အာကာသ အင်မော်တယ်များ
Vol. 11 Ch. 137
"အင်မော်တယ်ဧကရာဇ် ဟောင်ယန် ဟုတ်လား။ သူက ဘယ်သူလဲ"
ယွမ်ရှောင်က အမှန်တကယ် အံ့အားသင့်သွားခဲ့ပြီး ကြယ်ပြာက မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"မင်းကို သူ့နောက်ခံ သိနိုင်အောင် ခဏလောက် ထိန်းထားဖို့ ငါမပြောခဲ့ဘူးလား။ ဘယ်လိုလုပ် တစ်ချက်တည်းနဲ့ သတ်လိုက်တာလဲ"
၎င်းက ယွမ်ရှောင်ကို စိတ်ပျက်လွန်း၍ ရင်ဘတ်ကို ကုတ်ခြစ်ပစ်ချင်သည့်အလား စိုက်ကြည့်နေသည်။ သို့သော် ယွမ်ရှောင်သည် ရဲရှင်းချန်၏ အင်မော်တယ်မိုးစက်က ရဲကုရင်ထက် သာလွန်သည်ဟု သိလိုက်ရသောအခါ မလုယူဘဲ မနေနိုင်တော့ပေ။
"ငါက ငကြွားတွေကို ကြောက်တာ မဟုတ်ဘူး။ အင်အားကြီး နောက်ခံနဲ့ ကြွားဝါသူတွေကို ကြောက်တာ။ သူက အင်မော်တယ်ဧကရာဇ်ကို ဆင့်ခေါ်နိုင်ရင် တကယ့် အကောင်ကြီးကြီး ဖြစ်နိုင်တယ်"
"ဘာလို့ ကြောက်နေတာလဲ။ အင်မော်တယ်ဧကရာဇ် ရောက်လာရင် ငါတို့က ခေါင်းတလားကြီးအဖြစ် ပြောင်းပြီး ဖန်ဆင်းရှင်နဲ့ အတူ ထွက်ပြေးရုံပဲ"
လနီက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သောအခါ သူ၏မျက်လုံးများကို တောက်ပသွားစေ၏။
" ငါတို့ အဲလိုလုပ်နိုင်တာလား။ဒါဆိုရင် ငါက ဘာမှမထိန်းချုပ်ဘဲ ဆက်ပြီး ဖျက်ဆီးလို့ရတယ်ပေါ့"
"အစ်ကိုကြီး စိတ်မပူနဲ့။ မင်းရဲ့ ပထမ အဖေက ကြောက်တတ်ပေမယ့် မင်းရဲ့ ဒုတိယ အဖေက မင်းရဲ့ နောက်မှာ ရှိတယ်။ အင်မော်တယ်ဧကရာဇ် ဟုတ်လား။ သကြားလုံးလေးသာသာပဲ။ အရင်တုန်းက သူတို့ဟာ ငါတို့အတွက် ကြွပ်ရွပြီး အရသာရှိတဲ့ သရေစာတွေပဲ"
ကြယ်ပြာသည် ကိစ္စများကို တည်ငြိမ်စွာရှင်းချင်သော်လည်း ပြဿနာထံ တည့်တည့်ကြီး ခုန်ဝင်ချင်နေသော ထိုနှစ်ယောက်လုံးကြောင့် ခေါင်းကိုက်နေရသည်။
"ကြည့်စမ်း။ ဟိုမှာ သူတို့ ရောက်လာပြီ"
၎င်းက အပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒီလောက် မြန်တာလားဟ"
ယွမ်ရှောင်၏အမြင်တွင် တစ်ဖက်လူ၏နောက်ခံ ရောက်လာရန် ဆယ်စုနှစ်အချိန်ယူရမည်ဟု ထင်ထားသော်လည်း အသက်ရှူချိန်ဆယ်ကြိမ်အတွင်း ရောက်ရှိလာကြ၏။ ထိုအချိန်တွင် အဆုံးမရှိသော မြူခိုးများနှင့် အင်မော်တယ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိ မရေမတွက်နိုင်သော နန်းတော်များသည် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ အချိန်က ရပ်တန့်သွားပုံရသည်။ သက်ရှိတိုင်း၊ အရာဝတ္ထုတိုင်းနှင့် လေထုပင် ရွေ့လျားမှု မရှိတော့ချေ။စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက ယွမ်ရှောင်အပေါ် ဖိအားပေးလာသဖြင့် အတွေးများပင် ရပ်တန့်သွားသယောင် ခံစားလိုက်ရသည်။ သူ၏ပတ်လည်၌ ချန်ရီ၊ မူတန်းရှီ၊ ရဲချင်လီ၊ ဟန်ကျင်းလီနဲ့ တခြားလူအများအပြားသည်လည်း မလှုပ်မယှက် ဖြစ်သွားကြသည်။
