ဖိတ်ခေါ်မထားသော ဧည့်သည်များ
Vol. 11 Ch. 135
ယွမ်ရှောင် ဝင်လာသောအခါ အမျိုးသားများ၏ တုံ့ပြန်မှုက များစွာ မကွဲပြားကြသော်လည်း အမျိုးသမီး အများအပြား၏ မျက်လုံးများမှာ စိတ်ဝင်စားမှုကြောင့် တောက်ပလာကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။
"ရိုးရိုးသားသား ပြောရရင် သူက ရိုးရာဝန်ကြီး ငယ်ငယ်ကထက်တောင် ပိုချောတယ်"
"လုံးဝ မှန်တယ်"
အများက ထိုအချက်ကို မျှဝေကြသဖြင့် ကြားသွားနိုင်လောက်သော ဟန်ကျင်းလီပင် စိတ်ဆိုးရန် မဖြစ်နိုင်ချေ။
"ချန်မျိုးနွယ်ရဲ့ သားမက်က ချောမောပြီး တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ။ တစ်နေ့ကျရင် ငါ့ဌာနကို အကြံပြုပြီး အင်မော်တယ်ပြည်ထောင်ရဲ့ မျက်နှာစာအဖြစ် တာဝန်ထမ်းဆောင်ဖို့ အလုပ်ပေးရမယ်"
ဟန်ကျင်းလီက ရိုးရိုးရှင်းရှင်း မှတ်ချက်ပေးသည်။
"ယွမ်ရှောင်ကိုယ်စား ဝန်ကြီးဟန်ရဲ့ တန်ဖိုးထားမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူက ချန်မျိုးနွယ်ဝင် ဖြစ်သွားပြီဆိုတော့ ငါ့အစ်ကိုကြီးက ကိုးကောင်းကင်တပ်မတော်မှာ အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်ပေးလိမ့်မယ်"
ချန်လင်းက တစ်ချက်ပြုံး၍ ကန့်ကွက်လိုက်ခြင်းဖြစ်၏။
"ဒါပေါ့။တကယ်လို့ သူက အလင်းစက်ကွင်းအဆင့် ဓားဝိညာဉ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင်ပေါ့"
ဟန်ကျင်းလီက ဟန်ဆောင်အပြုံးနှင့် ပြောလာသောအခါ ချန်ကျောက်သည် စိတ်ဆိုးလွန်း၍ လည်ချောင်းထဲ၌ တစ်ခုခု တစ်ဆို့သွားသယောင် ဖြစ်သွားသည်။ ဘိုးဘေးကျောင်းတော်တွင် ဟန်မျိုးနွယ်ကို ရဲတော်ဝင်မိသားစု၏ လက်အောက်ခံအဖြစ် သိထားကြပြီး အမြဲတမ်း ရှေ့ဆုံးမှ ဦးဆောင်နေကြသောကြောင့် ချန်မျိုးနွယ်နှင့် ရန်သူများ ဖြစ်ကြ၏။ ယွမ်ရှောင်ကို အစွမ်းထက် ဓားဝိညာဉ် ပိုင်ဆိုင်သည်ဟု အမြဲတမ်း ချီးမွမ်းနေခြင်းသည် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် သက်သက်ဖြစ်ပြီး မည်သည့် အရည်အချင်းမျိုးကိုမှ ပိုင်ဆိုင်သည်ဟု မယုံကြည်သည်မှာ ထင်ရှားပေ၏။
ထိုအချိန်တွင် ယွမ်ရှောင်နှင့် ချန်ရီသည် ကိုးကောင်းကင်စစ်တပ်၏ အမြင့်မြတ်ဆုံး စစ်သူကြီး ချန်ရှောင်ရှေ့တွင် ရပ်နေကြကာ အင်မော်တယ်ပြည်ထောင်မှ လူအုပ်ကြီးက စိုက်ကြည့်ရင်း ဆွေးနွေးမှုများဖြင့် ဆူညံနေကြသည်။
