့၏အမြင်တွင် ချန်ရီက သေလူဖြစ်ကာ ချန်ရွှမ်၏လက်ထဲမှ ရှည်လျားသော ပန်းချီကားတစ်ချပ်သည် ကောင်းကင်သို့ မြင့်တက်လာသည်။ ၎င်းအထက်တွင် လှပသော တောတောင်ရေမြေများကို ရေးဆွဲထားကာ လေမီးတောက်ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် ချီစွမ်းအင်ဖြင့် ထောက်ပံ့ပေးနေသောကြောင့် ယွမ်ရှောင်က လောကကြီးတစ်ခု ကျဆင်းလာသကဲ့သို့ ဖိအားမျိုး ခံစားလိုက်ရသည်။ သူ၏အရေပြားက တဖျစ်ဖျစ်မြည်လာပြီး ဤကိစ္စနှင့် မသက်ဆိုင်သော်လည်း စက်ကွင်းမလွတ်သဖြင့် ဒေါသထွက်နေခဲ့၏။ ထိုတာအိုဆရာများ၏ အမြင်၌ သူက အရေးမပါသောကြောင့် သေသွားလျှင်လည်း ကိစ္စမရှိချေ။

"ဆန်းကျယ်ကောင်းကင်ပန်းချီကားနဲ့ဆိုရင် နှစ်ယောက်လုံး အသတ်ခံရမှာပဲ။ အသက်ရှင်လို့ကတော့ ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်"

အင်မော်တယ်နယ်မြေတစ်ခု၏ ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က လှောင်ရယ်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ခေါင်းဖြတ်ခံရ၍ လဲပြိုကျသွားသည်။

"နောက်ဘဝရောက်မှ မျိုးရိုးနာမည် ပြောင်းလိုက်"

ချန်ရီက အေးစက်စက်ရေရွတ်ကာ ယွမ်ရှောင်ကို ကျောဘက်သို့ ဆွဲယူကာ တစ်ကိုယ်တော်ရင်ဆိုင်ခဲ့ပြီး ကိုယ်တွင်းမှ ချီစွမ်းအင်များ တောက်လောင်လာခဲ့သည်။ ယွမ်ရှောင်၏အမြင်တွင် သူမက ကြမ်းတမ်းပြီး မဟာကျောင်းတော်၏ တာအိုဆရာဆယ်ဦးကျော်ကို သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။

"ဒီတော့ ကျောင်းတော်သားတွေက အင်မော်တယ်အင်ပါယာကို သစ္စာဖောက်ချင်နေတာပေါ့။ ကောင်းကင်က အပြစ်မပေးရင်တောင် ငါကိုယ်တိုင် လုပ်မယ်"

သူမ၏မျက်ဝန်းများက တောက်ပနေပြီး မရေမတွက်နိုင်သော ခရမ်းရောင်လျှပ်စီးကြောင်းများ တစ်ကိုယ်လုံး၌ ထွက်ပေါ်လာခဲ့သည်။ အဖြူရောင်ဝတ်ရုံနှင့် နတ်မိမယ်က ကြမ်းတမ်းသော မိုးကြိုးဓာတ်များ လွှမ်းခြုံနေကာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"ကိုးကောင်းကင်အမိန့်တော်အရ ထိပ်တန်းမိုးကြိုးကို ဆင့်ခေါ်တယ်။ အကုန် သေစမ်း"

သူမ၏ အနီရောင်နှုတ်ခမ်းက ဤသို့ရေရွတ်၍ လက်ဟန်တစ်ခုပြုလုပ်လိုက်သောအခါ ထောင်သောင်းချီသော လျှပ်စီးတန်းများ ယှက်သန်းလာခဲ့၏။ ၎င်းက မဟာမိုးကြိုးဂါထာ ဖြစ်သောကြောင့် အံ့သြတကြီး အော်သံများ ထွက်ပေါ်လာကာ ထိုအချိန်၌ သူမသည် မိုးကြိုးလုံးကြီးတစ်ခုအလား ထင်မှတ်ရသည်။ ကောင်းကင်၌ တိမ်မည်းများ စုဝေးလာသဖြင့် ပတ်ဝန်းကျင်တစ်ခွင် အမှောင်ကျသွားကာ နေရောင်အစား လျှပ်စီး တဖြတ်ဖြတ်လက်နေခဲ့သည်။

"စကားနဲ့ ဖြေရှင်းရအောင်"

