နံပါတ်တစ်ဗီလာ
Vol. 1 Ch. 9
သူသည် ကျန်းနန်မြို့ကိုရောက်သောအခါ ရှစ်နာရီထိုးနေပြီ ဖြစ်သည်။ ဂျူလိုင်လဖြစ်နေသော်ငြား ကောင်းကင်က ဖြည်းဖြည်းချင်း မှောင်လာသည်။ ရင်းနှီးကျွမ်းဝင်သော အဆောက်အဦတချို့က သူ၏ မျက်ရှိရှေ့တွင် ပေါ်လာသည်။
ကျန်းနန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော ဖန့်ကြွယ်ယွီ သည် ကျန်းနန်ဗီလာအကြောင်းကြားဖူးသည်။
ထိုနေရာမှာ နေထိုင်သောလူများသည် လူကုံထံအသိုင်းအဝိုင်း သာ ဖြစ်သည်။
ထိုနေရာမှာရှိသော အနိမ့်ဆုံးဗီလာ၏ တန်ဖိုးသည် တစ်
စတုရန်းမီတာကို ယွမ်ရှစ်သောင်းတန်ဖိုးရှိသည်ဟု သူ့အခန်းဖော် ပြောဖူးတာကြားဖူးသည်။
အသေးဆုံး ဗီလာတောင်မှ စတုရန်းမီတာ ၂၀၀ ကျယ်ဝန်း သဖြင့် အနိမ့်ဆုံးဗီလာတစ်ခု၏ တန်ကြေးသည် ယွမ်၁၆သန်း ရှိသည်ဟု ဆိုနိုင်ပါသည်။
ထိုမျှလောက်ပမာဏကို ဖန့်ကြွယ်ယွီသည် အိမ်မက်တောင် မမက်ဖူးပေ။ ထိုမျှလောက် ပမာဏကို မရဘဲနှင့် လူပေါင်း များစွာသည် ဘဝတစ်လျှောက်လုံး မည်ကဲ့သို့ ရုန်းကန်လှုပ်ရှား နေရသနည်း။
ယခုတော့ သူသည် ကျန်းနန်အဆင့်မြင့်ဗီလာ၏ ပင်မနေရာ တွင်ရှိသော ဗီလာ၏ ပိုင်ရှင်တစ်ဦးဖြစ်လာခဲ့သည်။
မူလအရောင်းစင်တာကို ဝန်ဆောင်မှုစင်တာအသွင် ပြောင်း ထားသည်။ အိမ်ယာတန်ဖိုးက နှစ်တိုင်းမြင့်လာလေလေ ကုန်ကျစရိတ်နှင့်အညီ အဆင့်မြင့်ဝန်ဆောင်မှုများကိုလည်း ပေးထားရသည်။
“သခင်လေးဖန့်နာမည်နဲ့ ပိုင်ဆိုင်မှုအကုန် လွှဲပြောင်းထား ပြီးပါပြီ။ အိမ်သော့တွေကတော့ ဝန်ဆောင်မှုစင်တာမှာရှိပါ တယ်” ဟု ကျွမ်းရီက ဆိုသည်။
“အိမ်သန့်ရှင်းရေးကိုလည်း ဝင်ခိုင်းထားတာမို့ သခင်လေး အဆင်သင့် တက်နေရုံပါပဲ”
“ပြီးတော့ အိမ်ခန်းအပြင်အဆင်ကရော ….”
