အစွမ်းထက်ဓားချက်
Vol. 11 Ch. 136
ချန်ရှောင်က တိုက်ခိုက်ရန် စကားစလိုက်သည်နှင့် ချန်မျိုးနွယ်၏ ခန်းမကြီးအတွင်းရှိ လေထုသည် တိတ်ဆိတ်သွားခဲ့သည်။ ရဲရှင်းချန်နှင့် ယွမ်ရှောင်၊ တစ်ယောက်က မဟာကျောင်းတော်နှင့် ရဲတော်ဝင်မိသားစုကို ကိုယ်စားပြုပြီး နောက်တစ်ယောက်မှာ ချန်မျိုးနွယ်နှင့် ကိုးကောင်းကင်တပ်မတော်ကို ကိုယ်စားပြုသည်။ လွန်ခဲ့သော တစ်နှစ်တွင် ချန်ရီက အပြင်းအထန် ရှုံးနိမ့်ခဲ့ပြီး ရဲရှင်းချန်က ထိုးတက်လာကာ ယခု မင်္ဂလာပွဲကို အရှက်ခွဲမှုအဖြစ် ပြောင်းလဲလိုက်သောအခါ ဆက်ဆံရေးသည် ဆီနှင့်ရေ တစောင်းစေးနှင့်မျက်ချေးပမာ ခါးသီးလာခဲ့သည်။
ခန်းမကြီးအတွင်းတွင် တိုက်ပွဲဖြစ်ပွားတော့မည်ကို သိလိုက်ရသော ဧည့်သည်များသည် တိုက်ပွဲအတွက် နေရာပေးရန် ထိုင်ခုံများကို အလိုအလျောက် ဖယ်ရှားလိုက်ကြ၏။ အလယ်ဗဟို၌ လူငယ်နှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြပြီး တစ်ဦးက ဒေါသတကြီး ဖြစ်နေကာ ကျန်တစ်ဦးမှာ တည်ငြိမ်စွာရှိနေခဲ့သည်။
"ငါသိရသလောက်တော့ ချန်ရီနဲ့ဒီဓားသမား လက်ထပ်တာက ကောလဟာလတွေထွက်နေသလို မင်းကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ဘူး"
ကြယ်အမှတ်အသားထံမှ အဘိုးအို၏စကားသံက ရဲရှင်းချန်၏စိတ်အတွင်း ထွက်ပေါ်လာခြင်းပင်။
ရဲရှင်းချန်က ချန်ရီကို တစ်ချက်ကြည့်ကာ မောက်မာစွာ ပြန်ဖြေသည်။
"သူမက ကျုပ်နဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပြီး နောက်တစ်ယောက်နဲ့ လက်ထပ်နိုင်မယ်လို့ ထင်နေတာလား။ သူမကို မသတ်ဘူး၊ ဒါပေမယ့် သူမရွေးချယ်တဲ့ ယောက်ျားတိုင်းကို သတ်ပစ်မယ်"
"မင်းက တကယ်ကို အဖေတူသားပဲ။ မင်းမိသားစုနဲ့ ပြဿနာဖြစ်ထားတဲ့လူတွေက နောင်တတွေ ဘဝပေါင်းများစွာ ရနေလောက်တယ်"
"အဖေက ဘယ်လိုလူမျိုးလဲ"
ရဲရှင်းချန်၏ မျက်လုံးများတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေကာ ဘဝ၏ ရည်မှန်းချက်အဖြစ် သူ၏မိသားစုကို ကာကွယ်ရန်ပင်။
"နည်းနည်းလေး စော်ကားခံရရုံနဲ့ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်တဲ့လူ"
အဘိုးအိုက ခေါင်းကုတ်ရင်း သတိရနေပုံဖြင့် ဖြေလိုက်သည်။
"ဒါပေါ့။ ကျုပ်ကို နည်းနည်းလေး စော်ကားတာနဲ့ မျိုးဆက်တစ်ခုလုံး ဖျက်ဆီးပစ်မယ်။ဒီကြယ်စွမ်းအားကို အပြည့်အဝ စုပ်ယူပြီးတာနဲ့ ချန်မျိုးနွယ်က ယင်တစ်ကောင်တောင် အသက်မရှင်စေရဘူး။ မင်္ဂလာပွဲကို ဖျက်သိမ်းတဲ့အတွက် ရလဒ်က သေခြင်းပဲ "
"မင်းရဲ့ စိတ်က မင်းအဖေထက်တောင် ကြမ်းတမ်းနေပါလား"
