← Chapters

စုဝေးခြင်း

Vol. 013 Ch. 1258

စုဝေးခြင်း

Vol. 013 Ch. 1258

သွေးနဂါးဘုံ၏ တစ်နေရာမှ အိမ်တော်ဝင်းတစ်ခု အတွင်းတွင် ထိုအချိန်၌ တစ်စုံတစ်ယောက်သည် ကျင့်ကြံလျက်ရှိ၏။ သူမသည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အသက်စွမ်းအားသည် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သည့် သားရဲဟိန်းသံများ ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ထွက်ပေါ်နေကာ ကောင်းကင်နှင့် မြေကြီးမှ ကျဆင်းလာနေသည့် အဆုံးမဲ့ မဟာလမ်းစဉ် အသိများကို စုပ်ယူနေသည်။ နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ် စွမ်းအားမျိုး လွှမ်းခြုံနေပြီး အလွန်ပင် ဖိနှိပ်နိုင်စွမ်း ရှိနေပေသည်။

သူမ၏ နုနယ်သော ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာကာ သန်မာသည့် စွမ်းအင်တစ်ခုက သူမ၏ အသွေးအသားနှင့် အရိုးတို့ကို သန့်စင်ပေးနေသည်။

သူမကို ကြည့်ရသည်မှာ ပြင်းထန်သည့် အကြောက်တရားကို တောင့်ခံနေရပြီး အလွန်ပင် နာကျင်နေဟန် တူသော်လည်း ဆက်လက်၍ လုပ်ဆောင်နေသည်။

ရုတ်တရက် စွမ်းအား အငွေ့အသက်များသည် ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးအကြားမှ မဟာလမ်းစဉ် အသိများ အားလုံး၏ စီးဆင်းမှုသည် ရှုပ်ထွေးလာသည်။

“ဗွက်  ...” သူမသည် ကျင့်ကြံခြင်းကို ရပ်စဲလိုက်ရပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်တွင်းမှ ထိန်းချုပ်ရခက်လှသည့် စွမ်းအားများကို ထိန်းချုပ်ဟန့်တားရန် ကြိုးစားသော်လည်း သူမ၏  အသက်စွမ်းအားသည် မတည်မငြိမ် ဖြစ်နေသည်။

“ဖေးရွှီ” တစ်ယောက်က ခေါ်သည်။ ကျင့်ကြံနေသည့် အမျိုးသမီးမှာ တာလီနန်းတွင်း အကြံပေး၏ သမီး ဖေးရွှီဖြစ်လေသည်။ သူတို့သည် အင်ပါယာရှား နန်းတော်မှ တစ်ဆင့် သွေးနဂါးဘုံသို့ လာရောက်ခဲ့ကြပြီး ဤနေရာ၌ သူတို့၏ သရုပ်ကို ဖော်ပြခြင်းမပြုဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေကြသည်။

သို့ရာတွင် သူတို့သည် တာလီအင်ပါယာမှ ထွက်ပြေးလာခဲ့သည့် အတွက် အင်ပါယာလီက သူတို့ကို အလွတ် ပေးလိမ့်မည်လား။

နန်ကျိုင်း၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ထွက်ပေါ်လာပြီး ဖေးရွှီကို လွှမ်းခြုံသွားကာ သူမ၏ ခန္ဓာကိုယ် အတွင်းမှ ချိပ်စည်းကို ပြန်လည်မွမ်းမံသည်။ ထို့နောက်တွင်မှ စွမ်းအင်များ ကသောင်းကနင်း စီးဆင်းနေမှုက တည်ငြိမ်သွားခဲသည်။

“အစ်ကို၂ စိတ်မပူပါနဲ့။ ကျွန်မ အဆင်ပြေပါတယ်” ဖေးရွှီက နန်ကျိုင်းကို ပြောသည်။ သူမသည် မျက်လုံး မမြင်နိုင်သော်လည်း သူမ၏ မျက်နှာထက်မှ အပြုံးသည် ချိုမြနေ၏။ သူမ၏ နှုတ်ခမ်းဆီမှ သွေးများကို သုတ်ပစ်လိုက်ဖို့ရာလည်း မမေ့လျှော့ခဲ့ပေ။