အခမ်းအနားမှူးက မင်္ဂလာအခမ်းအနားစတင်ကြောင်း ကြေညာရန် ပြင်ဆင်နေစဉ် ချန်ရှောင်က ယွမ်ရှောင်ကို ရုတ်တရက်စိုက်ကြည့်လိုက်ပြီး ပီသစွာပြောလိုက်သောကြောင့် ခန်းမတစ်ခွင် ပဲ့တင်ထပ်သွား၏။
"သားမက်! ငါတို့ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တွေကို မင်းရဲ့ ဓားဝိညာဉ် ပြလိုက်စမ်း"
ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားကာ ရိုးရာဝန်ကြီး ဟန်ကျင်းလီပင် လက်ဖက်ရည်ခွက်ကို ချကာ အေးစက်စက်မျက်နှာထားဖြင့် စောင့်ကြည့်နေခဲ့၏။
"အစ်ကိုနှစ်က ဘာလုပ်ချင်နေတာလဲ"
ချန်မိုက အံ့အားသင့်စွာ မေးလိုက်သကဲ့သို့ချန်ကျောက်နှင့် ချန်လင်သည်လည်း စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် ရှိနေကြသည်။ မင်္ဂလာအခမ်းအနားကျင်းပရန် အချိန်ဖြစ်သော်လည်း ဓားဝိညာဥ်ကို ပြသခြင်းမှာ ထူးဆန်းနေသဖြင့် အချိန်ခဏအတွင်း လက်ထပ်ပွဲတက်ရောက်လာသူ ထောင်ပေါင်းများစွာ၏ အာရုံစူးစိုက်မှုကို စုပြုံဖမ်းစားနိုင်လိုက်သည်။
"ဟုတ်ကဲ့"
ယွမ်ရှောင်က ခေါင်းညိတ်၍ ကောင်းကင်နယ်မြေနှင့် အင်မော်တယ်ပြည်ထောင်၏ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို မျက်နှာမူကာလက်ဖဝါးအတွင်းမှ အပြာရောင် ဓားစိတ်ဝိညာဉ်အား ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ ၎င်းသည် အပြာရောင်ရင့်ရင့် တောက်ပနေပြီး ရေ၊ မီး၊ လေနှင့် မိုးကြိုး ဒြပ်စင်လေးပါး ဓားစက်ကွင်းများက ဝန်းရံ၍ နဂါးများကဲ့သို့ ဓားကို ရစ်ပတ်ထားသည်။ ရေလှိုင်းများ၊ မီးတောက်များ၊ မုန်တိုင်းများနှင့် မိုးကြိုးများ ထွက်ပေါ်နေသည့် ဤဓားဝိညာဥ်သည် အေးစက်၍ အစွမ်းထက်သော အရှိန်အဝါ ထုတ်လွှတ်ကာ အားလုံး၏အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ဓားအော်ရာတစ်ရာသည် ကောင်းကင်နယ်မြေမှ ကျင့်ကြံသူများအတွက် မထူးခြားသော်လည်း ဓားစက်ကွင်းလေးခုက အံ့သြစရာပင်
"နဂါးငွေ့တန်းအဆင့်ဓားဝိညာဥ်၊ သူက ဓားဧကရာဇ်လား"
