လက်စားချေလိုသူ
Vol. 11 Ch. 138
ယွမ်ရှောင်၏ စကားများ ဆုံးသည်နှင့် ကောင်းကင်ကို ထိုးဖောက်လာသည့် ဓား၏ တန်ခိုးသည် လုံးဝ ပျောက်ကွယ်သွား၏။
"စီနီယာက ငါ့ကို မခေါ်ဘဲ တကယ် ထွက်သွားတာပဲ"
ယွမ်ရှောင်က ရေရွတ်လိုက်ပြီး အတူ လိုက်သွားနိုင်လျှင် များစွာ အားစိုက်စရာမလိုသော်လည်း လက်ရှိတွင် ကောင်းကင်ပေါ်မှ ကြီးမားသည့် ဓားနှင့် အင်မော်တယ်ဧကရာဇ်များ ရောက်မလာခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကောင်းကင်ဘုံနယ်မြေကို စစ်ဆေးလိုက်လျှင် ပျက်စီးသွားသော အရာများ အလိုလို ပြန်လည် ကုစားနေပြီး ပြိုကျသွားသော နန်းတော်များနှင့် မျှော်စင်များက အချိန်နောက်ပြန်စီးဆင်းနေသည့်အလား ပြန်လည် မြင့်တက်လာကာ ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းလည်း အပြည့်အဝ ပျောက်ကင်းသွားသည်။
ယွမ်ရှောင်က လက်ကို ဆန့်ထုတ်ပြီး သူအတွက် ချန်ထားခဲ့သော အနက်ရောင်ဓားငယ်ကို ဆုပ်ကိုင်လိုက်သည်။
"သူက ဒါကို ဓားဆန္ဒ ကြိုးတစ်ချောင်းလို့ ခေါ်တယ်။ ဒါက ဘာအတွက်လဲ"
၎င်းသည် သေးငယ်သော သံဓားမြှောင်နှင့် ဆင်တူပြီး ထိတွေ့ကိုင်တွယ်နိုင်ကာ အကြမ်းထည်ဆန်သည်။ ကြယ်ပြာက သေးငယ်သော လက်ဖြင့် ၎င်းကို ဖမ်းယူပြီး လနီ၏ ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ မာကျောလွန်းသဖြင့် ထက်ရှသော သွားများပင် နာကျင်သွားရ၏။
"မင်း အခု မသုံးနိုင်သေးဘူး။ သိမ်းထားလိုက်။ ဓားတာအိုရဲ့ နတ်ဆန္ဒကို ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ အသုံးဝင်နိုင်တယ်"
ကြယ်ပြာက ဓားဆန္ဒကို ယွမ်ရှောင်ထံ ပြန်ပစ်ပေးကာ လက်လျှော့လိုက်ပုံရသည်။
"ဒါဆို ဒီလူကြီးက ငါ မသုံးနိုင်သေးတဲ့ အရာတစ်ခုကို ပေးခဲ့တာပဲ"
ယွမ်ရှောင်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။
"အင်း၊ မင်း အခု သုံးနိုင်ရင် ဒါက အမှိုက်ဖြစ်မနေဘူးလား။ သူ့အဆင့်အတန်းနဲ့ မင်းကို ဘာကြောင့် အမှိုက်တစ်ခုပေးရမှာလဲ"