အဘိုးအိုက မှတ်ချက်ပေးခဲ့သည်။
ရဲရှင်းချန်၏ အကြည့်က ထက်ရှလာပြီး တီးတိုးစုံစမ်းခဲ့သည်။
"အဘိုး နဂါးငွေ့တန်းအဆင့် ဓားဝိညာဥ်က ဘယ်လောက်အစွမ်းထက်လဲ"
"မင်း ကြောက်နေတာလား"
"ရန်သူတွေက ကျုပ်ကို အမြဲ လျှော့တွက်ပေမယ့် တခြားသူတွေကို ဘယ်တော့မှ လျှော့မတွက်ဘူး"
"ဒါက ကောင်းတဲ့ အကျင့်ပဲ။ မင်းရဲ့ နောက်ခံနဲ့ အရင်းအမြစ်တွေ နှိုင်းယှဥ်လိုက်ရင် သူက မင်းအတွက်တော့ သာမန်ပဲ။ ကြယ် နှစ်ခုကို စုပ်ယူပြီးတာနဲ့ မင်းရဲ့ သွေးကြောတွေကို ကြယ်သွေးကြောအဖြစ် ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်။ မင်းရဲ့ကျင့်ကြံဆင့် ကျဆင်းသွားပေမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ မင်းရဲ့ စွမ်းရည်က တစ်ဖန် မြင့်တက်လာလိမ့်မယ်"
အဘိုးအိုက ယွမ်ရှောင်ကို တစ်ချက်ကြည့်ကာ သုံးသပ်ပြလိုက်၏။
"အရမ်းရိုးရှင်းတယ်။ သူက အရည်အချင်းမရှိဘူးဆိုတာ သိသာတာပဲ။ သာမန် ကြောင် ဒါမှမဟုတ် ခွေးတစ်ကောင်ပဲ"
အဘိုးအိုနှင့်ရဲရှင်းချန်က တိုင်ပင်နေစဥ် ယွမ်ရှောင်သည်လည်း ကြယ်ပြာနှင့် တီးတိုးဆက်သွယ်နေသည်။
"သူက အဲဒီဝိညာဉ်အိုကြီးနဲ့ ဘာလို့ စကားများနေတာလဲ"
"ဘာပဲဖြစ်ဖြစ် အင်မော်တယ်မိုးစက် ကြယ်သွေးကြောကြောင့် မင်းက ပွပေါက်တိုးပြီ"
ယွမ်ရှောင်က အလွန်ဒေါသထွက်ချင်ဟန်ဆောင်၍ ခြေဆောင့်ချလိုက်သောအခါ ကြမ်းပြင်မှ ကျောက်ပြားများ ကွဲအက်သွားပြီး အပိုင်းအစများကို ရဲရှင်းချန်ဆီ လွင့်စင်သွားစေသည်။
"ဒီမှာ ဓားပိတ်ဆို့ခြင်း အစီအရင် ရှိလား"
"ဓားပိတ်ဆို့ခြင်း အစီအရင်ဆိုတာ ဘာလဲ"
အနီးအနားရှိ ချန်မိုက အံ့အားသင့်စွာ မေးလိုက်သည်။
"ဒါက ဧရိယာတစ်ခုကို ပိတ်ဆို့ထားတဲ့ အစီအရင်တစ်ခုဖြစ်လို့ တိုက်ခိုက်သူတစ်ယောက် သေတော့မယ့်အချိန်မှာတောင် အပြင်က ဘယ်သူမှ ဝင်ရောက်နှောင့်ယှက်လို့ မရဘူး"
ယွမ်ရှောင်က ရှင်းပြသည်။
" သေတဲ့အထိ တိုက်ခိုက်မှာလား။ ဒီကောင်လေးက တကယ် သတ္တိ ရှိတာပဲ"
ချန်မိုက အံ့သြမှုကြောင့် မျက်လုံးပြူးစပြုလာသည်။
ယွမ်ရှောင်က ရဲရှင်းချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း စိန်ခေါ်လိုက်၏။
"ငါ စိတ်ပြောင်းသွားပီ။ သူသေကိုယ်သေ တိုက်ခိုက်ဖို့ မင်းကို ငါ စိန်ခေါ်တယ်။ မင်း လက်ခံရဲလား"
"ငါ့ကို သုံးရက် ဒူးမထောက်ခိုင်းတော့ဘူးလား"
"မင်းလို အသုံးမကျတဲ့အမှိုက်က ဒူးထောက်နေဖို့တောင် မထိုက်တန်ဘူး။ မင်းကို သတ်ပြီးရင် ငါ မင်္ဂလာပွဲဆက်လုပ်ရဦးမယ်"
"ကောင်းပြီလေ"