“မင်း ဘယ်လောက်တောင် ပင်ပန်းနေပြီလဲ ကြည့်လိုက်ဦး” နန်ကျိုင်းက ပြောသည်။ “ဖေးရွှီ၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီအရာ ရှိနေတဲ့အတွက် မင်းရဲ့ ကိုယ်ခန္ဓာက ထူးခြားတယ်။ အဲဒါက မင်းကို ဒုက္ခရောက်စေမယ့်လည်း မင်းရဲ့ ကျင့်ကြံမှု အခြေအနေကိုတော့ ထူးကဲသာလွန်အောင် ထောက်ပံ့ပေးနိုင်တယ်။ မင်းက လမ်းစဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့ပြီးတော့ အခုလည်း ရှန့်ထိုအဆင့်ကို ရောက်နေပြီမို့လို့ မင်း ဘယ်အရာကိုမှ အလျင်စလို လုပ်ဖို့ မလိုဘူး။ အချိန်ယူပြီး ကျင့်ကြံပါ။ မင်းရဲ့ ကျင့်ကြံမှုနှုန်းက တခြားလူတွေထက်ကို ပိုမြန်မှာ အမှန်ပဲ”

“ဟုတ်ကဲ့” ဖေးရွှီက ပြုံးကာ ပြောသည်။

“စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပါ့မယ်”

“မင်း အမြဲတမ်း အဲဒီလိုပဲ ပြောတယ်။ ဒါပေမဲ့ မင်းစိတ်ထဲ မှတ်ထားမယ်ဆိုပြီး ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ထပ်လုပ်ရပြန်တာလဲ။” သြရှရှ အသံတစ်ခုက မေးသည်။ ဖေးရွှီက အသံလာရာဆီသို့ မျက်နှာကို လှည့်သည်။ သူမက အသံရှင်၏ မျက်နှာကို မမြင်နိုင်သော်လည်း သူမ၏ ခေါင်းကို ငုံ့ကာ နူးညံ့စွာ ခေါ်သည်။

“အစ်ကိုကြီး”

ရန်ယွင်က သူမကို ကြည့်လိုက်၏။ သူ့ကို ကြည့်ရသည်မှာ ခံစားချက်မရှိသည့်ပုံ ပေါ်နေသော်လည်း သူသည် သူမအတွက် အလွန်စိတ်ပူနေခဲ့သည်။ သို့ပေမယ့် သူသည် သူမကို လေးနက်သည့် ဟန်ပင်ဖြင့်သာ ဆိုသည်။ “ဖေးရွှီ၊ မင်းက မြန်မြန် တိုးတက်လာဖို့ စိတ်ထက်သန်နေတယ် ဆိုတာ အစ်ကို သိတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်း ဆိုတာက တစ်နေ့တစ်ရက်ထဲနဲ့ ပြီးမြောက် အောင်မြင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ အဲဒီလိုမဟုတ်ရင် မင်းရဲ့ အားထုတ်မှု အားလုံးက အလကား ဖြစ်ကုန်လိမ့်မယ်။ ပြီးတော့လည်း အခု မင်းက ခန္ဓာကိုယ်ထဲက အရာရဲ့ စွမ်းအားကို တောင့်ခံနိုင်စွမ်း မရှိသေးဘူး။ အခုချိန်ကစပြီး ကျင့်ကြံတဲ့အချိန်မှာ အဲဒီအရာရဲ့ စွမ်းအားကို အသုံးပြု ခွင့်ပြုမှာ မဟုတ်တော့ဘူး”

