လက်ထပ်ပွဲစီစဥ်ခြင်း
Vol. 11 Ch. 131
"တိတ်စမ်း"
ဝိညာဥ်ခန်းမအတွင်း တီးတိုးစကားသံများ ဆူညံလာသောအခါ ရွှေရောင်ချပ်ဝတ်နှင့်လူက အော်ငေါက်လိုက်သဖြင့် တိခနဲ တိတ်ဆိတ်သွားကာ စိတ်ထဲမှသာ မကျေမနပ် ကဲ့ရဲ့နေကြတော့သည်။
"ချန်ရီ မင်းပြန်ရောက်လာတာ အချိန်ကောင်း မဟုတ်ဘူး။ အင်မော်တယ်တိုက်ပွဲပြီးရင် ပြန်လာခဲ့။ မင်းအတွက် ညီနှစ်နဲ့ တိုင်ပင်ပြီး နေရာတစ်ခု စီစဥ်ပေးမယ်"
"မဟုတ်ဘူး ဦးလေး။ ငါက အချိန်ကိုက် ရောက်လာတာပဲ။ အင်မော်တယ်တိုက်ပွဲကို ပါဝင်မယ်"
သူက လက်တစ်ဖက်ယမ်း၍ အမိန့်ပေးလိုက်သော်လည်း ချန်ရီက တည်ငြိမ်စွာ တုံ့ပြန်လာသောအခါ ရယ်သံများ ထွက်ပေါ်လာပြန်သည်။
"အိပ်မက်မက်နေလိုက်စမ်း။ မင်းကို ချန်မျိုးနွယ်က ထုတ်ပယ်လိုက်ပြီ။ ငါတို့ကို ကိုယ်စားပြုဖို့ မစဥ်းစားနဲ့"
အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဦးလေးငါးဖြစ်သူက လှောင်ပြောင်လိုက်သကဲ့သို့ ထောက်ခံသံများ ဖြစ်တည်လာသည်။
"ငါက ဓားနယ်မြေ၊ ရှေးဟောင်းမျှော်စင်ကို ကိုယ်စားပြုပြီး ဝင်ရောက်မယ်။ နင်တို့စောက်လုပ် မဟုတ်ဘူး"
သူမက အဖြူရောင်ကျောက်စိမ်းပြားကို မြှောက်ပြ၍ ကြေညာလိုက်သော်လည်း ထိုလူသည် ကန့်လန့်တိုက်နေဆဲပင်။
"လက်မခံနိုင်ဘူး။ မင်းရဲ့ကိုယ်ထဲမှာ ချန်မျိုးနွယ်သွေးတွေ ရှိနေတယ်။ အင်မော်တယ်တိုက်ပွဲမှာ မင်းရှုံးနိမ့်ရင် ငါတို့ အရှက်ရလိမ့်မယ်။ ထွက်သွားစမ်း။ ရဲရှင်းချန်ရှိနေသရွေ့ မင်းက အောက်ဘုံမှာ ရှင်သန်ရမယ်"
ထိုစကားအဆုံးတွင် သူမ၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများက ဦးလေးငါးထံ ကျရောက်လာကာ ခြေတစ်လှမ်းတက်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင်တစ်ရပ် ပေါက်ကွဲထွက်ပေါ်လာကာ မိုးကြိုးနှင့် မီး ရောယှက်နေသည့် ကျားတစ်ကောင်အဖြစ် ခုန်ထွက်လာခဲ့သည်။ သတိလက်လွတ်ဖြစ်နေသည့်အတွက် ဦးလေးငါးမှာ ခုခံချင်သော်လည်း နောက်ကျသွားပြီး နံရံတစ်ခုထံ လွင့်စင်သွားကာ တန်ပြန်ဒဏ်ကြောင့် သွေးမည်းများ အန်ထွက်နေခဲ့သည်။
"အသုံးမကျဘူး။ ငါ့တိုက်ကွက်တစ်ခုကိုတောင် မခုခံနိုင်ဘဲနဲ့ ဒီနေရာမှာ စကားပြောခွင့်ရှိတယ် ထင်နေတာလား"
ချန်ရီက အေးစက်စက်ပြောလိုက်ပြီး လေမီးတောက်ကပ်ဘေးအဆင့်သို့ ရောက်နေသောကြောင့် ဦးလေးငါးကို မျက်လုံးပြူးသွားစေသည်။ သူက သွေးများ အဆက်မပြတ် အန်ထွက်နေကာ လှောင်ပြောင်နေသူအားလုံး ပါးစပ်ပိတ်ကုန်၏။
"တော်လောက်ပြီ။ မင်းရဲ့အဖေကို ဆက်သွယ်ပြီး အင်မော်တယ်တိုက်ပွဲအတွက် စီစဥ်ပေးမယ်။ ဒါပေမယ့် ချန်မျိုးနွယ်ကို ကိုယ်စားပြုလို့ မသင့်တော်ဘူး။ မင်းရဲ့အိမ်တော်က အရင်အတိုင်း ရှိနေတုန်းပဲ။ ပြန်ရောက်လာပြီဆိုမှတော့ အနားယူလိုက်ပါဦး"
