ငါက ချမ်းသာတဲ့ အသိုင်းအဝိုင်းရဲ့ ဒုတိယ မျိုးဆက်လား။
Vol. 1 Ch. 2
သူ၏ ကျောင်းမှ တစ်နာရီကြာရထားစီးပြီး ဆယ်မိနစ်ခန့် တက္ကစီစီးရုံဖြင့် အိမ်ကိုရောက်လာခဲ့သည်။ ဖန့်ကြွယ်ယွီသည် အများအားဖြင့် ခရီးတစ်လျှောက်လုံး အိပ်နေကျဖြစ်သော်ငြား ဒီတစ်ကြိမ်မှာတော့ အတွေးကမ္ဘာထဲ နစ်မျောနေခဲ့သည်။
ဒီမနက်ခင်းက ချိုင်လန်ပြောခဲ့သည့် စကားများက သူ့အတွက် ထူးဆန်းနေခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ စကားမျိုးကို သူ့အမေက တစ်ခါမှ မပြောခဲ့ဖူးပေ။
အိမ်မှာပြသနာတစ်ခုခုများဖြစ်နေလို့လား။
ဒါလည်းမဖြစ်နိုင်ပေ။ သူတို့အိမ်မှာ သူ့မိဘများမှ လွဲပြီး မည်သည့် ဆွေမျိုးများမရှိပေ။ လူမှန်းသိတတ်စကတည်းက နှစ်ဖက်အဖိုးအဖွားကို သူမမြင်ခဲ့ဖူးပေ။ သူ့အဖိုးအဖွားများ ဟိုးယခင်တည်းက ကွယ်လွန်ခဲ့တာဖြစ်ရမည်။
ဒါဆို မိသားစုငွေရေးကြေးရေး ပြသနာများလား။
ထိုကိစ္စက သူ့အတွက် နှစ်နှစ်ဆယ်လုံး ပဟေဠိတစ်ခု သဖွယ်ဖြစ်ခဲ့ရသည်။ သူ့မိဘများက အလုပ်သွားသည်ကို တစ်ခါမှ မမြင်ဖူးပေ။ သူတို့က မည်သည့်အလုပ်ကိုလုပ်ကိုင်ပြီး နေထိုင်စားသောက်နေကြသလဲတောင် သူမသိပေ။
သူတို့မိသားစုက အလွန်အမင်း မချမ်းသာသော်ငြား ငွေရေး ကြေးရေးအတွက် တစ်ခါမှ မပူပန်ခဲ့ရပေ။ ပိုက်ဆံကမည်သည့် နေရာမှရနေလဲဆိုတာတော့ ဖန့်ကြွယ်ယွီမသိပေ။
နှစ်ပေါင်းများစွာ အဖြေမရှာနိုင်ခဲ့သော အရာများအတွက် သူ့အမေက သူ့ကိုပြန်ခေါ်သည်ဟု မဝံ့မရဲ တွေးနေမိသည်။
“သားရေ ဒီမှာ”
သူက ဘူတာရုံအပြင်ကို ထွက်လိုက်သည်နှင့် သူ့ကို လက်ဝှေ့ရမ်းပြနေသော ဖခင်ဖြစ်သူကိုတွေ့လိုက်ရသည်။ ဖန်ဟွီက အလွန်အရွယ်တင်သဖြင့် သူတို့နှစ်ဦးကို ညီအကိုဟု ပြောပါက မည်သူကမှ သံသယဝင်ကြမည်မဟုတ်ပေ။
ဒါတင်မကသေးပဲ ဖန်ဟွီက ဖန့်ကြွယ်ယွီထက် အရပ်ပိုရှည်ပြီး ပိုမိုခန့်ညားသည်။ တစ်ခါတလေ သူ့မိဘများက အင်မော်တယ် များဟု ထင်လာမိသော်ငြား သက်သေ အထောက် အထား ခိုင်လုံစွာမရှိပေ။
“ဟမ်၊ ဖေဖေ ကားဝယ်လိုက်တာလား” ဖန့်ကြွယ်ယွီက ဖန်ဟွီဘေးနားမှာရှိသော ပေါ်ရှာ (Porsche) ကားကို တအံ့တဩကြည့်နေမိသည်။
သူက ကားအကြောင်းသိပ်မသိသော်လည်း ထိုကားက အနည်းဆုံး တစ်သန်းနီးပါးရှိသည်။ သူ့မိသားစုက ဘယ်အချိန် ကများ ထိုများပြားသော ငွေကြေးပမာဏရခဲ့သနည်း။
“ဘာများထူးဆန်းစရာရှိလို့လဲ ငါ့သားရာ..ဒါက ကားစုတ် လေးပါ”
ဖန်ဟွီက ဖန့်ကြွယ်ယွီ၏ အထုတ်များကို လက်တစ်ဖက်ဖြင့်မပြီး ကားနောက်ခန်းထဲသို့ ထည့်လိုက်သည်။
“လာ ကားပေါ်တက်”
ဖန့်ကြွယ်ယွီက ကားထဲဝင်လိုက်သည်။ မြင်နေသမျှ အရာအားလုံး ကို မယုံနိုင်အောင် ဖြစ်နေမိတော့သည်။ ပေါ်ရှာကားးက ကားစုတ်တဲ့လား!