ဖေးရွှီသည် သူမ၏ ခေါင်းကိုသာ တွင်တွင် ငုံ့ထားပြီး မည်သည့်စကားမှ မပြောခဲ့ပေ။

“အစ်ကိုကြီး၊ ညီမလေးကို ကြမ်းကြမ်းတမ်းတမ်း မပြောပါနဲ့။ ဖေးရွှီကလည်း ဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး။” နန်ကျိုင်းက ရန်ယွင်ကို ပြောလိုက်သော်လည်း သူက ရန်ယွင်၏ ထက်ရှသည့် မျက်လုံးများနှင့် ရင်ဆိုင် တွေ့လိုက်ရသည့် အတွက် ရုတ်တရက် နန်ကျိုင်းသည် မသိလိုက် မသိဘာသာပင် သူ၏ ခေါင်းကို လှည့်လိုက်တော့သည်။

သူသည် ရန်ယွင်ထက် အသက်ကြီးသော်လည်း ရန်ယွင်က ဆရာ့၏ တပည့်ကြီး ဖြစ်သည့်အတွက် သူသည် ရန်ယွင်ကို 'အစ်ကိုကြီး'ဟု ခေါ်သင့်ပေသည်။

“ဖေးရွှီ၊ ဆရာက မင်းကို ဂရုစိုက်ဖို့အတွက် ငါ့ကို တာဝန်ပေးခဲ့တယ်။ တစ်နေ့မှာ ငါတို့ ဆရာ့ကို သွားတွေ့တဲ့အချိန်ကျရင် ဆရာကတော့ အဆင်ပြေနေပေမယ့် မင်းကတော့ လောကကြီးမှာ မရှိတော့မှာကို ငါ မမြင်ချင်ဘူး” ရန်ယွင်က ပြောသည်။ သူသည် အရမ်း မကြမ်းတမ်းလိုသော်လည်း ဖေးရွှီသည် ဆရာ့၏ အဖိုးတန်သမီးလေး ဖြစ်သည်။

သူတို့အတွက်တော့ အစ်ကိုကြီးသည် အစ်ကိုသဖွယ် ဖခင်သဖွယ်ပင် ဖြစ်သည်။ သူသည် သူတို့အတွက် အမှန်တကယ် စီနီယာ အစ်ကိုကြီးနှင့် တူသောသူဖြစ်သည်။

သို့သော်လည်း ဖေးရွှီသည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်လိုပြီး ခန္ဓာကိုယ်ထဲမှ သူမ၏ ထိန်းချုပ်မှုအတွင်းပင် မရှိသော စွမ်းအားများကို ဖိအားပေး၍ လက်တွေ့ အသုံးချချင်သည်။ အကယ်၍သာ တစ်ခုခု မှားယွင်းသွားလျှင် ချိပ်စည်းက ကျိုးပြတ်သွားပြီး သူမသည်လည်း ပေါက်ကွဲ သေဆုံးရပေလိမ့်မည်။

“ဟုတ်ကဲ့ ... ကျွန်မ သိပါပြီ။ တောင်းပန်ပါတယ် အစ်ကိုကြီး” ဖေးရွှီက ခေါင်းကို ငုံ့ထားလျက်နှင့် ညင်သာစွာ ပြောသည်။

“မနက်ဖြန်ဆို နှစ်သစ်တစ်နှစ် စတင်တော့မယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်အပင်ပန်းခံ မနေနဲ့။ နားလိုက်ဦး” ရန်ယွင်သည် အကြင်နာတရား မရှိဟန်ဖြင့် မျက်နှာထားကို တင်းထားဆဲပင် ဖြစ်သည်။

“ဟုတ်ကဲ့” ဖေးရွှီက ခေါင်းညိတ်ကာ ပြောသည်။

“ငါ အပြင်သွားစရာ ရှိတယ်။ နန်ကျိုင်း၊ မင်းနဲ့ ချွန်းယန်က ဖေးရွှီကို စောင့်ရှောက်ထားပေးပါ” ရန်ယွင်က ပြောသည်။ နန်ကျိုင်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။