မျက်နှာပျက်နေသည့် မီးခိုးရောင် ပုံရိပ်တစ်ခုသာ ယွမ်ရှောင်ရှေ့၌ ထွက်ပေါ်လာပြီး တုန်ရီစွာ ပြောလာခဲ့သည်။
"မင်းက အကြီးမားဆုံး အမှားကို ကျူးလွန်ခဲ့တယ်။ ထာဝရ ပြန်လည်ပေးဆပ်မှုဖို့ ပြင်ဆင်ထားစမ်း"
"အာကာသ အင်မော်တယ်တစ်ပါး။ လနီ၊ ဆုတ်ခွာဖို့ ပြင်ဆင်ထား"
ကြယ်ပြာ၏ အသံက မကြုံစဖူး လေးနက်နေကာ သီးသန့်စကြဝဠာ ဖြစ်သော ကောင်းကင်နယ်မြေအပြင်ဘက်တွင် ကြီးမားသော ပုံရိပ်နှစ်ခုမှာ အရာအားလုံးကို လွှမ်းမိုးထားပြီး အချိန်နဲ့ တည်နေရာကို ရပ်တန့်ထားပုံရသည်။ ကောင်းကင်နယ်မြေတစ်ခုလုံးက သူတို့၏ လက်အတွင်း၌ ကစားစရာတစ်ခုပမာ ထင်မှတ်ရပြီး ဤမြင်ကွင်းမှာ ယွမ်ရှောင်၏ဝိညာဉ် ရှေးဟောင်းခေါင်းတလားထံ ရောက်သွားသည်နှင့်ယှဥ်လျှင် ဒုတိယမြောက် သက်ရောက်မှု အကြီးမားဆုံးဖြစ်ပေသည်။
ကောင်းကင်နယ်မြေ၏ ကောင်းကင်ယံက တုန်ခါနေစဥ် ရုတ်တရက် တောက်ပသော ရွှေရောင်လက်နှစ်ဖက်က ကမ္ဘာ့အတားအဆီးကို ဆုပ်ကိုင်ကာ ဆွဲဖြဲလိုက်သည်နှင့်တပြိုင်နက် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် ချောက်ကမ်းပါးတစ်ခုပမာ အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့၏။ ကောင်းကင်ကို လက်ဗလာနဲ့ ဆုတ်ဖြဲလိုက်ရာ နှစ်ပိုင်းကွဲထွက်သွားပြီး အက်ကွဲကြောင်းက ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခုနှင့် ဆင်တူနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ကောင်းကင်နယ်မြေတစ်ခုလုံး တုန်ခါသွားကာ မြေပြင် အက်ကွဲသွားပြီး မရေမတွက်နိုင်သော နန်းတော်များ ပြိုကျကုန်သည်။ ထိုလက်တစ်စုံက အက်ကွဲကြောင်းကို ချဲ့ထွင်ကာ ကောင်းကင်နယ်မြေ၏ မိုးကောင်းကင်၌ အပေါက်တစ်ခုကို ဖောက်ပစ်၍ ကြီးမားသော ရွှေရောင်မျက်နှာတစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ၎င်းက ရွှေရောင် ချော်ရည်ပင်လယ်အလား ဖြစ်ကာ မျက်လုံးများက နေနှစ်စင်းလို တောက်လောင်နေပြီး နှာခေါင်းပေါက်များမှ နတ်နဂါးများကဲ့သို့ အပူလှိုင်းနှစ်ခုကို ထုတ်လွှတ်နေသောအခါ နယ်မြေတစ်ခုလုံး၏ အပူချိန်ကို မြင့်တက်စေသည်။ သက်ရှိတိုင်းက အပူနှင့် ကြောက်ရွံ့မှု နှစ်ခုလုံးကြောင့် ချွေးများ ရွှဲနစ်နေပြီး နေရာ၌ အမြစ်တွယ်နေကြ၏။