သူတို့အိမ်သည် သာမန်ရပ်ကွက်ထဲမှာတည်ရှိပြီး ရှစ်ဆယ် ကိုးဆယ် မီတာပတ်လည်မျှသာကျယ်ဝန်းသည်။ သူစဉ်းစားလေလေ သူ့မိသားစုက ပိုမိုရှုပ်ထွေးလာသည်ဟု တွေးမိနေသည်။
သူတို့အိမ်ကိုရောက်သောအခါ မွှေးကြိုင်သောဟင်းရနံ့က အိမ်ပေါက်ဝမှ စည်းကြိုနေသည်။ ချိုင်လန်က သူတို့ ပြန်အလာကိုစောင့်နေရင်း ညစာပြင်ထားခဲ့သည်။
“မိန်းမရေ..မင်းရဲ့ဟင်းချက်လက်ရာက အများကြီးတိုးတက် လာတာပဲ” ဖန်ဟွီက ကြင်ကြင်နာနာစကားဆိုရင်း ချိုင်လန်၏ ပါးကိုနမ်းလိုက်သည်။ သူ့ရှေ့မှာ ချစ်ကြည်နူးပြနေသော မိဘနှစ်ပါးကိုမြင်ရပြီး ဖန့်ကြွယ်ယွီ မျက်လုံးများပင်ပြူးမိသည်။
ချိုင်လန်၏ လက်ရာက အမှန်တကယ်ကောင်းမွန်လှသဖြင့် ဖန့်ကြွယ်ယွီတစ်ယောက် အငမ်းမရ စားနေမိသည်။ သူမ၏ ဟင်းပွဲများနှင့် ယှဉ်ပါက ကျောင်း၏ နာမည်ကြီးဆိုင်မှ အစားအစာများသည် ဘာမှမဟုတ်တော့ပေ။
“စားစား သား။ ဒါက အဖေနဲ့ အမေတို့နဲ့ အတူ သားစားရတဲ့နောက်ဆုံးညစာဖြစ်တော့မှာ”
ချိုင်လန်က ဖန့်ကြွယ်ယွီကို မဝံ့မရဲလှမ်းကြည့်ရင်း ပြောသည်။
“နောက်ဆုံးအကြိမ်” ဖန့်ကြွယ်ယွီက စကားကိုခဏရပ်ရင်း စားလက်စ တူကို ချလိုက်သည်။
“အဲ့တာ ဘာကိုဆိုလိုတာလဲ အမေ”
“ကောင်းပြီ” ဖန်ဟွီက လည်ချောင်းရှင်းလိုက်သည်။
“ငါ့သား..မင်းလည်း အသက်နှစ်ဆယ်အရွယ်ရောက်လာပြီ ဆိုတော့ မင်းကိုပြောပြရမဲ့အရာတွေရှိတယ်။ စာကြည့်ခန်း ထဲသွားကြမလား”
ချိုင်လန် နှင့် ဖန်ဟွီက စာကြည့်ခန်းထဲကို ထွက်သွားချိန်တွင် ဖန့်ကြွယ်ယွီလည်း ယောင်ချာချာနှင့် အနောက်မှ လိုက်လာ မိသည်။
စာကြည့်ခန်းက ယခင်ကလို သန့်ရှင်းသပ်ရပ်နေသည်။ သို့သော် တစ်ခုတည်းသောကွာခြားချက်က စာကြည့်စားပွဲ ပေါ်တွင် သစ်သာအသေးလေးတစ်လုံးရှိနေခြင်းဖြစ်သည်။
“သားရေ..ဒီထဲမှာ သားကိုမပြောပြဘဲ အဖေတို့ အချိန် အကြာကြီးဖုံးကွယ်ခဲ့မိတဲ့အရာတွေရှိတယ်။ ဒါပေမဲ့ သားက သာမန်ကလေးတွေလိုပဲ ကြီးပြင်းစေချင်လို့ မပြောဘဲ ထိန်ချမ်ထားခဲ့တာပါ။ ဒါပေမဲ့ အဖေတို့က ဒီနေရာကနေ သွား တော့မှာဆိုတော့ အဖေတို့မသွားခင်လေး သားကို သိစေချင် တဲ့ တချို့အရာလေးတွေရှိနေလို့ပါ” ဖန်ဟွီက ဆိုသည်။