ရန်ယွင်သည် ပြန်လှည့်ကာ အဝေးသို့ လမ်းလျှောက် ထွက်သွားတော့သည်။

ဖေးရွှီက ဇဝေဇဝါနှင့် မေးသည်။ “အစ်ကို၂ ဒီနေ့က နှစ်သစ်မရောက်ခင် နောက်ဆုံးရက်ပဲ။ အစ်ကိုကြီးက ကျွန်မတို့နဲ့အတူ ညစာစားသင့်တာ မဟုတ်ဘူးလား။ သူက ဘာလုပ်ဖို့ အပြင်သွားရတာလဲ”

“ဘာမှ မဟုတ်ဘူး။ သူက ကျင့်ကြံဖို့ အရင်းအမြစ်တွေ သွားရှာတာပါ” နန်ကျိုင်းက ညင်သာသည့် အသံဖြင့် ပြောသည်။

“ကောင်းပါပြီ” ဖေးရွှီကာ ခေါင်းညိတ်လိုက်ကာ ထပ်မမေးတော့ပေ။

သူမ၏ အဖေနှင့် အစ်ကိုများ နန်းတွင်းအကြံပေးအိမ်တော်တွင် အတူတူ ရှိခဲ့စဉ်က နှစ်သစ်ကူးညတိုင်းတွင် ရိုးရှင်းသော ညစာဖြင့် အလွန် ပျော်ရွှင်စရာ ကောင်းခဲ့သည်။

သို့သော်လည်း နောင်အနာဂတ်တွင် သူတို့သည် ဤကဲ့သို့ နေ့မျိုး၌ မည်သည်ကို လုပ်၍ လုပ်ရမည် မသိကြတော့ချေ။

***

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၅ ခုနှစ်သို့ နောက်ဆုံး၌ ရောက်ရှိလာပြီ ဖြစ်သည်။ ယနေ့သည် နှစ်သစ်၏ ပထမဆုံးနေ့ပင် ဖြစ်၏။

ဤနေ့တွင် မျှော်လင့်မထားသော တန်ခိုးရှင်များ ပါဝင်သည့် လူစုကြီးသည် ချန်ယဲ့မြို့ မြို့စားအိမ်တော်သို့ လာရောက်ကာ ရီဖူရှင်းကို တွေ့ခွင့် တောင်းကြလေသည်။

ထိုတန်ခိုးရှင်များသည် သွေနဂါးဘုံ၏ အနောက်ပိုင်းဒေသရှိ မျိုးနွယ်စု ကိုးခုထဲမှ ဝူကလန်၏ လူများ ဖြစ်ကြသည်။ ဝူယုံးသည် ထိုလူစုကြီးကို ကိုယ်တိုင် ဦးဆောင် လာခဲ့ပေသည်။

ဝူယုံး ရုတ်တရက် ရောက်လာသည်ကို ကြည့်ကာ တစ်ခုခု ဖြစ်နေသည်ကို ရီဖူရှင်း သိရှိပြီး သူတို့ ရှေ့သို့ သွားရောက်ခဲ့သည်။

“မြို့စားရီ” ဝူယုံးက နှုတ်ဆက်လိုက်ပြီး သူ၏ အမူအရာက လေးနက်နေသည်။

“ဒီကို ဘာကိစ္စများ ရှိလို့လဲ စီနီယာ” ရီဖူရှင်းက မေးသည်။

“ဝူကလန်မှာ တစ်ခုခု ဖြစ်နေတယ်” ဝူယုံးက ပြောသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ ကျူးကလန်နှင့် မျိုးနွယ်စုကိုးခုမှ အခြားကလန်များက ဝူကလန်ကို ထိရဲခဲ့လျှင် သူက အင်ပါယာခွာ၏ အမွေအနှစ်များကို လောကတစ်ခွင် ဖြန့်ပစ်မည်ဟု သတိပေးခဲ့ပြီး ဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် ကျူးကလန်မှ တန်ခိုးရှင်များက ဝူကလန်ကို ထိပါးရဲသေးသည်လား။

