အခန်း (၃၇၃)
Vol. 26 Ch. 373
ချင်းယန်နိုင်ငံမှ သိုင်းပညာရှင်များသည် သံမဏိအရိုးဂိုဏ်းဒုက္ခရောက်ချိန်တွင် လာရောက်ကူညီနေသည်ကို မြင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရင်ထဲတွင်ခံစားလိုက်ရ၏။
သို့ပေမဲ့ သူသည် သူ၏ပြဿနာအား သူဘာသာဖြေရှင်းရပေလိမ့်မည်။ တခြားသူများကို ပါဝင်၍ မဖြစ်ချေ။
ဟမ့် …
ရှမ်းတုံ သည် နှာခေါင်းရှုံ့လိုက်၏။ “သူက တည်ငြိမ်ချင်ယောင်ဆောင်နေတာပဲ။”
ဤမျှများပြားလှသော မိစ္ဆာဂိုဏ်းသားများ အပြင် သိုင်းဘုရင်နှစ်ယောက်ပါ ပါလာသောကြောင့် သံမဏိအရိုးဂိုဏ်း အနေဖြင့် ကြောက်ရွံ့နေပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းသည် များပြားလှသောသိုင်းပညာရှင်များ၏ ထောက်ပံ့မှုကိုရရှိသည်ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်ရာမဖြစ်နိုင်ကြောင်း ချင်းဟောင်ရန်ကောင်းကောင်းသိသည်။
သို့ပေမဲ့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှအဖွဲ့ဝင်များ အားလုံး၏မျက်နှာသည် မအူမလည်နှင့် ဖြစ်နေကြ၏။ သူတို့ကိုယ်တိုင်သည်လည်း ဟွာရန်နိုင်ငံ၏မိစ္ဆာဂိုဏ်းများ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်။ သို့ပေမဲ့ ထုတ်ဖော်မပြောရဲခဲ့ချေ။
ယခု ကျွင်းချောင်ရှောင်း မိစ္ဆာဂိုဏ်းလေးဂိုဏ်းအား ဖျက်စီးလိုက်ပြီဟုကြားလိုက်ချိန်မှာတော့ သူတို့ကိုယ်တိုင်စိတ်သက်သာရာရနေကြ၏။
သံမဏိအရိုးဂိုဏ်းဒုက္ခရောက်နေစဉ် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှဂိုဏ်းချုပ်များသည် ပွဲလာကြည့်ရန်လာသည်ဆိုသည်မှာတော့ လွန်လွန်းလှသည် ဟု မြို့တော်ဝင်ရှဲသည် အေးစက်စက်ပြောလိုက်၏။
“ခင်ဗျား ဒီကိုလာပြီး ပွဲကြည့်ချင်တာဆိုရင် ကျေးဇူးပြုပြီးထွက်သွားလိုက်ပါတော့။ ချင်းယန်မြို့က ခင်ဗျားကိုမကြိုဆိုဘူး။”
ချင်းယန်နိုင်ငံအတွင်းရှိ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့သည် သံမဏိအရိုးဂိုဏ်းနှင့် ပြဿနာရှိသည်ကို အားလုံးက အစောကြီးကတည်းကသိရှိထားပြီ ဖြစ်သည်။
ယခုမိစ္ဆာဂိုဏ်းသားများ လာရောက်ချိန်တွင် ကိုယ်ဘာသာ ကိုယ် အိမ်မှာမနေဘဲ ပွဲကို ပျော်ရ့ွှင်စွာဖြင့် အားရပါးရ လာရောက်ကြည့်ရှုသည်ဆိုခြင်းမှာ သည်းခံနိုင်လောက်စရာမဟုတ်ပေ။
ချင်းဟောင်ရန်၏ မျက်နှာသည်မဲမှောင်သွား၏။ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူက အဝေးကလာတဲ့ ဧည့်သည်ပဲလေ။ မဟာမိတ်ခေါင်းဆောင်ချင် ကို ထွက်သွားလို့ ဘယ်ပြောလို့ရမလဲ”
“ဟမ့်” မြို့တော်ဝင်ရှဲ့ နှာခေါင်းရှုံ့လိုက်၏။
ထိုကဲ့သို့သူမျိုးရှိနေသည် ဆိုသည်မှာ ချင်းယန် နိုင်ငံအတွက်အလွန်ပင် ဂုဏ်သိက္ခာကျလောက်စေသည်ဟု သတ်မှတ်မိသည်။
အခြားသောမြို့များတွင်ရှိသော သိုင်းပညာရှင်များကလည်း ထိုကဲ့သို့ပင်စဉ်းစား မိကြ၏။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ များ မှဂိုဏ်းချုပ်များကိုလည်း သူတို့တွေ အလွန်တရာ စိတ်ပျက်မိကြ၏။
မဟာမိတ်အဖွဲ့မှ တပည့်များနှင့် အကြီးအကဲတော်တော်များများသည်လည်း မျက်နှာပျက်ရွင်းနေကြသည်။
