မကောင်းတဲ့မိန်းမများနဲ့ ဆုံစည်းစေတဲ့ကျိန်စာ
Vol. 1 Ch. 1
“ဖန့်ကြွယ်ယွီ…အဲ့နေ့တုန်းက ငါတို့ရန်ဖြစ်ပြီးတဲ့နောက် ငါတစ်ယောက်ထဲ ကျောင်းပန်းခြံမှာ အရက်တွေသောက်ပြီး မှောက်နေခဲ့တာ။ အဲ့ချိန်မှာပဲ ငါ့သူငယ်ချင်းက ငါ့ကိုလာခေါ်ပြီး တစ်ညလုံးဂရုစိုက်ပေးခဲ့တာ။ သူနဲ့ငါ့အကြား ဘာဆိုဘာမှ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ကြင်နာယုယမှုတွေ ဂရုစိုက်မှုတွေ အောက်မှာ သူ့အပေါ်တဖြည်းဖြည်း ခံစားချက်တွေ ရှိလာ ခဲ့တာ။ နောက်တော့ သူက ငါ့အချစ်ကိုရဖို့ ဇွဲရှိရှိနဲ့ ကြိုးစား ခဲ့တာ။ မနေ့ကပဲ ငါတို့ တွဲလိုက်ကြပြီ။ ငါ့မှာ ရည်းစားအသစ် ရှိနေပြီမို့ အခုချိန်ကစပြီး ငါ့ကို လာရှာနေ တာတွေ ရပ်လိုက်ပါတော့”
ဖန့်ကြွယ်ယွီက စာကိုအဆုံးထိဖတ်လိုက်ပြီးနောက် စူးစူးနစ်နစ် နာကျင်မှုတစ်ခုကို သူ၏ နှလုံးသားထဲမှာ ခံစားလိုက်ရသည်။ ဘာမှမဟုတ်သော အသေးအဖွဲပြသနာလေးတစ်ခုကြောင့် သူနှင့် နှစ်နှစ်တာမျှ လက်တွဲခဲ့သော သူ့ချစ်သူက ချက်ချင်းပင် ရည်းစားအသစ် တစ်ယောက်ရသွားခဲ့သည်။
“ဟား ဟား ဟား။ ဒါက မင်းဘက်ကပေးတဲ့ ဖြေရှင်းချက်ပေါ့လေ”
ဖန့်ကြွယ်ယွီက မထီမဲ့မြင်ပြုသောပုံစံဖြင့် ဆိုသည်။ သူ၏ဘဝမှာ ပထမဆုံးအကြိမ် မိန်းမတစ်ယောက်က သူ့ကိုအရူးသာသာ ဆက်ဆံနေသည်ဟု ခံစားမိသည်။ စဉ်းစားဥာဏ်ရှိသော မည်သည့်ယောကျာ်းမဆို ထိုစကားများကို ဘယ်လိုလုပ်ပြီး ယုံနိုင်မည်နည်း။
ဖန့်ကြွယ်ယွီနှင့် သူ၏ချစ်သူ ကျန်းယွမ်တို့သည် ကျန်းနမ် တက္ကသိုလ်မှာ တက်ရောက်နေသူများဖြစ်ကြသည်။ သူတို့နှစ်ဦးသည် ကျောင်းပွဲတစ်ခုတွင် အမှတ်မထင် ဆုံတွေ့ကြကာ တခဏအတွင်းမှာ ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက် လူအများအားကျရသော စုံတွဲဖြစ်လာခဲ့သည်။
သိပ်မကြာခင်ကပင် ရှိုးပွဲကြည့်ရန် လက်မှတ်ဝယ် မရခြင်း အပေါ် ကျန်းယွမ်က ဒေါသတကြီးဖြစ်ပြီး စိတ်ဆိုးနေခဲ့သည်။ ထိုရှိုးပွဲသည် နာမည်ကြီးအဆိုတော် စုလန်၏ပွဲဖြစ်ပြီး ထိုပွဲလက်မှတ်များသည် ရောင်းချပြီး ဆယ်စက္ကန့်အကြာမှာ ကုန်သွားခဲ့သည်။
ကျန်းယွမ်က အမြဲလိုလိုစိတ်ကောက်လေ့ရှိပြီး ဖန့်ကြွယ်ယွီက သူမကို ချက်ချင်းပြန်ချော့ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမက အကြာကြီး စိတ်ကောက်နေသဖြင့် ဖန့်ကြွယ်ယွီလည်း ပစ်ထားခဲ့မိသည်။