အင်မော််တယ်ပြည်ထောင်၏ ကောင်းကင်နယ်မြေ၌ပင် ဤအဆင့် ဓားဝိညာဥ်မျိုးက ရှားပါးသောကြောင့် ထောင်ပေါင်းများစွာသော မျက်လုံးများသည် ကောင်းကင်သင်္ချိုင်းဓားဝိညာဉ်ကို အတန်ကြာ စိုက်ကြည့်နေမိကြပြီး ယွမ်ရှောင်အပေါ် သဘောထားပြောင်းလဲသွားကြ၏။ ချန်ရှောင်သည် သူ၏ သားမက်ကို နှိမ့်နှိမ့်ချချနေထိုင်ရန် မလိုလားသောကြောင့် လူတိုင်း၏မျက်လုံးရှေ့မှောက်တွင် ဓားဝိညာဥ်ကို ထုတ်ဖော်ပြသစေသည်။
"ချန်မျိုးနွယ်က တကယ်ကို လေးလေးနက်နက်လုပ်နေပြီ"
"ငါတို့ မှားသွားတယ်။ အမြင်ကျဉ်းခဲ့မိတာပဲ"
ဧည့်သည်များအကြားတွင် ကိုယ့်ကိုကိုယ် ရှက်ရွံ့သော အကြည့်များနှင့် အားနာသော အပြုံးများ ဖြစ်ပေါ်နေကြသော်လည်း တက်ရောက်လာသူ အားလုံး၌ ဟန်ကျင်းလီထက် မသက်မသာဖြစ်နေသူ မရှိပေ။
"နဂါးငွေ့တန်းအဆင့်လား"
သူက ဓားဝိညာဥ်ကို စိုက်ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့၏။
"ဂုဏ်သရေရှိဧည့်သည်တော် ဝန်ကြီးဟန်က ထက်ရှတဲ့ အမြင်အာရုံရှိလို့ ဓားဝိညာဉ် အဆင့်ကို တိတိကျကျ ခန့်မှန်းနိုင်လိုက်တာပဲ"
"ဝန်ကြီးဟန် မင်း မမှားဘူး။ တကယ့်ကိုအံ့မခန်းပဲ"
"နဂါးငွေ့တန်း အဆင့်က သိပ်အရေးပါတာ မဟုတ်ပါဘူး။ ဝန်ကြီးဟန်ရဲ့ ချီးကျူးစကားကို ရလောက်အောင် မထိုက်တန်ပါဘူး"
ချန်မောင်နှမသုံးယောက်သည် ဤမြင်ကွင်းကြောင့် မင်သက်သွားကြပြီး ဖုံးကွယ်ထားသည့်အတွက် ချန်ရှောင်ကို စိတ်ထဲမှ မကျေနပ်ကြသော်လည်း ဟန်ကျင်းလီကို တစ်ယောက်တပေါက် စကားဖြင့်ထိုးနှက်လိုက်ကြသည်။ သူတို့အတွက် မျက်နှာမပျက်စေရန် ထိန်းချုပ်ထားရသော တစ်ဖက်လူ၏အဖြစ်က ကျေနပ်စရာပင်။ဓားဧကရာဇ်တစ်ယောက်သည် ဟန်ကျင်းလီ၏ချီးကျူးစကားထက် များစွာ သာလွန်သော အဆင့်တစ်ခု၌ ရှိနေသောကြောင့်ဖြစ်သည်။
"ဒီလူငယ်လေးက ရှေးဟောင်းဓားနယ်မြေ ပြိုလဲပြီးကတည်းက ပထမဆုံး ဓားဧကရာဇ်ပဲ။ ချန်မျိုးနွယ်ကို ဂုဏ်ပြုပါတယ်။ ဒီလို ကံကြမ္မာ အပြောင်းအလဲတွေနဲ့ မင်းတို့က ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်တန်းမျိုးနွယ် ဖြစ်ဖို့ လမ်းကြောင်းပေါ် ရောက်နေပြီ"
ဟန်ကျင်းလီက ဟန်ဆောင်ပြုံးထားရသော်လည်း စိတ်ထဲမှမပါသော အနေအထားဖြင့် ချီးကျူးစကားဆိုနေရသည်။ ထို့အပြင် ဧည့်သည်များ အကြားတွင် တီးတိုးစကားသံများ ဆူဆူညံညံထွက်ပေါ်လာ၏။
"ရဲတော်ဝင်မိသားစုရဲ့ အနာဂတ်ပါရမီရှင်က နောက်တစ်ကြိမ် ချို့ယွင်းသွားပြီး ချန်မျိုးနွယ်အတွက်တော့ ကြယ်နှစ်ပွင့်က ထွန်းတောက်လာခဲ့တယ်"
