← Chapters

အတွင်းရေးမှုုး

Vol. 1 Ch. 8

အတွင်းရေးမှုုး

Vol. 1 Ch. 8

ကျွင်းရီနှင့် ကိစ္စတချို့ဆွေးနွေးပြီးနောက် ကျွမ်းဟန်ကျုံးက အရင်ဆုံးထွက်လာခဲ့သည်။ ဖန့်ကြွယ်ယွီသည် လသာဆောင် ပေါ်မှာမတ်တပ်ရပ်ပြီး အပြင်ဘက်ကိုကြည့်နေမိသည်။

ကျွမ်းဟန်ကျုံး စီးလာသောကားသည် ရွှေရောင်တလက်လက် ထနေသော ရိုးရိုက်စ်ကားဆိုတာ သတိထားမိသည်။ ထိုကား၏ တန်ကြေးသည် သန်းပေါင်းများစွာရှိပြီး ကိုယ်ပိုင် ကားဆရာ ပါလာပုံရသည်။

ကျွမ်းဟန်ကျုံးသည် အတော်အသင့်ချမ်းသာသော လူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးက သူ့အဘိုးကိုကူညီပြီး မိသားစု ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပေးရန် ကူညီပေးတာဖြစ်နိုင်ပါ့ မလား။

“သခင်လေး။ ခုချိန်ကစပြီး ကျွန်မ ရှင့်ကို ဒီလိုပဲ ခေါ်ပါ တော့မယ်” အပြန်အလှန်ပြောဆိုဆက်ဆံပြီးနောက် ကျွမ်းရီ သည် ဖန့်ကြွယ်ယွီ၏ အကျင့်စရိုက်ကိုအနည်းငယ် သိထား သည်။ ထိုကဲ့သို့ ခေါ်ခြင်းသည် သူ့ကိုစနောက်ဖို့ ရည်ရွယ်ချက် နှင့် ဖြစ်သည်။

“အာ၊ အမက ကျွန်တော့်ထက် အသက်ကြီးတာပဲ။ အမရီ လို့ ခေါ်ရင်အဆင်ပြေမလား” ထိုသို့ ခေါ်ဆိုခြင်းကို သူ့အနေနှင့် နေရခက်ပြီး မျက်နှာတစ်ခုလုံးရဲတက်လာကာ ရှက်ရွံ့နေမိ သည်။

အခန်းတစ်ခုထဲမှာ ယောကျာ်းတစ်ဦး နှင့် မိန်းကလေးတစ်ဦး ပဲရှိနေသည်မှာ အနည်းငယ် နေရခက်သည်။ သို့သော် ကျွမ်းရီ ကပဲ အေးစက်နေသော အနေအထားကို စတင်အသက်သွင်း လိုက်သည်။

“သခင်လေး။ အရင်ဆုံး အိမ်နေရာပြောင်းချင်လား။ ဒီနေရာက နည်းနည်းတော့ ကျဉ်းသလိုပဲ”

သူမက ဖန့်မိသားစု၏ ကြွယ်ဝချမ်းသာမှုတစ်စိတ်တစ်ပိုင်း ကိုသာ စီမံခန့်ခွဲရန်ကူညီရမည်ဆိုသော်ငြား သူမ၏ ဖခင်ဖြစ်သူ ကျွမ်းဟန်ကျုံးကို ဖန့်စုက ရှယ်ယာတချို့ ပေးခဲ့သည်။

ထိုရှယ်ယာများ၏ အကူအညီနှင့် ကျွမ်းမိသားစုက ဟန်မပျက် နေနိုင်သော်ငြား ဖန့်ယင်းနေထိုင်ခဲ့သော နေရာသည် စတုရန်း မီတာ ၅၀၀ ပတ်လည်ကျယ်ဝန်းသော ဗီလာ ( villa) ဖြစ်သည်။

ဖန့်ကြွယ်ယွီက မည်မျှ ချမ်းသာသည်ဆိုတာ သူမအတိအကျ မသိသော်လည်း သူမ၏ အဘိုးဆီမှ ကြားဖူးခဲ့တာတစ်ခု ရှိသည်။

ကျွမ်းဟန်ကျုံးက ဖန့်မိသားစု၏ ပိုင်ဆိုင်မှုကို အတိအကျ မသိသော်လည်း သူစီမံခန့်ခွဲပေးရသော ပိုင်ဆိုင်မှုသည် ပင်လယ်သမုဒ္ဓရာထဲက ရေတစ်စက်မျှသာရှိပါသည်။

