ဘိုးဘွားပိုင်စနစ်
Vol. 1 Ch. 3
“သားတို့ထက် ချမ်းသာတဲ့သူ ဒီကမ္ဘာမှာမရှိဘူး ဟုတ်လား” ထိုစကားသည် ဖန့်ကြွယ်ယွီ၏ စိတ်ထဲတွင် ပဲ့တင်သံ ထပ်နေ သည်။ ထိုစကားကြောင့်ပင် လိုင်းပေါ်တွင် သူကြားဖူးနေကျ လူချမ်းသာအသိုင်းအဝိုင်းဒုတိယမျိုးဆက်၏ နာမည်ကြီး စကားစုကိုတောင် အမှတ်ရမိသည်။
“ငါ့သူငယ်ချင်းတွေက ငါ့လောက်ပိုက်ဆံမရှိမှန်းသိလို့ တစ်ခါမှ သူတို့ပိုက်ဆံချမ်းသာလား မချမ်းသာဘူးလာဆိုတာမတွေးဘူး”
ယှဉ်ကြည့်ပါက ဖန့်ဟွိုက် နှင့်ချောင်လန်၏ စကားများက ပိုမိုပြီး ပြင်းထန်သောသက်ရောက်မှုရှိသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်ရှိ တည်ဆောက်မှုများက သူတို့မိသားစုက ပိုင်ဆိုင်သည်ဆိုသော အချက်က သူ့ကိုပိုမိုပြီး အံ့အားသင့် စေသည်။ သူသည် ထိုအဖြစ်မှန်ကို ယခုမှသာသိခွင့်ရခဲ့သည်။
ထိုအရာသာမှန်ကန်ခဲ့လျှင် ဖန့်ဟွိုက်က သူ့ကိုလာကြိုတုန်းက စီးလာခဲ့သော ပေါ်ရှာ (Porsche) ကားသည် တကယ့်ကို အသေးအဖွဲမျှသာဖြစ်သည်။
ထိုအနက်ရောင်ဘဏ်ကတ်ထဲမှာရှိနေသော ပိုက်ဆံသည် သာမန်လူတစ်ဦးအဖို့ ဘဝတစ်သက်တာ သုံးစွဲရန် ဖူလုံသည်။
“သားလည်း တချို့အရာတွေကို နားလည်နိုင်တဲ့အရွယ် ရောက် ပြီ။ ပြီးတော့ ဒီကမ္ဘာမှာရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုနိုင်တဲ့အဖေတို့အရွယ်ရောက်လာလျှင် ဘယ်အရာ တွေက ပြောသင့်တယ် မပြောသင့်ဘူးဆိုတာ သေချာသိလာ လိမ့်မယ်။ ပြီးရင် သားလည်းတဖြည်းဖြည်းနဲ့ ဒီလိုဘဝကြီးကို စိတ်ကုန်လာလိမ့်မယ်”
“သား ဒီကမ္ဘာမှာ မနေချင်တော့ဘူးဆို အမေတို့ကိုလာရှာပါ။ ဒါပေမဲ့ သားမိန်းမတော့ ခေါ်လာခဲ့ပေါ့” ချောင်လန်က ရယ်မောသည်။
“အမေတို့က သားအဖိုးကိုရှာဖို့ အလျင်လိုနေပြီ။ ကိုယ့်ကိုကိုယ် လည်း ဂရုစိုက် သားလေး။ ဖြစ်နိုင်ရင် အမြန်ဆုံးနည်းနဲ့ လိုအပ် တဲ့ ရှင်းလင်းမှုတွေ ရအောင်လုပ်ရမယ်။ ဒါဆိုရင် အမေတို့ကို ဆက်သွယ်ဖို့မပြောနဲ့ ဒီကမ္ဘာမြေကထွက်ပြီး အမေတို့ကို လာရှာဖို့က အသေးအဖွဲကိစ္စဖြစ်သွားမယ်”
ဖန့်ကြွယ်ယွီ က သူတို့ပြောသော “ကမ္ဘာမြေကထွက်ဖို့” နှင့် “ ရှင်းလင်းမှု” ဆိုသော စကားကို ဒွိဟဖြစ်နေတော့သည်။ ဖန့်ဟွိုက်က ရုတ်တရက်ဆိုသလို သူ၏လက်မောင်းကို ဆေးထိုးအပ်ဖြင့် ထိုးလိုက်သည်။ ခြင်ကိုက်သလို ခံစားရပြီး နောက် သိပ်မကြာခင်မှာပင် ခေါင်းမူးနောက်နောက်ဖြစ်လာပြီး အိပ်မောကျသွားတော့သည်။
