နောက်တစ်ကြိမ် အမှိုက်ဖြစ်သွားခြင်း
Vol. 11 Ch. 132
ကောင်းကင်နယ်မြေတစ်ခွင် ပြန့်ကြဲနေသော ချန်မျိုးနွယ်ဝင်များက အလျင်အမြန် ပြန်လည်ရောက်ရှိလာကာ လေးနက်သော မျက်နှာထားများနှင့် ခန်းမအတွင်း စုဝေးခဲ့ကြသည်။ ကျင့်ကြံသူပေါင်း နှစ်ထောင်ကျော်ထံမှ အရှိန်အဝါများ ထွက်ပေါ်လျက် အချင်းချင်း ဆွေးနွေးငြင်းခုံနေကြစဥ် ကျားဖြူချပ်ဝတ်ကို ဝတ်ဆင်ထားသော ခေါင်းဆောင်ချန် ရောက်ရှိလာသည်။ ထိုအချိန်၌ အသံအားလုံး တိတ်ဆိတ်သွားပြီး အကြည့်တိုင်းက သူ့ထံ ကျရောက်လာကာ သိချင်စိတ်များ ဖြစ်ပေါ်နေကြသည်။ သူက တည်ငြိမ်စွာ နေရာယူလိုက်ပြီး ထိုင်ခုံပေါ်၌ ပေါ့ပါးသော ဟန်ပန်ဖြင့် ထိုင်ချခဲ့သည်။
"အစ်ကိုနှစ်"
ချန်ရီ၏ ဖိနှိပ်ခြင်းကို ခံစားလိုက်ရသော ချန်မိုက စကားစလိုက်ခြင်း ဖြစ်၏။
"ပြော"
"ချန်ရီက အောက်နယ်မြေကို တစ်နှစ်လောက် ရောက်သွားပေမယ့် လေမီးတောက်ကပ်ဘေးအဆင့်ကို ရောက်တာ ဂုဏ်ယူစရာပါပဲ။ မင်းက သူမကို နှင်ထုတ်လိုက်တာ ကာကွယ်ဖို့အတွက်မလား။ မင်းရဲ့လုပ်ရပ်က အကျိုးမရှိတာ မဟုတ်ဘူး"
"လိုရင်းကို ပြော"
ခေါင်းဆောင်ချန်က အေးစက်စက် စိုက်ကြည့်လိုက်၏။
"ဟုတ်..ဟုတ်ကဲ့။ ချန်မျိုးနွယ်က ဘယ်သူ့ကိုမှ မကြောက်တတ်ဘူးဆိုတော့ တူမလေးကို ကျောထောက်နောက်ခံပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ သူမက ချန်မျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ ရဲရှင်းချန်ကို စော်ကားမိရင်တောင် ဘာဖြစ်သေးလဲ"
"ညီလေး ချန်မိုက ငါတို့အားလုံးပြောချင်တာကို ပြောဖို့ ကြိုးစားနေတာပါ။ ငါတို့က မိသားစုတွေဆိုတော့ ရန်သူတွေကြောင့် မျိုးနွယ်ဝင်တစ်ယောက်ကို ပစ်ပယ်ထားလို့ မရဘူး"
ချန်ညီအစ်ကိုများတွင် အကြီးဆုံးဖြစ်သော ချန်ကျောက်က ဝင်ပြောလိုက်သည်။
"သူတို့က ရန်သူတွေလား။ ကောင်းကင်နယ်မြေတစ်ဝက်လောက်က ဒီကောင့်နောက်မှာ ရှိနေတယ်ဆိုတော့ အရုဏ်တက်နတ်ဧကရီကိုတောင် စိန်ခေါ်ချင်နေမယ် ထင်တယ်"
"နံရံတွေမှာ နားရှိတယ်။ မဟာကျောင်းတော်ကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက် ပေးလိုက်လို့ မဖြစ်ဘူး"