တာအိုဆရာများက မယုံကြည်နိုင်ဟန်ဖြင့် မျက်နှာပျက်သွားကာ အသံကုန်အော်ဟစ်လိုက်ကြသော်လည်း ကြီးမားကြမ်းတမ်းသော ခရမ်းရောင် မိုးကြိုးတစ်စင်း ဘန်းခနဲ ဆင်းသက်လာ၏။ ၎င်းက ဆန်းကျယ်ကောင်းကင်ပန်းချီကားကို ထိုးဖောက်ချေမွ၍ သူတို့၏ဦးခေါင်းများအား ပေါက်ကွဲသွားစေသည်။ ဘက်ပေါင်းစုံသို့ အလောင်းများ လွင့်ထွက်သွားကာ မျက်တောင်တစ်ခတ်အတွင်း အားလုံး သေဆုံးကုန်သည်။ တိမ်မည်းများနှင့် လျှပ်စီးများ လွင့်ပြယ်သွားသောအခါ ချန်ရီသည် လေထဲ၌ ကျက်သရေရှိစွာ လွင့်မျောနေခဲ့၏။ ကောင်းကင်လှေအထက်တွင် လူငယ်များမှာ ခေါင်းများငုံ့၍ မမြင်ကွယ်ရာထောင့်များ၌ တုန်ရီနေကာ အသံပင်မထွက်ဝံ့ကြပေ။ ဂါထာတစ်ခုတည်းဖြင့် တာအိုဆရာဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြလိုက်သော အစွမ်းက မင်သက်စရာပင်။

"ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ"

"တာအိုဂါထာလို့ ခေါ်တယ်"

"နတ်ဆိုးစွမ်းရည်နဲ့ ဆင်တူလား"

ယွမ်ရှောင်သည် သားရဲလေးနှင့် စိတ်ချင်းဆက်သွယ်ကာ ထိုတိုက်ကွက်အ​ကြောင်း စုံစမ်းလိုက်ခြင်းဖြစ်သည်။ ကျင့်ကြံခြင်း၌ လမ်းကြောင်းမျိုးစုံရှိပြီး တာအိုနှင့် ပတ်သက်နေကာ ဓားသိုင်းများသည်လည်း ဓားတာအိုမှ ဆင်းသက်လာခဲ့၏။ သူက ဓားနယ်မြေတစ်ခုတည်းသာ ရောက်ဖူးသောကြောင့် မှတ်တမ်းများ၌ ဓားတာအိုအကြောင်းသာ ပါဝင်သည်။ ဂါထာသည် နတ်ဆိုးစွမ်းရည်နှင့် ဆင်တူပြီး မည်သည့်နည်းလမ်းဖြစ်ပါစေ၊ ရန်သူကို အနိုင်ယူရန်သာ ဖြစ်၏။ ဓားသမားများအတွက် အကောင်းဆုံးက သေစေနိုင်သော ဓားချက်ဖြစ်ကာ တိုက်စစ်မြင့်မားသော်လည်း ခံစစ် နိမ့်ကျ၏။ သာမန်ကျင့်ကြံသူများသည် လေနှင့် မိုးကို ဆင့်ခေါ်နိုင်သော တာအိုဂါထာများကိုလည်း ကျင့်ကြံကြပြီး ရုန်းပညာ၊ ဆေးပညာနှင့် အစီအရင်ပညာ စသဖြင့် လေ့ကျင့်ကြရာ တိုက်စစ်၊ ခံစစ်နှင့် လျင်မြန်မှုတွင် ဟန်ချက်တစ်ခု ထိန်းသိမ်းထားနိုင်သည်။ ယွမ်ရှောင်က ဤအချက်ကို နားလည်သွားသော်လည်း အကောင်းဆုံးခံစစ်မှာ အကောင်းဆုံးတိုက်စစ်ဟု လက်ခံထား၏။ အကယ်၍ သူသာ ရန်သူကို အရင်ဆုံးသတ်နိုင်လျှင် ခံစစ်သိုင်းပညာကို မလိုအပ်တော့ပေ။

"ကျန်တဲ့ပညာရပ်တွေကို ဘယ်လိုလုပ်မှာလဲ"

"အလုပ်ရှုပ်ပါတယ်ကွာ။ အချိန်ပုပ်တယ်။ ဆေးတစ်လုံး သန့်စင်ဖို့အတွက် လပေါင်းများစွာ ရက်ပေါင်းများစွာ ကြာတယ်။ ငါ လိုအပ်တယ်ဆိုရင် တစ်ဖက်လူကို သတ်ပြီး လုယူနိုင်တာပဲ"

"အစ်ကိုကြီးက တစ်ခုခုတော့ တစ်ခုခုပဲ"

ယွမ်ရှောင်၏ခံယူချက်ကြောင့် ကြယ်ပြာက သဘောကျစွာ ရယ်မောလိုက်သည်။

"ဒါတွေ မလိုချင်ဘူးဆိုရင် ငါ့ကို ပေးလို့ရမလား"