သူတို့က ရန်ဟောင်ဘိုးဘေး အမွေအနှစ်ကို ဂရုမစိုက်သည်လား။

“ဘာဖြစ်လို့လဲ” ရီဖူရှင်းက မေးသည်။

“မြို့စားရီ၊ ကျုပ်တို့ ဘိုးဘေးနယ်မြေကို ဝင်တဲ့အခါက ဝူကလန်ရဲ့ ပင်မထောက်တိုင်တွေ ဖြစ်တဲ့ အကြီးအကဲ တန်ခိုးရှင် အများကြီး လိုက်ပါခဲ့တယ်။ ဒါပေမဲ့ လူတွေရဲ့ စိတ်က နားလည် မလွယ်ဘူးပဲ ပြောရမလား။ သူတို့ထဲက တချို့က ကျူးကလန်ရဲ့ အဖိုးတန် ဆုလာဘ်တွေနဲ့ သွေးဆောင်တာကို ခံလိုက်ရတယ်။ အခု သူတို့က ကျုပ်တို့ကလန်ကို သစ္စာဖောက်ပြီး ကျူးကလန်ကို ရောက်သွားခဲ့ပြီ” ဝူယုံးက ပြောသည်။

ရီဖူရှင်း၏ မျက်နှာက အနည်းငယ် သွေးဆုတ်သွား၏။

ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခွင့် ရခဲ့သည့် တန်ခိုးရှင်များမှာ ဝူကလန်၏ ပင်မထောက်တိုင်များ ဖြစ်သော်လည်း သူတို့ထဲက အချို့သည် ကလန်ကို သစ္စာဖောက်ခဲ့ကြသည်။  ဆိုလိုသည်မှာ ကျူးကလန်မှ တန်ခိုးရှင်များသည် ဘိုးဘေးနယ်မြေ အတွင်း၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို သိရှိသွားတော့မည် ဖြစ်သည်။

ထိုအချိန်အတွင်းတွင် သူသည် နေမင်းအတွင်းသို့ ရောက်ရှိခဲ့ပြီး ဘိုးဘေးနယ်မြေ တစ်ခုလုံးကို ဝါးမျိုခဲ့သည်။ ထိုမျက်မြင်သက်သေများက နေမင်းအတွင်း၌ ပုံမှန်မဟုတ်သည့် အရာတချို့ ရှိသည်ကို တွေ့မြင်သိရှိပေလိမ့်မည်။

ထို့အပြင် ဤအရာသည် အင်ပါယာခွာ၏ အမွေအနှစ်ထက်ပင် ပို၍ အဖိုးတန်လိမ့်မည် ဖြစ်ကာ မဟုတ်လျှင် ဤမျှအထိ ရရှိရန် အခက်ခဲဆုံး ဖြစ်နေလိမ့်မည် မဟုတ်ပေ။

မျိုးနွယ်စုကိုးခုမှ လူများအားလုံးသည် ရန်ဟောင်မှ ချန်ရစ်ခဲ့သည့် အကောင်းဆုံး ရတနာဖြစ်စေ အကောင်းဆုံး အခွင့်အရေးကို ဖြစ်စေ ရယူလိုသည့် ဆန္ဒ အမှန်တကယ် ရှိကြလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေတွင် မျိုးနွယ်စုကိုးခုသည် တန်ကြေးအကုန်လုံးကို ပြန်လည်ရယူလိုကြမည် ဖြစ်သည်။

