ခေါင်းတလားလက်ဖွဲ့
Vol. 11 Ch. 133
"တကယ်လား။ ပြန်အဆင်ပြေဖို့ နည်းလမ်း မရှိတော့ဘူးလား"
မူလင်းက တွန့်ဆုတ်နေရာမှ မေးလိုက်ခြင်းဖြစ်ပြီး ရဲရှင်းချန်သည် သက်ပြင်းတစ်ချက်နှင့် တုံ့ပြန်လာခဲ့၏။
"ဒီကိစ္စကို ငါလည်း မထိန်းချုပ်နိုင်ဘူး။ ကျင့်စဥ်က မရေရာတဲ့အတွက် အင်မော်တယ်တိုက်ပွဲကို အနိုင်ရချင်လို့ လောကြီးမိခဲ့တယ်။ အင်မော်တယ်သွေးကြောတွေ ပျက်စီးကုန်လို့ နတ်ဘုရားတွေတောင် ပြင်ဆင်မပေးနိုင်လောက်ဘူး။ တောင်းပန်ပါတယ်၊ ငါက နောက်တစ်ကြိမ် အမှိုက်ဖြစ်သွားရပြန်ပြီ"
"ဒီလိုမပြောပါနဲ့။ ငါက နင်ဘာဖြစ်ဖြစ် ချစ်နေမှာမို့ အရေးမကြီးပါဘူး။ နင်သန်မာတယ်ဆိုရင် အင်မော်တယ်လမ်းစဥ်ကို အတူတူ လျှောက်လှမ်းမယ်။ နင် အားနည်းတယ်ဆိုရင် ငါက အမြဲတမ်း ကာကွယ်ပေးသွားမယ်။ ဘယ်သူမှ အနိုင်မကျင့်စေရဘူး"
ရဲရှင်းချန်သည် အားပေးနေသည့် သူမကို ရင်ခွင်အတွင်း ချစ်မြတ်နိုးစွာ ဖက်ထားလိုက်သည်။
"လင်းအာ မင်းက ငါ့အတွက် အကြင်နာဆုံး မိန်းကလေးပါပဲ။ အခက်အခဲဆုံးအချိန်မှာတောင် စွန့်ပစ်မသွားခဲ့ဘူး။ ဒီဘဝမှာ မင်းကို စိတ်မပျက်စေရပါဘူး။ ငါ့မျိုးရိုးနာမည်က ရဲဖြစ်နေပေမယ့် မွေးစားသားတစ်ယောက်ဖြစ်ပြီး မင်းကတော့ မဟာကျောင်းတော်ကို အုပ်ချုပ်တဲ့ မူမျိုးနွယ်ဝင်တစ်ယောက်ပဲ။ ချန်ရီထက်တောင် အဆင့်အတန်းမြင့်သေးတယ်။ သူမက ငါ့ကို စွန့်ပစ်သွားခဲ့ပေမယ့် မင်းကတော့ ရွေးချယ်ခဲ့တယ်။ ချန်မျိုးနွယ်ဝင်တွေ စိတ်ပျက်သွားတာကို ကြည့်ရတာ ပျော်စရာပဲ"
သူက ကျေနပ်စွာ ရယ်မောနေပြီး လက်ထပ်ပွဲ ဖျက်သိမ်းခံခဲ့ရသော်လည်း ပိုကြီးသော ငါးကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင်။ ထိုအချိန်၌ အပြင်ဘက်မှ တစ်ယောက်ယောက် ရောက်ရှိလာသောကြောင့် မူလင်းသည် အဝတ်အစားကို သပ်ရပ်စွာပြင်ဆင်၍ ထွက်သွားခဲ့သည်။ အချိန်ခဏအကြာတွင် သူမက ပြန်ရောက်လာကာ တံခါးကို ဂရုတစိုက်ပိတ်၍ မေးခွန်းထုတ်လိုက်သည်။
"ချန်ရီ ပြန်ရောက်လာတာကို သိတယ်မလား။ ဘာကြောင့် မပြောရတာလဲ"