“သခင်လေးဖန့်၊ တကယ်မသိတာလား။ အဆင်မြင့်အိမ်ယာ အားလုံးက တခါတည်း အခန်းအပြင်အဆင်အားလုံး လုပ်ပြီး သားပါ” ကျွမ်းရီက ရယ်မောရင်း ဆိုသည်။
“ဒါပေမဲ့ သခင်လေး ဗီလာက လုံးဝကွဲပြားပါတယ်။ သခင်လေး ရဲ့ ဗီလာကို အနုပညာရှင်တစ်ဦး နဲ့ နာမည်ကြီး ဒီဇိုင်းပညာရှင် တို့ အတူတကွ ဒီဇိုင်းဆွဲထားပေးတာပါ။ သေချာတာတော့ ဗီလာကိုမြင်လိုက်တာနဲ့ သခင်လေး လုံးဝစိတ်ကျေနပ်မှာပါ”
သူတို့နှစ်ဦးသည် စကားတပြောပြောနှင့် လမ်းလျှောက်လာရင်း ဝန်ဆောင်မှုစင်တာကိုရောက်ရှိလာသည်။ ထိုစင်တာသည် အဆင့်မြင့်ကဖေးဆိုင်တစ်ဆိုင်နှင့် အသွင်အပြင် အတော်တူ သည်။ ဗီလာပိုင်ရှင်တိုင်း အခမဲ့ဝန်ဆောင်မှုများရယူနိုင်သည်။
ဧည့်ကြိုကောင်တာတွင် မိန်းမလှလေးတစ်ဦးက မတ်တပ်ရပ် နေသည်။ သို့သော် သူ၏ ဘေးနားက ကျွမ်းရီနှင့် ယှဉ်ပါက ထိုမိန်းကလေး၏ အလှက မှေးမှိန်သွားရှာသည်။
“မင်္ဂလာပါ၊ ကျွန်မက ကျန်းနန်ဗီလာဝန်ဆောင်မှုစင်တာက ကျန်းဝမ်ထင် ပါ။ ရှောင်ဝမ် လို့လည်း ခေါ်နိုင်ပါတယ်။ ဘာလေးများ ကူညီပေးရမလဲရှင်”
“မင်္ဂလာပါ။ ကျွန်မက မစ္စတာ ဖန့်ကြွယ်ယွီရဲ့ အတွင်းရေးမှုုး ပါ။ နံပါတ်တစ်နေရာမှာရှိတဲ့ သူပိုင်တဲ့ ဗီလာရဲ့ သော့ကို ယူဖို့ ရောက်လာတာပါ”
“နံပါတ်တစ်.. နံပါတ်တစ် ဗီလာ” ကျန်းဝမ်ထင်က လန့်သွားရှာ သည်။ ထိုနံပါတ်တစ်ဗီလာက ရောင်းချပြီးတည်းက တစ်ခါမှ လူမနေခဲ့ပေ။
အကယ်၍ တစ်ဦးဦးက လာရောက်ပြီး ထိုဗီလာတွင် နေထိုင် မည်ဆိုပါက သူတို့ကို ချက်ချင်းမဆိုင်းမတွအကြောင်းကြားပြီး မည်သည့်အချိန်မဆို အကောင်းဆုံးဝန်ဆောင်မှု ပေးရ မည်ဟု လုပ်ငန်းခွင်အကြီးအကဲများက မှာထားသည်။
ထိုပိုင်ရှင်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါက ချက်ချင်းပင် အထုပ်အပိုးပြင်ပြီး အလုပ်ထွက်ရမည်ဟုလည်း မှာထား သည်။
ထိုအချက်တစ်ခုတည်းနှင့်ပင် ဒီနေရာမှာရှိသော ဝန်ထမ်းများ က အကြိမ်ပေါင်းများစွာ စိတ်ဖိစီးနေရသည်။
နံပါတ်တစ်ဗီလာသည် ယွမ်သန်း၂၀ တန်ကြေးရှိတာမို့ ထိုဗီလာပိုင်ရှင်ကို အကောင်းဆုံးဝန်ဆောင်မှုသာပေးဖို့ တတ်စွမ်းနိုင်သည်။