“သူတို့က ဝူကလန်ကို ဘာလုပ်ခဲ့တာလဲ” ရီဖူရှင်းက မေးသည်။

'သူတို့ ပြောတာက ကျုပ်က မြို့စားရီနဲ့ ပူးပေါင်းကြံစည်ပြီး အရင်ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့တယ်။ သူတို့က ဝူကလန် အရင်ခေါင်းဆောင်ရဲ့ လက်အောက်ခံတွေကိုလည်း ဆူပူထကြွစေခဲ့တယ်။ ကျူးကလန်နဲ့ ကျုံးကလန်က တန်ခိုးရှင်တွေကလည်း ကျုပ်တို့ ပြဿနာတက်နေတဲ့ အချိန်မှာ လာပြီး ဝူကလန်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ သူတို့က ဝူကလန်ကို အပြီးတိုင် ဝါးမျိုချင်နေကြတယ်” ဝူယုံးက ပြောသည်။ “အဲဒါကြောင့် ကျုပ်က ကျုပ်လူတွေနဲ့ ကလန်ကနေ ထွက်လာပြီး ဒီကို လာခဲ့ရတာ။ သူတို့လည်း ရောက်လာမှာ ကျုပ် စိုးရိမ်နေတယ်”

ရီဖူရှင်း၏ မျက်နှာထက်တွင် အေးစက်သည့် အရိပ်အငွေ့များ ဖြတ်သန်းသွားသည်။ ကျူးကလန်က သူ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သည့်အတွက် တိုက်ရိုက်မတိုက်ခိုက်ရဲသည်ကို သူ သိ၏။

ထို့ကြောင့် သူတို့သည် ဝူကလန်သားများကို အတွင်းမီးလောင်စေပြီး အင်အားချိနဲ့သွားစေရန် ကြံစည်သည့် နည်းလမ်းကို အသုံးပြုရန် ကြိုးစားခဲ့လေသည်။

“စီနီယာ၊ ကျွန်တော်တို့နဲ့ အချိန်ခဏလောက် အတူတူနေတာက ဘယ်လိုလဲ” ရီဖူရှင်းက ပြောသည်။

ဝူယုံးက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။ “မြို့စားရီ၊ ခင်ဗျား သေချာရဲ့လား”

ဤတစ်ကြိမ်တွင် ကလန်အားလုံးသည် အမွေအနှစ်များအကြောင်းကို သိရှိသွားပြီဖြစ်ကာ ထိုအရာများကို ပြန်လည်ရရှိရန် အစွမ်းကုန် ကြိုးစားကြတော့မည် ဖြစ်၏။

ထို့ကြောင့် နောက်တစ်ကြိမ်၌ ရီဖူရှင်းသည် ကလန်တစ်ခု သို့မဟုတ် ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်နှစ်ယောက်နှင့်သာ ရင်ဆိုင်ရမည် မဟုတ်တော့ပေ။

သူ့နောက်တွင် အင်ပါယာရှားဘုံ ထောက်ပံ့ပေးထားသော်ငြား အင်အားစုအများအပြားနှင့် ရင်ဆိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

“စီနီယာ၊ ကျွန်တော် မှတ်မိသလောက်ကတော့ ကျွန်တော်က အမွေအနှစ်တွေကို ဆက်ခံရရှိခဲ့တယ်ဆိုရင် မျိုးနွယ်စု ကိုးခုကို အမိန့်ပေးနိုင်စွမ်း ရှိတယ်၊ ကျွန်တော် ပြောတာ မှန်လား” ရီဖူရှင်းက မေးသည်။

ဝူယုံးက ရီဖူရှင်းကို အံ့အားတသင့် ကြည့်သည်။ ရီဖူရှင်း ဘာကို ဆိုလိုသည်လဲ။

သူ ကောင်းကောင်း သိသင့်သည်။ ဘိုးဘေးများ၏ ပညတ်မှုက ထိုသို့ ဖြစ်နေလျှင်ပင် မျိုးနွယ်စုကိုးခုက အမှန်တကယ် လိုက်နာမည်တဲ့လား။

