← Chapters

အာကာနန်းဆောင်

Vol. 11 Ch. 130

အာကာနန်းဆောင်

Vol. 11 Ch. 130

ကောင်းကင်နယ်မြေ၏ အလယ်တည့်တည့်တွင် မြူခိုးများ အလွန်သိပ်သည်းနေကာ အဆောက်အအုံများ တည်ရှိ၍ ရိုးရှင်းသော်လည်း ခမ်းနားလှပနေ၏။ ခြေငါးလှမ်းတွင် အဆောက်အအုံတစ်ခုရှိပြီး ခြေဆယ်လှမ်းတိုင်း၌ အိမ်ရာတစ်ခုတည်ရှိကာ ပန်းချီကားများနှင့် စာလိပ်များ ချိတ်ဆွဲထားသည်။ အရှိန်အဝါကိုယ်စီ ထုတ်ဖော်ထားသည့် ကျောင်းတော်သားများ လှုပ်ရှားသွားလာနေကာ ခြေတစ်လှမ်းဖြင့် ပေသုံးဆယ်ကျော် ရွေ့လျားသွားသဖြင့် ဝတ်ရုံများ လွင့်ပျံနေသည်။ ဤနယ်မြေတွင် လူလုပ်တောတောင်ရေမြေများ တည်ရှိကာ ကောင်းကင်နယ်မြေ၏ အထူးနေရာတစ်ခုဖြစ်သော မဟာကျောင်းတော် ဖြစ်၏။

မျိုးနွယ်တိုင်းမှ လူငယ်များသည် ပညာသင်ကြားရန် ဤနေရာသို့ လာရောက်ကြပြီး စစ်သည်တော်များနှင့် ကျောင်းတော်သားများကို အင်မော်တယ်ပြည်ထောင်အတွက် ထုတ်လုပ်ပေးနေသည်။ ၎င်း၏ခွန်အားသည် ရိုးရာနှင့် ပညာရေးအပေါ်တွင် အခြေခံထားသောကြောင့် မဟာကျောင်းတော်သည် အမွေအနှစ်နယ်မြေတစ်ခု ဖြစ်သည့်အပြင် ကိုယ့်ကိုကိုယ် သက်သေပြနိုင်သော တိုက်ပွဲကွင်းတစ်ခုလည်း ဖြစ်၏။ ဤကျောင်းတော်၌ ကျော်ကြားလာသူများသည် အခြားအင်အားစုများတွင် အဆင့်အတန်းတစ်ခု ပိုင်ဆိုင်နိုင်ပြီး တောက်ပသော အနာဂတ် ဖန်တီးပေးထားသည်။ လက်ရှိတွင် ၎င်းသည် အင်မော်တယ်တိုက်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သောကြောင့် ဆရာများနှင့် တပည့်များသည် ပြိုင်ပွဲဝင်များကို ကြိုဆိုရန် အလုပ်များနေကြသည်။

သို့သော် တစ်ခုသော ခြံဝန်းအတွင်း အလွန်တိတ်ဆိတ်ငြိမ်သက်နေကာ ရေကန်နံဘေးရှိ လှုပ်ကုလားထိုင်ပေါ်တွင် လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။ သူက ကျူရိုးတစ်ချောင်းကို ပါးစပ်၌ကိုက်ထားပြီး ကောင်းကင်သို့ ပေါ့ပါးသော အမူအရာဖြင့် မော့ကြည့်နေ၏။ သူ၏မျက်လုံးများက ကြယ်များပမာ လင်းလက်နေပြီး ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ ကိုးထပ်စေတီသဏ္ဍာန်ရှိသော ရတနာတစ်ခု ထွက်ပေါ်လာကာ တဖိတ်ဖိတ် တောက်ပနေသဖြင့် သာမန်လူများ ပြုလုပ်ထားပုံမရချေ။

"အဘိုး ရှိလား"

ရဲရှင်းချန်က ၎င်းကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သောအခါ ထိပ်ဖျား၌ အကြီးအကဲတစ်ယောက် ပုံရိပ် ဖြစ်ပေါ်လာသည်။