သေချာတာတစ်ခုတော့ရှိသည်။ ဖန့်မိသားစုက ဆန္ဒရှိပါက ကမ္ဘာတစ်ခုလုံးရှိ စီးပွါးရေးလောကကို တစ်ချက်တည်းနှင့် ဗြောင်းဆန်အောင် ပြုလုပ်နိုင်သည်။

“အိမ်နေရာပြောင်းမယ်..ဟုတ်လား”

“ဟုတ်ပါတယ်။ မြို့တိုင်းမှာ သခင်လေးနာမည်နဲ့ ပိုင်ဆိုင်တဲ့ အိမ်ရှိတာမို့ ဘယ်နေရာမှာ နေချင်ပါသလဲ။ သခင်လေး နေချင်တဲ့နေရာဆို ချက်ချင်းစီစဉ်ပေးနိုင်ပါတယ်”

ဖန့်ကြွယ်ယွီ၏ နှုတ်ခမ်းများ တုန်ရီလာသည်။ ဟွာရှား၏ အချမ်းသာဆုံး ပုဂ္ဂိုလ်မှာတောင်မှ ထိုကဲ့သို့ပိုင်ဆိုင်မှုမျိုး မရှိနိုင်ပေ။

သူက တဖြည်းဖြည်းနှင့် သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

သူ့မိဘများလည်း အဘိုးဖြစ်သူကိုရှာဖွေရန် ထွက်သွားကြ သဖြင့် သူ့အတွက် အနှောင်အဖွဲ့သံယောဇဉ်ဆိုတာ ဤမြို့တွင် မရှိတော့ပေ။

သူသည် ကျန်းနန် တက္ကသိုလ်မှာ တက်ရောက်နေသူဖြစ်တာမို့ ကျန်းနန်မြို့ကို ပြောင်းရွှေ့တာ သူ့အတွက်အဆင်ပြေလှသည်။

ဖန့်ကြွယ်ယွီက “ဒါဆိုလည်း ကျန်းနန်တက္ကသိုလ်နဲ့ နီးတဲ့ ကျန်းနန်မြို့ဆိုရင်တော့ အဆင်ပြေမယ်” ဟု ဆိုသည်။

“ခဏလေးပါ” ကျွမ်းရီသည် သူမ၏ အိတ်ထဲမှ တက်ဘလက် (tablet) ကို ထုတ်လိုက်သည်။ သူမ၏ ဦးနှောက်က အရာ အားလုံးကို အလွတ်မရနိုင်ပေ။

ကျွမ်းရီက တစ်စုံတစ်ခုကို တက်ဘလက်( tablet) ထဲကို ရိုက်ထည့်လိုက်ပြီး ချက်ချင်းဆိုသလို နာမည်အပြည့်နှင့် စာရွက်တစ်ရွက် ပေါ်လာခဲ့သည်။

ထိုအရာသည် အိမ်ရာရှိသော ပြည်နယ်များ၏ အမည်စာရင်း ဖြစ်ရမည်ဆိုတာ ဖန့်ကြွယ်ယွီတွေးမိသည်။

“ကျန်းနန်တက္ကသိုလ်နဲ့ ၃.၅ကီလိုမီတာလောက်ပဲ ဝေးတဲ့နေရာ မှာ ကျန်းနန်ဗီလာလို့ခေါ်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲ့နေရာ မှာ သီးခြားဗီလာတစ်ခုလည်း သခင်လေးပိုင်ဆိုင်ထားတယ်။ ကြည့်ရတာ အဲ့နေရာက အသင့်တော်ဆုံးဖြစ်မယ်ထင်တယ်”

“အဲ့တာက ဘယ်လိုမျိုးလဲ။ နည်းနည်းလေးပြောပြပါဦး”

“ခုနကပြောတဲ့ ဗီလာကို ဥရောပဒီဇိုင်နာတစ်ဦးက ဒီဇိုင်း ဆွဲပေးခဲ့တာပါ။ အကျယ်အဝန်းကတော့ စတုရန်းမီတာ ၁၆၀၀ လောက်ရှိပါတယ်။ ကိုယ်ပိုင်ရေကူးကန်၊ဥယျာဉ်၊ နဲ့ ကားရပ်နားဖို့ ကားပါကင် (parking) အသေးလေးတစ်ခုလည်း ရှိပါတယ်။ ဒါတင်မကသေးဘဲ ဗီလာတစ်ခုလုံးက လူဖန်တီးထားတဲ့ ရေကန်ရဲ့ အလယ်တည့်တည့်မှာ ရှိတာမို့ ကာလပေါက်စျေးအရဆို ယွမ်သန်း၂၈၀ တန်ပါတယ်”