ခေါင်းဆောင်ချန်သည် တစ်ချက်ရယ်မောလိုက်သောအခါ ချန်ကျောက်က သတိပေးလိုက်၏။
"ယောကျ်ားတစ်ယောက်က ဘာမှမကြောက်ရဘူး"
ခေါင်းဆောင်ချန်၏ အေးစက်စက်စကားကို မည်သူမှ မတုံ့ပြန်ရဲသော အကြောင်းအရင်းမှာ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ဂုဏ်သတင်း ဖြစ်သည်။
"မင်းတို့အားလုံးရဲ့ စိတ်ထဲမှာ ရဲရှင်းချန်က အစွမ်းထက်လာပြီး ငါ့သမီးက အောက်နယ်မြေရဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတော့ အရှက်ကွဲစရာလို့ ထင်နေကြတာလား။ ဒီကိစ္စက ရဲမျိုးနွယ်၊ ဘိုးဘေးကျောင်းဆောင်နဲ့ မဟာကျောင်းတော်ကို ရန်စမိမှာ ကြောက်နေတယ်မလား"
ခေါင်းဆောင်ချန်က ချန်မျိုးနွယ်ဝင်အားလုံးကို မေးခွန်းထုတ်လိုက်သောအခါ ခေါင်းငုံ့၍ တိတ်ဆိတ်ကုန်သည်။
"အခု တူမလေးက အိမ်ပြန်လာပြီဆိုတော့ နှိမ့်နှိမ့်ချချ နေသင့်တယ်။ တစ်နေ့ကျရင် သူမက မင်းကို မီမှာပါ"
"ဟုတ်ပါတယ်"
"ဒီလိုအချိန်မှာ လက်ထပ်ပွဲကျင်းပဖို့ မသင့်တော်ပါဘူး"
ချန်ကျောက်၏စကားသံ ထွက်ပေါ်လာသောအခါ အားလုံးက ထောက်ခံနေကြပြီး ခေါင်းဆောင်ချန် ထရပ်လိုက်သောကြောင့် လူတိုင်းအပေါ် ဖိအားတစ်ခု ကျဆင်းလာကာ ကျားရဲတစ်ကောင်ပမာ ထင်မှတ်ရသည်။
"ဘာမှရှည်ရှည်ဝေးဝေး ပြောစရာ မလိုဘူး။ ငါက ဖိတ်စာတွေ ပို့ထားတယ်။ အချိန်ကျလာရင် လက်ထပ်ပွဲကို ကျင်းပမယ်။ လူတိုင်း ပြင်ဆင်ထားကြ"
ထို့နောက် သူက ထွက်ပေါက်ထံ ဦးတည်သွားခဲ့ပြီး ချန်ကျောက်သည် စောဒကတက်လိုသော်လည်း တစ်ဖက်လူမှာ မျိုးနွယ်ခေါင်းဆောင် ဖြစ်နေသောကြောင့် တိတ်ဆိတ်နေခဲ့ရ၏။ ခန်းမအတွင်း သက်ပြင်းချသံများ ထွက်ပေါ်လာကာ ခေါင်းဆောင်သည် ပြစ်ချက်ကင်းသော်လည်း သမီးဖြစ်သူအပေါ် အချစ်လွန်နေသောကြောင့် ဖိတ်စာများ ပို့လိုက်ပြီဖြစ်ရာ နောက်လှည့်မရနိုင်တော့ချေ။ ချန်မို၏စိတ်ထဲတွင် လွန်ခဲ့သောနှစ်ကအတိုင်း ချန်မျိုးနွယ်သည် လှောင်ပြောင်စရာ ဖြစ်လာလိမ့်မည်ဟု ခံစားနေခဲ့သည်။ ချန်မျိုးနွယ်ဝင်များသည် ချန်ရီမှာ အောက်နယ်မြေမှ မြက်ပင်တစ်ခုကို ဖက်တွယ်နေသောကြောင့် အမြင်ကျဥ်းမြောင်းသည်ဟု ထင်မှတ်နေခဲ့သည်။ အတိတ်တွင် ချန်မျိုးနွယ်နှင့် ရဲမျိုးနွယ်သည် ရင်းနှီးခဲ့သော်လည်း လက်ထပ်ပွဲတစ်ခုကြောင့် ပျက်စီးခဲ့သဖြင့် လက်ရှိတွင် စိတ်ပျက်လက်ပျက် ဖြစ်နေကြ၏။