ရွှေရောင်ချပ်ဝတ်လူက အကင်းပါးစွာ ဆုံးဖြတ်ပေးလိုက်သောကြောင့် သူမက ခေါင်းညိတ်ပြလိုက်သည်။ ငယ်ရွယ်သော လေမီးတောက်ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ယောက်က ရဲရှင်းချန်နှင့် ပြဿနာရှိနေလျှင်ပင် မျိုးနွယ်တစ်ခုလုံး ထောက်ခံပေးရန် ထိုက်တန်နေသည်။
"ပြောစရာတစ်ခု ရှိတယ်"
"ဘာများလဲ"
"ဒီနေ့ညမှာ ငါ လက်ထပ်မယ်လို့ အဖေ့ကို ပြောပေးပါ။ အချိန်သုံးနာရီလောက် ကျန်သေးတယ်ဆိုတော့ ကောင်းကင်နယ်မြေတစ်ခုလုံးကို ဖိတ်စာတွေပို့ဖို့ အချိန်လုံလောက်တယ်။ အဖေက ကိုးကောင်းကင်စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့အတွက် ဂုဏ်သိက္ခာရှိရှိ ပြင်ဆင်ရမယ်"
ချန်ရီက ရုတ်တရက် ပြောလိုက်သောအခါ ချန်မျိုးနွယ်ဝင်များ အံ့သြမင်သက်သွားပြန်ကာ ပဟေဠိဖြစ်နေသော အကြည့်များဖြင့် တုံ့ပြန်လာကြသည်။
"အဓိပ္ပါယ်မရှိဘူး"
"ငါ နောက်နေတာ မဟုတ်ဘူး။ ဒီအိမ်တော်မှာ အဖေ့စကားက ဥပဒေဖြစ်တယ်။ သူ မကန့်ကွက်ဘူးဆိုရင် မင်းတို့အားလုံး လိုက်နာတာ ကောင်းလိမ့်မယ်"
"ဒါဆိုရင် သတို့သားက ဘယ်မှာလဲ"
ရွှေရောင်ချပ်ဝတ်လူက လေးနက်စွာမေးလိုက်သောအခါ သူမသည် ဝင်ပေါက်၌ ရပ်နေသည့် ယွမ်ရှောင်ထံ ညွှန်ပြခဲ့သည်။ ယွမ်ရှောင်အနေဖြင့် ရှောင်ပြေးရန် မဖြစ်နိုင်သောကြောင့် စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး ဤလက်ထပ်ပွဲတွင် နက်ရှိုင်းသော အကြံတစ်ခု ရှိနိုင်သည်ဟု ခံစားနေရ၏။
"ကျုပ် ကန့်ကွက်တယ်"
သူက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။
"အရေးမကြီးဘူး။ ချန်အိမ်တော်ထဲကနေ နင် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
သို့သော် ချန်ရီက အရေးမစိုက်ဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ချဥ်းကပ်လာကာ သူ၏လက်ကို ကိုင်ဆွဲ၍ မိတ်ဆက်ပေးလိုက်သည်။
"ချန်မျိုးနွယ်ဝင်တွေ ဒါက ငါ့သတို့သားလောင်း ယွမ်ရှောင်ပဲ။ ဓားနယ်မြေရဲ့ ဓားသမားတစ်ယောက် ဖြစ်တယ်"
ရွှေရောင်ချပ်ဝတ်လူသည် ချန်ရီထံ စုံစမ်းလိုက်ပြီး အောက်နယ်မြေမှ နဂါးဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ တီးတိုးစကားသံများ ထွက်ပေါ်လာပြန်သည်။
"ဒီလောက်အဆင်အခြင်မဲ့နေတာကြောင့် အရင်နှစ်က အရှက်ကွဲခဲ့တာကို မမှတ်သေးဘူး"
"လေမီးတောက်ကပ်ဘေးအဆင့် ရောက်နေပြီကို ဘာကြောင့် စဥ်းစားဉာဏ် မရှိရတာလဲ။ ကိုယ့်ကိုကိုယ် အရှက်ခွဲချင်နေတာလား"
"သူမက ရုပ်ရည်နဲ့ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ကို စွန့်ပစ်ခဲ့ပြီး စော်ကားခဲ့တယ်။ အခု အောက်နယ်မြေက ဘာမှမဟုတ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို လက်ထပ်ချင်နေပြန်ပြီ"
"ရဲရှင်းချန်နဲ့ မဟာကျောင်းတော်က ဘယ်လိုထင်ကြမလဲ။ သူတို့က လှောင်ပြောင်နေကြမှာ သေချာတယ်"