ဖန့်ကြွယ်ယွီတစ်ယောက်လည်း ကာလပေါက်စျေးတန်ဖိုး ကိုကြားပြီး ရေသီးတော့မလိုဖြစ်သွားသည်။

ယွမ်သန်း ၂၈၀တန်တဲ့အိမ်သည် စတုရန်းတစ်မီတာကို ယွမ် တစ်သိန်းရှစ်သောင်း တန်ကြေးရှိသဖြင့် ရွှေနှင့် ဆောက်လုပ် ထားသည့် အိမ်လားဟု ထင်မိသည်။

“သခင်လေး သွားချင်တယ်ဆို ခုချက်ချင်း လိုက်ပို့ပေးပါ့မယ်” ဖန့်ကြွယ်ယွီ၏ အမူအရာက ကျွမ်းရီကို စိတ်ကျေနပ်စေသည်။ သူ၏ မအူမလည်နှင့် ဘာတစ်ခုမှ မသိနေသောပုံစံကို သဘောကျမိသည်။

သူ့ကိုယ်သူ မည်မျှ ချမ်းသာသည်ဆိုတာကို မသိသော သခင်လေးနှင့် ပတ်သက်ရသည်မှာ စိတ်ဝင်စားဖွယ် ကိစ္စရပ် တစ်ခုဖြစ်သည်။

“ရတယ်လေ။ သွားကြတာပေါ့”

ဖန့်ကြွယ်ယွီက မနေ့ကမှ အိမ်ကိုပြန်ရောက်လာပြီး သူ့အထုပ် တွေကိုတောင် မဖြည်ရသေးပေ။ ထို့ကြောင့် သူက အထုတ်ကို ဒီတိုင်းဆွဲပြီး ထွက်လာရုံပဲဖြစ်သည်။

သို့သော် နှစ်နှစ်ဆယ်မျှ သူနေထိုင်ဖူးခဲ့သော ထိုနေရာလေးက ရုတ်တရက်ဆိုသလို ဗလာကျင်းဖြစ်သွားသည်ကို မြင်ရသောအခါ သူ့ရင်ထဲ နေလို့မကောင်းပေ။

သူ့မိဘများက ဘာကိုမှ မစဉ်းစားဘဲ အိမ်ကထွက်သွားသော ကြောင့် သူ့ကိုယ်သူ မိဘမဲ့တစ်ဦးသဖွယ် ခံစားလာမိသည်။

“အမရီ၊ ဒီနေရာလေးက…”

“သခင်လေး ပြောချင်တာတွေ ခံစားနေရတာတွေကို ကျွန်မသိပါတယ်။ ဒီနေရာကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ ကျွန်မ လူငှါးလိုက်ပါ့မယ်။ သခင်လေး ပြန်လာနေချင်တယ်ဆို အချိန် မရွေးပြန်လာနေလို့ရပါတယ်”

“ကျေးဇူးပါဗျာ”

“ရပါတယ်ရှင်။ သခင်လေးအတွက် လိုအပ်တာစီစဉ်ပေးရမှာ ကျွန်မတာဝန်ပါ။ ကဲ ဒါဆို ကျွန်မတို့ သွားကြမလား”

“ကောင်းပြီ။ သွားကြစို့” ဖန့်ကြွယ်ယွီက သူတို့ မိသားစု သုံးယောက်ဓာတ်ပုံကို ယူပြီး အိမ်ထဲမှ ထွက်လာသည်။

“သခင်လေး ဒီကားကို မောင်းမလား”

ကျွမ်းရီသည် အောက်ထပ်မှာရပ်ထားသော ပေါ်ရှာကား ( Porsche) ကို မြင်ရသောအခါ အံ့ဩတကြီးဖြစ်နေမိသည်။ ထိုကဲ့သို့ ကားမျိုးက ဖန့်ကြွယ်ယွီ၏ အနေအထားနှင့် လုံးဝ မအပ်စပ်ပေ။

“အမ်၊ ဘာဖြစ်လို့လဲဗျ။ ဘာများ အဆင်မပြေလို့လဲ”

ကျွမ်းရီ၏ အမူအရာကိုကြည့်လိုက်သည်။ သူ့ကို အထင်သေး သည့် ခံစားချက်မျိုးရလိုက်သည်။

“သခင်လေးအတွက် ကားနဲ့ နေ့တိုင်းအကြိုအပို့လုပ်ပေးဖို့ ကားဆရာတစ်ဦး စီစဉ်ပေးမယ်လေ”

