ဆင်းရဲခြင်းက တွေးခေါ်မှုများကို အမှန်အကန် ကန့်သတ်နိုင်စွမ်းရှိသည်။
Vol. 1 Ch. 10
“မစ္စတာ ဖန့်ကြွယ်ယွီ လားခင်ဗျာ” ငါးမိနစ်အကြာမှာ ခပ်သုတ်သုတ် ပြေးဝင်လာသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးကို မြင်လိုက်ရသည်။ ထိုသူသည် အလုပ်ကိစ္စနှင့် ခရီးသွားရင်းမှ ဖုန်းအဆက်အသွယ် ရရချင်းပြေးလာပုံရသည်။
“မင်္ဂလာပါ ကျွန်တော် ဖန့်ကြွယ်ယွီပါဗျ” ဖန့်ကြွယ်ယွီက ထိုသူကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မစ္စတာဖန့်က တကယ့်ကို အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာပဲ။ ဒီလိုမျိုး ဗီလာကိုပိုင်ဆိုင်ရတာ တကယ့်ကို ကံကောင်းလိုက်တာ”
“ကျွန်တော်က ဝမ်ကျစ်ဟိုင် ပါ။ ကျန်းနန်ဗီလာရဲ့ မန်နေဂျာဖြစ်ပါတယ်။ ခုလက်ရှိကတော့ ဗီလာပိုင်ဆိုင်မှု စီမံခန့်ခွဲရေးနဲ့ငွေရေးကြေးရေးစာရင်းပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ နောက်ပိုင်းကိစ္စရှိလျှင်လည်း ကျွန်တော့်ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်”
“ဒါဆိုလည်း မန်နေဂျာဝမ်ကို ဖုန်းနံပါတ်ပို့ပေးလိုက်ပါ့မယ်” တကယ်တော့ ဖန့်ကြွယ်ယွီမှာ သူ့ဖုန်းနံပါတ်မရှိပေ။
ထိုကိစ္စက ကျွမ်းရီ စီစဉ်နေကျဖြစ်သည်။
“မန်နေဂျာဝမ် ကျွန်မတို့ အခုပဲ ဗီလာကိုသွားကြည့်လို့ ရမလားရှင့်။ မစ္စတာဖန့်က ခရီးပန်းလာလို့ နားချင်နေပြီ” ကျွမ်းရီက ကိုယ်ရေးအရာရှိပီပီ ကိစ္စများ မြန်မြန်ဆန်ဆန်ပြီး မြောက်ရန် ကြားဝင်ဟန့်တားရတော့မည်။ ထိုကဲ့သို့ စကားစမြည်ဆက်ပြောနေမည်ဆို အချိန်ကြာနေတော့မည်။
မစ္စတာဖန့်က ချဉ်းကပ်ရလွယ်သည့်ပုံပေါ်သော်လည်း ထိုအမျိုးသမီးက စည်းကမ်းတင်းကျပ်သည်ဟု ဝမ်ကျစ်ဟိုင် ခံစားမိသည်။ သူ့လို မန်နေဂျာမျိုးနှင့် စကားစမြည်ပြောဆိုရန် အချိန်မပေးနိုင်ဘဲ ကိစ္စများကို မြန်မြန်အပြတ်ဖြတ်လိုသည့်ပုံ ပေါ်နေသည်။
“ဒါပေါ့ ဒါပေါ့။ ရတာပေါ့ဗျာ။ ကျွန်တော်သော့တွေယူလာ ခဲ့ပါပြီ။ ချက်ချင်းတောင်သွားလို့ရတယ်” သူ၏ စိတ်ထဲ မကျေမလည်ဖြစ်သည့် အရိပ်အယောင်ကို ဝမ်ကျစ်ဟိုင် ထုတ်မပြပေ။