"မျိုးနွယ်ခေါင်းဆောင်ကတော့ ဒီလိုသမီးတစ်ယောက်ကြောင့် အရှက်ရတော့မယ်"
ချန်မျိုးနွယ်ဝင်များက စိတ်ပျက်နေကြပြီး အချိန်တစ်နှစ်ကြာသွားသော်လည်း ပိုမိုရဲတင်းလာသော ချန်ရီ၏ လုပ်ရပ်များကို လက်မခံလိုကြပေ။
"မှတ်ထားကြစမ်း။ နေဝင်ရင် လက်ထပ်ပွဲ ကျင်းပမယ်။ ဒီကိစ္စအတွက် စီစဥ်မပေးရင် ချန်အိမ်တော်အပြင်ကို ထွက်သွားဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး"
ထို့နောက် ချန်ရီသည် ပြတ်သားစွာ ဆုံးဖြတ်ကာ ယွမ်ရှောင်၏လက်ကိုဆွဲလျက် ထွက်ခွာသွားပြီး ခန်းမတစ်ခုလုံးအား ကဲ့ရဲ့သံများနှင့်အတူ ထားရစ်ခဲ့သည်။ ချန်အိမ်တော်အတွင်းရှိ အရုဏ်တက်ခြံဝန်းသည် တိမ်တိုင်းပြည်ရှိ ယွမ်ရှောင်၏ နန်းတော်တစ်ခုလုံးထက် ပို၍မြင့်မြတ်သာလွန်နေ၏။
"ငါ့ကို မရှင်းပြတော့ဘူးလား"
"မလိုအပ်ဘူး။ နင့်ကို ကိစ္စနှစ်ခု ကတိပေးနိုင်တယ်။ ငါ့အနားမှာ ရှိနေသရွေ့ မသေစေရဘူး။ နင်လိုချင်တဲ့ အရင်းအမြစ်တိုင်းလည်း ရစေရမယ်"
ယွမ်ရှောင်၏ မေးခွန်းကို ချန်ရီက ခေါင်းတစ်ချက်ယမ်းကာ ကမ်းလှမ်းခဲ့သည်။
"ငါက ဘာကြောင့် ယုံကြည်ရမှာလဲ"
"နင်ယုံယုံ မယုံယုံ ဂရုမစိုက်ဘူး"
ချန်ရီ၏ သဘောထားကြောင့် ယွမ်ရှောင်ရော သားရဲလေးပါ ဆွံ့အနေခဲ့ပြီးနောက် သူက ချောင်းတစ်ချက်ဟန့်ကာ သတိပေးလိုက်သည်။
"ငါက ပါရမီကို ရောင်းစားတာနော်၊ ခန္ဓာကိုယ်ကို မဟုတ်ဘူး။ ဒီကိစ္စပြီးသွားရင် ကွာရှင်းကြမယ်"
"ငါ မလုပ်ချင်ဘူးဆိုရင်ရော"
ချန်ရီက ခဏတာတုံ့ဆိုင်း၍ ခေါင်းယမ်းပြလိုက်သောအခါ သူ့ကို နောက်တစ်ကြိမ် ဆွံ့သွားစေပြန်သည်။ ထိုအချိန်၌ ကျောဘက်မှ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသောကြောင့် ယွမ်ရှောင်က ရင်ထိတ်သွားကာ လှည့်ကြည့်လိုက်သောအခါ ကျားကြီးတစ်ကောင်အလား ကြမ်းတမ်းပုံရသည့် လူတစ်ယောက် ရပ်နေခဲ့သည်။ ထိုလူ မည်ကဲ့သို့ရောက်လာကြောင်းကို သူက လုံးဝ အာရုံမခံနိုင်ခဲ့ပေ။
"အဖေ"
"ချစ်သမီးလေး ဒီလိုတကယ်လုပ်ချင်တာ သေချာရဲ့လား"
အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ခေါင်းဆောင်ချန်က တစ်လုံးချင်း မေးလိုက်ခြင်း ဖြစ်သည်။
"မင်းရဲ့ ဓားဝိညာဥ်ကို ပြ"
ချန်ရီက ခေါင်းညိတ်လိုက်သောအခါ သူသည် ယွမ်ရှောင်ဘက်လှည့်ကာ စူးရှတောက်ပသော အကြည့်တစ်ချက်ဖြင့် အမိန့်ပေးလိုက်သည်။ ယွမ်ရှောင်က ဓားဝိညာဥ်ကို ချက်ချင်းဆွဲထုတ်ကာ ပစ်ပေးလိုက်သော်လည်း သူက အသာအယာဖမ်းယူ၍ လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်နေခဲ့သည်။ တရွှီးရွှီးအသံများ ထွက်ပေါ်လာကာ လက်ချောင်းများထံမှ မီးခိုးများထွက်ပေါ်လာသောအခါ ခေါင်းဆောင်ချန်က ချန်ရီဘက်လှည့်ကာ တစ်လုံးချင်း ပြောလိုက်လေသည်။
"လက်ခံတယ်။ အဝတ်အစားလဲထားလိုက်။ ငါက သမီးလေးအတွက် အကြီးကျယ်ဆုံး လက်ထပ်ပွဲကို စီစဥ်ပေးမယ်”