နောက်တစ်ရက်မှာ ကျန်းယွမ်က သူမလမ်းခွဲချင်ကြောင်း စာပို့လာခဲ့သည်။ ဖန့်ကြွယ်ယွီက သူမ ဒရမ်မာ ( drama) ခင်းသည်ဟု ထင်မြင်ခဲ့မိသည်။ သူမ၏ စိတ်ပြန်လည် လာစေရန် အချိန်အကြာကြီး ကြိုးပမ်းခဲ့သော်ငြား သူမ၏ မျက်နှာကို တစ်ခါလေးတောင် မြင်ခွင့်မရခဲ့ပေ။
မမျှော်လင့်ဘဲ တစ်ပတ်တောင်မပြည့်သေးခင်မှာပင် သူ့ဆီကို ထိုစာ ဝင်လာခဲ့သည်။
“ငါ့ကောင်တို့၊ လာ.. ငါတို့အရက်သွားသောက်ကြတာပေါ့”
အရက်က ကောင်းသည့်အရာတော့ မဟုတ်ပေ။သို့သော် အသည်းကွဲနေသည့် အချိန်မှာတော့ အကောင်းဆုံး ကုသပေး နိုင်သည့် အသည်းကွဲပျောက်ဆေးဖြစ်သည်။ ကံကောင်းစွာ ဖြင့် လွန်ခဲ့သော နှစ်နှစ်က သူငယ်ချင်း အပေါင်းအဖော် ကောင်းများရခဲ့သည်။ ပိတ်ရက်နားနီးပြီဖြစ်သော်ငြား အိမ်ကိုမည်သူမျှ မပြန်ကြသေးပေ။
အနီးအနားက ဘားတစ်ခုမှာ သောက်စရာအစုံ မှာလိုက် ကြသည်။ အရက်ဝင်သွားသည့်အခါ သူလည်း ထွေရာလေးပါး လျှောက်ပြောတော့သည်။
“ဖန့်ကြွယ်ယွီ၊ မင်းမှာလည်း မကောင်းတဲ့မိန်းမကိုမှ ရွေးကြိုက်တဲ့ကောင်ကွာ” ခပ်ဝဝအမျိုးသားတစ်ဦးက သူ့ကိုလက်ညှိုးထိုးရင်းပြောသည်။ ထိုသူက ဖုဂျန်ဖြစ်သည်။ ဖုဂျန်က သူနှင့်အထက်တန်းကျောင်းတည်းက အတန်းဖော် ဖြစ်ပြီး အခုလည်း ကောလိပ်မှာ အတန်းအတူတူတက်နေ ကြသည်။ ဖုဂျန်က ဖန့်ကြွယ်ယွီ၏ အချစ်ဇာတ်လမ်းကို ကကြီးမှ အ အထိ အစအဆုံး သိရှိသူတစ်ဦးဖြစ်သည်။
ဖန့်ကြွယ်ယွီ၏ အရပ်က သာမန်မျှဖြစ်ပြီး ရုပ်ရည်က ကြည့်ကောင်းသည့်ထဲ ပါသည်ဟု ဆိုနိုင်သည်။ ဖန့်ကြွယ်ယွီက ငယ်စဉ်ကတည်းက စန္ဒရားနှင့် တယောတီးတတ်သည်။ ပြောရမည်ဆို ဖန့်ကြွယ်ယွီအနေဖြင့် မိန်းမမရှားပေ။
သူကပဲ ကံဆိုးတာလား သူ့အကြိုက်ကပဲ ဆန်းကြယ်တာလား မသိ။ သူက ဘယ်သောအခါမှ သာမန်မိန်းကလေးမျိုး ကိုမကြိုက်ခဲ့ပေ။
အထက်တန်းကျောင်းပထမနှစ်တွင် မိန်းကလေးတစ်ဦးကို ဘဝတွင် ပထမဆုံးအကြိမ်ကြိုက်ခဲ့သည်။ သူတို့နှစ်ဦး အတူရှိခဲ့သည်မှာ နှစ်ရက်ပဲကြာခဲ့သည်။ နောက်ပိုင်းမှာ သူမ၏ ပညာရေးကို ထိခိုက်လာမည်ကို စိုးရိမ်သည်ဟူသော အကြောင်းပြချက်ဖြင့် သူ့အားလမ်းခွဲခဲ့သည်။ ဆန်းကြယ်စွာ ဖြင့် ဖန့်ကြွယ်ယွီက ထိပ်တန်းတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့ပြီး ထိုမိန်းကလေးကတော့ တတိယအဆင့်တက္ကသိုလ်ကိုသာ ဝင်ခွင့်ရခဲ့သည်။
