ပိုက်ဆံကိုဘယ်လိုသုံးရမလဲ..
Vol. 1 Ch. 4
“နာမည်ကြီးအောင်လုပ်မယ်။ ငါ ဘယ်လိုလုပ်လို့ရမလဲ။ ဒါအတွက်ရော ပိုက်ဆံသုံးဖို့လိုသေးလား” ဖန့်ကြွယ်ယွီ က ပိုက်ဆံကို မည်သို့သုံးရမည်ဆိုတာ ဝေခွဲမရဖြစ်နေသည်။
ဖန့်ဟွိုက်မှာ များပြားလှစွာသော ပိုင်ဆိုင်မှုများရှိသော်လည်း တစ်ခါမှ ထိုအရာများအကြောင်း ထုတ်မပြောခဲ့ပေ။
ဖန့်ကြွယ်ယွီက ဘဝတစ်လျှောက်လုံး သာမန်လူတစ်ဦးကဲ့သို့ နေထိုင်ခဲ့ရသည်။ ရုတ်တရက်ဆိုသလို ကျိကျိတက်ချမ်းသာ နေသည့်အဖြစ်ကို သိလိုက်ရသဖြင့် ထိုမျှ များပြားသော ပိုက်ဆံများကို သုံးစွဲမတတ်ဖြစ်နေသည်။
“ကားတွေဝယ်၊ အိမ်တွေဝယ်ပေါ့” သူ့စိတ်ထဲတွင် ထိုအတွေး များက ဖျက်ခနဲပေါ်လာသည်။ သူက ထိုကိစ္စမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးသော သာမန်ကျောင်းသားတစ်ဦးဖြစ်သည်။
အသိမှတ်ပြုလက်မှတ်ရဖို့ကြိုးပမ်းရခြင်းများ၊ တန်းစီပြီး ကံစမ်းမဲ လက်မှတ်ရဖို့ စောင့်ဆိုင်းရခြင်းများက မည်သူ့ကိုမဆို စိတ်မသက်မသာဖြစ်စေသည်။
“လက်ခံသူ.. မင်းက ပိုက်ဆံကိုဘယ်လိုမျိုးသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီး တွေးပူ နေတာမလား” သူတွေဝေပြီး ဘာလုပ်လို့ဘာကိုင်ရမည်ကို မသိချိန်တွင် ရှောင်းယီ၏ အသံက သူ့စိတ်ထဲတွင် ပေါ်လာ သည်။
“မင်းက ဘာလို့ ငါ့ကို မသင်ပေးတာလဲ”
“ဟူး.” ရှောင်းယီက လူတစ်ဦးသဖွယ်သက်ပြင်းချသည်။
“လက်ခံသူ..အရင်တုန်းကလိုအနေအထားမျိုးလို့ ကိုယ့်ကိုကိုယ်မထင်ပါနဲ့တော့။ ခုလက်ရှိမင်းက အရင်က အနေအထားနဲ့ လုံးဝကွဲပြားသွားပြီ။ ဒီမှာ၊ ဒါဆိုလည်း မင်းကို ခုမှစသင်တဲ့သူအနေအထားလို့သတ်မှတ်ပြီး ကူညီပေးမယ်”
“ကောင်းပါပြီ..ငါ့ကို လမ်းညွှန်ပါဦး”
ယခုလက်ရှိအနေအထား- ယွမ် ဆယ်သန်းကို တိုက်ရိုက် ထုတ်လွှင့်မှုနယ်ပယ်မှာသုံးရမယ်။ အဲ့ကိစ္စပြီးပြီဆိုရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုက နှစ်ဆတိုးလာမယ်။ ပြီးတော့ပထမအဆင့် ခွင့်ပြုချက်က ၂၀ရာခိုင်နှုန်း တက်လာ မယ်။
“ဆယ်သန်း ဟုတ်လား”
ဖန့်ကြွယ်ယွီတစ်ယောက် ဘာမှ ပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားသည်။ သူ့ဘဝတစ်လျှောက်လုံး အများဆုံး အသုံးပြု ခဲ့သည့် ပမာဏမှာ တက္ကသိုလ်ဝင်ကြေးပေးဆောင် ခြင်းဖြစ် သည်။ ဆယ်သန်းဆိုသော ပမာဏသည် ကတ်ထဲမှာရှိနေသော ပိုက်ဆံပမာဏ၏ ၁၀ရာခိုင်နှုန်းဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့် ခြင်းနေရာမှာ ထိုမျှပမာဏ သုံးစွဲခြင်းက အလွန်များလွန်း သည်။