ရဲရှင်းချန်သည် ခေါင်းညိတ်လိုက်သောအခါ မဟာကျောင်းတော်၏ထိပ်တန်း ကျောင်းတော်သားပီသကြောင်း ယွမ်ရှောင်က ခနဲ့လိုက်၏။
"မူတန်းရှီ၊ ရဲချင်လီ၊ ဘာများ ကန့်ကွက်စရာ ရှိသေးလဲ"
ချန်မိုက မေးခွန်းထုတ်လိုက်သောအခါ ဤစုံတွဲက အပြန်အလှန် ကြည့်လိုက်မိကြသည်။
"အမေ၊ အဖေ၊ ရှင်းချန် ယုံကြည်လိုက်ပါ။ ဒီအောက်တန်းစားတွေကို သင်ခန်းစာပေးသင့်တယ်"
မူလင်က ယွမ်ရှောင်၏ မာနကြီးမှုကြောင့် မကျေမနပ်ဖြင့် ဝင်ပြောလာခဲ့သည်။
"လက်ခံတယ်"
မူတန်းရှီက တိုက်ပွဲကို သဘောတူလိုက်သောအခါ တစ်ယောက်ယောက် သေရမည်ဖြစ်သောကြောင့်လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။ ချန်မိုက ပိတ်ဆို့ခြင်း အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ဒေါသထွက်နေသော ယွမ်ရှောင်နှင့် ရဲရှင်းချန်ကို အမိုးခုံးပုံစံ အစီအရင်အတွင်း ဝင်ရောက်စေခဲ့သည်။
"ဒါဆိုရင် မင်္ဂလာအခမ်းအနားကို နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး"
သူက ကျေနပ်စွာ ရယ်မောနေသော်လည်း ရဲချင်လီမှ ချက်ချင်းပြန်ပက်လိုက်၏။
"သတို့သား မရှိတော့ရင်တော့ ဘယ်လိုလုပ်မှာလဲ"
"ငါ့ရဲ့ တူသမက်က ဓားဧကရာဇ်ပဲ။ ဒီအမှိုက် ကောင်လေးက မကြာခင် ရက်စက်တဲ့ အမှန်တရားကို သိရလိမ့်မယ်"
စွမ်းအင်ကြောင့် တုန်ခါနေသော ပိတ်ဆို့ခြင်း အစီအရင်က လူငယ်နှစ်ဦးကို အတွင်း၌ ပိတ်ထားလိုက်သည်နှင့်တပြိုက်နက် လူအုပ်ကြီးသည် အသက်ပင်မရှူဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
"တိုက်ခိုက်ကြ"
အစီအရင်အတွင်း၌ လေထုကတင်းမာနေပြီး ယွမ်ရှောင်၏ မျက်နှာက ဒေါသကြောင့် မည်းနက်နေသော်လည်း ရဲရှင်းချန်က တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
"မင်း အရင်စပါ"
သူက တစ်ချက်ပြုံးပြီး ပြောလိုက်သောအခါ မျက်လုံးဝန်းများ အနည်းငယ် ကျယ်လာပြီး အတွင်းပိုင်း၌ ကြယ်ရောင်တောက်ပလာသကဲ့သို့ ထိခိုက်ထားသော အင်မော်တယ်သွေးကြောတွေများမှာ ကြယ်စင်စုတစ်ခု၏ ကြယ်များအလား ချိတ်ဆက်သွားခဲ့သည်။
"မင်းက ငါ့ဓားတစ်ချက်ကိုတောင် ခံနိုင်မယ်မထင်ဘူး"
ယွမ်ရှောင်က လှောင်ရယ်လိုက်ပြီး ကောင်းကင်သင်္ချိုင်း ဓားကို ဆင့်ခေါ်လိုက်သောအခါ ရေ၊ မီး၊ လေနှင့် မိုးကြိုးဓာတ်များ ပေါက်ကွဲထွက်လာပြီး အစီအရင်အား ပြင်းထန်သော မုန်တိုင်းအဖြစ် ပြောင်းလဲသွားစေသည်။ ကျန်တစ်ဖက်တွင် ရဲရှင်းချန်၏ ဒန်တန်အတွင်း၌ မူလအမြုတေတစ်ခုသာ ရှိနေသော်လည်း နဂါးဘုရင်အဆင့်စွမ်းအားမျိုး ပေါက်ကွဲထွက်ပေါ်နေကာ အပြင်လူများ မသိနိုင်ချေ။