"အခြေအနေတွေ ပြောင်းလဲနေပြီ"
"လွန်ခဲ့တဲ့ တစ်နှစ်က ရဲရှင်းချန်က လက်စားချေဖို့ ချန်ရီကို ကျော်တက်နိုင်ခဲ့ပေမယ့် ဒီဇာတ်လမ်းမှာ အလှည့်အပြောင်းတွေ ဒီလောက်များနေမယ်လို့ ဘယ်သူကများ ထင်ခဲ့မှာလဲ"
"အခု မင်္ဂလာပွဲကို ကျင်းပပြီး အင်မော်တယ်ပြည်ထောင်ရဲ့ ထိပ်တန်း ဓားသမားကို သူတို့ရဲ့ မျိုးနွယ်ထဲ ဆွဲသွင်းလိုက်တာလား။ ခေါင်းဆောင်ချန် ရဲ့ ဒီရွှေ့ကွက်က တကယ့်ကို လက်ဖျားခါလောက်ပါပေတယ်"
အချိန်တိုအတွင်း ယွမ်ရှောင်က လက်ထပ်ပွဲသို့ ရောက်ရှိလာရုံဖြင့် ကောင်းကင်ဘုံနယ်မြေ၏ ပြောစရာ ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။ ချန်ရီက ချီးကျူးလေးစားနေသော ဧည့်သည်များကို ကြည့်ရင်း ကျေနပ်မှုကို ခံစားလိုက်ရကာ ယွမ်ရှောင်၏ပါရမီသည် သူမအပေါ် အများအမြင်ကို ပြောင်းလဲပေးခဲ့သည်။
"ဧည့်သည်တော်တို့ သတို့သားနဲ့ သတို့သမီးကို မိတ်ဆက်ခဲ့ပါတယ်။ အခု ပထမ..."
အခမ်းအနားမှုးက တစ်ချက်ပြုံး၍ ကြေညာလိုက်သော်လည်း ယွမ်ရှောင်နှင့် ချန်ရီ၏ ရှေ့မှောက်သို့ အပြာရောင်တောက်ပသော အရာတစ်ခု ရုတ်တရက် ပြုတ်ကျလာသောကြောင့် စကားစ ပြတ်တောက်သွားခဲ့သည်။
"ဘာဖြစ်တာလဲ"
လူအုပ်ကြီးက အံ့အားသင့်စွာ အော်လိုက်မိပြီး စစ်ဆေးလိုက်သောအခါ လူနှစ်ယောက်ဆံ့လောက်သော ကြီးမားသည့် သလင်းကျောက် အခေါင်းတစ်ခုဖြစ်နေခဲ့၏။
"ဘယ်သူက ဒီလောက် ရဲတင်းရတာလဲ"
ချန်မျိုးနွယ်၏ ခမ်းနားသော လက်ထပ်ပွဲအတွင်း အခေါင်းတစ်ခု ပစ်သွင်းလိုက်ခြင်းသည် အဆုံးစွန်သော အရှက်ခွဲမှုဖြစ်သောကြောင့် သူတို့အားလုံးကို ရင်ထိတ်သွားစေသည်။
"ချန်မျိုးနွယ်ကို ဂုဏ်ပြုပါတယ်။ မဟာကျောင်းတော်ရဲ့ နိမ့်ကျတဲ့ ကျောင်းသား ရဲရှင်းချန်က ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာပါတယ်။ လက်ဖွဲ့အနေနဲ့ လူနှစ်ယောက်စာ အခေါင်းတစ်ခုယူလာပါတယ်"