“စည်းမျဉ်းအရ ဆိုရင်တော့ အဲဒီလို ဖြစ်သင့်ပါတယ်” ဝူယုံးက ပြန်ဖြေသည်။

“ကောင်းတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ သို့ဆိုလျှင် မျိုးနွယ်စု ကိုးခုက သူ့ကို တိုက်ခိုက်ခြင်းမှာ သမားရိုးကျ မဟုတ်နိုင်တော့ပေ။

“စီနီယာ၊ ဝူကလန်ရဲ့ အခက်အခဲက ခဏတာပဲ ဖြစ်မှာပါ” ရီဖူရှင်းက ပြောသည်။ “တစ်နေ့မှာ တစ်ဖန်ပြန်ပြီး အောင်မြင်လာလိမ့်မယ်”

ဝူယုံးက ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေါင်းညိတ်သည်။

ဘိုးဘေးနယ်မြေသို့ ခရီးစဉ်သည် ရီဖူရှင်း၏ စရိုက်ကို တချို့တလေကို သူ့အား နားလည်စေခဲ့သည်။ အစပိုင်းတွင် သူသည် အခြားလူများနှင့် မယှဉ်ပြိုင်ခဲ့ဘဲ ရင်ထျန်းကျောက်ကို အခွင့်အရေး ပေးခဲ့သည်။ သို့သော် သူ တိုက်ခိုက်ရမည့် အချိန်ရောက်သည့်အခါ သူက မည်သူ့ကိုမှ မသက်ညှာခဲ့ပေ။

သူ့အတွက်ဟု ယူဆရသည့် အရာကိုသာ သူ ရယူလေသည်။

ယခင်ခေါင်းဆောင်က အမွေအနှစ်ကို သူ၏ ကိုယ်ပိုင်အဖြစ် ယူဆောင်လိုခဲ့တာကြောင့် ရီဖူရှင်းသည် သူ့ကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ဖော်ထုတ်ရန် တိုက်ရိုက် သွေးဆောင်ခဲ့သည်။

ရီဖူရှင်းက ဤကဲ့သို့ ပြောသည်မှာ သူ့တွင် ယုံကြည်ချက်ရှိ၍သာ ဖြစ်ရပေမည်။

ထိုသည်က အင်ပါယာရှားဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များက ယခုတွင် ချန်ယဲ့မြို့၌ ရှိနေသည်ဟု ဆိုလိုခြင်းပေလား။

“သွားရအောင်။ အိမ်တော်ထဲမှာ အနားယူလိုက်ပါ” ရီဖူရှင်းက ပြောသည်။ လူစုသည် သူ့နောက်သို့ လိုက်ကာ မြို့စားအိမ်တော်သို့ ဝင်လာခဲ့ကြသည်။

ထိုအချိန်တွင် ချန်ယဲ့မြို့အပြင် အဝေးတစ်နေရာ၌ ကောင်းကင်တွင် လောင်ကျွမ်းမီးတောက် စွမ်းအားများ မြင်နေရပေသည်။ တန်ခိုးရှင်တစ်စုသည် ချန်ယဲ့မြို့ဆီသို့ လျင်မြန်စွာ ဦးတည်လာနေပြီး ဝင်ပေါက်ကို ဖြတ်သန်း ခြေချလာသည်။

နယ်ခံများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လွှမ်းခြုံထားသည့် အလွန်ပူပြင်းသော အသက်စွမ်းအား အငွေ့အသက်များကိုသာ ခံစားရပေသည်။ ကောင်းကင်တွင် ရွှေရောင်မီးငှက်များ ကောင်းကင်ကို ဖြတ်သန်းလာကြသည်။ မီးငှက်(ကျူးချွယ့်)များသည် သူတို့၏ အတောင်ကို ဖြန့်ကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းထားကြသည်။ နေရထားသည် တန်ခိုးရှင်များကို တင်ဆောင်ကာ ရှေ့သို့ တရကြမ်း လာနေပြီး စွမ်းအားများသည် ကောင်းကင်ကိုပင် တုန်ခါနေစေသည်။