“ကျွန်တော့်ကားနဲ့ သွားကြတာပေါ့။ ဒီကနေဆို နံပါတ်တစ် ဗီလာကို နီးနီးလေးပဲသွားရတာ”
“မလိုပါဘူး။ ကျွန်မတို့ဘာသာ မောင်းလာမယ်။ ရှေ့ကနေပဲ လမ်းပြပေးပါ” ကျွမ်းရီက ခပ်ပြတ်ပြတ်တုံ့ပြန်သည်။
“ဟုတ်ကဲ့ပါဗျာ။ ဒါဆို ကျွန်တော်ရှေ့က သွားပါ့မယ်” ရုတ်တရက် ဆိုသလို ဝမ်ကျစ်ဟိုင် စိတ်ထဲ မကျေမလည် ဖြစ်လာခဲ့သည်။
ထိုဗီလာ၏ မန်နေဂျာတစ်ဦးနှင့်အညီ သူ၏ ကားသည် မော်ဒယ်ခပ်နိမ့်နိမ့်ထဲက မဟုတ်နေပေ။ ဂုဏ်သရေရှိ လူကြီးမင်းများကို အကြိုအပို့လောက် စီစဉ်ပေးနိုင်သည်။ သူ၏ ကားသည် ယွမ်သုံးသန်းတန် မာစီဒီး ကားဖြစ်သည်။
ဖန့်ကြွယ်ယွီ၏ ပေါ်ရှာ ( Porsche) ကားကိုမြင်သောအခါ သူအံ့အားသင့်မိသည်။ ဖန့်ကြွယ်ယွီလို လူချမ်းသာက ထိုကားမျိုးကို မောင်းနေသည်မှာ မအပ်စပ်လှပေ။
ဖန့်ကြွယ်ယွီက ဝမ်ကျစ်ဟိုင်၏ အတွေးကို သတိမထားမိပေ။ သူ့စိတ်ထဲမှာတော့ သူ၏ ကားက အလွန်ကို တန်ဖိုးမြင့်သော ကားတစ်စီးဖြစ်သည်။ သူက လူကုံထံအသိုင်းအဝိုင်း၏ အထာနှင့် အကျွမ်းတဝင်မရှိတာမျိုးဖြစ်ရမည်။
ကားနှစ်စီးက အိမ်ယာများစွာကိုဖြတ်ကျော်ပြီးနောက် လူ ဖန်တီးဆောက်လုပ်ထားသောရေကန်အနားကိုရောက်လာသည်။ ထိုရေကန်၏ အလယ်တည့်တည့်တွင် နံပါတ်တစ်ဗီလာ ရှိနေသည်။ ထို့ပြင် ဗီလာထဲရှိ အိမ်များအားလုံး၏ အလယ် တည့်တည့်မှာရှိသဖြင့် ကြယ်များပတ်လည်ဝန်းရံထားသော လတစ်စင်းသဖွယ်ဖြစ်နေသည်။
ထိုနံပါတ်တစ်ဗီလာကို သွားရောက်ရန် အထူးသီးသန့် ဖောက်လုပ်ထားသော လမ်းတစ်လမ်းရှိသည်။ အိမ်ပိုင်ရှင်၏ လုံခြုံစိတ်ချမှုအတွက် လုံခြုံရေးဝန်ထမ်းတစ်ဦးကိုလည်း ထိုနံပါတ်တစ်ဗီလာအတွက် သီးသန့်ထားရှိပေးသည်။
ဗီလာအကြောင်းကြိုတင်ပြီးကြားဖူးထားသော်လည်း နန်းတော်တမျှ ခမ်းနားသော ဗီလာကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်ရသည်။
ထိုဗီလာမှာအထပ်လေးထပ်ပါရှိပြီး အောက်ဆုံးအထပ်မှာ ကားဂိုဒေါင်ဖြစ်သည်။ ထိပ်ဆုံးအထပ်မှာ ခေတ်မီခမ်းနား လှသော ရေကူးကန်နှင့် အမိုးပွင့်ဥယျာဉ်လေးတစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။