“မိန်းမ၊ သားလေးကို သတိမရဘူးလား” ဖန့်ဟွိုက်က ဖန့်ကြွယ်ယွီကိုအိပ်ရာပေါ်သို့ သယ်ပြီး စောင်ခြုံပေးလိုက် သည်။ ချောင်လန်က သူ၏ သားဆီမှ အကြည့်မလွှဲနိုင်ပေ။
“ငါ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့သားပါ။ ဘယ်လိုလုပ် မလွမ်းဘဲ သတိမရဘဲ နေနိုင်ပါ့မလဲ”
“ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ သူ့အဖိုးအဖွားတွေက ပိုအရေးကြီးတာကိုး။ ပြီးတော့ သူ့ကိုပေးခဲ့တာတွေနဲ့ဆို ကြွယ်ယွီလေးက သေချာပေါက်ကောင်းကောင်းနေနိုင်မှာပါ။ အလွန်ဆုံး တစ်နှစ် နှစ်နှစ်ပေါ့။ ပြီးတာနဲ့ သားလေးနဲ့ ပြန်ပြီး အဆက်သွယ်ရမှာပါ”
“မင်းထင်သလိုဖြစ်လာရင်တော့ ကောင်းတာပေါ့ မိန်းမရယ်။” ဖန့်ဟွိုက်က ထိုသို့ပြောရင်း ချောင်လန်၏ မျက်နှာပေါ်က မျက်ရည်စများကိုသုတ်ပေးနေသည်။
“ဒါဆို ငါတို့သွားကြမလား”
“ကောင်းပြီ။ သွားကြစို့”
ဖန့်ဟွိုက်တို့စုံတွဲသည် လသာဆောင်ဘက် ထွက်လာသော အခါ သူတို့၏ တစ်ကိုယ်လုံးသည် ထူးဆန်းသော အရောင်များ တလက်လက်ထနေသည်။
ထိုအရောင်ထွန်းလင်းတောက်ပမှုသည် သူတို့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသဖြင့် ဒဏ္ဌာရီလာ သမိုင်းဝင်နတ်ဘုရားများ သဖွယ်ဖြစ်နေသည်။
“ဝှစ်”
သူတို့နှစ်ဦးသည် ကောင်းကင်ယံကိုတိုးဝင်သောရွှေရောင် အလင်းတန်းသဖွယ် ပြောင်းလဲကာ ညအမှောင်မှာ တိုးဝင် ပျောက်ကွယ်သွားတော့ သည်။
ထိုအချိန်တွင် ဖန့်ကြွယ်ယွီသည် အိမ်မက်ကမ္ဘာထဲ တိုးဝင် နေသကဲ့သို့ ခံစားနေရပြီး သူ၏နားထဲမှာ လူတစ်ဦး၏ အသံက ပဲ့တင်သံထပ်နေသည်။
“စနစ်က လက်ခံသူရဲ့ အခြေအနေကိုစတင်စစ်ဆေးနေပါပြီ”
“ခန္ဓာကိုယ်ရုပ်သွင်အခြေအနေကတော့ ပုံမှန်ပဲ။ လက်ခံသူခန္ဓာကိုယ်ထဲကို ပေါင်းစည်းဖို့ စတင်နေပါပြီ”
“ပေါင်းစည်းခြင်းအောင်မြင်ပြီ..ရှင်းလင်းခြင်းဆက်လုပ်မယ်”
“လက်ခံသူရဲ့ ဘိုးဘေးမျိုးဆက်ရဲ့ အမိန့်အရ ချမ်းသာကြွယ်ဝမှု တွေကို ဖွင့်လိုက်ပါပြီ”
“ရှင်းလင်းမှုအဆင့်မြင့်ခြင်းဆက်လက်လုပ်ဆောင်နေပါပြီ”
“ပီ ပီ ပီ၊ လုပ်ဆောင်မှုအောင်မြင်ပါတယ်။ စနစ်ရဲ့ လက်ခံသူအစားထိုးခြင်း ပြီးဆုံးခဲ့ပါပြီ”
“ဝှစ်”
ဖန့်ကြွယ်ယွီသည် အိမ်မက်မှာလန့်နိုးလာသည်။ သူ့မိဘများက သူက ချမ်းသာကြွယ်ဝသောအသိုင်းအဝိုင်း၏ ဒုတိယ မျိုးဆက် ဖြစ်ကြောင်း၊ သူတို့မှာ ထူးဆန်းသောအစွမ်းများရှိကြောင်းနှင့် ဒီကမ္ဘာမြေမှ ထွက်ခွါပြီး စကြာဝဠာတစ်ခွင်အနှံ့မှာ သူ၏အဘိုး ကိုရှာဖွေရန်ပြင်ဆင်နေကြောင်းစသည့်အကြောင်းအရာများကို အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