“လက်ခံသူ၊ ဘာမှမပူပါနဲ့။ ဆယ်သန်းဆိုတာ နည်းနည်းလေး။ အဲ့လောက်ပမာဏကို ခဏလေးနဲ့ ပြန်စုနိုင်တယ်။ ဒီမှာတွေ့လား ယွမ် ဆယ်သန်းပြန်စုလိုက်ပြီ။ ဒါကြောင့် ဘာမှ ပူမနေဘဲ သုံးသာသုံးပစ်”
“ဘယ်လို” ဖန့်ကြွယ်ယွီတစ်ယောက် နားမလည်နိုင်အောင် ဖြစ်ရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာ ပိုက်ဆံဆယ်သန်းပြန်ရသည်။
“လက်ခံသူ.. မင်းမှာ ပိုင်ဆိုင်မှု ဘယ်လောက်များလဲဆိုတာ မင်းမသိပါဘူး။ ကြည့်ရတာ မင်းကိုနည်းနည်းလေးတော့ပြောဖို့ လိုနေပြီ ထင်တယ်”
ဖန့်ကြွယ်ယွီက လူလိမ္မာတစ်ဦးဟု ရှောင်းယီမှန်းဆမိသည်။ ရုတ်တရက်ချမ်းသာလာတာတောင်မှ သူ့အတွေးကို သူမပြောင်းနိုင်ပေ။
“မင်းအလိုချင်ဆုံးကားက ဘယ်ကားလဲ”
“အာ၊”
ထိုမေးခွန်းမေးခံရသောအခါ ကြောင်အမ်းအမ်းဖြစ်နေမိသည်။
ကားနဲ့ပတ်သက်လျှင် ကားဘရန်း (brand) နာမည်နှင့် ကားလိုဂို( logo) များသာသိပြီး ကား၏ စွမ်းဆောင်ရည်နှင့် မိုဒယ် ( model) နှင့် ပတ်သက်ပါက ဘာဆိုဘာမှ မသိပေ။
မည်သို့ပင်ဆိုစေကာမူ လူတိုင်း၏ အတွေးထဲမှာ အနှစ်သက် ဆုံးကားတစ်စီးတော့ ရှိကြသည်။ ဖန့်ကြွယ်ယွီလည်း အတူတူ ပဲဖြစ်သည်။ ကား၏ စက်မှုပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို မသိသော်ငြား ထိုကား၏ ခပ်မိုက်မိုက်ပုံစံက သူ့ကို ဆွဲဆောင် နေသည်။
ဖန့်ကြွယ်ယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖြေသည်။
“အပိုလိုဘရန်းရဲ့ ဆန်းဂေါ့ဒ် ( Sun God ) ကား”
“အို:၊လက်ခံသူက စပို့တ်ကား ( sport car) တွေ ကြိုက်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီကားက သိပ်တော့ စျေးမများပါဘူး။ တကယ်တော့ ပိုက်ဆံနဲ့ဝယ်လို့ရတယ် ပစ္စည်းတွေဖြစ်လို့ ပြသနာမရှိပါဘူး”
“ဘာကိုဆိုလိုတာလဲ”
“ဟဲဟဲ သိပ်မကြာခင်မှာ သိလာပါလိမ့်မယ်”
ငါးမိနစ်ကြာသောအခါ ဖန့်ကြွယ်ယွီ၏ ဖုန်းက ရုတ်တရက် ထမြည်လာသည်။ တစ်ခါမှ မဆက်ဖူးသော နံပါတ်စိမ်းတစ်ခုဖြစ်ပြီး ဖန့်ကြွယ်ယွီက ဖုန်းကိုင်လိုက်သည်။
“ဟဲလို၊ ပြောပါ ဘယ်သူလဲဗျာ”
“ခုပြောနေတာ ဖန့်ကြွယ်ယွီလားဗျ”
တစ်ဖက်မှ လူလတ်ပိုင်းအရွယ်ယောကျာ်းတစ်ဦး၏ အသံ ထွက်လာသည်။
“ဟုတ်ပါတယ်။ ကျွန်တော် ဖန့်ကြွယ်ယွီပါ”
“မင်္ဂလာပါ၊ လူကြီးမင်းဖန့်၊ ကျွန်တော်က ကျောလွေ့ရှန်း ပါ။ အော်ဒီ ( Audi) ကုမ္ပဏီ အပိုလိုကားရောင်းချရေး အာရှရုံးခွဲက အရောင်းတာဝန်ခံပါ။ ကျွန်တော်တို့ဘက်က လူကြီးမင်းရဲ့ ကားအမှာစာကိုရတာမို့ လူကြီးမင်းအတွက် သီးသန့်ကားပုံစံကို ဒီဇိုင်းဆွဲထားပေးပါတယ်။ ခုဖုန်းဆက်ရတာကလည်း ကားက အကုန်ပြီးတာမို့ လူကြီးမင်းဆီကို လွှဲပြောင်းပေးချင်လို့ပါ”