"ယင်တစ်ကောင်ကို အရေးစိုက်စရာ မလိုပါဘူး။ ချန်အဘိုးကြီးသာ ကာကွယ်ပေးမထားရင် ဒီကောင်မက ဘဝပေါင်းများစွာ ဝင်စားနေရလောက်ပြီ"
ရဲရှင်းချန်က အရေးမစိုက်ဟန်ရှိနေပြီး မူလင်းသည် အနားကပ်လာ၍ ချန်ရီမှာ လေမီးတောက်ကပ်ဘေးအဆင့်သို့ ရောက်နေကြောင်း ပြောပြခဲ့၏။ သူက အနည်းငယ်အံ့သြသွားသော်လည်း လှောင်ရယ်၍ ကံကောင်းမှုသာ ဖြစ်မည်ဟု သတ်မှတ်လိုက်သည်။ မူလင်းမှာ စိုးရိမ်နေသော်လည်း သူက လက်ဖဝါးပေါ်ရှိ ကြယ်အမှတ်အသားကို တစ်ချက်ကြည့်ရင်း ယုံကြည်ချက် ပြည့်ဝနေသည်။ ထိုအချိန်တွင် သူမက အနီရောင်ဖိတ်စာတစ်ခုကို ထုတ်ပြလာကာ ချန်ရီ၏လက်ထပ်ပွဲ ဖြစ်နေခဲ့သည်။ သူမ၏အမြင်တွင် ရဲရှင်းချန် ပြဿနာတက်နေချိန်တွင် လက်ထပ်ပွဲ ကျင်းပခြင်းမှာ အရှက်ခွဲရန်သာ ဖြစ်ပေသည်။
"ဒီမိန်းမက လှည့်ကွက်တွေ သုံးနေပြန်ပြီလား။ ချန်မျိုးနွယ်ကို အမြစ်က ဆွဲလှန်ချင်ရင် ဧကရီ မရှိတဲ့အတွက် အချိန်ကောင်းပဲ"
ရဲရှင်းချန်က ခဏတာစဥ်းစား၍ ခေါင်းတစ်ချက်ယမ်းကာ အေးစက်စက် ကြုံးဝါးလိုက်သည်။ မူလင်းက သတို့သားအကြောင်း မေးမြန်းလိုက်သော်လည်း သူအနေဖြင့် ယွမ်ရှောင်၏ အမည်ကို လုံးဝမကြားဖူးပေ။
"သူက ဓားသမားတစ်ယောက်လို့ ကြားတယ်"
"ဟိုညီအစ်မသုံးယောက်ရဲ့ တပည့်လား"
"မဟုတ်ဘူး။ အောက်နယ်မြေရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ လက်ရှိမှာ သူက နဂါးဘုရင်အဆင့်ဆိုတော့ မင်းထက် အဆင့်သုံးဆင့် မြင့်နေတယ်"
"ဒီဦးနှောက်မရှိတဲ့ မိန်းမက ရူးသွားပြီလား"
ထိုအကြောင်းကို သိလိုက်ရသောအခါ ရဲရှင်းချန်၏ အကြည့်က အေးစက်တင်းမာလာခဲ့သည်။ သူ၏ကျင့်ကြံဆင့်က မူလအမြုတေအဆင့်သို့ ကျဆင်းသွားပြီး တစ်ဖက်လူသည် အောက်နယ်မြေ၏ ကျင့်ကြံသူတစ်ယောက်နှင့် လက်ထပ်ခြင်းမှာ အရှက်ခွဲလှောင်ပြောင်ရန် ဖြစ်ပေလိမ့်မည်။ ချန်ရီက ငယ်ရွယ်သော်လည်း မောက်မာပြီး ရဲရှင်းချန်ကို အရှက်ခွဲရန်အတွက် ဂုဏ်သိက္ခာကိုပင် စတေးမည့်ပုံရှိနေသည်။ ထိုအချိန်တွင် အခန်းအပြင်သို့ မူလင်း၏မိဘများ ရောက်ရှိလာသောကြောင့် နှစ်ယောက်လုံး ချက်ချင်း ကြိုဆိုလိုက်ကြသည်။ မူတန်းရှီက ကျောင်းတော်သားသဏ္ဍာန် ဝတ်ဆင်ထားကာ ရှည်လျားသော မုတ်ဆိတ်ကို ပိုင်ဆိုင်ထား၏။ ဇနီးဖြစ်သူ ရဲချင်းလီက အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နှစ်ယောက်လုံးထံမှ အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