ထိုဗီလာ၏ ပုံစံသည် စတုရန်းပုံမဟုတ်နေဘဲ ကုဗတုံးပုံ သဏ္ဍာန်ရှိနေသဖြင့် သိပ္ပံဇာတ်ကားများ၏ အငွေ့အသက် ရနေမိသည်။
“သခင်လေး စိတ်တိုင်းကျပါရဲ့လား” ဖန့်ကြွယ်ယွီ၏ အမူအရာကိုကြည့်ပြီး ဤဗီလာအပေါ် သူလုံးဝစိတ်တိုင်းကျနေ သည်ဆိုတာ ကျွမ်းရီတပ်အပ်ပြောနိုင်သည်။
“စိတ်တိုင်းကျလားဆိုတော့ ဒါပေါ့ စိတ်တိုင်းကျတာပေါ့ဗျာ” ဖန့်ကြွယ်ယွီသည် အိမ်ထဲကို ဝင်ပြီး သေချာလိုက်ကြည့်သည်။
“ဒါဆိုလည်း အေးဆေးနားပါဗျ” ဝမ်ကျစ်ဟိုင်က သော့များ ပေးခဲ့ပြီး ပြန်ထွက်သွားသည်။
“ကျေးဇူးတင်ပါတယ် မစ္စတာဝမ်” ဖန့်ကြွယ်ယွီက ဝမ်ကျစ်ဟိုင်ကို ကျေးဇူးတင်စကားပြန်ပြောခဲ့သည်။
“အမရီ..မင်းဘာလို့ မန်နေဂျာဝမ်ကို အေးတိအေးစက် ဆက်ဆံ နေတာလဲ” ကားပေါ်မှာရှိစဉ်ကတည်းက သိချင်နေသော မေးခွန်းကို ဖန့်ကြွယ်ယွီမေးခဲ့သည်။
“သခင်လေးနားလည်ထားရမှာက သခင်လေးရဲ့ ပစ္စည်းဥစ္စာ တွေကိုမက်မောလို့ လူတွေက အနားကပ်ချင် နေကြတာ။ လူတစ်ဦးရဲ့ အနေအထားအပေါ် တစ်ဖက်သတ်မစွပ်စွဲသင့် ဘူးဆိုတာ ကျွန်မသိပါတယ်။ဒါပေမဲ့ မစ္စတာဝမ်ရဲ့ မျက်လုံး ထဲမှာ လောဘတွေ မရိုးသားမှုတွေကို အတိုင်းသားမြင်နေရ လို့လေ။ အဲ့လိုလူတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ”
“အင်း အင်း” ဖန့်ကြွယ်ယွီက ခေါင်းညိမ့်သည်။
“သွားကြစို့ အထဲမှာဘာရှိလဲ အရင်ဆုံး ကြည့်ရအောင်လေ။ ကျွန်မက ဒီဗီလာကို အချိန်တိုလေးအတွင်း ပြန်ပြင်ခိုင်း ထားတာ ။ ဒါပေမဲ့ သခင်လေးမြင်ရင် ကြိုက်လောက်မှာပါ”
မျှော်လင့်တကြီးဖြင့် ဗီလာထဲကို ဖန့်ကြွယ်ယွီလျှောက်လှမ်း လာသည်။ သူ၏ ခြေထောက်အောက်ရှိ ခမ်းနားလှသော ကြွေပြားများကို သူ့ခြေထောက်ဖြင့် မနင်းရက်ပေ။
“ဒီကြွေပြားတွေက အထူးသီးသန့်မှာထားရတာ။ ကြွေပြားမျက်နှာပြင်ပေါ်မှာခရစ်စတယ်(crystal)အလွှာတစ်လွှာ သပ်သပ်ကပ်ထားရတာ။ ကြွေပြားတစ်ချပ်က လေးဆယ် စင်တီမီတာပတ်လည်ရှိပြီးတော့ကြွေပြားတစ်ပြားစီကို ယွမ်ငါးထောင်ကုန်တယ်”
“ကြွေပြားတစ်ပြားကို ယွမ်ငါးထောင်” ထိုစကားကိုကြားရပြီး ဖန့်ကြွယ်ယွီ တုန်လှုပ်မိသည်။
စုစုပေါင်း စတုရန်းမီတာပတ်လည် သုံးသောင်းကျယ်ဝန်းသော အိမ်၏ ကြမ်းခင်းအတွက်သုံးသောတန်ဖိုးသည် သာမန်အိမ် တစ်လုံးစာနီးပါးရှိသည်။