ခြိမ်းခြောက်နိုင်စွမ်းရှိသော တပ်ဖွဲ့ကြီးသည် နှစ်သစ်၏ ပထမဆုံးရက်မှာပင် ချန်ယဲ့မြို့သို့ ဝင်ရောက်လာလေသည်။ ရုတ်ခြည်းပင် ချန်ယဲ့မြို့အတွင်းမှ လူများသည် ထိတ်လန့် အံ့သြကုန်ကြသည်။

“ကျုပ်တို့ရောက်ပြီ” သူတို့က အချင်းချင်း ပြောလိုက်ကြသည်။

“သွေးနဂါးဘုံ အနောက်ဘက်ဒေသက အင်ပါယာခွာရဲ့ မျိုးနွယ်စုတွေမှာ အင်ပါယာခွာ သေဆုံးပြီးစဉ် ကတည်းက ခေါင်းဆောင် မရှိခဲ့တော့ပေ။ မြို့စားရီ ရခဲ့တဲ့ အင်ပါယာခွာရဲ့ အမွေအနှစ်က သူတို့တွေ အားလုံး လိုချင်တပ်မက်နေတဲ့ ဟာပဲ။ အခု သူတို့က တပ်ဖွဲ့လိုက် ရောက်လာကြတော့ မြို့စားအိမ်တော်က ကျိန်းသေ ဒုက္ခရောက်တော့မယ်” တစ်စုံတစ်ယောက်က ပြောသည်။

သူတို့သည် မီးနတ်များကဲ့သို့ စစ်သည်တော်များ မြို့စားအိမ်တော်သို့ ဦးတည်ရောက်လာနေသည်ကို စောင့်ကြည့်နေကြသည်။

ဤနေ့များတွင် သွေးနဂါးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များက ချန်ယဲ့မြို့အပေါ်တွင် မျိုးနွယ်စုကိုးခု၏ အပြုအမူများကို အာရုံစိုက်နေကြသည်။

အခု မျိုးနွယ်စုအားလုံး ရောက်ရှိလာကြပြီ ဖြစ်ကာ သွေးနဂါးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များသည်လည်း သတင်းစကားကို ကြိုတင် လက်ခံရရှိခဲ့ကြပြီး လှုပ်ရှားရန် အသင့် ဖြစ်နေကြလေသည်။

အချိန်အတော်ကြာသည်အထိ လူအများသည် ချန်ယဲ့မြို့သို့ ဆက်လက် ဝင်ရောက်လာနေကြသည်။

နှစ်သစ်တစ်နှစ် စစချင်းမှာပင် ချန်ယဲ့မြို့သည် အစွမ်းထက်တန်ခိုးရှင်များ စုရုံးရောက်ရှိရာ နေရာတစ်ခု ဖြစ်လာတော့သည်။

ထိုအခိုက်အတန့်တွင် လေထုထဲမှ တန်ခိုးရှင်တစ်စု ရောက်ရှိလာကြသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ ရှန်းမြို့မှ ရှန်းနန်ဖြစ်သည်။ သူသည်လည်း ဤတစ်ကြိမ်၌ ရှန်းမြို့မှ တန်ခိုးရှင်များ ခေါ်ဆောင်လာခဲ့ပေသည်။

နောက်ဆုံးတစ်ခေါက် ရန်ဟောင်ဘုံနှစ်ခုဖြစ်သည့် အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံကြားမှ တိုက်ပွဲ ဖြစ်သည့်အတွက် သူတို့သည် ကြားဝင်ရန် ခက်ခဲခဲ့သည်။

သို့ရာတွင် ယခုတစ်ကြိမ်၌ သူတို့သည် ရီဖူရှင်းဆီသို့သာ ရည်ရွယ်ရန် လိုအပ်ပေသည်။

***

All Chapters