"လခွမ်းထဲမှ"
အံ့ဩမှုတစ်ခုတည်းသာ ယွမ်ရှောင်၏စိတ်အတွင်း ရှိနေပြီး ရဲရှင်းချန်၏နောက်ခံ အင်အားသည် လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် ကမ္ဘာတွေ ဖျက်ဆီးနိုင်သော သတ္တဝါတစ်ကောင်ပင်။ ရွှေရောင်မျက်နှာ၏ နောက်တွင် ငွေရောင်အမျိုးသမီးမျက်နှာတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နယ်မြေအတွင်း မြင်ကွင်းပြည့်နှက်သွားစေသည်။
နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်တိမ်များ အထက်တွင် ကြီးမားသော ရုပ်တုကြီး နှစ်ခုကို မြင်နိုင်ပြီး နတ်ဘုရားပုံပြင်၏ ဒဏ္ဍာရီများကဲ့သို့ ရပ်နေကြ၏။ သူတို့က အလွန် တောက်ပနေသောကြောင့် နေမင်းထက် အဆတစ်ထောင် ထွန်းလင်းကာ အချိန် ခဏအတွင်း စိမ်းလန်းစိုပြေသော သစ်တောများ ညှိုးနွမ်းလာခဲ့သည်။
"အာကာသ အင်မော်တယ်ဧကရာဇ် နှစ်ပါး၊
နေရောင်ခြည် အင်မော်တယ်ဧကရာဇ်၊ လရောင်ခြည် အင်မော်တယ်ဧကရီ ကျုပ်က ကံကြမ္မာကို ဆွဲဆောင်ပြီး အဲဒီ သတ္တဝါတွေ ရှာတွေ့သွားမှာကို စိုးရိမ်နေလို့ မျှော်စင်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးမချရဲခဲ့ဘူး။ ဒီအစေခံမှာ အပြစ်ရှိပါတယ်"
အဘိုးအိုပုံရိပ်က ချက်ချင်းဒူးထောက်၍ အော်ဟစ်ငိုကြွေးလိုက်သည်။ အောက်နယ်မြေ၏ ဓားသမားတစ်ယောက်က သူ့ကို လှည့်စားနိုင်မည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ ဓားသမားများ၏ ပြတ်သားမြန်ဆန်သော စရိုက်က ရဲရှင်းချန်၏ ဘဝဇာတ်ညွှန်းကို အမှန်တကယ်ပြောင်းလဲပစ်လိုက်နိုင်သည်။ မိုးကောင်းကင်မှ နေနှစ်လုံးပမာ တောက်လောင်နေသော မျက်လုံးနှစ်လုံးက ယွမ်ရှောင်နှင့် ရဲရှင်းချန်၏ ခန္ဓာကိုယ် အပိုင်းအစတွေများကို စိုက်ကြည့်နေခဲ့သည်။
"ဒါက ကံကြမ္မာ ဓားကိုင်ဆောင်သူ နောက်တစ်ယောက်ပဲ"
ကောင်းကင်ကို လွှမ်းမိုးထားသည့် ရွှေရောင်မျက်နှာက မီးတောက်များ ပေါက်ကွဲတောက်လောင်လာကာ ဒေါသများပြည့်နှက်နေသည်။
"မင်းကို ဘဝတစ်ရာတိုင်တိုင် ငရဲကို ပို့ပြီး ဘယ်တော့မှ ပြန်မဝင်စားနိုင်အောင် ငါ အပြစ်ပေးမယ်"
ထိုအသံက ယွမ်ရှောင်၏နားအတွင်း မိုးခြိမ်းသံပမာ မြည်ဟီးသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ရဲရှင်းချန်၏ အပိုင်းအစများက ပြန်လည်စုစည်းလာခဲ့သည်။
"ရှင်ပြန်ထမြောက်ခြင်းလား"
ယွမ်ရှောင်က အံ့အားသင့်စွာ တွေးလိုက်မိပြီး တစ်ဖက်လူမှာ သေခြင်းကို ဆန့်ကျင်နိုင်သော အင်မော်တယ်ဧကရာဇ်ဖြစ်နေသည်။