ထူးဆန်းသော ဤအလှည့်အပြောင်းကြောင့် ယွမ်ရှောင်က အဆုံးမရှိသော စကြဝဠာ၏ ကျယ်ပြောမှုကို အပြည့်အဝ နားလည်သွားသည်။ ဖန်ဆင်းရှင် အင်မော်တယ်က တာအိုလမ်းကို ဖန်တီးခဲ့ပြီး ယခုတွင် ရှေးဟောင်းဘိုးဘေးနတ်ဘုရားခြောက်ပါး၏ ကြိုးစားမှုကြောင့် မရေမတွက်နိုင်သော ကမ္ဘာများနှင့် ကြယ်များ မွေးဖွားလာခဲ့သည်။ နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီးသည် ၎င်း၏ အစိတ်အပိုင်းဖြစ်ပြီး ကောင်းကင်နယ်မြေသည် နတ်ဘုရားတိုက်ကြီး၏ အဓိကအမြုတေဖြစ်ပေသည်။ ၎င်းတို့သည် တာအိုသန္ဓေသားများဖြစ်သော်လည်း တာအိုလမ်းကဲ့သို့ပင် အဆုံးမရှိသော ကျယ်ပြန့်သည့် စကြာဝဠာများအဖြစ်သို့ ပြောင်းလဲနိုင်သည့် အလားအလာရှိကာ လက်ရှိ၌ အစပြုမှတ်များသာ ဖြစ်သည်။ အံ့သြစရာကောင်းစွာပင် နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်ထောက်တိုင်သည် ကောင်းကင်သင်္ချိုင်း ခေါင်းတလားနှင့် ပေါင်းစပ်ကာ ယွမ်ရှောင်၏ ဓားဝိညာဉ်ဖြစ်လာသည်။
အာကာသ အင်မော်တယ်များနှင့် ဓားအော်ရာ သန်းတစ်ထောင်ကျော်ရှိသော ဓားဝိညာဉ်ကို တွေ့မြင်ပြီးနောက် ယွမ်ရှောင်သည် အဆုံးထိ လျှောက်လှမ်းရန် ယုံကြည်ချက်က ပို၍ပင် ပြင်းထန်လာသည်။ သို့သော် ကြယ်များကို စိုက်ကြည့်နေစဉ် မြေပြင်ပေါ်တွင် ခိုင်မာစွာ ခြေချနေရန်လည်း အရေးကြီးသဖြင့် အခြေခံကို ပစ်ပယ်ထား၍ မရချေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ချန်အိမ်တော်အတွင်းရှိ လူများ၏ မျက်လုံးအတွင်းမှ ရှုပ်ထွေးနေသော အကြည့်များ ပျောက်ကွယ်သွားကာ သတိပြန်ဝင်လာခဲ့သည်။ သူက ရဲရှင်းချန်၏ အကြွင်းအကျန်များကိုအသုံးချပြီး အင်မော်တယ်သွေးကြောများမှ မိုးစက်ကို မဆိုင်းမတွ ထုတ်ယူလိုက်သည်။ ကြယ်ရောင်စွမ်းအင်များက ကိုယ်တွင်းသို့ စီးဝင်လာပြီး သူ၏ နဂါးကိုးကောင် ဒန်တန်နှင့် ချိတ်ဆက်ကာ သွေးကြောများအတွင်းသို့ ပေါင်းစပ်သွားသည်။
ဖန်ဆင်းရှင် အင်မော်တယ်သည် မိုးအဖြစ် ပြောင်းလဲကာ တာအိုဘုံတစ်လျှောက် အရိုး၊ အသား၊ သွေး၊ အူတိုင်နှင့် အခြားအရည်အချင်းများကို မိုးစက်အဖြစ် မွေးဖွားပေးခဲ့သည်။ ၎င်းတို့အနက် အဓိကအရည်အချင်းသည် စွမ်းအားကို ထိန်းသိမ်းခြင်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ဒန်တန်၊ သွေးကြော၊ အပ်စိုက်မှတ် စသည်တို့ကို ရည်ညွှန်းကာ ကြယ်သွေးကြောလည်း တစ်ခုအပါအဝင်ဖြစ်၏။