"ငါ မင်းကို ဘယ်နှခါပြောရမလဲ။ ငါ အိပ်နေရင် မနှောင့်ယှက်ပါနဲ့"

"ကျုပ်မှာ သတင်းကောင်းရှိတယ်။ အာကာနန်းဆောင်အဆင့်တစ်က ကြယ်စွမ်းအင်တွေကို အပြည့်အဝ ပေါင်းစပ်နိုင်ပြီ။ ဒါကြောင့် အဆင့်နှစ် သိုင်းကြယ်ကို ဖွင့်လှစ်ဖို့ ကူညီပေးပါဦး။ ကျုပ်က ကြယ်ကောင်းကင်ကျင့်စဥ်ရဲ့ အဆင့်နှစ်အတွက် အသင့်ဖြစ်နေပြီ"

သူက ပါးစပ်တွင် ကိုက်ထားသော ကျူရိုးကို ထွေးထုတ်ကာ တောင်းဆိုလိုက်သည်။

"မြန်လှချည်လား"

အဘိုးအိုက အံ့သြသွားကာ ဤလူငယ်သည် မိဘများထက် ပို၍အစွမ်းထက်ကြောင်း စိတ်ထဲမှ မှတ်ချတ်ပြုလိုက်သည်။

"ဖွင့်ပေးပါ"

ရဲရှင်းချန်၏ မျက်လုံးများက အာကာနန်းဆောင်ကို ကြည့်ရင်း တဖိတ်ဖိတ်တောက်နေ၏။

"ချန်အာ ဒါကို သေချာစဥ်းစားဦး"

အဘိုးအိုက လေးနက်စွာ သတိပေးလိုက်ပြီး အဆင့်နှစ်ကို ဖွင့်လှစ်လိုက်လျှင် ၎င်းသည် ရဲရှင်းချန်၏ချီကို ကုန်စင်အောင် စုပ်ယူသွားပေလိမ့်မည်။ အင်မော်တယ်တိုက်ပွဲက အရေးကြီးသည်ဖြစ်ရာ ဤအချိန်၌ မသန်မစွမ်းဖြစ်သွားလျှင် ပြဿနာတက်နိုင်၏။

"စိတ်ချပါ။ ကျုပ်အတွက် အချိန်အလုံအလောက် ရှိတယ်။ အင်မော်တယ်တိုက်ပွဲကတော့ နောက်ဆုံးအချီကို မလွတ်ရင် ပြဿနာမရှိဘူး။ ကျုပ် လိုအပ်တာက အချိန်ကောင်းတစ်ခုပါပဲ"

သူက စိတ်အေးလက်အေးဖြင့် တစ်ချက်ပြုံးကာ တောင်းဆိုလိုက်ပြန်သည်။ ပထမဆုံးအကြိမ်တွင် ဤရတနာကြောင့် သူက ဒုက္ခရောက်ခဲ့ရပြီး လက်ထပ်ပွဲ ပျက်သွားခဲ့ရသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ရန်သူများ ထပ်မံလှုပ်ရှားလာလျှင် အခက်ကြုံမည်ကို အဘိုးအိုက စိုးရိမ်နေခြင်းဖြစ်၏။ သို့သော် ဤလူများက သူ့ကို နောက်တစ်ကြိမ် လှောင်ပြောင်လျှင် ပါးရိုက်မည်ဟု တွေးထားခဲ့သည်။

"မင်းရဲ့မိဘတွေသာ သိရင် ဂုဏ်ယူနေကြလိမ့်မယ်။ မင်းသာ အဆင့်နှစ်ကို အောင်မြင်သွားရင် ကြယ်ကောင်းကင်ကျင့်စဥ်က အများကြီးတိုးတက်လာမှာ သေချာတယ်။ ဒါဆိုရင် မင်းက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်တဲ့ အရုဏ်တက်နတ်ဧကရီနဲ့တောင် ယှဥ်နိုင်လာလိမ့်မယ်"