"ထားပါတော့။ ငါတို့ ထွက်သွားပြီး အစက ပြန်စကြရအောင်။ ဘာဖြစ်ဖြစ် မင်းက နှစ်ပတ်လောက်ပဲ ကျင့်ကြံထားတာ"
ကြယ်ပြာ၏ အသံက တီးတိုးထွက်ပေါ်လာသော်လည်း ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း လုံးဝကင်းမဲ့နေသည်။
ယွမ်ရှောင်အနေဖြင့် အင်အားကြီးသော နောက်ခံများ ရှိတာကို နားလည်သော်လည်း ဤမျှကြီးမားသော နောက်ခံမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ အာကာသကို ဖောက်ထွက်ပြီး အတွေးတစ်ချက်နှင့် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးနိုင်သော၊ နေကို လွှမ်းမိုးပြီး ကံကြမ္မာတွေကို ထိန်းချုပ်နိုင်သော၊ လူသေကို ရှင်ပြန်ထမြောက်စေသော ခွန်အားမှာ အလွန်အစွမ်းထက်ပေသည်။
"ကောင်းပြီ၊ အစကနေ ပြန်စမယ်ဆိုရင်လည်း ငါက သူတို့အားလုံးကို သတ်ပစ်မယ်။ ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းအတွက် ဖန်ဆင်းရှင် အင်မော်တယ်ရဲ့ စွမ်းအားကို ရယူထားတဲ့အတွက် အင်မော်တယ်ဧကရာဇ် နှစ်ပါးလောက်က ငါ့ကို ကြောက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။ စောင့်နေလိုက်စမ်း"
သူ့တွင် နောက်ခံကောင်းကောင်းမရှိသော်လည်း ဖန်ဆင်းရှင် အင်မော်တယ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းသည် အကောင်းဆုံး အားသာချက်ပင်။ လူငယ်မျိုးဆက်ကို သတ်လိုက်သောအခါ စီနီယာမျိုးဆက်များ ရောက်ရှိလာခြင်းက မထူးဆန်းပေ။ နေရောင်ခြည် အင်မော်တယ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားက ကျဆင်းလာခဲ့ပြီး ယွမ်ရှောင်ကို သတ်ရန် ရည်ရွယ်ထားရုံတင် မဟုတ်ဘဲ ဘဝတစ်ရာ အတိဒုက္ခရောက်စေရန် ပြန်လည်မွေးဖွားခြင်း အမှတ်အသားနှင့် ပေါင်းစပ်ရန်လည်း ကြံစည်ထား၏။
"အခု ထွက်ပြေးဖို့ မလိုတော့ဘူး"
သားရဲလေးက ခေါင်းတလားကြီးအဖြစ် အသွင်ပြောင်းရန် အဆင်သင့်ဖြစ်နေသော်လည်း ကြယ်ပြာ၏ စကားသံက ပျော်ရွှင်နေပုံရသည်။
"ဘာလို့လဲ"
"အပေါ်ကို ကြည့်လိုက်၊ အဲဒီ အင်မော်တယ်ဧကရာဇ် နှစ်ပါးက လိုက်ဖမ်းခံနေရတာပဲ။ သူတို့ရဲ့ သား သေသွားတော့ သူ့ကို ပြန်အသက်သွင်းဖို့ အလျင်အမြန် ရောက်လာပြီး အဲလိုလုပ်ရင်း တည်နေရာကို ဖော်ထုတ်လိုက်မိတာပဲ"
"သူတို့ကို လိုက်နေတဲ့သူက ရောက်နေပြီလား"