"အစ်ကိုတို့ သတင်းထူး ရှိတယ်"
ထိုအချိန်တွင် လိမ္မော်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ရောက်ရှိလာကာ ချန်ရီ၏ တတိယမြောက်အဒေါ် ချန်လင်း ဖြစ်သည်။
"ဘာများလဲ"
ထွက်ပေါက်အနား ရောက်ရှိနေသည့် ခေါင်းဆောင်ချန်က လှည့်ကြည့်လာသကဲ့သို့ အားလုံး စိတ်ဝင်စားစွာ အာရုံစိုက်နေကြသည်။ ရဲရှင်းချန်က နောက်တစ်ကြိမ် အမှိုက်ကောင်ဖြစ်သွားကြောင်း သိလိုက်ရသောအခါ ချန်ကျောက်မှာ မျက်လုံးပြူးသွားပြီး ဤသတင်းကို မျှော်လင့်မထားပေ။ ခန်းမတစ်ခုလုံး မယုံကြည်နိုင်ဖြစ်နေခဲ့ပြီး ရဲရှင်းချန်ကို လှောင်ပြောင်ခဲ့သဖြင့် အရှက်ကွဲဖူးသော ချန်မိုလည်း ပါဝင်၏။ သူက တစ်ကြိမ် အရှက်ကွဲဖူးသောကြောင့် သင်ခန်းစာရနေပြီး ရဲရှင်းချန်ကို မလှောင်ပြောင်ရဲတော့ချေ။
"အခု မဟာကျောင်းတော်က ပြန်လာတာပဲ။ ရဲမျိုးနွယ်ဝင်တွေနဲ့ မဟာကျောင်းတော်၊ ဘိုးဘေးကျောင်းဆောင်ရဲ့ အကြီးအကဲတွေက ကူညီဖို့ ကြိုးစားနေတာဆိုတော့ သတင်းအမှန် ဖြစ်လောက်တယ်။ သူက မူလအမြုတေနောက်ပိုင်းအဆင့်အထိ ကျသွားတယ်လို့ ကြားတယ်။ အင်မော်တယ်သွေးကြောတွေလည်း ပျက်စီးကုန်ပြီး ကောင်းကင်မှာ မပျံသန်းနိုင်တော့တာကိုတောင် လူအများကြီး တွေ့ခဲ့တယ်"
ချန်လင်းက လေးနက်စွာ ပြောလိုက်ပြီး ဒန်တန်အခြေအနေမှာ အတုလုပ်ရန် မဖြစ်နိုင်ပေ။
"တကယ်ပျက်စီးသွားတာလား"
ချန်ကျောက်က မတ်တပ်ထရပ်လိုက်မိသကဲ့သို့ ရဲရှင်းချန်ကို ဒုက္ခရောက်စေလိုသည့် ချန်မိုမှာလည်း ကျေနပ်နေခဲ့သည်။
"ဘာမှ အလောတကြီး မဆုံးဖြတ်ကြနဲ့။ သေချာစုံစမ်းရမယ်။ ညီလေး မင်းရဲ့ အဆက်အသွယ်တွေကို သုံးပြီး သတင်းကို အတည်ပြုစမ်း"
ချန်ကျောက်က ချန်မိုကို အမိန့်ပေးလိုက်ပြီး ချန်လင်းမှာ ခေါင်းဆောင်ချန်အနား ရောက်ရှိနေခဲ့၏။
"လက်ထပ်ပွဲကို ကျင်းပမှာလား။ ရဲရှင်းချန်ဆီကိုရော ဖိတ်စာ ပို့လိုက်သေးလား"