"ယွမ်ရှောင်က တကယ်ကို ထူးခြားတယ်"
"ရဲရှင်းချန်က သူ့ရဲ့ မူလအမြုတေအဆင့် စွမ်းအားကိုပဲ အားကိုးနေရတာ။ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး"
အပြင်လူများ၌ ရှုထောင့်တွင် ရဲရှင်းချန် မည်သို့တိုက်ခိုက်မည်ကို ခန့်မှန်းရန် ခဲယဥ်းပေသည်။
"တူသမက်၊ သူ့ကို တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်"
ချန်မိုက ယုံကြည်မှုအပြည့်နှင့် အော်ဟစ်အားပေးနေခဲ့သည်။
"ဦးလေးငါး စိတ်မပူပါနဲ့"
ယွမ်ရှောင်၏လက်ထဲမှ ဓားဝိညာဉ်က ဓားမြှောင်အဖြစ် ပြောင်းလဲသွားပြီး အရှိန်အဝါ ပြင်းထန်ကာ ဓားသမားတစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်းထွက်ပေါ်လာသည်။
"ရဲရှင်းချန်၊ မင်းကို အရင်တိုက်ခွင့် ပေးမယ်"
"မင်း အရင်တိုက်ခိုက်၊ မင်းလို တကယ့် ဓားအင်မော်တယ်ကို လေးစားတဲ့အနေနဲ့ ငါလည်း တန်ဖိုးထားရတဲ့ မှော်ဓားကို သုံးမယ်"
ရဲရှင်းချန်က ရယ်မောသံနဲ့ ပြန်ဖြေရင်း သူ့ခါးတွင် ချိတ်ထားသော လက်နက်ကို ပွတ်သပ်လိုက်၏။
"မင်းမှာလည်း ဓားတစ်လက်ရှိတာလား။ ကောင်းပြီလေ"
ယွမ်ရှောင်က လုံးဝတုံ့ဆိုင်းမနေဘဲ စွမ်းအင်အားလုံးကို ဓားဝိညာဥ်၌ ပေါင်းစပ်ခဲ့သောအခါ ဒန်တန်အတွင်းမှ နဂါး ကိုးကောင်လည်း ပြိုင်တူ ဟိန်းဟောက်လိုက်ကြသည်။ သူ၏ ကျင့်ကြံဆင့်က အစောပိုင်း နဂါးဘုရင်နယ်ပယ်ဖြစ်သော်လည်း အခြေတည်အဆင့် စွမ်းအားနှင့် ယှဉ်နိုင်စွမ်းရှိသည်။ နဂါးကိုးကောင်၏ စွမ်းအင်က ဓားဝိညာဉ်၌ စုစည်းသွားပြီး နားကွဲမတတ်ကျယ်လောင်သော ဟိန်းသံတစ်ချက်နှင့်အတူ ရှေ့သို့ ပြေးထွက်လာခဲ့သည်။
နေလ နတ်ဓားသိုင်၊ နေဖောက်သက်တံ့
ဤဓားချက်က လက်ရှိတွင် သူ၏အသန်မာဆုံး သိုင်းကွက်ဖြစ်ကာ လျှပ်စီးကြောင်းအလား မြန်ဆန်နေသောကြောင့် အသံထက်ပိုမြန်ပေသည်။ ရဲရှင်းချန်သည် ဓားကို ဆွဲထုတ်ပြီး တန်ပြန်တိုက်ခိုက်ချင်သော်လည်း တောက်ပသော အလင်းရောင်ကြောင့် ခဏတာ သတိလွတ်သွားခဲ့သည်။
ထို့နောက် လက်ကို မြှောက်၍ နဖူးကို စမ်းသပ်လိုက်သောအခါ သွေးများ ယိုစီးထွက်လာသောကြောင့် အထိအတွေ့က နွေးထွေးနေခဲ့သည်။ ဦးခေါင်းနောက်ပိုင်းမှလည်း သွေးများပန်းထွက်လာသောကြောင့် အလွန်မြန်သည့် ဓားချက်၌ ထုတ်ချင်းပေါက်သွားခြင်းဖြစ်သည်။
အမှောင်ထုက ရဲရှင်းချန်၏ အမြင်အာရုံကို ဖုံးကွယ်သွားကာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေကာ ဦးနှောက်၌ နာကျင်သော အသိတစ်ခု ဖြစ်တည်လာခဲ့သည်။
"အဘိုး၊ ဒါက ဒီလို ဖြစ်သင့်တာ မဟုတ်ဘူး..."