လနီ၏ သွေးရောင်လကဲ့သို့ နီရဲသော မျက်လုံးများက သိချင်စိတ်နှင့် အပေါ်သို့ မော့ကြည့်နေသကဲ့သို့ ယွမ်ရှောင်လည်း ထူးမခြားနားပင်။ သူ ဆင့်ခေါ်ထားသော ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသောကြောင့် မျက်လုံးများ ကျဉ်းမြောင်းလာခဲ့၏။ ကောင်းကင်အက်ကွဲကြောင်း၏ အပြင်ဘက်တွင် အဆုံးမရှိသော စကြဝဠာအတွင်းမှ ဓားထုတ်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။ အချိန်ခဏလေးအတွင်း ကောင်းကင်တစ်ခုလုံးကို အုပ်မိုးနိုင်လောက်အောင် ကြီးမားသော ဓားတစ်လက်က ပြုတ်ကျလာပြီး ပစ်မှတ်များထံ ဦးတည်နေသည်။
"အမြင့်မြတ်ဆုံး အသူရာ"
အင်မော်တယ်ဧကရာဇ်နှစ်ပါး၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားကြသည်။
"အင်မော်တယ်တရားရုံးရဲ့ အကျဉ်းသားတွေက ကံတရားကို ဝင်ရောက်စွက်ဖက်ဖို့ ရဲတင်းလှချည်လား။ မင်းတို့က ငါ့ကို ထိုင်ကြည့်နေမယ့် လူသေတစ်ယောက်လို့ သတ်မှတ်ထားတာလား"
ဤစကားသံနှင့်အတူ ဓားကြီး လျှပ်တစ်ပြက်အတွင်း နှစ်ပိုင်းကွဲသွားကာ နေရောင်ခြည် အင်မော်တယ်ဧကရာဇ်နှင့် လရောင်ခြည် အင်မော်တယ်ဧကရီ နှစ်ယောက်လုံး၏ဦးခေါင်းများကို ထိုးဖောက်သွားသည်။
"မလုပ်ပါနဲ့။ ငါတို့ ..."
စကားမဆုံးခင်မှာပင် သူတို့က အသတ်ခံလိုက်ရပြီး အလောင်းများ နေရာတွင် ပျောက်ကွယ်သွားကာ အောင်မြင်မှုနှင့် စွမ်းအားများမှာ ဤဓားချက်အောက်တွင် ဖျက်ဆီးခံလိုက်ရသဖြင့် လေထဲက မီးခိုးလိုပျက်ပြယ်သွားသည်။ အလောင်းကြီးများသည် အင်မော်တယ်စွမ်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နယ်မြေနှင့် နတ်ဘုရားတိုက်ကြီးထံ စီးဝင်လာသောကြောင့် ချီစွမ်းအားများက ဆယ်ဆ တိုးတက်လာ၏။ ဝိညာဉ်ကြောနှင့် နဂါးကြောများက မြေအောက်၌ ပုံသဏ္ဌာန်ဖြစ်တည်လာကာ သာမန်အပင်များပင် ချီစွမ်းအင်ကို စုပ်ယူပြီး ဆေးဖက်ဝင်အပင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ အရိပ်ကြီးနှစ်ခုက အက်ကွဲကြောင်းမှ လုံးဝ ပျောက်ကွယ်သွားကာ ပြန်လည်ဖွဲ့စည်းထားသည့် ရဲရှင်းချန်၏ အလောင်းကလည်း တစ်ဖန် ပြိုကွဲသွားခဲ့ရသည်။
မိုးကုပ်စက်ဝိုင်းအထက်၌ ဓားတစ်လက်က ရပ်တန့်နေပြီး ကောင်းကင်နယ်မြေတစ်ခွင် ထွန်းလင်းနေကာ ဓားအော်ရာ သန်းတစ်ထောင်ကျော်ကြောင့် ဓားစွမ်းအင်များ သမုဒ္ဒရာပမာ ကျယ်ဝန်းသိပ်သည်း၍ နဂါးသဏ္ဍာန် ဓားစက်ကွင်း ထောင်ပေါင်းများစွာ ဝန်းရံနေခဲ့၏။
"ဒါက ဓားဝိညာဉ်လား"
ယွမ်ရှောင်က လုံးဝ အံ့အားသင့်သွားပြီး ကိုင်ဆောင်သူမရှိသော ဓားတစ်လက်သည် စကြဝဠာ အတားအဆီးကို ကျော်လွန်ကာ အင်မော်တယ်ဧကရာဇ် နှစ်ပါးကို သတ်ပစ်ခဲ့သောကြောင့်ပင်။
" ကံကြမ္မာနဲ့ ကံတရားကို နည်းနည်းလေးစွက်ဖက်ခဲ့ပေမယ့် နှစ်ယောက်စလုံး ကွပ်မျက်ခံလိုက်ရတယ်..."