တော်ဝင် ဓားမော့ဂိုဏ်းမှ ဂိုဏ်းချုပ်သည် နှာခေါင်းရှုံ.လိုက်၏။ “သံမဏိအရိုးဂုဏ်းက မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့တာ။ သူဖျက်စီးခဲ့တာ သူ့ကိစ္စပဲ ဘာလို့ ချင်းယန်နိုင်ငံက ဝင်ရောက်ပတ်သက်ရမှာလဲ။”
စစ်တုဝမ် သည် ထပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းက ကျုပ်တို့ချင်းယန်နိုင်ငံထဲမှာ ဘေးဒုက္ခကြီးတွေ ဖြစ်အောင် ဖန်တီးနေတယ်လို့တောင် ထင်ရတယ်။”
ယခုကိစ္စသည် အသက်ပေါင်းများစွာ သေဆုံးရမယ့် ကိစ္စဖြစ်၏။
သူပြောလိုက်သည်ဆိုသည်နှင့် ဂိုဏ်းတစ်ရာမိတ်အဖွဲ့မှ အကြီးအကဲအချို့ သည် စိတ်သက်သာရာ ရမိသွားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အပြစ်တင်ခဲ့မိသည် မဟုတ်လား။ ထိုကဲ့သို့ တစ်စုံတစ်ယောက်အပေါ်ကို အပြစ် လွှဲချမှ သက်တောင့်သက်သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဟွာယန် နိုင်ငံ၏ မိစ္ဆာဂိုဏ်းများသည် အလုံးအရင်းနှင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့သည် သံမဏိအရိုးဂိုဏ်းကို ဖျက်ဆီးရုံတင်မက တခြားသောဂိုဏ်းများကိုပါ ဖျက်ဆီးသွားမည်ဆိုလျှင် ချင်းယန် နိုင်ငံ တစ်ခုလုံး ကပ်ဘေးကြီးသင့်ပေတော့မည်။
“ဟား ဟား”
ကျွင်းချောင်ရှောင်သည် အားရပါးရထရယ်လိုက်၏။ ပြီးနောက် ရှန့်းတုံ ၊စစ်တုဝမ် နှင့် တစ်ခြားသူများ၏ မျက်နှာကို ကြည့်ကာပြောလိုက်၏။ “ဒါ အချိန်တိုင်း တစ်ခြားသူကို ဒူးထောက်ချင်နေတဲ့ ခွေးလိုလူမျိုးတွေပဲ။ သေရမှာ ကြောက်တာပြီး ဘယ်သူ့ခြေထောက်ကို လျှာနဲ့ လျှက်ရလျှက်ရဆိုတဲ့လူမျိုးတွေက သစ္စာမဲ့လွန်းတယ်----------။”
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ဒေါသထွက်သွားကြ၏။
ကျွင်းချောင်ရှောင်းသည် တင်းမာခက်ထန်သည့်အမူအရာဖြင့် အော်လိုက်၏။ “ကျုပ်တို့သံမဏိအရိုးဂိုဏ်းက ကိုယ့်ရဲ့ခေါင်း အဖြတ်ခံရပြီး ခန္ဓာကိုယ်ကသွေးတွေထွက်၊ အရိုးတွေကျိုးသွားမယ်ဆိုရင်တောင်မှ အခြားသူတွေကို အောက်ကျနောက်ကျ ဆက်ဆံနေမှာ မဟုတ်ဘူး။”
ဤစကားသည် သူရဲကောင်းစိတ်ဓာတ်ရှိရှိဖြင့် ပြောဆိုလိုက်သော စကားပင်ဖြစ်သည်။
သံမဏိအရိုးဂိုဏ်း …. ဤဂိုဏ်းသည် နာမည်ကအစ စနောက်ချင်စရာတစ်ခုမဟုတ်တော့ပေ။
သံမဏိကဲ့သို့ခိုင်မာသောစိတ်ဓာတ်များတည်ရှိသော ဂိုဏ်းသားများကိုပိုင်ဆိုင်သည့် ဂိုဏ်းတစ်ခုဖြစ်လို့နေသည်။
“အဆင်ခြင်မဲ့လိုက်တဲ့ကောင်” စစ်တုဝမ် သည် နှာခေါင်းရှုံ့လိုက်၏။
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို အနောက်ဘက်သို့ပစ်ကာ ဂုဏ်ယူစွာပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ်ဖြစ်ရတာ ဒီလောကကြီးမှာဂုဏ်အယူရဆုံးကိစ္စပဲ။”
မြို့တော်ဝန် ရှဲ့ ကလည်း ချီးကျူးလိုက်သည်။
“အမှန်ပဲ။ သံမဏိအရိုးဂိုဏ်း ချင်းယန်မြို့ထဲမှာလည်းရှိနေတာ ချင်းယန်မြို့ကို ဂုဏ်တက်စေတယ်။ ကျုပ်တို့အားလုံး သံမဏိအရိုးဂိုဏ်းအတွက်ဂုဏ်ယူနေတယ်”
ချင်းယန်နိုင်ငံထဲမှာရှိသော ကျင့်ကြံသူများအားလုံး သံပြိုင်အော်ဟစ်လိုက်ကြသည်။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း ၏နှလုံးသားထဲရှိသွေးများသည် ဆူပွက်လာတော့၏။