“မလိုပါဘူး။ နေ့တိုင်း ကားဆရာကြီးနဲ့ မသွားချင်ပါဘူးဗျာ။ မဟုတ်ရင် လူတွေက ကျွန်တော့်ကို ဘာမှမလုပ်တတ် မကိုင်တတ်ဘဲနဲ့ အားအားရှိပိုက်ဆံထိုင်ဖြုန်းတဲ့ လူလို့

ထင်နေပါ့မယ်”

ကျွမ်းရီက ဖန့်ကြွယ်ယွီကိုလှမ်းကြည့်သည်။

ဖန့်ကြွယ်ယွီသည် မျိုးရိုးစဉ်ဆက်ချမ်းသာသော သူဌေးဟူသော အသုံးအနှုန်းနှင့်ပိုမိုလိုက်ဖက်သည်။

“ပြီးတော့ ကျွန်တော့်အတွက် သီးသန့်ကားတစ်စီးလည်း မှာထားပါတယ်။ နောက်နှစ်ပတ်နေရင် ရောက်လာတော့မှာ။ ကိုယ့်ဘာသာကိုယ် ကားမောင်းတတ်တာမို့ ကားဆရာမလို ပါဘူး”

ယခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးသည့် နွေရာသီထဲက သူ့မှာယာဉ်မောင်းလိုင်စင်ရှိသည်။

သူ ကားမမောင်းရတာလည်း ကြာပြီမို့ သူမှာထားသည့် ကားက သူ့အတွက်အဆင်ပြေသည်။

“ကောင်းပါတယ်။ ဒါပေမဲ့ သခင်လေး ကားရော ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ရဲ့လား” ကျွမ်းရီသည် ဖန့်ကြွယ်ယွီမောင်းသည့်ကားကို စီးရမှာလန့်နေသည်။

“စိတ်မပူပါနဲ့။ ကျွန်တော်က အသက်ငယ်ပေမဲ့ ကားမောင်းအတွေ့အကြုံရှိပါတယ်” အမှန်တကယ်တော့ သူသည် လိုင်စင်ရပြီးသည့် အချိန်မှစပြီး သုံးကြိမ်သုံးခါသာ မောင်းဖူးသည်။

သို့သော် သူ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက် လာတာမို့ ကားပြိုင်ပွဲတောင် ဝင်ပြိုင်နိုင် သည်။

“ကောင်းပါပြီ။ ကျန်းနန်မြို့က ကျန်းနန်ဗီလာကို ဒီကနေသွားရင် နှစ်နာရီလောက်တော့ ကြာမယ်။ အကယ်၍ ရှင်မောင်းရတာပင်ပန်းမယ်ဆို ကျွန်မ တလှည့်မောင်းပါ့မယ်” ကျွမ်းရီက ခရီးသည်ခုံမှာ ထိုင်ပြီး အနားယူရန် ပြင်သည်။

“အမရီ ကျွန်တော့်ကိုယုံလို့ရပါတယ်ဗျာ” ဖန့်ကြွယ်ယွီက ကားပါကင်ထဲမှ ဖြည်းဖြည်းချင်းမောင်းထွက်လာသည်။

“ကျွန်မအဖိုးနဲ့သူ့မိသားစုတစ်ခုလုံးရဲ့ ဘဝက ရှင့်အဘိုးပေါ်မှာ မှီခိုခဲ့တာ။ ရှင့်အဘိုးရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ဒီအချိန် ဒီနေရာမှာ ရှိမှာမဟုတ်ဘူး။ ကျွန်မသေရင်တောင် ရှင်တို့ပေးထားတဲ့အသက်ကို ပြန်ပေးခဲ့တဲ့သဘောပါပဲ”

“အဲ့လောက်တောင်ပဲလား” ဖန့်ကြွယ်ယွီတီတိုးရေရွတ်မိသည်။

ကျွမ်းရီတို့ မိသားစုအပေါ် ဘာတွေများကူညီဖူးခဲ့လို့ သူတို့မိသားစု၏ ဘဝတစ်ခုလုံးက သူ၏အဘိုးအတွက်သာ ရှင်သန်နေရလဲဆိုတာ ဖန့်ကြွယ်ယွီ သိချင်မိသည်။

“ဒီနေ့ကစပြီး ငါ့ဘဝကြီးက လုံးဝပြောင်းလဲပြီဟေ့” ဖန့်ကြွယ်ယွီသည် ကောင်းကင်ကိုမော့ကြည့်သည်။

ဒီကနေ့ကစပြီး နေ့စဉ်နေ့တိုင်း ထူးဆန်းအံ့ဩမှုများဖြင့် ပြည့်နှက်နေတော့မည်။

All Chapters