ဝင်ပေါက်တွင် တစ်မီတာရှည်လျားသော အပြာရောင်နှင့် အဖြူရောင် ကြွေပန်းအိုးနှစ်အိုးရှိသည်။ ထိုပန်းအိုးထဲတွင် စိုက်ထားသောအပင်များက စိမ်းစိုနေသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့် ဤအိမ်ကို သန့်ရှင်းရေးလုပ်သူသည် အလွန် စေ့စပ်သေချာပုံရသည်။
“ဒီပန်းအိုးနှစ်လုံးက စုန့်မင်းဆက်ခေတ်က အပြာရောင်နဲ့ အဖြူရောင် ကြွေပန်းအိုး နှစ်လုံးပေါ့။ အရမ်းရှားပါးတဲ့ ရှေးဟောင်းပစ္စည်းလေ။ သေချာတာတော့ ရှင့်ရဲ့ ဘိုးဘေး တွေက လွှဲပေးခဲ့ပုံပဲ။ ကာလပေါက်စျေးဆို ယွမ် ၁၂သန်း အထက်မှာရှိတယ်”
“ဟာ…” ဖန့်ကြွယ်ယွီသည် တဖန်ထပ်ပြီး အံ့ဩတကြီး ဖြစ်ရပြန်သည်။ သူ့ဘိုးဘေးတွေက ဟိုးယခင်တည်းက ရှောင်းယီမှတ်ဥာဏ်စနစ်များရှိခဲ့လေရော့လား။ သူတို့ခေတ် အခါတုန်းကလည်း သူ၏ဘိုးဘေးတွေက အလွန်ချမ်းသာ လောက်မည်။ သူတို့အတွက် ထိုပန်းအိုးနှစ်လုံးက သာမန် ပန်းအိုးတွေပဲဖြစ်ရမည်။ ထို့ကြောင့်ပင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းအမွေပေးခဲ့ခြင်းဖြစ်မည်။
“ခဏနေပါဦး။ အမရီ၊ ဒီဗီလာရှိတဲ့ အခန်းပြင်ဆင်မှုအားလုံးက ရှေးဟောင်းလက်ရာလို့ ပြောမှာတော့ မဟုတ်ပါဘူးနော်”
“ဒါပေါ့။ ဒီ ဗီလာဖြစ်လာဖို့ နာမည်ကြီးပညာရှင်တွေဖြစ်တဲ့ ထန်ယင်း၊ ဝမ်ရှီးကျစ်၊ ကျန့်ပန်းချောင်းနဲ့ တခြားသူတွေအားလုံးရော တခြားနိုင်ငံခြားပညာရှင်တွေရော ပူးပေါင်းပြီးတည်ဆောက်ထားတာ”
“တကယ့်မူရင်းလက်ရာတွေလို့ ဆိုလိုချင်တာလား” ဖန့်ကြွယ်ယွီက တစ်ခေါက်ထပ်ပြီးစစ်ကြည့်သည်။
ကျွမ်းရီက ခေါင်းညိမ့်ပြသည်။
နံရံပေါ်က ဆေးရေးပန်ချီကားချပ်ကြီးကို ဖန့်ကြွယ်ယွီက လက်ညှိုးထိုးပြရင်း
“ဒါဆို ဒါကရော ဘာလဲ။ ကျွန်တော့်ကို ဘာမှ မသိဘူးလို့မထင်ပါနဲ့။ ဒါက ဗန်းဂိုး (Van Gogh) ရဲ့ starry night ကားချပ်မှန်းသိတာပေါ့။ ဒါပေမဲ့ ဒါက နယူးယော့ခ်မြို့ရဲ့ မော်ဒန်လက်ရာအနုပညာပြတိုက်မှာ ရှိနေရမှာမလား”
“ဟား။ ဒါဆို ဒီပန်းချီကားရဲ့ အနောက်ဘက်မှာ ဘာရေးထားလဲဆိုတာ ကြည့်ကြည့်ပါလား”