"ဦးလေးတန်းရှီ အဒေါ်ချင်းလီ"
ရဲရှင်းချန်က ရိုသေလေးစားစွာ ကြိုဆိုခဲ့သည်။
"ရှင်းချန် မင်းရဲ့ ကျင့်ကြံဆင့်က ပြန်လည်ကုသဖို့ ဖြစ်နိုင်လား"
"လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်တော့ ကြာလိမ့်မယ်။ လင်းအာနဲ့ လက်ထပ်ဖို့ကိုတော့ မဖျက်ဘူး ထင်ပါတယ်"
ရဲရှင်းချန်က စိတ်ဓာတ်ကျစွာ ပြောလိုက်၏။
"မင်းက ငါတို့ကို ချန်မျိုးနွယ်လို ထင်နေတာလား"
"မစိုးရိမ်ပါနဲ့။ မင်းကိုယ်ထဲမှာ ရဲမျိုးနွယ်ရဲ့သွေးတွေ စီးဆင်းနေတယ်။ မင်းလို ယုံကြည်ချက်ရှိတဲ့ လူတစ်ယောက်က ပြန်လည်မြင့်တက်လာမှာ သေချာတယ်။ ငါတို့က လင်းအာနဲ့အတူ မင်းရဲ့ နေရက်တွေကို စောင့်ပေးပါ့မယ်"
သို့သော် ထိုလင်မယားက ရယ်မောကာ နွေးနွေးထွေးထွေး အားပေးခဲ့သောကြောင့် ရဲရှင်းချန်သည် သူတို့ကို စိတ်မပျက်စေရန် ကတိပေးခဲ့သည်။
"အဖေ အမေ ချန်ရီရဲ့ လက်ထပ်ပွဲအကြောင်း ကြားပြီးပြီလား"
ထိုအချိန်၌ မူလင်းက ဖြတ်မေးလိုက်ခြင်း ဖြစ်သည်။ မူတန်းရှီက ခေါင်းညိတ်ပြလိုက်ပြီး ချန်မျိုးနွယ်ကို အတားအဆီးတစ်ခုဟု ထင်မြင်နေကာ ရဲချင်းလီအတွက် ချန်ရီသည် ရဲရှင်းချန်ကို လှောင်ပြောင်ရန် ကြိုးစားနေခြင်းဟု မှတ်ယူထား၏။ ထိုဖိတ်စာကို လျစ်လျူရှုထားကာ ကျင့်ကြံခြင်းကို အာရုံစိုက်ရန် ရဲချင်းလီက မှာကြားလိုက်သော်လည်း သူက လက်ထပ်ပွဲတက်ရန်အတွက် ဆုံးဖြတ်ထားသည်။
"ဘာကြောင့်လဲ။ သူတို့က မင်းကို အရှက်ခွဲချင်နေတာ သိသာလွန်းတယ်"
မူလင်းက စိုးရိမ်တကြီး တားမြစ်လိုက်သည်။
"ကျင့်ကြံရေးလမ်းကြောင်းမှာ နောက်တွန့်နေလို့ မဖြစ်ဘူး။ လက်ထပ်ပွဲလေးတစ်ခုကိုတောင် ငါက မသွားရဲရင် ဘယ်လိုရှေ့ဆက်ရမှာလဲ"
"ကြည့်ရတာ ရှင်းချန်မှာ အစီအစဥ် ရှိပုံရတယ်။ ငါတို့ စိုးရိမ်နေစရာ မလိုဘူး"