နှစ်ရက်ဖြင့် အထားခံခဲ့ရသည်ဟူသော အရာသည် ဖန့်ကြွယ်ယွီကို လှောင်ပြောင်စရာဖြစ်နေခဲ့သည်။ သူနှင့် ဘေးချင်းကပ်ထိုင်သူ ကျန်းယီက သူ့အား သုံးနှစ်လုံးလုံး “ ဖန့်ကြွယ်ယွီ၊ ဝမ်းမနည်းနဲ့ ငါ့ကောင်။ နောက်ဆို တစ်ရက်နဲ့ စိတ်ပြောင်းတဲ့ ကောင်မလေး၊ သုံးရက်တည်းနဲ့ စိတ်ပြောင်းတဲ့ကောင်မလေးနဲ့ မင်းဆုံရဦးမှာ” ဟူသော စကားကို အမြဲတစေပြောပြီး ပျက်ရယ်ပြုခဲ့သည်။
ထိုအရာက ကျိန်စာသဖွယ်ဖြစ်နေသည်။ ကျန်းယီ၏ စကားလုံးများက တစ်ယောက်ပြီးတစ်ယောက်မှန်နေခဲ့သည်။ သူတွဲခဲ့သမျှ ကောင်မလေးများက ဘာမဟုတ်သော ကိစ္စလေးဖြင့် စိတ်ပြောင်းကုန်ကြသည်။
သူ့ရည်းစားဟောင်းထဲက မိန်းကလေးတစ်ယောက်က သူနှင့် တွဲပြီးမှ သူမ၏ ရည်းစားဟောင်းကောင်လေးနောက် ပြန်ပါ သွားတာကိုလည်း ကြုံဖူးခဲ့သည်။ မိန်းကလေးတစ်ဦးကဆို ဖန့်ကြွယ်ယွီက အလွန်သဘောထားကောင်းလွန်းသဖြင့် သူတို့ဆက်ဆံရေးက ပျင်းစရာကောင်းလှသည်ဟုဆိုကာ အဆက်သွယ်ဖြတ်ခဲ့သည်။
ထိုအချိန်တုန်းက ဖန့်ကြွယ်ယွီက အလွန်အမင်းအရှက်ရကာ သူ၏ဖြစ်တည်မှုကို သူကိုယ်တိုင်ပင်သံသယဝင်လာခဲ့သည်။ သူသည် အရင်ဘဝတုန်းက များပြားလှစွာသော မိန်းမကောင်း လေးများကို ဖျက်စီးခဲ့သော လူယုတ်မာ တစ်ဦးများ ဖြစ်ခဲ့ လေရော့လား။
ကျန်းယွမ်နှင့် စတင်ဆုံစည်းတုန်းက အချစ်စစ်ကိုရှာဖွေတွေ့ရှိခဲ့သည်ဟု သူထင်မြင်ခဲ့မိသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူ့တစ်ဘဝလုံးကို ကျန်းယွမ်အတွက် ပုံအပ်ထားပြီး အလွန်အမင်းချစ်ပြခဲ့သဖြင့် ကျန်းယွမ်၏ အခန်းဖော်ကပင် မနာလိုဖြစ်ခဲ့ရသည်။
သို့သော် ဒီကိစ္စနှင့် ကြုံလာချိန်တွင် သူ့တစ်ဘဝလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သလို ခံစားခဲ့ရသည်။
“သူငယ်ချင်း၊ ငါမင်းကို ပြောကိုပြောမှဖြစ်မဲ့ အရာတစ်ခုရှိတယ်ကွာ” တခဏကြာသေချာစဉ်းစားပြီးမှ ထိုစကားကို တင်းမင်ဟွေ့ ပြောလာခဲ့သည်။
“ပြောလေကွာ” ဖန့်ကြွယ်ယွီက ပြန်ပြောသည်။ “ဒီအချိန်ထိရောက်လာပြီးမှတော့ ဘာများမပြောနိုင်စရာ ရှိတော့မှာလဲ” သူက ဘီယာတစ်ကျိုက်မော့သည်။
“ကျန်းယွမ်တွဲတဲ့ကောင်နာမည်က ဝမ့်ရွှမ် လို့ခေါ်တယ်။ ငါတို့ကျောင်းက နာမည်ကြီး သူဌေးသားတစ်ဦးပေါ့ကွာ။ သူ့အဖေက ဂရိန်းလို့ခေါ်တဲ့လက်မှတ်ရောင်းချတဲ့ကွန်ယက်ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးတဲ့။ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက ကျန်းယွမ်က အဲ့ကောင်နဲ့ ညစာအတူစားနေတာ ငါတွေ့ခဲ့ တယ်။ ဒါပေမဲ့ ငါလည်း သိပ်မသေချာနေတာနဲ့ မင်းကိုမပြော ရဲခဲ့လို့ပါ”