“နေပါဦး။ ငါက အိပ်ရာထဲမှာရှိနေတာကို ဘာလို့အဝတ်အစား တွေဝတ်ထားရတာလဲ။ အဖေ အမေတို့ကရော ဘယ်မှာလဲ” သူက အချိန်ကို တစ်ချက်စစ်ကြည့်သောအခါ မနက် ဆယ်နာရီ ခွဲနေပြီ ဖြစ်သည်။ အားလပ်ရက်ဖြစ်သော်လည်း ချောင်လန်က သူ့ကို ကိုးနာရီမှာ လာနှိုးနေကျဖြစ်သည်။
“လက်ခံသူ၊ မရှာပါနဲ့တော့။ လက်ခံသူရဲ့ မိဘတွေက ဒီကမ္ဘာ ကထွက်ပြီး သူ့မိဘတွေကိုရှာဖို့ သွားပါပြီ။”
သူ့ဦးနှောက်ထဲမှာ အသံတစ်သံကြားလိုက်ရသည်။
“မင်း၊ မင်း ၊ မင်း…ဘယ်သူလဲ ထွက်ခဲ့စမ်း ဘယ်သူလဲလို့ မေးနေတယ်လေ”
ဖန့်ကြွယ်ယွီသည် အိပ်ရာထက်မှ ခုန်ဆင်းပြီး တစ်အိမ်လုံး အနှံ့ရှာသော်လည်း မည်သူမှ မတွေ့ပေ။
“ငါက မင်းကိုယ်ထဲမှာရှိနေတာပါ။ မင်းခန္ဓာကိုယ်ထဲ ပေါင်းပြီး လာနေတာ။ အရင်လူတွေကတော့ ဝင်ပူးနိုင်တဲ့ စွမ်းရည် သုံးခဲ့ တာပေါ့။ လက်ခံသူရဲ့ ရှင်းလင်းမှုက ထိပ်ဆုံး အနေအထားမှာ မရှိနေဘူးဆို မင်းကိုယ်ထဲက ငါ့ကိုထုတ်ဖို့ ကိုယ့်အစွမ်းကို ထုတ်သုံးပေါ့”
“နေစမ်းပါဦး..မင်းက ငါ့မိဘတွေပြောတဲ့ အမွေခံပစ္စည်း အကြောင်းပြောနေတာလား”
ဖန့်ကြွယ်ယွီက တစ်စုံတစ်ရာကိုစဉ်းစားမိပြီး ထပြောသည်။
“ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ ငါက ဖန့်အိမ်တော်က မိသားစုအတွက် အမှုထမ်းခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းနဲ့ဆို ဒါက မျိုးဆက် ၁၀၀မြောက်ပဲ”
“သေစမ်း” တခြားမိသားစု၏ အမွေခံပစ္စည်းသည် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းလိုမျိုးဖြစ်သော်ငြား သူ့မိသားစုကတော့ စနစ်တစ်ခုကိုသာ အမွေပေးခဲ့သည်။
“ဒါဆို မင်းကဘာလဲ အတိအကျပြောစမ်းပါ”
“မင်းနားလည်အောင်ပြောရမယ်ဆို ငါက စီမံခန့်ခွဲတာတွေ၊ ရင်းနှီးမြုပ်နှံတာတွေ၊ ကျင့်ကြံတာတွေ၊ မေးခွန်းမေးမြန်းတာ တွေ အစုံပါဝင်နေတဲ့ ဘက်စုံသုံး စနစ်တစ်ခုပဲဖြစ်တယ်။ ဒါပေမဲ့ မင်းရဲ့ ရှေ့က ဘိုးဘေးတွေက ချမ်းသာပြီးသားမို့ အဲ့လုပ်ဆောင်ချက်ကို သုံးစရာမလိုတော့ဘူး”
“ဒါဆို ကျင့်ကြံခြင်းကရောဘာများလဲ။ ငါ့မိဘတွေက သိုင်းအချို့ကျင့်ကြံခဲ့ပါတယ်ဆိုပြီး မင်းပြောမှာတော့ မဟုတ်ဘူးမလား။ ဒါက စိတ်ကူးယဉ်ကမ္ဘာမှ မဟုတ်နေတာ။ အဲ့လိုကမ္ဘာမျိုးက ရှိရောရှိလို့လား”
“ဒါပေါ့။ ငါ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက လုံးဝထူးခြားတယ်။ မင်းခန္ဓာကိုယ်ကလည်း ကျန်းမာကြံ့ခိုင်ပြီးသားမို့ နည်းနည်းလေးလမ်းပြလိုက်တာနဲ့ မင်းမှန်းထားတာထက်ပိုတဲ့ စွမ်းရည်တွေပိုင်ဆိုင်နိုင်တယ်။ မင်းက ရှင်းလင်းမှုကို အနေအထားတစ်ခုထိရောက်အောင် ဖွင့်နိုင်တာနဲ့ သေချာပေါက်ဖြစ်လာလိမ့်မယ်”