ရဲရှင်းချန်က နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး နောက်ဆုံးမြင်ကွင်း၌ အမြဲ ဒေါသထွက်နေပြီး စဉ်းစားဆင်ခြင်တတ်ပုံမရသော သတို့သားသည် အေးစက်စက် စိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။ ထို့နောက် ယွမ်ရှောင်က သူ့ရှေ့တည့်တည့်ကို လျှပ်တပြက် ရောက်လာပြီး ဓားဖြင့် နှလုံးသားကို တည့်တည့်မတ်မတ်ထိုးဖောက်ကာ ဒန်တန်အထိ ရောက်ရှိသွားသည်။ သူက ရဲရှင်းချန်၏ ခေါင်းနဲ့ ခြေလက်များကို သွေးအေးစွာ ဖြတ်တောက်ခဲ့သောကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုသည် သွေးအိုင်အတွင်း မလှုပ်မယှက် ရှိနေခဲ့သည်။ ရဲရှင်းချန်၏မျက်လုံးများက အံ့အားသင့်စွာ ဝိုင်းစက်နေပြီး ကောင်းကင်ကို စိုက်ကြည့်ရင်း နောက်ဆုံးထွက်သက်၌ပင် အမှန်တရားကို လက်ခံနိုင်ခဲ့ပုံမရချေ။
"ဒီလောက်စကားအပိုတွေ ပြောနေတော့ မင်းက တိုက်ခိုက်နိုင်မယ်လို့ ထင်ခဲ့တာ။ ဝှက်ဖဲနဲ့ တန်ပြန်တိုက်ခိုက်တာက ဘယ်မှာလဲ။ ဒီလောက်ပဲလား"
ယွမ်ရှောင်က ရဲရှင်းချန်၏ မျက်နှာကို ခြေထောက်နှင့်တက်နင်းကာ မထီမဲ့မြင်အမူအရာဖြင့် တံတွေးထွေးထုတ်လိုက်သည်။ အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းပြီး လျင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့် ပရိသတ်များ မင်သက်ကုန်သည်။ ဤကား ဓားသမားများ၏ နည်းလမ်းဖြစ်ကာ မြန်ဆန် ရက်စက်၍ တဆုံးတိုက်ခိုက်ခြင်းဖြစ်ပေသည်။
"တွေ့လား ငါ မင်းတို့ကို ဘာပြောခဲ့လဲ! အမှိုက်ကောင်က ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ချင်တယ်ပေါ့။ တူသမက်က သူ့ကို အရှိတရား ပြပေးလိုက်တယ်လေ။ ဒီအမှိုက်ကောင်နဲ့ တိုက်ပွဲက ဘာမှ မထူးခြားဘူး။ စိတ်လှုပ်ရှားစရာ နည်းနည်းလေးတောင် မရှိဘူး"
တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွင်းလိုက်သည်မှာ ချန်မို၏ ဝမ်းသာအားရ အော်သံ ဖြစ်ကာ ရဲရှင်းချန်အား ကျေနပ်စွာ လှောင်ပြောင်နေခဲ့သည်။
"ရဲရှင်းချန်က အမြော်အမြင်ရှိတယ်။ သူ အပိုင်းပိုင်း ဖြတ်ခံရမယ်ဆိုတာ ကြိုသိနေလို့ ကျယ်ဝန်းတဲ့ ခေါင်းတလားတစ်ခု ပြင်ဆင်လာတာပဲ။ အနည်းဆုံးတော့ သူက နောက်ဘဝကို ကောင်းကောင်းမွန်မွန် သွားနိုင်မယ်လေ"