ကြည်လင်သော စကားသံတစ်ခုနှင့် အဖြူရောင်ဝတ် လူငယ်တစ်ဦးက အေးအေးဆေးဆေးဝင်ရောက်လာကာ လူတိုင်း၏အကြည့်အောက်တွင် ယုံကြည်မှုရှိရှိဖြင့် ရပ်လိုက်သည်။ ရင်းနှီးသော မြင်ကွင်းတစ်ခုက လူတိုင်း၏ နှလုံးသားထဲတွင် အရိပ်လွှမ်းမိုးသွားခဲ့ကာ ရဲရှင်းချန်သည် ထွက်ပေါ်လာရန် မသင့်သော အချိန်များ၌ ရောက်ရှိလာတတ်သော ပါရမီတစ်ခု ပိုင်ဆိုင်ထားသည်။ လူအုပ်ကြီးက သူနှင့် နှစ်ဆအရွယ် အခေါင်းကို တစ်လှည့်စီ ကြည့်နေရင်း ရဲတင်းမောက်မာလွန်းသည်ဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်ကြသည်။ ကောင်းကင်နယ်မြေ၌ လေးစားထိုက်သော ချန်အိမ်တော်သို့ အင်မော်တယ်ပြည်ထောင်၏ကျင့်ကြံသူများစွာ တက်ရောက်နေကြသည့် မင်္ဂလာပွဲသို့ အခေါင်းတစ်ခု ယူလာခြင်းမှာ တော်ရုံသတ္တိမဟုတ်ချေ။
"ပျော်ရွှင်တဲ့ စုံတွဲကို တစ်သက်လုံး အတူနေ အတူသေဖို့ ဆုတောင်းရင်း ဒီအခေါင်းကို ငါ့ရဲ့ လက်ဖွဲ့အဖြစ် ပေးအပ်လိုက်ပါတယ်။ မင်းတို့က အင်မော်တယ်တွေအဖြစ် အသက်ရှင်ပြီး ခွဲခွါလို့မရတဲ့ ဝိညာဉ်တွေအဖြစ် သေဆုံးကြပါစေ။ ဘဝပေါင်းများစွာ လက်တွဲပြီး ဘယ်တော့မှ မကွဲကြပါစေနဲ့"
ရဲရှင်းချန်က ဟန်ဆောင်ဆုမွန်ကောင်း တောင်းပေးလိုက်သောအခါ ချန်မျိုးနွယ်ဝင်တိုင်း နေရာမှ ထရပ်လိုက်ကြပြီးမျက်လုံးများ တောက်လောင်နေကာ လက်သီးဆုပ် အံကြိတ်၍ မျက်နှာပျက်ကုန်ကြသည်။
ထိုအချိန်တွင် မူတန်းရှီး၊ ရဲချင်လီ၊ အပြာရောင်ဖျော့ဖျော့ ဝတ်ရုံနှင့် လှပသော အမျိုးသမီးငယ်တစ်ဦးက ရဲရှင်းချန်အနောက်တွင် ထွက်ပေါ်လာကြသည်။ ချန်ရီ၏ မျက်နှာကို အနီရောင်ပဝါနဲ့ ဖုံးအုပ်ထားသောကြောင့် သူမက အာရုံစိုက်စရာဖြစ်လာပြီး သူ၏လက်မောင်းကို တွဲထားသောကြောင့် မဟာကျောင်းတော်၏ ထောက်ခံမှုမှာ ပြတ်သားထင်ရှားနေသဖြင့်ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဤမင်္ဂလာပွဲက နှောင့်ယှက်ခံရရုံသာမက အရှက်ခွဲရန်အတွက် ရွှံ့ဖြင့် ပစ်ပေါက်နေသကဲ့သို့ပင်။
"ရဲရှင်းချန် မင်း စည်းကျော်သွားပြီ"
ချန်မို၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေခဲ့သည်။
"ငါက ရိုးရိုးသားသား ဆုမွန်ကောင်းတောင်းပေးနေတာပါ။ ချန်ရီက နောက်ဆုံးတော့ သူမနဲ့ ထိုက်တန်တဲ့သူကို တွေ့သွားပြီ။ သူက ဓားဧကရာဇ်လို့ ငါကြားတယ်။ ငါ့ထက် အများကြီး ပိုကောင်းတာပေါ့"
ရဲရှင်းချန်က အပြုံးတစ်ချက်နှင့် ရေရွတ်ကာ မူလင်း၏ခါးကို ဆွဲဖက်၍ နေရာယူရန် ပြင်ဆင်လိုက်သည်။
