အကောင်းတကာ့အကောင်းဆုံး ပင်လယ်စာ ခေါက်ဆွဲ
Vol. 1 Ch. 12
“တစ်နေ့လုံး အလုပ်များနေတာ။ တကယ်တော့ ဗိုက်အရမ်း ဆာနေပြီ။”
ဆိုဖာပေါ်တွင် လှဲနေရင်း အိပ်ပျော်ခါနီးဖြစ်သွားသည်။ သူ့ဗိုက်ထဲမှ တဂွီဂွီမြည်သံကိုကြားရပြီး ဖန့်ကြွယ်ယွီ တစ်ယောက် တစ်နေကုန်အလုပ်များပြီး ဘာမှမစားခဲ့ရ သေးဘူးဆိုတာ သတိရလာမိသည်။
ဧည့်ခန်းထဲရှိစားပွဲခုံပေါ်တွင် အဆင့်မြင့် ဖုန်းတစ်လုံးရှိသည်။ ဟိုလှန်ဒီလှန် ဟိုရှာဒီရှာ လုပ်ပြီးသည့်နောက် သူ၏ နေ့စဉ် အစားအသောက်ပိုင်းကိုတာဝန်ယူပေးရသော စားဖိုမှူး၏ နံပါတ်ကိုရှာတွေ့ပြီး ဖုန်းဆက်ခဲ့သည်။
“မစ္စတာဖန့်..ဘာများပြင်ပေးရမလဲခင်ဗျာ”
“ကျွန်တော်ဗိုက်အရမ်းဆာနေလို့ စားစရာတစ်ခုခု ပြင်ပေးပါလား” ရှက်ရှက်နှင့်ပင် သူဖြေလိုက်သည်။
“ရပါတယ် မစ္စတာဖန့်အတွက် ပြင်ဆင်ပေးဖို့က ကျွန်တော်တို့တာဝန်ပါ”
ထိုစားဖိုမှူးများကိုတစ်လလျှင် ယွမ်တစ်သိန်း လစာဖြင့် ငှါးရမ်းထားရသည်။ အိမ်မှာနေရင်း သက်တောင့်သက်သာ လုပ်ရုံဖြင့် ထိုမျှပမာဏရနေခြင်းက သူတို့အတွက် အလွန်ကောင်းမွန်လှသည်။
စားဖိုမှူးတစ်ဦးချင်းစီမှာ သူ၏ကျွမ်းကျင်ပိုင်နိုင်မှု သပ်သပ်စီ ရှိသည်။ ထိုကဲ့သို့ အဆင်မြင့်လစာရပြီး အလုပ်နည်းနည်းလေး လုပ်ပြီး ဖန့်ကြွယ်ယွီကို ဝန်ဆောင်မှုပေးရသည်မှာ သူတို့၏ အဓိကတာဝန်ပင်ဖြစ်သည်။
“မစ္စတာဖန့် ဘာများ သုံးဆောင်ချင်ပါလဲဗျ။ စားချင်တာသာ ပြောပါ ချက်ပေးပါ့မယ်”
“ဟုတ်လှချည်လား။ ကျွန်တော်ကဝေလငါးအသားစားချင် တယ်ပြောရင်ရော” ဖန့်ကြွယ်ယွီက ကပ်သီးကပ်ဖဲ့ မေးခွန်းကို မေးသည်။
“ဒါဆိုရင် မစ္စတာဖန့်အကြိုက် ဘယ်လိုပြင်ပေးရမလဲ”
“နေပါဦး။ တကယ်လုပ်နိုင်လို့လား။ ဝေလငါးအသားကို ချမ်းသာလို့ ဝယ်စားနိုင်တယ်ဆိုဦးတော့ အချိန်တိုလေးအတွင်း တော့ ပြင်နိုင်လို့လား”
“မစ္စတာဖန့်ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ဆယ်စင်းက လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ အပတ်တိုင်းကမ္ဘာပတ်နေကြပါ။ မစ္စတာဖန့် စားတဲ့ အသားငါးတို့ ဟင်းသီးဟင်းရွက်တို့ကို အဆင့်မြင့်မြင့် လတ်လတ်ဆတ်ဆတ်ပစ္စည်းတွေပဲ ရွေးသုံးထားပါတယ်။ မနေ့ကဆို ဝေလငါးအသား လတ်လတ်ဆတ်ဆတ်ရထားလို့ အအေးကန်ထဲထည့်သိမ်းထားတာပါ။ မစ္စတာဖန့်စားချင်တယ် ဆို ချက်ချင်းပြင်ပေးမှာပါ”
“ခဏလေးနေပါဦး”
ပိုက်ဆံရှိပါက ဘာမဆိုရနိုင်ကြောင်း ဖန့်ကြွယ်ယွီသိလာ ရသည်။ ကိုယ်ပိုင်ဂျက်လေယာဉ်ဆယ်စင်းကို ပစ္စည်းဝယ်ယူဖို့ သုံးကြသည်ဆိုတည်းက အလွန်တရာ သုံးဖြုန်းနေတာများ ဖြစ်နေမလားဟု ထင်လာမိသည်။