ကြယ်သွေးကြောများ ထပ်ပေါင်းထည့်လိုက်ခြင်းဖြင့် ယွမ်ရှောင်၏ ဒန်တန်တွင် သိုလှောင်နိုင်သည့် စွမ်းအင်ပမာဏက သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြင့်မားလာစေနိုင်သည်။ သူက နှစ်ရက်အတွင်း နဂါးကိုးကောင် ဒန်တန်နှင့် ကြယ်သွေးကြော အဖိုးတန်မိုးစက် နှစ်ခုလုံးကို ရရှိခဲ့သည်။
"မင်းမှာ ကြယ်သွေးကြော ရှိသွားပြီဆိုတော့ နဂါးဘုရင်နယ်ပယ်ကို ဖြတ်ကျော်ပြီး အင်မော်တယ်သွေးကြောနယ်ပယ်ကို ဝင်ရောက်ဖို့ လမ်းကြောင်းပေါ်လာပြီ"
ကြယ်ပြာက မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။
"အင်မော်တယ်သွေးကြောနယ်ပယ် ဟုတ်လား။ အဲဒါက နဂါးဘုရင်နယ်ပယ်ပြီးရင် နောက်အဆင့်လား"
ယွမ်ရှောင်က မေးလိုက်သည်။
"မှန်တယ်။ နဂါးဘုရင်နယ်ပယ်မှာ ဒန်တန်က ချီစွမ်းအား ပြည့်စုံသွားတဲ့အခါ အင်မော်တယ်သွေးကြောကို ဖန်တီးပြီး ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအားကို လည်ပတ်စေနိုင်တယ်။ လေကို ထိန်းချုပ်နိုင်လို့ ကျင့် ကြံသူအများစုအတွက် အင်မော်တယ်သွေးကြောနယ်ပယ်မှာ ကောင်းကင် ပျံတက်ခြင်းက အမှတ်အသားဖြစ်တယ်။ အဲဒီ ရဲရှင်းချန်က အင်မော်တယ်သွေးကြောတွေ ပျက်စီးပြီး ပျံသန်းမရတော့လို့ အခြေခံအားဖြင့် မသန်စွမ်းလို့ ပြောရမယ်"
ကြယ်ပြာက ရှင်းပြသည်။
"ချန်မိုက အဲဒီလောက် အနှိမ်ခံထားရတာတောင် သူ့ကို လှောင်ပြောင်ရဲတာ အံ့သြစရာ မဟုတ်ဘူး။ ဒါဆို အင်မော်တယ်သွေးကြောနယ်ပယ်ကို မရောက်ခင် ဓားကျင့်ကြံသူတွေပဲ ဓားစီးပြီး ကောင်းကင်ကို ပျံတက်သွားနိုင်တာလား"
"ဟုတ်တယ်။ ဓားသမားတွေအတွက် သေးငယ်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါပေမယ့် ချီစွမ်းအားကို လမ်းကြောင်းပြောင်းပြီး ပျံသန်းတာပဲဖြစ်ဖြစ်၊ ဓားစီးပြီး ပျံသန်းတာပဲဖြစ်ဖြစ် ဘယ်နည်းလမ်းမှ ကောင်းကင်မှာ တိုက်ခိုက်ဖို့ သင့်တော်တာ မဟုတ်ဘူး။ သူတို့က သွားလာဖို့ အဆင်ပြေရုံပဲ"
"ငါက ဘယ်အချိန်ကျရင် လေထဲမှာ တိုက်ခိုက်နိုင်ပြီး မြေအောက်ကို လျှိုးဝင်နိုင်မှာလဲ"
ယွမ်ရှောင်က မျှော်လင့်ချက်အနည်းငယ်နှင့် မေးလိုက်သည်။
"ဖြည်းဖြည်းသွားပါ ပက်ကျိအစ်ကိုကြီး၊ မင်းမှာ သွားရမယ့် ခရီးရှည်က အဝေးကြီးကျန်သေးတယ်"
ကြယ်ပြာက ကဲ့ရဲ့လိုက်သောကြောင့် သူ၏ မျက်နှာက ရှုံ့မဲ့သွားကာ မည်မျှ မြန်မြန် တိုးတက်ပါစေ လှောင်ပြောင်ခံရခြင်းမှ မလွတ်မြောက်ခဲ့ပေ။