အဘိုးအိုက ကြင်နာစွာ ချီးကျူးလိုက်ခြင်း ဖြစ်သည်။

"သူမက တော်တော်ထူးချွန်တယ်။ အမြင်ကျဥ်းတဲ့ ချန်မျိုးနွယ် မိန်းမထက်တော့ သာလိမ့်မယ်"

ရဲရှင်းချန်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာကာ ရယ်မောနေခဲ့သည်။ ချန်မျိုးနွယ်က ပညာရှိစွာဖြင့် ချန်ရီကို အပြစ်သားတံဆိပ်ကပ်ပြီး မောင်းမထုတ်လိုက်လျှင် လူပေါင်းများစွာ အသတ်ခံရပေလိမ့်မည်။ သူ၏ ရက်စက်ပြတ်သားသော အခြမ်းတစ်ဘက်ကို မဟာကျောင်းတော်ပြိုင်ပွဲ၌ ပြသထားသည် မဟုတ်ပါလော။ သို့ရာတွင် ချန်ရီ၏ဖခင်က ခေါင်းမာနေဆဲဖြစ်သောကြောင့် အာကာနန်းဆောင်၏ အဆင့်နှစ်ကို အောင်မြင်လျှင် ပထမဆုံး လုပ်မည့်အရာမှာ ထိုအဘိုးကြီး၏ ဦးခေါင်းကို ဖြုတ်ပစ်ရန်ပင်။ သူ၏စိတ်ထဲတွင် လက်ထပ်ပွဲ ဖျက်သိမ်းခံခဲ့ရသော နေ့ကို မှတ်မိနေဆဲဖြစ်ကာ ချန်ရီကို အောက်ဘုံအထိ နင်းချေပစ်လိုက်နိုင်သော်လည်း မကျေနပ်နိုင်သေးချေ။

"အဘိုး ကျုပ်က ကြယ်ကောင်းကင်ကျင့်စဥ်ရဲ့ အဆင့်နှစ်ကို အောင်မြင်ရင် မိဘတွေအကြောင်း ပြောမယ်ဆို"

ရဲရှင်းချန်က အဘိုးအိုဘက်လှည့်ကာ တောင်းဆိုလိုက်ပြန်သည်။

"သူတို့က သာမန်လူသားတွေပါ"

"သာမန်လူတွေက သီးသန့်စကြဝဠာကို လက်တစ်ချောင်းနဲ့ ထိုးဖောက်နိုင်တယ်ပေါ့။ စိတ်ချပါ၊ ကျုပ်က အဖြစ်မှန်ကို သိပြီးရင်လည်း သွေးရူးသွေးတန်း လျှောက်မလုပ်ပါဘူး"

"လျှောက်လုပ်ရင်လည်း မင်းကို စောင့်နေမှာက သေခြင်းတရားပဲ"

"ဘာကြောင့်လဲ"

အဘိုးအို၏ မှတ်ချက်ကြောင့် သူ၏မျက်ဝန်းများ ကျဥ်း​မြောင်းသွားခဲ့သည်။

"မင်းကို ပြောနိုင်တာ တစ်ခုကတော့ သူတို့တွေ ထွက်ပြေးနေရတယ်။ ရန်သူတွေက အမဲလိုက်နေတဲ့အတွက် မင်းကို အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ လာမတွေ့နိုင်ဘူး။ မင်းက နောက်ဆုံးမျှော်လင့်ချက် ဖြစ်တယ်။ ဒီနေရာမှာ ကောင်းကောင်းကျင့်ကြံပြီး ကြယ်ကောင်းကင်ကျင့်စဥ်ကို အောင်မြင်ဖို့ ငါက ကူညီပေးမယ်"

အဘိုးအိုက သက်ပြင်းချ၍ အသိပေးလိုက်သောအခါ သူ၏မျက်နှာ၌ အေးစက်မှုများ ဖြစ်တည်လာ၏။

"ဒီလိုလား။ ကျုပ်က မိဘတွေကို ကူညီနိုင်ဖို့ ဘယ်လောက်အထိ အစွမ်းထက်ရမလဲ"