လွန်ခဲ့သောနှစ်နာရီခန့်က နံပါတ်တစ်ဗီလာပိုင်ရှင်က ညတွင်းချင်းအိမ်ပြောင်းလာမည်ဖြစ်ကြောင်း၊ အကောင်းဆုံး ဝန်ဆောင်မှု ပေးရမည်ဖြစ်ကြောင်း၊ ဧည့်သည် စိတ်ကျေနပ်မှု ရရန် အရေးကြီးကြောင်းနှင့် စာရွက်စာတမ်းကိစ္စများကို အမြန်ဆုံး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မန်နေဂျာက ကြိုတင်အကြောင်းကြားထားသည်။
ကျန်းဝမ်ထင်က ပြုံးပြပြီး “အမ တောင်းပန်ပါတယ်။ စာရွက်စာတမ်းကိစ္စလေးပြင်ဆင်ဖို့ ရှိပါသေးတယ်။ အိမ်ပိုင်ရှင်ရဲ့ အိုင်ဒီကတ် ( ID card) နဲ့ ပိုင်ဆိုင်မှုအထောက်အထားလေးများ ပြလို့ရမလားရှင့်”
သူမသည် ကျွမ်းရီ နှင့် ဖန့်ကြွယ်ယွီတို့ကို တစ်ချက်လှမ်းကြည့် သည်။ ထိုအမျိုးသမီးက သူမကိုယ်သူမ လူကြီးမင်း ဖန့်ကြွယ်ယွီ၏ အတွင်းရေးမှုုးဟု မိတ်ဆက်ထားသဖြင့် မှတ်မိသည်။
ဒီလူငယ်လေးကများ နံပါတ်တစ်ဗီလာရဲ့ ပိုင်ရှင်များ ဖြစ်နေ မလား။
သို့သော် သူမက ချက်ချင်းပင် ခေါင်းခါလိုက်သည်။
ဖန့်ကြွယ်ယွီသည် ငယ်လွန်းလှသည်။ ထိုကဲ့သို့ တန်ဖိုးကြီး ဗီလာတစ်ခုကို ပိုင်ဆိုင်ရန် လူချမ်းသာဒုတိယမျိုးဆက် များတောင်မှ မဝယ်နိုင်ပေ။
ဖြစ်နိုင်တာကတော့ ပိုင်ရှင်သည် သက်လတ်ပိုင်းအရွယ် သူဌေး တစ်ဦး သို့ ထို့ထက်အသက်ပိုကြီးသော လူတစ်ဦးဖြစ်ရမည်။
ဒါတင်မကသေးဘဲ သူမ၏ လုပ်သက်အရ လူတစ်ယောက်၏ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး ထိုသူ၏ အနေအထားကို ခန့်မှန်းနိုင်သည်။
ဖန့်ကြွယ်ယွီ၏ အဝတ်အစားအနေအထားကိုကြည့်ပြီး သူ့အနေအထားနှင့်ဆို သာမန်ဗီလာတစ်လုံးကိုတောင်မှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။
“အတွင်းရေးမှုုးရဲ့ မောင်လေး လား ဒါမမဟုတ် တစ်ခုခုတော့ တခုခုပဲ” သူမက တိတ်တဆိတ် ကောက်ချက် ချနေမိသည်။
“အိုး။ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေက လွှဲပြီးပြီမဟုတ်လား”
“ခဏလေးပါရှင့် ကျွန်မစစ်ကြည့်ပါရစေ”
ကျန်းဝမ်ထင်က ချက်ချင်းပင် ဖုန်းဆက်ပြီး မေးမြန်းကြည့် သောအခါ လွန်ခဲ့သော တစ်နာရီခွဲခန့်က ပိုင်ဆိုင်မှု စာရွက် စာတမ်းအကုန်လုံးကို လွှဲပြောင်းပေးပြီးဆိုတာ သိလိုက်ရ သည်။