"လေမီးကပ်ဘေး နယ်ပယ်က အင်မော်တယ်သွေးကြောနယ်ပယ်ပြီးရင် နောက်အဆင့်လား"
သူက ချန်ရီကို တစ်ချက်ကြည့်ကာ စပ်စုလိုက်ပြန်သည်။ သူမက ချန်မျိုးနွယ်ဝင်အဖြစ် လေမီးတောက်ကပ်ဘေးနယ်ပယ်၌ ရှိပြီး ကျန်သရုပ်သကန်ဖြစ်သော အရုဏ်တက်ဧကရီမှာမူ လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေသေးသည်။
"မင်းရဲ့ အင်မော်တယ်သွေးကြောကို ဖွင့်ပြီးရင် မင်းရဲ့စွမ်းအားက ပြည့်စုံဖို့ နီးစပ်လာမှာပဲ။ အချိန်ကျရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအားကို သန့်စင်ဖို့ လေနှင့် မီးရဲ့ ငါးဆကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်။ အသက်ရှင်ရင် အဆုံးမရှိတဲ့ အခွင့်အလမ်းတွေ စောင့်နေပြီး ကျရှုံးရင် ဝိညာဉ်က ပြိုကွဲပြီး လေထဲကို ပျံ့လွင့်သွားလိမ့်မယ်"
ကြယ်ပြာက ယွမ်ရှောင်ကို လေးနက်စွာ သတိပေးလိုက်သည်။
"ဒါဆို ငါက အစောပိုင်း နဂါးဘုရင်နယ်ပယ်မှာ ရှိတော့ ချန်ရီအောက် နယ်ပယ်နှစ်ခုနဲ့ အဆင့်လေးခု နောက်ကျနေတာလား"
ယွမ်ရှောင်က တွေးလိုက်ပြီး ဤအချက်တွင် နတ်အရုဏ်တက်ဧကရီနှင့် သူ့ကြားမှ ကွာဟချက်ကို စဥ်းစားမထားပေ။ သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားသည် နဂါးနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်သော်လည်း သူမနှင့်ယှဥ်လျှင် အကွာအဝေးက ကြီးမားနေသေးသည်။
" ဘာကို မျှော်လင့်နေတာလဲ။ မင်း အခု သတ်လိုက်တဲ့ ရဲရှင်းချန်က ကောင်းကင်နယ်မြေမှာ အားအနည်းဆုံး ပြိုင်ဘက်ပဲ"
မူလအခြေတည်အဆင့် ကျင့်ကြံသူဆိုသည်မှာ ဓားပင်လယ်၌ပင် အသက်နှစ်ဆယ်အောက် လူငယ်များစွာ ရောက်ရှိနိုင်သော အဆင့်ဖြစ်၏။
"ရဲရှင်းချန် မရှိတော့ ချန်ရီက အခု ကောင်းကင်နယ်မြေမှာ ထိပ်ဆုံးပါရမီရှင်ဖြစ်သင့်တယ်"
သူမသည် လေမီးတောက်ကပ်ဘေး ငါးခုကို ရှင်သန်ခဲ့သောကြောင့် ချန်ကျောက်နဲ့ ချန်မိုကဲ့သို့ လူများက ချက်ချင်း သဘောထား ပြောင်းလဲခဲ့ကြသည်။
"သူမနဲ့ ရဲရှင်းချန်က သူတို့ရဲ့ အထွတ်အထိပ်မှာ အရည်အချင်းရှိရင် နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးပါရမီရှင်တွေက ပိုပြီး ကြောက်စရာကောင်းသင့်တယ်"