"အာကာနန်းဆောင်ရဲ့ အဆင့်ခြောက်ကို အောင်မြင်ဖို့ လိုအပ်တယ်"

"အစ်ကိုရဲ"

ထိုအချိန်တွင် ခြံဝန်းအပြင်ဘက်မှ မိန်းကလေးတစ်ယောက်၏ အော်သံ ထွက်ပေါ်လာသောကြောင့် သူက အာကာနန်းဆောင်ကို ချက်ချင်း သိမ်းဆည်းလိုက်၏။

"ဘာကိစ္စလဲ"

"ချန်ရီ ပြန်ရောက်လာတယ်လို့ ကြားတယ်"

ထိုမိန်းကလေးက စိတ်ပျက်လက်ပျက် အမူအရာဖြင့် သတင်းပို့ခဲ့သည်။

ချန်မျိုးနွယ်၏ ဝိညာဥ်ခန်းမအတွင်း ကြမ်းပြင်ကို ကျောက်စိမ်းဖြူနှင့် ခင်းထားပြီး နေရာထိုင်ခင်းများစွာ စီစဥ်ထားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်က ထူးထူးခြားခြား လေးနက်ကာ တိတ်ဆိတ်နေပြီး ဝင်ပေါက်၌ ယွမ်ရှောင် မတ်တပ်ရပ်နေခဲ့သည်။ ခန်းမအလယ်တွင် ချန်ရီရှိနေပြီး မရေမတွက်နိုင်သော မျက်လုံးများ၏ အာရုံစိုက်ရာ ဖြစ်နေခဲ့၏။ ရှေ့ဆုံးတွင် ကြီးမားသော ထိုင်ခုံ၁၅လုံးရှိကာ ဘယ်ညာ၌ အဖြူရောင်ထိုင်ခုံရာချီက အတန်းလိုက် နေရာယူထားပြီး အများစုတွင် လူများ ထိုင်နေကြသည်။ အားလုံးက ချန်မျိုးနွယ်ဝင်များဖြစ်ကာ လူငယ်များနှင့် အကြီးအကဲများအားလုံးက သာမန်ဆန်ပုံမရချေ။ မည်သူ့ကိုမဆို ဓားနယ်မြေသို့ ခေါ်ဆောင်သွားလျှင် ထိပ်တန်းပါရမီရှင်များနှင့် ထိပ်သီးကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထိုကျင့်ကြံသူအားလုံး၏ အရှိန်အဝါက ချန်ရီတစ်ယောက်တည်းတွင် ကျရောက်နေသော​ကြောင့် ဖိအားပမာဏမှာ စဥ်းစားမရနိုင်လောက်အောင် ကြီးမားသော်လည်း တည်ငြိမ်စွာပင်။

အလယ်တန်းရှိ ခုံပေါ်မှ သက်လတ်ပိုင်းလူတစ်ယောက်က စကားပြောရန် ပြင်လိုက်ရုံဖြင့် လေထုသည် တုန်ခါသွားကာ ယွမ်ရှောင်ထံ စွမ်းအင်များ အဖျားခတ်လာ၏။ ထိုလူက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ခေါင်းဆောင်လည်း ပါဝင်ပြီး သားရဲကဲ့သို့ စူးရှသော မျက်လုံးများ ပိုင်ဆိုင်ထားသည်။ ချပ်ဝတ်၏ ရင်ဘတ်တွင် ကြမ်းကြုတ်ရက်စက်သော ကျားတစ်ကောင်၏ ဦးခေါင်းသဏ္ဍာန် ထွင်းထုထား၏။ ချန်မျိုးနွယ်သည် စစ်သည်တော်များ၏ မျိုးနွယ်ဖြစ်သောကြောင့် တစ်ယောက်ချင်းစီမှာ ကျားများပမာ ရက်စက်ကြမ်းတမ်း၍ ကောင်းကင်နယ်မြေ၌ ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်လာခြင်းက မဆန်းချေ။