ဖန့်ကြွယ်ယွီက ပန်းချီကားဆီ လျှောက်လှမ်းသွားသည်။ ပန်းချီကားကို နံရံမှဖြုတ်ပြီး သေချာအနီးကပ်ကြည့်သောအခါ အနုပညာဖတ်စာအုပ်ထဲမှာတွေ့နေကျ အရာများနှင့် ကွဲပြား နေသည်ကို ခံစားမိသည်။ ပန်းချီကား၏ အနောက်ဘက်တွင် သူ နားမလည်နိုင်သော စာကြောင်းများစွာ ရေးထားသည်ကို တွေ့ရသည်။
“ဒါကဘာလဲ။ အင်္ဂလိပ်စာလည်း မဟုတ်ပါလား” ဖန့်ကြွယ်ယွီက မဝံ့မရဲပုံစံဖြင့် မေးသည်။
“ဒါက ဒတ်ချ် ( Dutch) ဘာသာပါ။ ဘာသာပြန်ပြရမယ်ဆို ငါ ဒုက္ခရောက်နေတဲ့အချိန်မှာ အကူအညီပေးခဲ့တဲ့ သူငယ်ချင်း ဖန့်ခွန်းကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့ ကျေးဇူးဆပ်တဲ့အနေနဲ့ “ starry night” ကို အထူးသီးသန့်ပုံစံနဲ့ သူငယ်ချင်းကို လက်ဆောင်ပေးပါတယ်- ဗန်းဂိုး ( Vangoh)”
“ဖန့်ခွန်း။ ကျွန်တော့်ဘိုးဘေးထဲမှာရှိလို့လား”
ထိုအချိန်မှာ ရှောင်းရီ၏ အသံကိုသူ၏ နားထဲကြားလာမိသည်။
“ဟုတ်ပါတယ်။ ပိုင်ရှင်။ ဖန့်ခွန်းဆိုတာ စနစ်ရဲ့ ကိုးဆယ့်တစ် ယောက်မြောက်ပိုင်ရှင်ဖြစ်ပါတယ်။ သူက ဗန်းဂိုးနဲ့ ကုန်သွယ် ရင်းတွေ့ခဲ့တာပါ။ သူက ဗန်းဂိုး အဆင်မပြေချိန်မှာ ပန်းချီ ပညာကို ဆက်ပြီ’လေ့လာနိုင်ဖို့နဲ့ ခရီးတွေထွက်နိုင်ဖို့ သူက ငွေကြေးထောက်ပံ့ပေးခဲ့တာပါ။ ဒါကြောင့်မို့ သူအောင်မြင် တဲ့အချိန်မှာ ဗန်းဂိုးက ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ ဒီပန်းချီကားကိုပေးခဲ့တာပါ”
“ဒီပန်းချီကားကိုရောင်းရင် ဘယ်လောက်ရမလဲ သိနိုင်မလား” ဖန့်ကြွယ်ယွီက မေးသည်။
“ဒါက နယူးယော့ခ်မှာရှိတဲ့ မူလလက်ရာဆိုလျှင်တော့ ဒေါ်လာသန်းပေါင်းများစွာတန်မှာပေါ့။ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလေ။ ပိုက်ဆံဘယ်လောက်ပေးပေး ရောင်းမှာ မဟုတ်ဘူး။ ဒီပန်းချီကားလိုမျိုး ဗန်းဂိုးရေးထားတဲ့စာနဲ့ သမိုင်းကြောင်းအထောက်အထားထင်ရှားလျှင်တော့ ဒေါ်လာသန်းခြောက်ရာ အနည်းဆုံး ပေါက်စျေးရှိမှာပေါ့”
“ဟဲဟဲဟဲ။” ဖန့်ကြွယ်ယွီသည် ဒီတစ်ခါတော့အလွန်ပင် အံ့အားသင့်ရသည်။ သူနားလည်လိုက်သောအရာတစ်ခုတော့ရှိသည်။
ဆင်းရဲခြင်းက တွေးခေါ်မှုများကို အမှန်အကန် ကန့်သတ်နိုင်စွမ်းရှိသည်။