"ရပ်စမ်း ရဲရှင်းချန်၊ မင်းနဲ့ ငါ့ရဲ့ ချစ်လှစွာသော ချန်ရီကြားက ရန်ငြိုးကို သိထားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က မင်းက သူမကို အရှက်ခွဲပြီးသားမဟုတ်လား။ ဒီနေ့ ဘာလို့ သူမကို နှောင့်ယှက်ဖို့ ရောက်လာတာလဲ"
အော်သံတစ်ခုကြောင့် လူတိုင်းက ရဲရှင်းချန်ထံ ဒေါသတကြီး လျှောက်လာသော ယွမ်ရှောင်ကို လှည့်ကြည့်လိုက်ကြသည်။
" မိတ်ဆွေ၊ မင်း အထင်လွဲနေပြီ၊ ဒီအခေါင်းက ဈေးကြီးတယ်။ သတို့သားတိုင်းက ကောင်းမွန်တဲ့ အခေါင်းကို ရသင့်တယ်လို့ ဆိုရိုးရှိတယ်။ ဒီတစ်ခုက မင်းအတွက် အတိအကျ ပြုလုပ်ထားတာ"
"တိတ်စမ်း မင်းရဲ့ သွေးကြောတွေက ပြတ်တောက်သွားလို့ အသုံးမကျတဲ့လူ ဖြစ်နေပြီ။ ဒါပေမယ့် မဟာကျောင်းတော်က မင်းကို ကာကွယ်ပေးနေလို့ ချန်အိမ်တော်ကို အရှက်ခွဲဖို့ ရောက်လာရဲတာလား"
"ဟုတ်တယ်၊ ဘာဖြစ်လဲ"
လက်ထပ်ပွဲကို ဖျက်ဆီးလိုသော ရဲရှင်းချန်က ထီမထင်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
""မင်းက ငါ့ကို မထီမဲ့မြင်ပြုတယ်၊ ငါ့ရဲ့ ဇနီးကို စော်ကားတယ်၊ ချန်မျိုးနွယ်ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေတယ်။ ငါ့လို ပါရမီရှင်တစ်ယောက်က မင်းလို အသုံးမကျတဲ့သူကို မောက်မာခွင့်ပေးမယ်လို့ ထင်နေတာလား"
ယွမ်ရှောင်၏မျက်နှာထက်တွင် အကြောင်းအရင်းမသိရသော ခပ်ညစ်ညစ် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
"မင်းက တကယ်ကို ဓားဧကရာဇ်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်တယ်။ ငါတောင် ကြောက်မိသွားတယ်"
"ရှင်းချန်၊ လက်ဆောင်က ပေးပြီးသွားပြီ။ ဒီမှာ ဆက်နေဖို့ မလိုဘူး။ သွားကြရအောင်"
မူတန်းရှီက ဝင်ပြောလိုက်လိုက်ခြင်းဖြစ်သည်။
"ရှင်းချန် လူမိုက်တွေနဲ့ စကားပြောရင်း အချိန်ဖြုန်းမနေနဲ့"
မူလင်ရီက တီးတိုးပြောလိုက်ပြီး ရဲချင်လီသည်လည်း တိုက်တွန်းလိုက်ပြန်၏။
"သွားကြရအောင်။ ဒီနေ့ မင်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါ။ ငါတို့ရှိနေရင် သူတို့ မတားဆီးနိုင်ပါဘူး"
"ရဲရှင်းချန် ဒီနေ့က ငါ့အတွက် ပျော်ရွှင်စရာနေ့ပဲ။ မင်းရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် ဒီလက်ထပ်ပွဲကို သွေးစွန်းစေမှာ မဟုတ်ဘူး။ တစ်လအတွင်း တိုက်ခိုက်ဖို့ မင်းကို ငါ စိန်ခေါ်တယ်။ မင်းရှုံးရင် ချန်အိမ်တော်ရှေ့မှာ သုံးရက် ဒူးထောက်ပြီး ဦးညွှတ်ရမယ်"