“ဟမ်” ဖန့်ကြွယ်ယွီက အံ့အားသင့်သွားသည်။ သူက ဘယ်အချိန်တုန်းကများ မှာလိုက်တာပါလိမ့်။
ရှောင်းယီများ မှာပေးတာလား။
ဒါဆို သူဘယ်လိုဝယ်လိုက်တာလဲ။
“ကားကို ကျွန်တော်တို့ ကုမ္ပဏီရဲ့ပုံစံအတိုင်း ကျည်ကာ နိုင်တဲ့အနေအထား၊ အလိုအလျောက်မောင်းနှင်ပေးတဲ့စနစ်၊ မှတ်ဥာဏ်ထိန်းချုင်နိုင်တဲ့စွမ်းရည်၊ နဲ့ အခြားလုပ်ဆောင်ချက် တွေကို စုံစုံလင်လင်နဲ့ထည့်ထားပေးပါတယ်။ ပြင်ဆင်မွမ်းမံမှု တွေက တစ်ပတ်အတွင်းပြီးပါလိမ့်မယ်။ လူကြီးမင်းဆီကို နှစ်ပတ်အတွင်း ကားကို ပို့ပေးပါမယ်။ တခြားလိုအပ်တာများ ရှိပါသေးလား ခင်ဗျာ”
“မရှိ..ဘာမှ မရှိတော့ပါဘူး”
“ဟုတ်ကဲ့ပါဗျာ၊ စက်ရုံက လူကြီးမင်းရဲ့ အမှာကို ချက်ချင်း လုပ်ပေးနေပါပြီ။ လူကြီးမင်းပို့စေချင်တဲ့ နေရာအတိအကျကို ကားကိုပို့ပေးနိုင်မို့ နှစ်ပတ်မတိုင်ခင်မှာ တစ်ခေါက်ပြန်ပြီး ဆက်သွယ်ပါ့မယ်ဗျာ”
“ကောင်းပြီ။ ကျေးဇူး ကျေးဇူး”
“လူကြီးမင်းတို့ကို ဝန်ဆောင်မှုပေးရတဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီဘက်ကလည်း ကျေးဇူးအထူးပါဗျာ”
“ရှောင်းယီ။ ဘာတွေဖြစ်နေတာလဲ။ ပြောပြဦး”
သူအိမ်မက်မက်နေသလိုမျိုး ခံစားနေရသည်။ သူသိသလောက်ဆို ထိုကားမျိုးကို ဝယ်ယူနိုင်ရန် ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်အောင် စောင့်ဆိုင်းရပြီး အမှာစာများမှာ လည်း တန်းစီနေသည်။
ထို့အပြင် အဆင့်မြင့်ကားများသည် အရေအတွက်ကို အကန့် အသတ်နှင့်သာ ထုတ်သည်။
ပိုက်ဆံရှိလျှင်တောင်မှ လွယ်လွယ်ဝယ်ယူလို့မရနိုင်ပေ။
ပြုပြင်မွမ်းမံမှုများထပ်မံဖြည့်စွက်ထားတာတောင်မှ နှစ်ပတ် အတွင်း အရောက်ပို့ပေးနိုင်သည်။ နှစ်ပတ်လုံး သူ၏ ဝယ်ယူမှု အတွက်ဦးစားပေး လုပ်ဆောင်ကြမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သူ့ကြောင့် တခြားလူ၏ ကြိုတင်ဝယ်ယူမှုများ နောက်ကျ တော့မည်။
သေချာတာတော့ သူ့မှာ ထိုမျှလောက် ဩဇာအာဏာမရှိပေ။
“ဘာတွေများ ထူးဆန်းနေလို့လဲ။”
ရှောင်းယီက အေးအေးဆေးဆေးပြန်မေးသည်။
“မင်းက ကုမ္ပဏီတစ်ခုလုံးရဲ့ ၇၀% လောက် ပိုင်ဆိုင်တယ်။ အဆင့်မြင့်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ၉၀% လောက် ကိုလည်း မင်းပိုင်ဆိုင်တယ်။ ပြောရမယ်ဆိုကွာ မင်းက ကုမ္ပဏီ ပိုင်ရှင်သူဌေးပေါ့။ သူဌေးက မှာတဲ့ပစ္စည်းကို ဘယ်သူကများ နောက်ကျရဲမှာလဲ”
“ငါက အော်ဒီ ( Audi) ရဲ့ သူဌေး ဟုတ်လား”