“အဖေတို့က မွန်းစတားပါဆိုပြီး ပြောမှာမဟုတ်ဘူးမလား” ဖန့်ကြွယ်ယွီက ဆိုသည်။
“ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ” ဖန်ဟွီက ဖန့်ကြွယ်ယွီ၏ ခေါင်းကိုဖြည်းဖြည်းလေးခေါက်ရင်း ဆိုသည်။
“သားတို့အဖိုးရဲ့ သတင်းအစအနပျောက်နေတာ။ ဒါကြောင့် မို့လို့ သားအမေနဲ့ အဖေတို့က အဘိုးကို နောက်ဆုံးတွေ့ခဲ့ရတဲ့ နေရာမှာသွားရှာမလို့။ မနက်ဖြန်မနက်ဆို သွားတော့မှာ”
“သားရဲ့အဖိုး။ အဖိုးက ဆုံးပြီမလား”
“ဖျောင်း” သူ့ခေါင်းကို နောက်တစ်ချက်ရိုက်လိုက်ပြန်သည်။
“မင်းအဖိုးဆုံးတယ်လို့ ဘယ်သူပြောလဲ။ သူက ဒီကမ္ဘာမြေမှာ မရှိတော့ပေမဲ့ အဖေတို့နဲ့ အဆက်အသွယ်မပြတ်ဘူး။ ဒါပေမဲ့ မကြာသေးခင်က အဖိုးနဲ့ပတ်သက်တဲ့ သတင်းမရတော့တာမို့ မင်းအမေနဲ့ ငါက စိတ်ပူပြီး သွားရှာဖို့ပြင်ကြတာ”
“ဟမ်..ဒီကမ္ဘာမြေပေါ်မှာမရှိဘူး” ဖန့်ကြွယ်ယွီ၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်နေသလို ခံစားနေရသည်။ သူ့မိဘတွေက ဆေးများစွဲနေသလား။
အဓိပ္ပါယ်မရှိသော စကားတွေဘာကြောင့် ပြောနေရသနည်း။
“အမ်။ သားအနေနဲ့လက်ခံနိုင်ဖို့ခဲယဉ်းမယ်ဆိုတာ အမေ သိတယ်” ချိုင်လန်က တစ်ခဏတာစဉ်းစားလိုက်ပြီးမှ
“ဒီလိုပါ သားရေ၊ သားအဖေနဲ့ သားရဲ့ အဖိုးအဖွားတွေက ပုံမှန်လူတွေမဟုတ်ကြဘူး”
“ဘယ်လို ပုံမှန်မဟုတ်တာလဲ”
“အဖေတို့အသက်က နှစ်တစ်ထောင်ထိရှည်နိုင်တယ်။ အဖေတို့က အိုမင်းရင့်ရော်ခဲတယ်။ ပြီးတော့ သားထင်ထားတာ ထက်ပိုတဲ့အစွမ်းတွေ အဖေတို့မှာရှိတယ်”
“ဟားဟား အဖေနဲ့အဖေတို့ သဘာဝလွန်သိပ္ပံ ဇာတ်ကား တွေကြည့်တာများနေပြီ” ဖန့်ကြွယ်ယွီက အူလှိုက်သည်းလှိုက် ရယ်မောသည်။
ဒီနေ့က ဧပရယ်ဖူးနေ့ (April’s Fool day) မဟုတ်သေးပေ။
“ကောင်စုတ်လေး၊ သားမယုံတာမဆန်းပါဘူး။ မင်းအဖိုးက မင်းအဖေကို ဒီအကြောင်းပြောတုန်းကလည်း သူလည်း ဒီလိုထင်ခဲ့တာပဲလေ”
“တော်စမ်းပါ၊ ကလေးရှေ့မှာငါ့ကို အရှက်ခွဲနေပြန်ပြီ” ဖန်ဟွီက ထိုစကားကိုရေရွတ်ရင်း သေတ္တာကိုဖွင့်လိုက်သည်။
သေတ္တာထဲမှာ အမည်မသိထူးဆန်းသောအရည်များ
ပြည့်နေသော ဆေးထိုးအပ်တစ်ချောင်းရှိနေသည်။