ရဲရှင်းချန်က အပြုံးတစ်ချက်နှင့် ယုံကြည်မှုရှိစွာပြောလာသောကြောင့် မူတန်းရှီ၏ ချီးကျူးစကားသံ ထွက်ပေါ်လာ၏။ သူက မူလင်းကို မစိုးရိမ်ရန် မှာကြားလိုက်ပြီး အနောက်အရပ်ရှိ သရဲစျေးထံ သွားရောက်ရန် အဖော်ခေါ်ခဲ့သည်။ အကြောင်းအရင်းမှာ လက်ထပ်ပွဲတက်လျှင် လက်ဖွဲ့အဖြစ်ပေးအပ်ရန် လူနှစ်ယောက်စာ ခေါင်းတလားတစ်ခု လိုအပ်နေသောကြောင့်ပင်။
"သမက်လေး လာခဲ့"
ချန်အိမ်တော်တွင် ခေါင်းဆောင်ချန်သည် ယွမ်ရှောင်ကို ရင်းရင်းနှီးနှီး ခေါ်ဆိုနေသောကြောင့် သူ၏စိတ်ထဲတွင် ဤသားအဖ၏ အကြံအစည်ထဲ ရောက်သွားကြောင်း ခံစားနေရသည်။ ခေါင်းဆောင်ချန်အနားတွင် လူနှစ်ယောက်ရှိနေပြီး တစ်ယောက်မှာ လန့်ကော်ဖြစ်ကာ ကျန်တစ်ယောက်သည် တာအိုဆရာတစ်ယောက်နှင့် ဆင်တူပြီး သားမြီးယပ်ကို ကိုင်ထားကာ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၍ ဉာဏ်ပညာကြီးမားသော အင်မော်တယ်တစ်ပါးအလားပင်။ သူက မဟာတာအိုအိမ်တော်မှ ကျောက်ရွှမ်ကျန်းဖြစ်ကာ ရတနာနန်းတော်၏ ဧည့်သည်တစ်ယောက်ဖြစ်ပြီး ကောင်းကင်နယ်မြေတွင် နည်းပါးသော နဂါးငွေ့တန်းအဆင့် ဆေးဆရာတစ်ယောက်ဖြစ်ကြောင်း ခေါင်းဆောင်ချန်မှ မိတ်ဆက်ပေးလာခဲ့သည်။ မဟာတာအိုအိမ်တော်နှင့် ရတနာနန်းတော်၏ အဆက်အသွယ်ရှိနေသည့်အပြင် အစွမ်းထက် ဆေးဆရာတစ်ယောက် ဖြစ်နေသောကြောင့် ယွမ်ရှောင်သည် တစ်ဖက်လူမှာ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်သည်။
"လန့်ကော်ကိုတော့ မင်းသိမယ် ထင်ပါတယ်"
"ဟုတ်ပါတယ်။ ကျုပ်တို့နှစ်ယောက်လုံးမှာ ရတနာနန်းတော်ရဲ့ ဘောက်ချာတွေရှိတယ်။ ဒါပေမယ့် ဒီကောင်က သူငယ်ချင်းထက် အချစ်ကို ရွေးချယ်သွားတယ်"
လန့်ကော်က စနောက်လိုက်ခြင်း ဖြစ်သည်။
"တွေ့ရတာ ဂုဏ်ယူပါတယ် ဦးလေးကျောက်"
"မိတ်ဆွေလေး ငါ့ကို အမြင်ကျယ်သွားအောင် မင်းရဲ့ ဓားဝိညာဥ် ပြစမ်းပါဦး"
"နေဦး။ ဧည့်သည်တွေ အကုန်လုံးရောက်လာမှ ကြည့်ရမယ်"
ယွမ်ရှောင်က ရိုသေစွာ မိတ်ဆက်လိုက်သောအခါ ကျောက်ရွှမ်ကျန်းသည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း တောင်းဆိုလိုက်သော်လည်း ခေါင်းဆောင်ချန်၏ တားမြစ်ခြင်းခံလိုက်ရသည်။
"နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မျက်နှာကို ထောက်ထားပြီး အထူးအခွင့်အရေး ပေးလို့ မရဘူးလားဟ"
"မရဘူး"
"မင်းရဲ့သမီးဆိုးလေး လက်ထပ်တော့မှာဆိုတော့ မောက်မာနိုင်ပြီပေါ့။ မင်းက ငါ့ကို အထင်သေးတာလား"
"ငါ့သမီးက မင်းရဲ့ မသိတတ်တဲ့ သားမိုက်ထက်တော့ ကောင်းတယ်ကွ"
လူအိုကြီးနှစ်ယောက်က မိတ်ဆွေကောင်းများပီပီ လူငယ်များအလား ငြင်းခုံရန်ဖြစ်နေကြသည်။
"ချန်ချန်းဆီကနေ မင်းအကြောင်း ကြားထားတယ်။ ဒါပေမယ့် ဒီအဘိုးကြီးက သူ့သမီးကိုသုံးပြီး ငါ့အရင် မင်းကို တွေ့သွားတယ်၊ နှမြောစရာပဲ"
ထို့နောက် ကျောက်ရွှမ်ချန်းသည် ယွမ်ရှောင်ဘက်လှည့်ကာ သက်ပြင်းချ၍ ပြောလိုက်ပြီး တီးတိုးမှာကြားခဲ့သည်။
"တကယ်လို့ ချန်မျိုးနွယ်က မင်းကို ကောင်းကောင်းမဆက်ဆံရင် ရတနာနန်းတော်မှာ ငါ့ကို လာရှာ"
ချန်ချန်ဆိုသော အမည်က ပိုက်ဆံဟူ၍ အဓိပ္ပါယ်ရသောကြောင့် ယွမ်ရှောင်၏ စိတ်အတွင်း ဆိုင်ရှင်ချန်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
"ဟိုအလှလေးသုံးယောက်ဆီကိုရော ဖိတ်စာပို့လိုက်သေးလား။ သူတို့က သိုသိုသိပ်သိပ်နေပေမယ့် ဒီကလေးက ဓားဧကရာဇ်တစ်ယောက်ဆိုတော့ ကွဲပြားတယ်"
"ဖိတ်စာတွေ အကုန်ပို့ထားတယ်"
"သူတို့လာမယ်လို့ ထင်လား"
ကျောက်ရွှမ်ကျန်းက မျက်ခုံးတစ်ချက်ပင့်၍ မေးလိုက်ပြီး ကောင်းကင်နယ်မြေတွင် ယွမ်ရှောင်၏ ဓားဝိညာဥ်အကြောင်း များစွာမသိထားကြပေ။
"ရဲမျိုးနွယ်နဲ့ ရန်ငြှိုးရှိနေတယ်ဆိုတော့ မူတန်းရှီနဲ့ ရဲချင်းလီ ရောက်လာရင် သူတို့လာမှာ မဟုတ်ဘူး"
"တကယ်လို့ သူတို့သာ ရောက်လာရင် ပွဲကတော့ ကြည့်ကောင်းပြီ"
လူအိုကြီးနှစ်ယောက်က အောင်နိုင်သူများအလား ကျေနပ်စွာ ရယ်မောလိုက်ကြသည်။ ထို့နောက် ရဲရှင်းချန် အားနည်းသွားခြင်းကို ယုံကြည်သလားဟု ကျောက်ရွှမ်ကျန်းက မေးလာခဲ့သည်။ သို့သော် ခေါင်းဆောင်ချန်က ယွမ်ရှောင်ထံ တစ်ချက်ကြည့်ကာ ထိုကိစ္စမှာ အရေးမကြီးကြောင်း ဖြေလိုက်၏။ ထို့နောက် သူက ကျောက်ရွှမ်ကျန်းကို ပခုံးဖက်၍ ဆွဲခေါ်သွားကာ ဧည့်သည်များကို ကြိုဆိုရန် ထွက်ခွာသွားလေသည်။