“မင်းအဖေက လွန်ခဲ့တဲဘ နှစ်နှစ်က အဲ့ကုမ္ပဏီမှာ ရင်းနှီး မြုပ်နှံပြီးရှယ်ယာဝင်ခဲ့တာ။ သိပ်မကြာခင်ကပဲ ရှယ်ယာ တွေအားလုံးကို မင်းနာမည်နဲ့ လွှဲပေးခဲ့တာ”
“သေစမ်း”
ဖန်ကြွယ်ယွီတစ်ယောက် အလွန်အံ့အားသင့်နေရသည်။
“ငါက ဖရာရီ ( Ferrari)၊ ရိုးရိုက်စ် (Rolls Royce)ကားတွေမှာလည်း ရှယ်ယာပိုင်တယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူးနော်”
“ဟီး မှန်ပါ့။ လမ်ဘော်ဂီနီ ( Lamborghini)၊ အက်စတမ်မာတင်(Aston Martin)၊ ပန်ဂနီ ( Pangani) စတဲ့ အဆင့်မြင့်ကားကုမ္ပဏီအားလုံးမှာ မင်းရှယ်ယာပါတယ်။ မင်းရဲ့ အလုံးစုံကြွယ်ဝချမ်းသာမှုနဲ့ ယှဉ်ရင် ဒါတွေက ဘာမှ မပြောပလောက်တဲ့ မြူမှုန်တစ်မှုန်ပဲ။
ဒါဆိုရင် မင်းဘယ်လောက်ချမ်းသာလဲဆိုတာ ကွဲကွဲပြားပြား သိပြီလို့ထင်ပါတယ်”
“ဘုရားရေ”
ဖန့်ကြွယ်ယွီတစ်ယောက် ကြက်သီးမွေးညင်းများထသည်အထိ ရင်ထဲတလှပ်လှပ်ဖြစ်လာသည်။
ဒါသာအမှန်ဆို ဆယ်သန်းဆိုသောပမာဏက ဘာမှမပြောပ လောက်ပေ။
“ပိုက်ဆံကိုသုံးစမ်းပါ။ မနက်ဖြန်ဆိုတာ မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့ ဒီနေ့ပဲသုံးဖြုန်းပစ်”
သူ၏ အနေအထားအစစ်အမှန်ကိုသိပြီးသည့်နောက် ကွန်ပျုတာကိုဖွင့်လိုက်သည်။
သူသည် တိုက်ရိုက်ထုတ်လွှင့်မှုများစွာကိုကြည့်နေကြ ဖြစ် သည်။ အများအားဖြင့် ဂိမ်းပြိုင်ပွဲနှင့် ရံဖန်ရံခါတော့ သီချင်းဆိုပြိုင်ပွဲများကြည့်သော်ငြား ကျောင်းသားတစ်ဦး အနေအထားနှင့် တစ်ခါမှ ထိုပြိုင်ပွဲများအပေါ် ပိုက်ဆံမသုံးခဲ့ ဖူးပေ။
သူကြည့်နေကျအစီအစဉ်က “ဘမ်ဘူး (Bamboo) ထုတ်လွှင့်မှုဖြစ်ပြီး သူ့မှာ အကောင့်ဟောင်းတစ်ခုရှိသည်။ သူ၏ အကောင့်ဟောင်းထဲကို ပြန်ဝင်လိုက်သည်။
“ဗီအိုင်ပီ ( VIP) အဆင့်ထိရောက်အောင်အရင်ဆုံး ငွေဖြည့်မယ်”
သူနာမည်ကြီးချင်လျှင် ထိုအရာက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ အမြင့်ဆုံး ဗီအိုင်ပီ ( VIP) အဆင့်သည် အဆင့် ၁၀ဖြစ်သည်။ ထိုအဆင့်ကိုရောက်သည်နှင့် စနစ်က အလို အလျောက်ကြေညာသည်။ သို့သော် ထိုအဆင့်ကိုရောက် ရန် ယွမ်ငါးသန်းသုံးရမည်။
“ဒါက တကယ့်ကို ဦးနှောက်ခြောက်စရာပဲ” သူ့ဘဝတစ်လျှောက်လုံး ထိုမျှလောက်များပြားသောပိုက်ဆံကို ပထမဆုံး အကြိမ်အသုံးပြုဖူးတာမို့ ဖန့်ကြွယ်ယွီတစ်ယောက် ချိတုံချတုံဖြစ်နေသည်။ ဆယ်မိနစ်ခန့် ဒွိဟဖြစ်ပြီးနောက် သူသည် ငွေဖြည့်သွင်းရမည့် စာမျက်နှာကို ဖွင့်လိုက်သည်။
“စိတ်လှုပ်ရှားလိုက်တာ ၊ စူပါဗီအိုင်ပီ ( VIP) တစ်ဦးထွက်ပေါ် လာတော့မယ်”