ကောင်းကင်နယ်မြေ၏ အင်မော်တယ်တိုက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ယွမ်ရှောင်၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက် မီးတောက်က ပြင်းထန်စွာ တောက်လောင်လာသည်။ ထိုအချိန်တွင် ရဲရှင်းချန်၏ အလောင်းမှ အနက်ရောင်နှင့် အဖြူရောင် ကြယ်နှစ်လုံးထွက်ပေါ်လာကာ လျှပ်တပြက်အတွင်း ကြယ်မျှော်စင်ထံ ပြန်လှည့်သွားသည်။
"ဒါက ဘာလဲ"
ယွမ်ရှောင်က မေးလိုက်သည်။
"အဲဒါတွေက စွမ်းအင်ကြယ်နှစ်လုံးပဲ"
ကြယ်ပြာက ပေါ့ပေါ့ပါးပါး ဖြေကာ လျင်မြန်စွာဖြင့် ရတနာကို ဖမ်းလိုက်သည်။
"ငါက ဒီကစားစရာလေးကို ထိန်းချုပ်လိုက်ပြီ။ ဒါက ငါတို့အပိုင်ပဲ"
"ကောင်းလိုက်တာ"
လနီက ပြုံးပြီး ဝင်ပြောလိုက်သည်။ ယွမ်ရှောင်က ဤရတနာအကြောင်း ပိုပြီး သိချင်သော်လည်း ပတ်ဝန်းကျင်၌ လူများ စတင်လှုပ်ရှားလာနေကြသည်။
"ငါက ဒါကို ခဏလောက် လေ့လာဦးမယ်။ အခြေအနေရှင်းသွားရင် စကားဆက်ပြောကြတာပေါ့"
ကြယ်ပြာက ပြောပြောဆိုဆိုနှင့် ၎င်းကို ယွမ်ရှောင်အင်္ကျီအတွင်း ချက်ချင်းဆွဲသွင်းကာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
"မင်းတို့က အမြဲတမ်း ရတနာတွေကို ဒီလောက် လွယ်လွယ်ကူကူနဲ့ လုယူနိုင်ကြတာလား"
ယွမ်ရှောင်က လနီသည် အဘိုးအိုကို တစ်ချက်တည်း မျိုချလိုက်သောမြင်ကွင်းအား ပြန်အမှတ်ရလိုက်၏။
"ဟုတ်တာပေါ့။ ငါက အတွေ့အကြုံများပြီး ရတနာအားလုံးရဲ့ အဖေပဲ"
ကြယ်ပြာက ဂုဏ်ယူစွာ ကြေညာလိုက်သည်။
"ငါလည်း အတူတူပဲ" လနီက ကြွားဝါလိုက်သည်။
ထိုအချိန်၌ ပတ်ဝန်းကျင်က ပုံမှန်အတိုင်း ဖြစ်သွားကာ ကောင်းကင်နယ်မြေ၏ သက်ရှိတိုင်းသည် ရှုပ်ထွေးနေရာမှ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာကြသည်။ အများအပြားက ရုတ်တရက် ခေါင်းကိုက်မှုတစ်ခုကြောင့် တိုက်ခိုက်ခံထားရသကဲ့သို့ ခေါင်းကို ကိုင်ထားပြီး နာကျင်စွာ ညည်းညူလိုက်ကြသည်။
"ဘာတွေ ဖြစ်သွားတာလဲ"
"ငါ့ခေါင်းက ကွဲထွက်တော့မယ်"
"ဒါက ဘာတွေလဲ..."
သူတို့၏ အံ့အားသင့်နေသော မျက်လုံးများအတွင်း အနီရောင်ဝတ်ရုံနှင့် သတို့သားတစ်ယောက်က ဓားရှည်တစ်လက်ဖြင့် အပိုင်းပိုင်းဖြတ်တောက်ထားသော အလောင်းအပိုင်းအစများကို သလင်းကျောက်ခေါင်းတလားအတွင်း ထိုးထည့်နေသည့်မြင်ကွင်း ဝင်ရောက်လာသည်။
ဒုန်း