“ဒါက နှစ်ပေါင်းများစွာကြာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ မိသားစုအမွေခံပစ္စည်းပဲ။ သားရဲ့ခန္ဓာကိုယ်ထဲ ဒီဆေးထိုးထည့်ပြီးတာနဲ့ သားအရာအားလုံးကိုနားလည်လာလိမ့်မယ်”
“ဒါနဲ့ သားက အဖေတို့ကိုလွမ်းတယ်ဆို မြန်မြန်အရွယ်ရောက် ကြီးပြင်းလာအောင်လုပ်ရမယ်။ဒါမှ အဖေတို့နဲ့ ဆက်သွယ်နိုင် မှာ။ ဒီကြားထဲ အဖေတို့မရှိတုန်း သားဒုက္ခရောက်နေမှာဆိုးလို့ အဖေတို့မိသားစု ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို သားနာမည်နဲ့လွှဲခဲ့တယ်။ ဒါတွေကို သားတဖြည်းဖြည်းနဲ့ အချိန်ကျလာရင် သိလာမှာပါ”
“ပိုင်ဆိုင်မှု..သားတို့မိသားစုက သားမသိသေးတဲ့ ပိုင်ဆိုင်မှုတွေရှိနေတာလား။ စကားမစပ် အဖေဒီကားကို ဘယ်ကရတာလဲ။ ငှါးထားတာတော့ မဟုတ်ဘူးမလား”
“မဟုတ်ပါဘူးကွာ၊ သားသုံးချင်တာသုံးလို့ရအောင် ဒီကတ်ထဲပိုက်ဆံထည့်ထားတယ်။ ငါတို့ပိုက်ဆံတွေက သုံးမကုန်ပါဘူး”
ဖန့်ကြွယ်ယွီက အနက်ရောင် ဘဏ်ကတ်ကို လှမ်းယူသည်။ ထိုကတ်ကို ကိုင်လိုက်ရသည့်အခါ ခံစားချက်ကမတူပေ။ ကတ်၏ ပုံစံကလည်း အလွန်တရာ ခမ်းနားလှသည်။
“ဒီကတ်နဲ့ဆို တစ်နိုင်ငံလုံးမှာရှိတဲ့ ကြိုက်တဲ့ရှော့ပင်းမောလ်မှာ ဗွီအိုင်ပီ ( VIP) အခွင့်အရေးရမှာ။ သားမယုံဘူးဆို ဒီထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ စစ်ကြည့်လို့ရတယ်။ ဒီကတ်နဲ့သားဖုန်းနဲ့ကို အဖေချိတ်ထားပြီးသား”
ဖန့်ကြွယ်ယွီလည်း သိချင်ဇောနှင့် ကတ်နံပါတ်ကို ဖုန်းမှာရိုက်ထည့်ပြီး ငွေလက်ကျန်ကိုစစ်ကြည့်လိုက်သည်။
သူ့ဖုန်းထဲကို စာတစ်စောင်ဝင်လာသည်။
နောက်မှာမြင်နေရသော သုညအတန်းလိုက်ကြီးကိုကြည့်ပြီး သူ့ခေါင်းပင် မူးနောက်လာသည်။
“သုညရှစ်လုံးဆိုတော့…….သန်းတစ်ရာ”
“ဒါက..ဒါက မဖြစ်နိုင်တာ..အဖေ အမေ သားတို့မိသားစုက ဘယ်လောက်တောင် ချမ်းသာတာလဲဗျာ”
ဖန်ဟွီနှင့် ချိုင်လန်တို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြသည်။
“အဖေတို့လည်းမသိဘူး။ အဖေတို့က လုပ်ငန်းအတော်များများ မှာရှယ်ယာဝင်ထားတာ။ ဒီပတ်ဝန်းကျင်မှာ လုပ်နေတဲ့ လုပ်ငန်းအတော်များများကလည်း အဖေတို့အုပ်စုရဲ့အပိုင်ပဲ။ အဖေ့စိတ်ထင် ဒီကမ္ဘာမှာ အဖေတို့ထက် ချမ်းသာတဲ့သူ ဆိုတာရှိနိုင်ပါ့မလားပဲ”