“ရှင်းလင်းမှု၊ အဲ့တာက ဘာကိုဆိုလိုတာလဲ” ဖန့်ကြွယ်ယွီက နောက်တစ်ခါပြန်မေးသည်။
“ဒါက ငါ့ရဲ့လုပ်ဆောင်ချက်တွေကိုသုံးတာမျိုးပေါ့။ မင်းက ခုလောလောဆယ်မှာတော့ အခြေခံလုပ်ဆောင်ချက်တွေကိုပဲ သုံးနိုင်သေးတာ။ မင်းရဲ့ ရှေ့က ကိုးဆယ့်ကိုးယောက်မြောက် မျိုးဆက်က မင်းတစ်ယောက်ထဲ ကမ္ဘာမြေမှာ ပျင်းပြီးကျန်နေခဲ့မှာစိုးရိမ်တာ။ ဒါကြောင့်မို့ သူတို့က တချို့အဆင့်လေးတွေပြင်ခဲ့တယ်။ အဲ့အဆင့်ကိုကျော်ပြီဆိုတာနဲ့ မင်းရဲ့ရှင်းလင်းမှုက အဆင့်မြင့်လာလိမ့်မယ်”
“ဥပမာကွာ၊ မင်းရဲ့ရှင်းလင်းမှုကို မြှင့်နိုင်ပြီဆိုတာနဲ့ လူသားထက် အဆင့်မြင့်သက်ရှိဖြစ်နိုင်ဖို့ လမ်းပြပေးတဲ့ နည်းလမ်းတချို့ကိုသင်နိုင်မယ်။ မင်းမှာ အစွမ်းအစလုံလုံလောက်လောက်ရှိလာပြီဆို မင်းမိဘတွေကိုရှာဖို့ ဒီကမ္ဘာထဲက ထွက်နိုင်ပြီ”
“ငါ့အဖေက ငါ့အတွက် ဘယ်လိုအရာတွေ ချန်ခဲ့တာလဲ”
“ပိုက်ဆံသုံးရမယ်။ ကြွားဝါပြရမယ်” ထိုအသံပိုင်ရှင်က တခစ်ခစ်ရယ်မောသည်။
“မင်းမိဘတွေရဲ့ အတွေးကတကယ့်ကို စိတ်ဝင်စားစရာပဲ”
“ငါ့ကောင်ရေ၊ ငါ့အဖေက အဲ့လိုမျိုးပဲ။..ဒါနဲ့ စကားမစပ် မင်းမှာနာမည်ရှိလား”
“ဒါကတော့ လက်ခံသူက အကြိုက်ပေါ်လိုက်ပြီး စိတ်ကြိုက်နာမည်ပေးပိုင်ခွင့်ရှိပါတယ်”
“ကောင်းပြီလေ။ ဒါဆို မင်းကို ရှောင်းယီ လို့နာမည်ပေးလိုက်ပြီ”
သူယခင်က ကံဆိုးမိုးမှောင်ကျခဲ့တာတွေကို ကုစားပေးချင်လို့ ကံကြမ္မာက မျက်နှာသာပေးတာလား။
သူ့မိဘတွေက သူ့အတွက်ချန်ထားခဲ့သော ပစ္စည်းဖြစ်တာမို့ အလေအလွင့်မရှိအောင် သေချာအသုံးပြုရမည်။
ကျန်းယွမ်က သူ့ကိုပိုက်ဆံမရှိ နာမည်မကြီးသောလူ ဟူသော အကြောင်းပြချက်ကြောင့် လမ်းခွဲခဲ့သည်။ သူ့ဘိုးဘေးများ၏ ချမ်းသာမှုနှင့်ဆို သူ့ဆီကို ထိုကဲ့သို့အဖြစ်အပျက်မျိုး နောက်တစ်ဖန် ထပ်မဖြစ်နိုင်တော့ပေ။
“ဒါဆို ရှင်းလင်းမှု အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို စတင်ကြမလား။ လက်ခံသူရော အဆင်သင့်ဖြစ်ပြီလား”
“အသင့်ပါပဲ”
“ပထမဆုံးအလုပ်က မင်းရဲ့ ကျော်ကြားမှုကို မြှင့်တင်ရမယ်။ အားလုံးက မင်းလိုမျိုး ဥစ္စာပေါရုပ်ချော သူဌေးသားလေးကို သိစေရမယ်။ စနစ်က အလိုအလျောက်လုပ်ဆောင်ပေးမှာဖြစ်တယ်။ အဲ့အဆင့်ပြီးတာနဲ့ ပထမအဆင့်ရှင်းလင်းမှုက တစ်နှစ်အတွင်း အောင်မြင်ပြီ”