အဖုံးကို ပိတ်ပြီးနောက် ယွမ်ရှောင်သည် ကန်ချက်တစ်ခုနှင့် ခေါင်းတလားကို မူတန်းရှီ၊ ရဲချင်လီနှင့် မူလင်ထံ ပို့ဆောင်လိုက်သဖြင့် သွေးများ ခန်းမတစ်ခုလုံး စွန်းထင်းသွား၏။ သူ၏ မျက်လုံးက အေးစက်နေပြီး အမူအရာက ခန့်ညားထည်ဝါကာ တည်ရှိမှုမှာ စစ်မှန်သော အင်မော်တယ်တစ်ပါးကဲ့သို့ သန့်ရှင်းမြင့်မြတ်နေခဲ့သည်။
"ချန်ရီနဲ့ ငါက ကောင်းမွန်တဲ့ ကံကြမ္မာကြောင့် မင်္ဂလာပွဲက သေခြင်းကျိန်စာ မခံရပေမယ့် ဧည့်သည်တွေအတွက် ဒီအချိန်အခါဟာ အလောင်းတစ်လောင်းကြောင့် မပျက်စီးသင့်ဘူး မဟုတ်လား။ ဒါကြောင့် မြန်မြန် ဖယ်ရှားကြရအောင်"
အေးစက်သော စကားလုံးများက တစ်ဖက်လူ၏ နှလုံးသားထံ တိုက်ရိုက် ထိုးစိုက်လိုက်သော ဓားပမာပင်။ ဤစကားသံကြောင့် ဧည့်သည်များသည် ယွမ်ရှောင်က ရဲရှင်းချန်ကို ဓားချက်တစ်ချက်တည်းနှင့် သတ်ခဲ့သော လက်တွေ့အဖြစ်သို့ ပြန်ရောက်လာကြ၏။ လျှောထွက်သွားသော ခေါင်းတလားက မူလင်အနား ရောက်ရှိသွားကာ မျက်လုံးအပြူးသားနှင့် သေဆုံးနေသည့် ရဲရှင်းချန်နှင့် အကြည့်ချင်း ဆုံသွားသည်။
"ရှင်းချန်"
မူလင်သည် နှလုံးသားကွဲအက်လောက်သော အော်သံမျိုးနှင့် ငိုကြွေးပြီး မျက်ရည်များကျဆင်းလာကာ အကြည့်က ခေါင်းတလားမှ ယွမ်ရှောင်ထံ ရောက်သွားသောအခါ အမျက်ဒေါသကြောင့် သွေးရောင် ပြောင်းသွားခဲ့၏။ ဒေါသမီး တောက်လောင်ပြီး မျက်ရည်များ စီးကျနေသည့် သူမက မတ်တပ်ရပ်၍ စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ယွမ်ရှောင်အပေါ် ဖိအားပေးလိုက်သည်။
"သေစမ်း..."
ချီစွမ်းအားက မုန်တိုင်းတစ်ခုအဖြစ် လှည့်ပတ်သွားပြီး သူမ၏ လက်ချောင်းထိပ်တွင် စုစည်းသွားကာ ပန်းကန်ပြားပုံစံ အရာဝတ္ထုတစ်ခု ထွက်ပေါ်လာခဲ့၏။
"ကောင်းကင်နယ်မြေရဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက်လား"
ယွမ်ရှောင်သည် ဤအမျိုးသမီးက ရဲရှင်းချန်ထက် များစွာ ပို၍အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ အချိန်ခဏအတွင်း အနီရောင်ဝတ်ရုံက မီးတောက်လောင်လာကာ ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရသည်။ သို့သော် အားနည်းသည့် ကြက်များကို မသတ်ချင်သော သူ့အတွက် အားကောင်းသောရန်သူမှာ ကြောက်စရာမဟုတ်ချေ။
သို့သော် ချန်မျိုးနွယ်ဝင်များ မလှုပ်ရှားခင် မူတန်းရှီက အရေးပေါ် တားမြစ်ခဲ့သည်။
"အဖေ..."