"ချန်ရီ"

ရွှေရောင်ချပ်ဝတ်လူက သူမကို ငုံ့ကြည့်ကာ စကားစပြောလိုက်သည်။

"ဦးလေး အဖေက ဘယ်မှာလဲ"

ချန်ရီက စကားဖြတ်ပြောလိုက်ပြီး နေရာလွတ်တစ်ခုထံ လှမ်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"နတ်ဆိုးကုန်းမြေက နတ်ဆိုးတွေ ကျူးကျော်လာနေတယ်။ မင်းအဖေက လက်ရှိမှာ ကိုးကောင်းကင်စစ်တပ်ကို ဦးစီးပြီး ကာကွယ်စစ် ပြင်ဆင်နေရတယ်"

"ဒါဆိုရင် တစ်ယောက်ယောက်လွှတ်ပြီး သတင်းပို့ပေးပါဦး"

"တော်လောက်ပြီ။ မင်းကို မျိုးနွယ်က မောင်းထုတ်လိုက်တာ အသက်ရှင်စေချင်လို့ပဲ။ ဒါတောင် အင်မော်တယ်တိုက်ပွဲအချိန်မှာ ပြန်ရောက်လာရဲသေးတယ်။ မင်းအဖေက ဒီအချိန်မှာ ပြန်လာရအောင် နတ်ဆိုးကျူးကျော်စစ်ကို ကလေးကစားသလို မှတ်နေလား"

သူမ၏စကားကြောင့် မုတ်ဆိတ်ရှည်ရှည်နှင့် အကြီးအကဲတစ်ယောက်က ဒေါသထွက်သွားကာ ထိုင်ခုံလက်ရန်းကို ဘန်းခနဲ ရိုက်ချပစ်လိုက်သည်။ သူ၏စကားကြောင့် တိတ်ဆိတ်နေသော ခန်းမအတွင်း ချန်မျိုးနွယ်ဝင်များထံမှ တီးတိုးစကားများ ပျံ့လွင့်လာခဲ့လေသည်။

"မျိုးနွယ်ခေါင်းဆောင်ဟောင်းနဲ့ အဘိုးရဲက မိတ်ဆွေတွေဖြစ်လို့ လက်ထပ်ပွဲတစ်ခု စီစဥ်ထားခဲ့ပေမယ့် ချန်ရီကြောင့် ကပ်ဘေးတစ်ခု ဖြစ်လာတယ်"

"သူမကြောင့် ချန်မျိုးနွယ် အခက်ကြုံခဲ့ရတာကို သင်ခန်းစာမရသေးဘူး။ အရင်လို မောက်မာရိုင်းစိုင်းနေတုန်းပဲ။ မဟာကျောင်းတော်က တပည့်တွေရော ဆရာတွေကို သတ်ပစ်လိုက်တယ်။ ငါတို့က ဘယ်လို ဖြေရှင်းပေးရမှာလဲ"

"အောက်ဘုံက အခုမှပြန်ရောက်လာတာဆိုတော့ ရဲရှင်းချန် ဘယ်လောက်အစွမ်းထက်လာတယ်ဆိုတာကို သိမှာ မဟုတ်ဘူး။ ကောင်းကင်နယ်မြေရဲ့ အကြီးအကဲတချို့တောင် သူ့ကို ယှဥ်နိုင်မယ် မထင်ဘူး။ ကောလဟာလတွေအရ သူက အရုဏ်တက်နတ်ဧကရီကို ပါရမီချင်း ယှဥ်နိုင်လောက်တယ်"

"ဧကရီက တစ်ကိုယ်တော်ဆိုပေမယ့် ရဲရှင်းချန်နောက်မှာ ရဲမျိုးနွယ်တစ်ခုလုံး ရှိနေတယ်။ သူတို့က ကောင်းကင်နယ်မြေကို အချိန်အကြာကြီး အုပ်စိုးလာတာပဲ။ ချန်ရီက အမြင်ကျဥ်းလွန်းတယ်”

All Chapters