“စတာပါဗျာ။ ခေါက်ဆွဲပြုတ်ပဲစားတော့မယ်။ ညဘက်မှာ အများကြီးစားတာက မကောင်းဘူးလေ။ ခေါက်ဆွဲကျတော့ အစာကြေလွယ်တယ်မလား” ဖန့်ကြွယ်ယွီက ရယ်ကျဲကျဲ ပြန်ဖြေသည်။ သူတို့ပြန်ဖြေမည့်အဖြေများကိုမကြားနိုင်သဖြင့် မေးခွန်းများလည်း မမေးရဲတော့ပေ။
သူကသာ ဒိုင်နိုဆောအသားစားချင်သည်ဟု ပြောမိပါက ဒိုင်နိုဆောများကို ရအောင်မျိုးပွါးပြီး သူ့အတွက်ချက်ပေး နေဦးမည်။
“ပင်လယ်စာအချို့နဲ့ အသီးအရွက်နည်းနည်း ထည့်ပေးရင် ရပါပြီ”
“ဟုတ်ကဲ့ နားလည်ပါပြီ။ မစ္စတာဖန့် နောက်ထပ်မိနစ်နှစ်ဆယ်ဆို စားဖို့အသင့်စီစဉ်ပေးပါ့မယ်”
ဖန့်ကြွယ်ယွီက ဖုန်းချလိုက်သည်။
ပိုက်ဆံရှိတဲ့ သူဌေးတွေရဲ့ ဘဝက ဒီလိုမျိုး ကြောက်ဖို့ကောင်း တာပဲလား။
တစ်နေကုန်မနားရသေးတာမို့ ဖန့်ကြွယ်ယွီသည် ရေချိုးခန်း ထဲဝင်ပြီး ရေချိုးရန်ပြင်ဆင်သည်။ ရေချိုးကန်သည် ရေကူးကန်တမျှ ကြီးမားနေသည်ကို မြင်လိုက်ရသောအခါ ရေချိုးဖို့တောင် တွန့်ဆုတ်နေမိသည်။
“တစ်နေရာရာမှာ ကင်မရာတွေများတပ်ထားမလား” သူက ပေါက်ကရတွေးနေမိသည်။
“ပိုင်ရှင်၊ စိတ်ချပါ။ ဘာကင်မရာမှ မတပ်ထားပါဘူး။ စိတ်ချလက်ချရေချိုးပါ” ရှောင်းရီ၏ အသံကိုနားထဲကြား လာမိသည်။ သူပေါက်ကရတွေးလိုက်မိသည်နှင့် ထိုအသံက ချက်ချင်းပေါ်လာစမြဲဖြစ်သည်။
“မင်းစကားမပြောရင် ဘယ်သူမှ မင်းကို အသံမတိတ်နိုင်ဘူး” ဖန့်ကြွယ်ယွီက တီတိုးရေရွတ်သည်။
သူအသုံးပြုခဲ့ဖူးသမျှ ရေချိုးကန်ထဲမှာ အကောင်းဆုံး တစ်ခု ဖြစ်သည်။ ရေချိုးပြီးနောက် ညစ်နွမ်းနေသည့်စိတ်များ ပြေပျောက်သွားကာ တက်ကြွလန်းဆန်းလာသည်။
“ပိုင်ရှင်။ ရေထဲမှာ ပါဝင်တဲ့ ဓာတ်ပြုပစ္စည်းများတွေက ရေပူစမ်းမှာပါတဲ့ အရာတွေနဲ့ တူညီတာမို့ လူသားတို့ရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အကျ်ုးကျေးဇူးဖြစ်စေပါတယ်”
“ဒါက မလွန်လွန်းဘူးလား” မလိုအပ်သည့်နေရာများမှာ သုံးစွဲနေခြင်းသည် ပိုက်ဆံကိုဖြုန်းတီးရုံသာမက လူ့အသိုင်း အဝိုင်းအရင်းမြစ်များကိုလည်း သုံးဖြုန်းနေခြင်းဖြစ်သည်။
“ဒီမလိုအပ်တာတွေ ဖယ်ဖို့ မနက်ဖြန်ကျရင် အမရီကို ပြောရ မယ်” ဟု ဖန့်ကြွယ်ယွီစိတ်ထဲတွေးမိသည်။
ရေချိုးပြီးနောက် သူမှာထားသောခေါက်ဆွဲကို စားဖိုမှူး ခေါင်းဆောင်၏ သားဖြစ်သူက လာပို့ပေးသည်။
“မစ္စတာဖန့် မှာထားတဲ့ ခေါက်ဆွဲရပါပြီဗျာ” သူသည် ခေါက်ဆွဲထည့်ထားသောပန်းကန်ကို ကမ်းပေးသည်။