ထို့နောက် သူက အလောင်းများထံ အာရုံရောက်သွားကာ ချန်ရီထံ ချဥ်းကပ်၍ တောင်းဆိုလိုက်၏။

"မဟာကျောင်းတော်ရဲ့ ရတနာအများစုက အမှတ်အသား ရှိတယ်။ ဒါတွေကို အသုံးပြုမယ်ဆိုရင် နင့်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်နော်"

သူမက တည်ငြိမ်စွာ သတိပေးလိုက်သော်လည်း သူသည် ထုံပေပေဖြင့် ဂရုမစိုက်ဟန်ပြုကာ တာအိုဆရာအလောင်းများထံမှ ရတနာများကို လိုက်လံသိမ်းယူနေခဲ့သည်။

"နင့်ရုပ်ရည်က တော်တော်ထူးခြားပေမယ့် ဓားပြတစ်ယောက်လို ပြုမူနေတယ်။ ရတနာကို ဒီလောက်မက်မောနေရင် ဂုဏ်သိက္ခာကို အလေးမထားတော့ဘူးလား"

"ဂုဏ်သိက္ခာကို ပိုက်ဆံလို အသုံးပြုနိုင်လား"

"မရဘူး"

"ဒါဆိုရင် ဘာအရေးကြီးလို့လဲ"

"နင်က တကယ့်လူတစ်ယောက်ပဲ။ ရုပ်ရည် ချောမောပေမယ့် အကျင့်ကတော့ ထူးဆန်းတယ်"

"နင်လည်း တော်တော်လှပေမယ့် လူသတ်ရင် ကြမ်းတမ်းတယ်"

"ငါက ကြမ်းတမ်းတယ်လား။ နည်းနည်းလောက် စိတ်လျှော့ရမယ် ထင်တယ်"

ချန်ရီက ခပ်ယဲ့ယဲ့ပြုံးကာ မှတ်ချက်ပေးလိုက်သည်။

"မလိုအပ်ဘူး။ နင် များများလူသတ်လေ ငါ ချမ်းသာလေပဲ"

ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူမသည် ကောင်းကင်လှေကို ထိန်းချုပ်ကာ ကောင်းကင်နယ်မြေထံ မောင်းနှင်ရန် ထွက်ခွာသွားခဲ့သည်။ ၎င်းက နယ်မြေအတားအဆီးကြား ဖြတ်သန်းသွားလာနိုင်သဖြင့် အင်မော်တယ်ပြည်ထောင်အတွက် အရေးပါသော သော့ချက်တစ်ခု ဖြစ်သည်။

"ညီလေး မင်းကို ကိုယ်ရေးကိုယ်တာတစ်ခုလောက် မေးချင်တယ်။ မင်းမှာ မိန်းမရှိလား။ သကြားမေမေဆိုတဲ့ စကားလုံးကို ကြားဖူးလား။ မင်းကို စော်ကားတာ မဟုတ်ဘူး။ မင်းရဲ့ရုပ်ရည်နဲ့ဆိုရင် ကောင်းကင်နယ်မြေမှာ အလုပ်လုပ်လို့ကတော့ အိပ်ရာထဲကကို ထွက်ရမှာ မဟုတ်ဘူး"

လန့်ကော်သည် ယွမ်ရှောင်အနား ရောက်ရှိလာကာ မဆီမဆိုင် ကောက်ချက်ချလိုက်သည်။

"အစ်ကိုကော် သူမအကြောင်း သိလား"

သို့သော် ယွမ်ရှောင်က ရယ်မောကာ စကားလမ်းကြောင်းပြောင်း၍ ချန်ရီအကြောင်း စုံစမ်းလိုက်သည်။

"သိတာပေါ့ကွ။ သူမက ကျော်ကြားတယ်"

"ဒါဆိုရင် ကျုပ်ကို ပြောပြပါဦး"

"ချန်မျိုးနွယ်က ကောင်းကင်နယ်မြေမှာ ရှေးကျပြီး အစွမ်းထက်သလို မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ မွေးဖွားလာတတ်တယ်။ သူတို့က အင်မော်တယ်ပြည်ထောင်ရဲ့ အရေးကြီးကိစ္စတွေမှာ သြဇာသက်ရောက်တယ်။ သူမရဲ့အဖေက ကိုးကောင်းကင်စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့အပြင် ကောင်းကင်နယ်မြေရဲ့ ထိပ်သီးတည်ရှိမှုတစ်ခုပဲ"

ယွမ်ရှောင်၏ တောင်းဆိုချက်ကို လန့်ကော်က ခေါင်းညိတ်ပြကာ တစ်လုံးချင်း ပြောလိုက်လေသည်။

All Chapters