မူလင်၏ မျက်နှာတွင် စိတ်ပျက်အားလျော့မှုနှင့် အထီးကျန်မှုများ ထင်ဟပ်နေသည်။ မူတန်းရှီက လူသတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း သမီးကို ခေါင်းခါပြနိုင်ရုံသာတတ်နိုင်၏။
"မင်္ဂလာလက်ဖွဲ့အဖြစ် ခေါင်းတလား ပို့တာက စော်ကားတာပဲ။ တိုက်ခိုက်ဖို့ စတင်ပြီး သူသေကိုယ်သေ တိုက်ပွဲမှာ ဓားချက်တစ်ချက်တည်းနဲ့ သတ်ခံရတာ။ ငါတို့ဘက်က မှားယွင်းနေတယ်"
"မှန်တာမှားတာထက် ဒါက တော်တော် ရယ်စရာကောင်းတယ်"
ချန်မိုက ရယ်မောပြီး အော်ဟစ်လှောင်ပြောင်နေခဲ့သည်။
"ရဲတော်ဝင်မိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်က တစ်ချိန်လုံး ကြွားလုံးထုတ်ပြီး ဒီလို အဆုံးသတ်သွားတာ။ ဒီအဖြစ်မျိုးကို ကောင်းကင်ဘုံနယ်မြေက ငါတို့ရဲ့မိတ်ဆွေတွေ ဆယ်စုနှစ်ပေါင်းများစွာ ရယ်နေကြမှာ မဟုတ်ဘူးလား"
"ဟား ဟား"
တစ်နှစ်ပတ်လုံး ဖိနှိပ်ခံခဲ့ရသော ချန်မျိုးန်ဝင်များက လှောင်ရယ်နေကြပြီး ချန်ရီကို အပြစ်တင်ကာ ယွမ်ရှောင်ကို လျှော့တွက်ခဲ့ကြဖူးသည်။ သို့သော် သူမက လေမီးနယ်ပယ် အထွတ်အထိပ်သို့ရောက်နေပြီး ယွမ်ရှောင်က ဓားဧကရာဇ်အဖြစ်ထွက်ပေါ်လာ၍ ဓားချက်တစ်ချက်တည်းနှင့် ရဲရှင်းချန်ကို သတ်လိုက်သောအခါ အလွန် အံ့အားသင့်ကုန်သည်။ ချန်ရီ၏ ဦးလေးငါး ချန်မိုလက်အောက်တွင် ချန်မျိုးနွယ်ဝင်များစွာ ရှိနေသောကြောင့် ယွမ်ရှောင်နှင့် ချန်ရီရဲ့ ပတ်ပတ်လည်၌ စုရုံးပြီး ဟားတိုက်နေကြသည်။
ရယ်သံတိုင်းက မူလင်နှင့် သူမ၏ မိဘများအတွက် နှလုံးသားထံ အဆိပ်ဓားများ ထိုးစိုက်လိုက်သကဲ့သို့ နာကျင်စေသည်။ ဤဖြစ်ရပ်အကြောင်း သတင်းပျံ့နှံ့သွားလျှင် ရဲတော်ဝင်မိသားစုနှင့် မဟာကျောင်းတော်က နှစ်ပေါင်းများစွာ အဆုံးမရှိအောင် အရှက်ကွဲရပေလိမ့်မည်။
ရှုံးနိမ့်ခြင်းက အဆိုးဆုံးအပိုင်း မဟုတ်သော်လည်း အကြောင်းပြချက်မရှိ ရန်စပြီး ဓားချက်တစ်ချက်တည်းနှင့် အသတ်ခံရခြင်းမှာ စကားလုံးများဖြင့် ဖော်ပြရန် ခဲယဥ်းသော အရှက်ကွဲခြင်းပင်။ ချန်မျိုးနွယ်မှ ရယ်မောသံနှင့် ကောင်းကင်နယ်မြေ ကျင့်ကြံသူများ၏ ထူးဆန်းသော အမူအရာများ မူလင်၏ စိတ်အတွင်းပိုင်းသို့ ထိုးဖောက်ပြီး နက်ရှိုင်းစွာ ဒဏ်ရာ ရစေခဲ့သည်။
"ယွမ်ရှောင် အင်မော်တယ်ပြည်ထောင်ရဲ့ စည်းမျဉ်းတွေအရ ကောင်းကင်နယ်မြေက အသက်နှစ်ဆယ်အောက် ဘယ်သူမဆို နဂါးဘုရင်နယ််ပယ်ကို ရောက်ရင် မဟာကျောင်းတော်မှာ စာရင်းသွင်းရမယ်"
"ပြီးတော့"
ယွမ်ရှောင်က တည်ငြိမ်စွာ မေးလိုက်သည်။
" မဟာကျောင်းတော်မှာ နင့်ကို ငါ စောင့်နေမယ်။ အဲဒီမှာ သူသေကိုယ်သေ တိုက်ခိုက်ရေးကွင်း တစ်ထောင်ကျော်လောက် ရှိတယ်"
မူလင်က တစ်လုံးချင်း ခြိမ်းခြောက်လိုက်လေသည်။