“ဂရိန်းလက်မှတ်ရောင်းချတဲ့ကုမ္ပဏီ” ဖန့်ကြွယ်ယွီက တစ်စုံတစ်ရာကို အခုမှပင်နားလည်သဘောပေါက်တော့သည်။
“ဟားဟား ငါသိပြီ” ထိုကုမ္ပဏီသည် နိုင်ငံ၏ အကြီးမားဆုံး လက်မှတ်ရောင်းချရေးစင်တာဖြစ်ပြီး လက်မှတ်အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ထိုမှတစ်ဆင့်ရောင်းချနေခြင်းဖြစ်သည်။ ဝမ့်ရွှမ်အဖို့ စုလန်၏ ရှိုးပွဲလက်မှတ်ရဖို့ လွယ်ကူလွန်းလှသည်။
လက်မှတ်ရဖို့အတွက်ပဲလား ဒါမှမဟုတ် ဥစ္စာပေါရုပ်ချော သူဌေးသားကို ကပ်ချင်လို့များ ကျန်းယွမ်က သူ့ကို ဖြတ်ခဲ့တာ လားဆိုတာ သူမသိချင်တော့ပေ။
“ကြွယ်ယွီ၊ မိန်းမတစ်ယောက်အတွက်နဲ့များ ဝမ်းနည်းစရာ မလိုပါဘူး။ မင်းအနေအထားနဲ့ဆို မိန်းမကောင်းရဖို့ အသာ လေးပါကွာ”
ချန်ခိုင် ဆိုသော သူငယ်ချင်းက အရွှန်းထဖောက်သည်။
“ငါတို့ကျောင်းမှာ ရည်းစားမရှိတဲ့ အချောအလှလေး တွေစာရင်းရှိတယ်ဆိုတဲ့ အတွင်းသတင်းရထားတယ်။ မင်းကြည့်ချင်လား။”
ညနက်အထိ သောက်စားကြပြီးနောက် ဖန့်ကြွယ်ယွီသည် အခန်းထဲပြန်ရောက်လာပြီး သူ့ဒုက္ခများပြေပျောက်စေဖို့အရေး အိပ်ပစ်လိုက်သည်။
နောက်တစ်နေ့မနက် သူအိပ်နေတုန်းအချိန်မှာ ဖုန်းသံမြည်လာခဲ့သည်။ မျက်စိမှိတ်ရက်သားဖြင့် “ဘယ်သူလဲမသိဘူးဗျာ” ဟု သူပြန်ဖြေခဲ့သည်။
“ငါ နင့်အမေ၊ ကောင်စုတ်လေး၊ အိမ်ကိုဘယ်အချိန်ပြန် လာမှာလဲ။ မင်းတို့တက္ကသိုလ်မှာတက်နေတဲ့ ကလေးတွေ အကုန် အိမ်ပြန်ရောက်နေကြပြီ။ အိမ်နဲ့လည်း အရမ်းဝေးတာ လည်းမဟုတ်။ မင်းက အိမ်ကိုမပြန်လာချင်တဲ့သဘောလား ဘာလဲ”
“သား…သား ဒီနေ့ နေ့လည် ပြန်လာမှာပါ အမေရ” ဖန့်ကြွယ်ယွီ၏ စိတ်ထဲ သူ့အမေ၏ ချောမောလှပသော မျက်နှာကို ပြေးမြင်လာသည်။ သူ့အမေနာမည်က ချောင်လန်ဖြစ်ပြီး သူမသည် အသက်လေးဆယ် ငါးဆယ်ဟု မထင်ရလောက်အောင် နုပျိုလွန်းလှသည်။ သူမ၏ ချောမောလှပသော မျက်နှာလေးနှင့် ဒေါသထွက်နေသည့် ပုံစံက မအပ်စပ်လှပေ။
သူ့အမေတင်မဟုတ် ။ သူ၏ အဖေကလည်း အသက်နှစ်ဆယ် အရွယ်လူငယ်လေးဟု ထင်ရသည်။ သူ၏ မိဘနှစ်ပါးက အရွယ်တင်နုပျိုလွန်းလှသည်ဟု ထင်မြင်မိသည်။ သူ၏ မိဘနှစ်ပါးက အသားရေထိန်းသိမ်းသည့် ပစ္စည်းတစ်မျိုးမှ မသုံးဘဲ အရွယ်တင်နေခြင်းက ထူးဆန်းလှသည်။ မိခင်ဖြစ်သူချောင်လန်က နှုတ်ခမ်းနီတစ်မျိုးပဲ ဆိုးသည်။
“ဟမ် မြန်မြန်သာပြန်လာခဲ့။ မင်းအဖေနဲ့ ငါ ဒီနေ့ည မင်းနဲ့ပြောစရာရှိတယ်” ထိုစကားပြောပြီးသည်နှင့် ချောင်လန်က ဖုန်းချခဲ့သည်။