“ဒါက အလိုအလျောက် အပူပေးတဲ့စနစ်ပါတာမို့ အေးဆေးသုံးဆောင်ပါဗျ”
“လာပို့ပေးလို့ ကျေးဇူးပါကွာ။ နောက်တောင်ကျနေပြီ။ မင်း အမြန်ပြန်တော့”
ဖန့်ကြွယ်ယွီက ခေါက်ဆွဲပန်းကန်ကို အခန်းထဲယူလာခဲ့သည်။
“ဒါက သခင်လေးမှာထားတဲ့ ပင်လယ်စာခေါက်ဆွဲပါ” ဟူသောစာကိုမြင်လိုက်ရသည်။
သူသည် အိမ်မှာစားသကဲ့သို့ ခေါက်ဆွဲ၊ ပုစွန် နှင့် ဂုံးစသည့် ပင်လယ်စာ၊ အသီးအရွက်များရောထားသော ပင်လယ်စာ ခေါက်ဆွဲကို မှာယူခြင်းဖြစ်သည်။
သို့သော် ပန်းကန်ထဲရှိ ပင်လယ်စာခေါက်ဆွဲသည် ဂဏန်း၊ ကျောက်ပုစွန်နှင့် ဂုံး ယောက်သွားအချို့ပါသော ဟင်းလျာဖြစ်နေသည်။
“ဒီထဲမှာသုံးတဲ့ဆန်ကရော ရေသန့်စစ်စစ်နဲ့စိုက်ထားတဲ့ စပါးကဖြစ်လာတာများလား”
“တော်ပါပြီကွာ။ စားတော့မယ်” သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်လာမှု နှင့်အတူ အစာစားချင်စိတ်ပိုမိုများပြားလာသည်။ ထိုခေါက်ဆွဲတစ်ပန်းကန်လုံးကို တစ်ယောက်ထဲအကုန်စားနိုင် သည်။
ထို့ပြင် နာမည်ကြီးစာဖိုးမှူး၏ လက်ရာဖြစ်တာမို့ ဟင်းရည်မှ ထွက်လာသော ထူးကဲလှသောရနံ့သည် အစားစားချင်စိတ် ကိုပိုမိုဖြစ်ပေါ်စေသည်။
သူက တူကိုကိုင်ပြီး ခေါက်ဆွဲများကိုခပ်စားပြီး အရည်များ တစ်စက်မှ မကျန်တော့သည် အထိသောက်ပစ်သည်။ ထို့ပြင် ကျောက်ပုစွန်ကိုလည်း အားပါးတရစားသုံးသည်။
“ဟာ ဆယ်နာရီတောင်ရှိပြီ” သူသည် ရှင်းယွီ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ည ဆယ်နာရီတိုင်းတွင် အားပေးနေကျ ဖြစ် သည်။ သူမ၏သီချင်းများကို နားထောင်ရင်း အိပ်ပျော်သွား သည်မှာ အကျင့်တစ်ခုလိုဖြစ်နေသည်။
သူ၏အိပ်ခန်းထဲတွင် အဆင့်မြင့်ကွန်ပျူတာတစ်လုံးရှိသည်။ ထိုကွန်ပျူတာ၏ အင်တာနက်ဆွဲအား အမြန်နှုန်းသည် ကောင်းမွန်သဖြင့် ဂိမ်းကစားရန်အလွန်သင့်တော်သည်။
ရှင်းယွီသည် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မှန်တင်ဆက်သည်။ ဖန်ကြွယ်ယွီ၏ ကူညီမှုကြောင့် သူမ၏ ဖော်လိုဝါ ( followers) ပရိတ်သက်အရေအတွက်သည် ငါးသောင်းမှ ၁.၂၇သန်းခန့်တိုးလာသည်။
သူမ၏ သီချင်းဆိုပုံက အမာခံပရိတ်သက်များကို ဆွဲဆောင် နေသည်။
“ဗီအိုင်ပီအသုံးပြုသူဖြစ်တဲ့ တောနက်ထဲက သမင်ငယ်လေးက ရှင်းယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပါပြီ”
ဖန့်ကြွယ်ယွီဝင်ရောက်လာမှုက ပရိတ်သက်များထံမှ မှတ်ချက်များစွာ တက်လာစေသည်။
“လာပြီဟေ့ သူဌေးလာပြီ။ အစေခံလိုတယ်ဆို ပြောပါဦး”