အဘိုးအိုက ဤသို့ရေရွတ်နေပြီး သူက အင်မော်တယ်ဧကရာဇ် နှစ်ပါးနောက်မှ လိုက်ဖမ်းနေသူ၏ ကြောက်မက်ဖွယ်ခွန်အားကို လျှော့တွက်ခဲ့မိကြသည်။
"မင်းက အရာအားလုံးကို ဖျက်ဆီးလိုက်တာ"
သူက ယွမ်ရှောင်ကို ဒေါသတကြီးစိုက်ကြည့်ကာ ကိုးထပ်ကြယ်မျှော်စင်ကို ဆင့်ခေါ်၍ ဖိအားပေးလိုက်သောကြောင့် သေခြင်းတရားနှင့် တစ်ဖန် နီးကပ်သွားပြန်သည်။
"ဟမ့်၊ ဒီရက်ပိုင်းမှာ ငါ့ကို ဘာမှမဟုတ်သလို ဆက်ဆံခံနေရပုံရတယ်။ နောက်ဆုတ်စမ်း အစေခံ"
ကမ္ဘာတစ်ခွင် လှုပ်ခါစေသော အသံတစ်ခုက ဟိန်းဟောက်လိုက်ပြီး ဓားပုံရိပ်တစ်ခုသည် မျှော်စင်အတွင်း သက်ဆင်းလာကာ အဘိုးကို မီးခိုးရောင် အငွေ့အဖြစ် ချက်ချင်း အဆုံးသတ်ပစ်လိုက်သည်။
"ကောင်းလိုက်တာ"
လနီက ချက်ချင်း ပြေးထွက်သွားပြီး ပါးစပ်ကို ဖွင့်ကာ မီးခိုးငွေ့ကို မျိုချပစ်၍ အရသာခံနေခဲ့သည်။
"ဒါကို စားပြီးရင် ကြယ်ကိုးထပ်မျှော်စကို ငါတို့ပိုင်သွားလိမ့်မယ်"
ကြယ်ပြာက တီးတိုးပြောလိုက်သောအခါယွမ်ရှောင်၏ မျက်လုံးကို တောက်ပသွားစေသည်။ ထိုအချိန်တွင် မီးခိုးရောင် ပုံရိပ်ကို သတ်ခဲ့သော ဓားက သူ့ရှေ့တွင် သေးငယ်သော အနက်ရောင်ဓားအဖြစ် စုစည်းလာခဲ့၏။
"ကောင်လေး၊ အဲဒီ အပြစ်ရှိတဲ့ အင်မော်တယ်တွေ သူတို့ကိုယ်တိုင် ထွက်ပေါ်လာအောင် မင်းက ငါ့ကို ကူညီခဲ့တယ်။ ငါက မင်းကို ဓားအင်အားတစ်ခု ဆုပေးခဲ့မယ်။ ကံကြမ္မာက တွေ့ခွင့်ပေးမယ်ဆိုရင် အမြင့်မြတ်ဆုံး အသူရာ ကြယ်ဧကရာဇ် အင်မော်တယ်တရားရုံးကို လာပြီး ငါ့ကို ရှာ"
ထိုစကားအဆုံးတွင် ဓားငယ်က ယွမ်ရှောင်၏ လက်ထဲ ရောက်ရှိသွားပြီး ကောင်းကင်မှ ဓားကြီးက ထူးဆန်းစွာ ပျောက်ကွယ်သွား၏။ ကောင်းကင်မှအက်ကွဲကြောင်းက အလိုလိုကောင်းမွန်စပြုလာပြီး လူတိုင်း၏ အမြင်အာရုံ ဝေဝါးသွားကာ မြင်ခဲ့ရသမျှကို မေ့သွားကြသည်။
"ခဏလေးလောက်နေပါဦး စီနီယာ။ ကျုပ်ကို နောက်မှ လိုက်ရှာခိုင်းမနေဘဲ အတူတူခေါ်သွားပေးနိုင်မလား"
ယွမ်ရှောင်က ကောင်းကင်သို့ မော့ကြည့်၍ အသံကုန်အော်ဟစ်လိုက်လေသည်။