ထိုစာရွက်စာတမ်းများကို အမြန်ချောပို့ဝန်ဆောင်မှုမှ တစ်ဆင့် ပို့ဆောင်ခဲ့သဖြင့် ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ မည်သူမှ ဖွင့်မကြည့်ရဲပေ။
ခဏအကြာမှာ ဝန်ထမ်းတစ်ဦးက စာအိတ်ကိုလာပေးသည်။ “ဒီစာအိတ်က လူကြီးမင်း ဖန့်ကြွယ်ယွီပိုင်ဆိုင်တာပါ။ သူနှင့်ဆက်စပ်ပတ်သက်နေတဲ့ အထောက်အထားပြနိုင်မှ ဒီဖိုင်တွေကို လွှဲပေးမှာပါရှင့်”
“သခင်လေး…သခင်လေးရဲ့ အိုင်ဒီကတ် ( ID card) ပြလိုက်ပါဦး”
ကျွမ်းရီက ဖန့်ကြွယ်ယွီ၏ အိုင်ဒီကတ်ကို သိမ်းထားပိုင်ခွင့် မရှိပေ။
“အိုး။ ဒီမှာပါ” ဖန့်ကြွယ်ယွီက သူ၏အိတ်ထဲမှ အိုင်ဒီကတ်ကို ထုတ်ပေးလိုက်သည်။
“သခင်လေး” ဧည့်ကြိုကောင်တာရှိ ကောင်မလေးများ၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားရှာသည်။ သူတို့က ထိုကောင်လေးကို နံပါတ်တစ်ဗီလာ၏ ပိုင်ရှင် မဖြစ်နိုင်ဘူးဟု ထင်ကြေးပေးခဲ့ကြသည်။ ယခုတော့ သူတို့အထင်နှင့် အမြင် တက်တက်စင်အောင် လွဲခဲ့လေပြီ!!
ဖန့်ကြွယ်ယွီသည် သူ၏ အိုင်ဒီကတ်ကို လှမ်းပေးခဲ့သည်။ အိုင်ဒီကတ်ထဲက ပုံနှင့် သူတို့ရှေ့မှာရှိသော လူသည် အနည်းငယ်ကွဲပြားသယောင် ထင်ရသော်ငြား တချို့သွင်ပြင် လက္ခဏာများ တူနေသောကြောင့် ထိုလူငယ်လေးသည် နံပါတ်တစ်ဗီလာ၏ ပိုင်ရှင်ဖြစ်သည်မှာ ဧကန်မုချပင်ဖြစ်သည်။
“ခဏလောက် ထိုင်ပါဦးရှင့်။ စာရွက်စာတမ်းကိစ္စတွေ သခင်လေးအတွင်ပြင်ပေးမှာမို့ ဆယ့်ငါးမိနစ်လောက် ကြာနိုင် ပါတယ်”
ကျန်းဝမ်ထင်က ပြုံးပြပြီး သူ့အားတစ်ချက်လှမ်းကြည့်သည်။
အသက်ငယ်ငယ် ဥစ္စာပေါ ရုပ်ချော သူဌေးသားတစ်ဦးကို မလိုချင်တဲ့သူ ဘယ်မှာရှိနိုင်မည်နည်း။ ဖန့်ကြွယ်ယွီသည် ထိုအချက်သုံးခုလုံးနှင့် ကိုက်ညီသောလူဖြစ်နေသည်။
သူတို့ထဲမှ တစ်ဦးကို ဖန့်ကြွယ်ယွီသာ မျက်စိကျခဲ့ပါက အတိုင်းထက်အလွန်ကံကောင်းသည်ဟု ဆိုနိုင်မည်။
“သခင်လေးနဲ့ ဒီညအဖော်လုပ်ပေးဖို့ သူတို့ထဲက တစ်ယောက် ယောက်က ဆန္ဒရှိလောက်တယ်ဆိုတာ တပ်အပ်ပြောရဲတယ်” ဟု ကျွမ်းရီက သူ့အား စနောက်လိုက်သည်။
“ဟာ၊ ဘာတွေပြောနေတာလဲဗျာ”