“မစ္စရှင်းယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည်မယ်ဆိုတာ သိလို့ တညလုံးထိုင်စောင့်နေတာ”
“သူဌေးရဲ့ ဖန် ( fan)တွေက လက်ထပ်ခွင့်တောင်းချင်လို့ပါ”
“သူဌေးလေးရေ ဒီညအခန်းငှါးထားလား။ လိုက်ခဲ့ရမလား”
“ရှင်ရောက်လာပြီလား”
သူဌေးတစ်ဦး၏ သူမ၏တက်ဆက်မှုအပေါ်ဆုချီးမြှင့်ပေးမှုက သူမကိုနာမည်ကြီးစေရုံသာမက သူမ၏ ဝင်ငွေကိုလည်း တိုးလာစေသည်။
“ဟားဟား။ မင်းက ငါ့ကိုစောင့်နေတာလား”ဟု ဖန့်ကြွယ်ယွီ က ပြန်ရေးသည်။
“သူဌေးလေးတို့ ဇာတ်လမ်းစပြီဟေ့”
“ သူဌေးရေ၊ ကျွန်မက သူဌေးကြိုက်မဲ့ပုံစံပါ”
“သူဌေးကတော့ လိုင်းပေါ်မှာ ပေါ်တင်ကြောင်နေပြီဟေ့”
“ရှင်းယွီကတော့ သူဌေးရဲ့ အပြောတွေအောက်မှာ မျောပါတော့မှာပဲ”
“ ဟဲလို ငါက ကျင့်ကျင့် ပါ။ ဘာများအလိုရှိပါလဲ”
“ဟုတ်တာပေါ့။ ရှင်က စပွန်ဆာ အကြီးစားဆိုတော့ ရှင်နားထောင်ချင်တဲ့ သီချင်းဘာညာရှိလား” ကောရှင်းယွီက ပြန်လည်စနောက်ပြီး မှတ်ချက်ပြုသည်။
“မင်းကြိုက်တာဆိုပါ။ ငါငြိမ်ငြိမ်လေး နားထောင်မယ်”
ဖန့်ကြွယ်ယွီက ခုတင်ပေါ်လှဲပြီး မျက်စိမှိတ်ထားကာ သူမ၏ သီချင်းသံနှင့် အနားယူနေသည်။ ရုတ်တရက်ဆိုသလို အတွေးတစ်ခု ဖျက်ခနဲပေါ်လာသည်။
“တကယ်ပဲ ရှင်းယွီက ဘယ်လိုမိန်းကလေးမျိုးလဲ”
သူက ရှင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ စီမံခန့်ခွဲသူဖြစ်ဖူး တာမို့ သူမဆီ တိုက်ရိုက် စာတစ်စောင်ပို့သည်။
“ရှင်းယွီ မင်းကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ် ဘာညာ ရနိုင်မလား”
ထိုမက်ဆေ့ချ် ( message) ကိုပို့ပြီးနောက် ဖန့်ကြွယ်ယွီ ရှက်သလိုလို ခံစားလာမိသည်။ သူ့ဘဝမှာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ သူ၏ ခံစားချက်ကိုဖွင့်ပြောရသည်ထက် ပိုမိုစိတ်ဖိစီးရသည်။
“ငါက ပိုက်ဆံဗန်းပြပြီး အခွင့်အရေးယူတယ်လို့ သူထင်နေမလား” ဖန့်ကြွယ်ယွီက အတွေးကမ္ဘာနယ်ချဲ့ နေသည်။
ခဏအကြာမှာ ရှင်းယွီက စာပြန်လာခဲ့သည်။
“အိုကေ။ ကျွန်မ ဝီချက် ( We Chat) အကောင့်နာမည်က xxxxxx ဒါပေမဲ့ ဘာမှ မတင်ထားဘူး”
(ဘာသာပြန်သူအမှာ - we chat အကောင့်အစစ်အမှန်ကို မဖော်ပြပေးနိုင်တာခွင့်လွတ်ပါ။ ရှင်းယွီကို ဖွန်သွားကြောင်ကြမှာစိုးလို့ပါ)
“ကောင်းပါပြီ” ဖန့်ကြွယ်ယွီက သူ၏ဖုန်းကိုထုတ်ပြီး ဝီချက်မှာ သူငယ်ချင်းအဖြစ်လက်ခံပေးရန် တောင်းဆိုလိုက်သည်။
သူကပဲ ပင်ပန်းနေလို့ပဲလား..ရှင်းယွီကပဲ သီချင်းဆိုတော်လို့ လား မသိ သိပ်မကြာခင်မှာ ဖန့်ကြွယ်ယွီတစ်ယောက် အိပ်မောကျသွားသည်။