"အကုန်လုံးကို ပို့လိုက်တယ်"
ခေါင်းဆောင်ချန်က ခေါင်းညိတ်ပြလိုက်၏။
"ဒီကောင် မလာရဲလောက်ပါဘူး။ တကယ်လို့ ရောက်လာတယ်ဆိုရင်လည်း ပြန်လမ်း မရှိစေရဘူး"
ချန်မိုက အံကြိတ်၍ ကြုံးဝါးလိုက်သော်လည်း ချန်လင်း၏ သတိပေးအကြည့်ကြောင့် နှုတ်ဆိတ်သွားခဲ့သည်။
"အစ်ကိုနှစ် ချန်ရီက ခေါင်းမာတယ်ဆိုပေမယ့် ကျုပ်ရဲ့တူမလေး ဖြစ်တယ်။ ရဲရှင်းချန် အမှိုက်ကောင်ဖြစ်လာဖို့ တကယ်မျှော်လင့်တယ်"
"မင်းသာ ပါးစပ်မပါဘဲ မွေးလာရင် အတော်ကောင်းမှာ"
"မောင်လေး တိတ်တိတ်နေထောင်တန်ဆိုတဲ့ စကားပုံကို ကြားဖူးလား"
သူက ခေါင်းဆောင်ချန်ကို ဖားယားလိုက်သော်လည်း ထိုမှတ်ချက်ကြောင့် မျက်နှာပျက်သွားခဲ့သကဲ့သို့ ချန်လင်း၏ သတိပေးချက်ကို ရလိုက်သည်။
မဟာကျောင်းတော်ရှိ ခြံဝန်းတစ်ခု၌ အခန်းတစ်ခုတွင် ရဲရှင်းချန်၏ ရင်ခွင်အတွင်း မင်သက်စရာကောင်းလောက်အောင် လှပသော မိန်းကလေးတစ်ယောက် ရှိနေသည်။ သူမက သူ၏ရင်ဘတ်ကို လက်ချောင်းလေးများဖြင့် ပွတ်သပ်ဆော့ကစားနေကာ စနောက်လိုက်၏။
"ငါ့ကို အနားမပေးတော့ဘူးလား။ ဒီလိုနဲ့ ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ"
"ငါတို့ရဲ့ မျိုးဆက်သွေးက ခြားနားတယ်။ ဒီလောက်မလွယ်ဘူး"
"နင်က လူသားတစ်ယောက် မဟုတ်ဘူးလို့ ပြောချင်တာလား"
"ငါက ရှေးခေတ် အင်မော်တယ်နတ်ဘုရားတွေရဲ့ မျိုးဆက်ပဲ"
"တကယ်လို့ ငါသာ မတားဘူးဆိုရင် နင်က သူတို့ထက်တောင် ကြမ်းတမ်းနေလိမ့်မယ်"
"မူလင်း ဒီလိုစကားတွေ ဘယ်က တတ်လာတာလဲ"
"ဘယ်သူဖြစ်ရမှာလဲ၊ ရှင့်ဆီကပေါ့ ဝံပုလွေဆိုးကြီးရဲ့"
ရဲရှင်းချန်က တစ်ချက်ပြုံး၍ မေးလိုက်သောအခါ သူမသည် ရှက်ပြုံးလေးဖြင့် တုံ့ပြန်လာခဲ့၏။ ဤစုံတွဲက အိပ်ရာထဲတွင် စနောက်ပျော်ပါးနေကြပြီး အချိန်တစ်ခုအကြာတွင် သူမက မေးလာခဲ့သည်။
"ဒီတစ်ခေါက်ရော အန္တရာယ်ကို ကျော်ဖြတ်နိုင်လောက်လား"
"ဒီတစ်ကြိမ်က ငါ့အတွက် ကျဆုံးခြင်းဖြစ်လာမှာ စိုးရိမ်ရတယ်"
ရဲရှင်းချန်က တစ်ချက်တုံ့ဆိုင်းသွားကာ တောက်ပနေသည့် မျက်လုံးများ အရောင် မှိန်သွားလေသည်။