ယွမ်ရှောင်က ဒေါသအလွန်အမင်းထွက်နေဟန်ဖြင့် တစ်ဖက်လူကို လက်ညှိုးထိုးကာ စိန်ခေါ်ခဲ့သည်။
"တစ်လလား၊ တိုက်ခိုက်တာပေါ့။ မင်းရှုံးရင်ရော"
"ငါ့ဓားကို ဖျက်ဆီးပြီး သတ်သေလိုက်မယ်"
"ယွမ်ရှောင်၊ တစ်လ မစောင့်နဲ့။ ဒီနေ့ပဲ အနိုင်ယူပစ်လိုက်။ သူ့ကို အခွင့်အရေး မပေးနဲ့"
ချန်မိုက အလောတကြီး ဖြတ်ပြောလာခဲ့သဖြင့် ယွမ်ရှောင်က နားလည်ကြောင်း ခေါင်းညိတ်ကာ စိန်ခေါ်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်၏။
"မင်းက ဒီနေ့ ငါ့ကို စော်ကားတယ်။ အခု ဖြေရှင်းရမယ်၊ မဟာကျောင်းတော်ရဲ့ ထိပ်တန်း တပည့်အနေနဲ့ ငါ့ရဲ့ စိန်ခေါ်မှုကို မင်း လက်ခံရဲလား"
မူတန်းရှီနှင့်ရဲချင်လီသည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်ကြသော်လည်း ရဲရှင်းချန်က မူလင်း၏လက်ကို လွှတ်ကာ ဂရုမစိုက်ဟန်ဖြင့် လက်ခံလိုက်သည်။
"ဘယ်မှာ ယှဉ်ပြိုင်ကြမလဲ"
"ဒီနေရာမှာပဲ။ မင်းကို အဆုံးသတ်ပြီးရင် အဲဒီအခေါင်းထဲ ပစ်ထည့်ပြီး ကိုယ့်လမ်းကို လျှောက်ခိုင်းလိုက်မယ်"
"ကောင်းပြီလေ"
ယွမ်ရှောင်၏ စိန်ခေါ်မှုကို ရဲရှင်းချန်က သဘောတူလိုက်သောအခါ ဧည့်သည် ထောင်ပေါင်းများစွာကို အံ့သြသွားစေခဲ့သည်။
"ချန်ရီရဲ့ စေ့စပ်ထားသူအနေနဲ့ ယွမ်ရှောင်က အရှုံးပေးလိုက်ရင် သူ့ခေါင်းကို ဘယ်လိုမော့ထားနိုင်မလဲ"
"ဒါပေမယ့် ရဲရှင်းချန် သဘောတူလိုက်တာကို ငါ မယုံနိုင်ဘူး။ သူ့ရဲ့ သွေးကြောတွေက ပြတ်တောက်သွားပြီ။ သူက ဘာကို အားကိုးနေတာလဲ"
"ရဲရှင်းချန်က ကိုယ့်ကိုကိုယ် မဟာကျောင်းတော် နဂါးအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတုန်းလို့ ထင်နေတာလား။ သူက ဓားဧကရာဇ်ဆိုတဲ့ အဓိပ္ပါယ်ကိုရော သိရဲ့လား"
"ဘယ်လိုပဲ ကြည့်ကြည့် ယွမ်ရှောင်က ချက်ချင်း ယှဉ်ပြိုင်ဖို့ တောင်းဆိုမှာပဲ။ ရဲရှင်းချန်ရဲ့ ခွန်အားက ဒီနေ့ အားအနည်းဆုံးဖြစ်နေတာ ထင်ရှားတယ်"
အခြေအနေက လွန်ကဲသော အရှက်ကွဲမှုအထိ ရောက်ရှိလာသောကြောင့် သွေးထွက်သံယိုမရှိဘဲ ဖြေရှင်းရန်မဖြစ်နိုင်ချေ။ ချန်သားအဖသည် တစ်ချိန်လုံး တိတ်ဆိတ်နေသကဲ့သို့ အင်မော်တယ်ပြည်ထောင်၏ ထိပ်တန်းကျင့်ကြံသူများကလည်း ဤပြပွဲကို ဝင်ရောက်မစွက်ဖက်ဘဲ စောင့်ကြည့်နေကြလေသည်။