ဖန့်ကြွယ်ယွီသည် ကျန်းယွမ်နှင့် နှစ်နှစ်ကြာ လက်တွဲခဲ့သော် ငြား လူငယ်သာသာဖြစ်သော သူ့အဖို့ ထိုကဲ့သို့ စနောက်ခံရ ခြင်းအပေါ် ရှက်ရွံ့နေမိသည်။
“ကျွမ်းရီ.. မဟုတ်တာတွေမပြောပါနဲ့။ ကျွန်တော်က အဲ့လိုလူမျိုးမဟုတ်ဘူးဗျ”
ဖန့်ကြွယ်ယွီ၏ ရှက်ကိုးရှက်ကန်း ဖြစ်နေပုံကို မြင်ရသောအခါ ကျွမ်းရီ ရယ်မိပြန်သည်။
“ဟား ဟား ဟား”
“သခင်လေး..ရှင့်ရဲ့အနေအထားကြီးနဲ့ဆို နောက်ပိုင်းမှာ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဒိတ်ဒိတ်ကြဲ ကောင်မလေးတွေနဲ့ ကြုံရဦးမှာ။ သခင်လေးအဲ့လိုဖြစ်နေလို့မရဘူး။ သခင်လေး စိတ်ကိုအနှေးနဲ့အမြန်ပြောင်းလဲနိုင်မှတော်ကာကျမယ်။ မဟုတ်ရင် နောက်ပိုင်း ခံစားရလိမ့်မယ်”
“မစ္စတာ ဖန့်၊ မစ္စ ကျွမ်း..ကော်ဖီလေး သုံးဆောင်ပါဦးရှင်” မိန်းမငယ်လေးတစ်ဦးက သူတို့ရှေ့ကို ကော်ဖီလာချပေးသည်။
“ကျွန်မနာမည်က ကျိုးချင်းရွှယ် လို့ခေါ်ပါတယ်။ တစ်ခုခုလိုအပ်တာရှိရင် အချိန်မရွေးလှမ်းခေါ်နိုင်ပါတယ်။ ခဏနေဆို မန်နေဂျာလည်း ရောက်လာတော့မှာပါ။ နံပါတ်တစ်ဗီလာက တန်ဖိုးမြင့်တာမို့ သော့တွေကိုမန်နေဂျာပဲ ကိုင်ထားတာပါ”
ထိုမိန်းကလေးက ရှေ့ကို ဦးညွှတ်လိုက်သောအခါ သူမ၏ ဖြူလွှလွှရင်သားနေရာကို ဖန့်ကြွယ်ယွီမြင်စေရန် တမင်တကာ သို့ မတော်တဆ လှစ်ဟပြသည်။
“ရတယ် ရတယ် ကျေးဇူးပါ”
“တွေ့လား ကျွန်မပြောသားပဲ။ သခင်လေးက မယုံနေတာ”
ဖန့်ကြွယ်ယွီ၏ ကော်ဖီခွက်အောက်မှ စာရွက်တစ်ခုကို ကျွမ်းရီသတိ ထားမိပြီး ဆွဲထုတ်ကြည့်သောအခါ ဖုန်းနံပါတ်ရေးထားသော စာရွက်ဖြစ်နေသည်ကို တွေ့ရသည်။
“ဘယ်လိုတုန်း။ ကောင်မလေးက ရုပ်ရည်ရော ခန္ဓာကိုယ် အချိုးအစားရော မဆိုးဘူးပြောရမယ်။ သခင်လေးသဘောကျ တယ်ဆို ကျွန်မ စီစဉ်ပေးရတော့မလား” ကျွမ်းရီက ဖန့်ကြွယ်ယွီကိုအသားကုန် စနောက်ချင်နေသည်။
ထိုကဲ့သို့စနောက်မှုကို ဖန့်ကြွယ်ယွီက ခပ်ပြင်းပြင်းတုံ့ပြန်လိုက် သည်။
“ငါ့ကို အဖော်ပြုပေးချင်တယ်ဆို မင်းပဲလာခဲ့လိုက်”
ထိုစကားကိုကြားပြီး ကျွမ်းရီက ထပ်မစရဲတော့ပေ။ သူမက ရှက်ရွံ့နေပြီး ဘာစကားမှ ပြန်မပြောနိုင်တော့ပေ။
“ဟား ဟား ဟား” ဖန့်ကြွယ်ယွီက အူလှိုက်သည်းလှိုက်ထရယ်မိသည်။