ခန်းမကြီး၌ ချန်မို၏ အသံသာ ပဲ့တင်ထပ်နေပြီး ကျန်လူများမှာ အံ့သြလွန်းသဖြင့် နှုတ်ဆိတ်နေကြ၏။ ရဲရှင်းချန်က ပွင့်ပွင့်လင်းလင်း စိန်ခေါ်လာသောကြောင့် အားသာချက်တစ်ခုခု ရှိနိုင်သည်ဟု လူအတော်များများက ယုံကြည်ကြသော်လည်း အလွယ်တကူ အသတ်ခံခဲ့ရသည်။
"လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ကောင်းကင်နယ်မြေမှာ လူပြောအများဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်၊ ရဲတော်ဝင်မိသားစုနဲ့ မဟာကျောင်းတော်ရဲ့ တန်ဖိုးထားရတဲ့ ပါရမီရှင်က ဒီလိုသေသွားတာလား"
"သေစမ်း"
တစ်ဘဝလုံး မကျိန်ဆဲဖူးသော ဟန်ကျင်းလီပင် လက်ဖက်ရည်ခွက်ကို ချေမွကာ အော်ဟစ်လိုက်မိသည်။ ချန်ကျောက်နဲ့ ချန်လင်က အပြန်အလှန် ကြည့်လိုက်ကြပြီး ထူးဆန်းသော မျက်နှာထားများဖြစ်ပေါ်ခဲ့သည်။ ရလဒ်ကို စိုးရိမ်ပူပန်နေကြသော်လည်း ထင်မထားလောက်အောင် မြန်ဆန်လွန်းသဖြင့် လူတိုင်း၏အကြည့်က မူတန်းရှီ၊ ရဲချင်လီနှင့် အသက်ရှူမှားလောက်အောင် လှပသော မူလင်ထံ ကျရောက်လာကြသည်။ သူတို့၏မျက်နှာက ဖြူဖပ်ဖြူရော်နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ တစ်ကိုယ်လုံးတုန်ရီနေကြပေသည်။
"ရှင်းချန်"
ပျော်ရွှင်စွာ တွဲခိုဖူးသော လက်များ ဖြတ်တောက်ခံထားရပြီး ချိုမြိန်ကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများမှာ မည်းနက်၍ စိတ်အားထက်သန်ပြီး တက်ကြွသော မျက်လုံးအစုံက တောက်ပမှုများ ကင်းမဲ့နေသည်။
"အော့"
မူလင်၏စိတ် အတွင်းပိုင်း၌ ထိခိုက်သွားသောကြောင့် သွေးမည်းများအန်ထွက်လာခဲ့သည်။
"မဟာကျောင်းတော်နဲ့ ရဲတော်ဝင်မိသားစုရဲ့ မျှော်လင့်ချက် မီးရှူးတန်ဆောင်က ဒီလိုပဲ သေသွားတာလား"
" ချန်မျိုးနွယ်ကို စော်ကားတာက ကျောက်တုံးကို ပေါက်လိုက်တဲ့ ကြက်ဥတစ်လုံးလိုပဲ။ ဒီကောင်မှ မသေရင် ဘယ်သူ သေသင့်လဲ"
ယွမ်ရှောင်က ဟန်ဆောင်မောက်မာနေသော်လည်း စိတ်အတွင်း၌ အင်မော်တယ်မိုးစက်တစ်ခုကို ရလိုက်သောကြောင့် အကျေနပ်ကြီးကျေနပ်နေသည်။ သူက အသိဉာဏ်မရှိသော လူမိုက်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့သောအခါ ယုံကြည်မှုလွန်ကဲနေသော ရဲရှင်းချန်မှာ ထောင်ချောက်အတွင်း အလွယ်တကူကျဆင်းလာခဲ့သည်။
"အင်မော်တယ်ဧကရာဇ် ဟောင်ယန် ခင်ဗျားရဲ့ သား သေဆုံးသွားပြီ"
ထိုအချိန်တွင် မီးခိုးရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ကောင်းကင်သို့ တိုင်တည်အော်ဟစ်လိုက်လေသည်။