ချင်ဟောင်ရန်၏မျက်နှာသည် ပိုမို၍ပျက်ရွင်းသွားသည်။ သူသည် ချင်းယန်နိုင်ငံသားများ၏လေးစားမှုကို အစဉ်အမြဲခံခဲ့ရသူဖြစ်သည်။
ယခုအချိန်မှာတော့ များပြားလှသောသူများသည် သံမဏိအရိုးဂိုဏ်းအား ထောက်ပံ့ပေးနေကြောင်းကို မြင်တော့ သူသည် မပျော်မရွင်ဖြစ်မိသည်သာမက ဒေါသလည်းဖြစ်မိ၏။
“ဟား ဟား ဟား ဟား”
ရုတ်တရက်ဆိုပဲ အနောက်ဘက် စီမှ အသံတစ်ခုထွက်ပေါ်လာသည်။
အမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားသောကျင့်ကြံသူနှစ်ယောက်သည် ရှေ့သို့တစ်လှမ်းခြင်း လျှောက်လှမ်းလာ၏။
ချင်ဟောင်ရန်သည် ထိုသူတို့၏ရင်ဘက်တွင်ရှိသော အရိုးခေါင်းပုံစံကိုမြင်ရချိန်မှာတော့ ထအော်လိုက်မိ၏။
“သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း”
ချင်းယန်နိုင်ငံထဲတွင်ရှိသော ကျင့်ကြံသူများအားလုံးတုန်လှုပ်သွားကြသည်။ ဤအရာသည် တတိယအဆင့်မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲတွင် အားအကောင်းဆုံးဂိုဏ်းများမှ တစ်ခုပင်ဖြစ်၏။
“ဟမ့်” အမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည် တည်နေရာကြီးတစ်ခုလုံး ကိုကြည့်ပြီး ပြုံးလိုက်သည်။
“အစ်ကိုကျန် … သံမဏိအရိုးဂိုဏ်းကဒီမှာ အသုဘ အခမ်းးအနားကြိုပြီးပြင်ထားတာပဲ။”
“သူတိုက မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို သတ်ဖြတ်ခဲ့တယ်ဆိုတော့ ဒီနေရာက သူတို့ရဲ့ သချိုင်းဖြစ်ဖို့သေချာနေပြီ” တခြားသောအမဲရောင်ဝတ်စုံကျင့်ကြံသူသည် မထူးမခြားနားသလို ပြောလိုက်၏။
ထိုသူတို့နှစ်ယောက်စီမှထွက်ပေါ်နေသောအော်ရာများသည် ချင်းယန်နိုင်ငံရှိကျင့်ကြံသူများ အား ထိတ်လန့်ကြောက်ရွှံ့စေသည်။
သိုင်းဘုရင်များသည် အလွန်အမင်းကြောက်မက်ဖွယ်စရာကောင်းလွန်းလှသည်။ ရုတ်တရက်ဆိုသလိုပဲ ထိုသူတို့၏အနောက်ဘက်ဆီ မှ များပြားလှသောကျင့်ကြံသူများပေါ်လာကြသည်။
၎င်းတို့သည် မတူညီသည့်ဝတ်စုံများကိုဝတ်ဆင်ထားကြသည် ဆိုသော်လည်း တူညီသည့်မိစ္ဆာအော်ရာများကို ထုတ်ဖော်လျှက်ရှိသည်။ အားလုံးသည် မိစ္ဆာဂိုဏ်းသားများပင်ဖြစ်တော့၏။
“သူတို့လာနေပြီ လာနေပြီ”
ချင်ဟောင်ရန်သည် နှာခေါင်းရှုံ့ကာတွေးလိုက်သည်။ “သံမဏိအရိုးဂိုဏ်းကတော့ မကြာခင် ပျောက်ကွယ်သွားတော့မယ်။”
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ ကျင့်ကြံသူနှစ်ယောက်သည် မိစ္ဆာဂိုဏ်းများမှ လူများကို စုစည်း၍ ဦးဆောင်ကာ ခေါ်လာခဲ့ကြသည်။
ချင်းယန်နိုင်ငံမှကျင့်ကြံသူများအားလုံးသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ အသာရပ်နေကြ၏။ သူတို့၏မျက်နှာ ပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုမရှိကြချေ။
ဝှစ် …. ဝှစ်
မကြာခင်မှာပဲ မိစ္ဆာဂိုဏ်းနှစ်ဆယ်တို့နှင့်အတူ လူပေါင်းတစ်သောင်းလောက်သည် သေခြင်းရှင်ခြင်း စင်မြင့်၏ရှေ့တည့်တည့်သို့ ရောက်ရှိလာကြတော့သည်။
၎င်းတို့သည် ချင်းယန်နိုင်ငံမှ ကျင့်ကြံသူများနှင့် မီတာတစ်ရာအကွာအဝေးမှရပ်နေကြ၏။
“မဟာမိတ်ခေါင်းဆောင်ချင်” သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း မှ အကြီးအကဲသည် ကျင့်ကြံသူများအား လှမ်းကြည့်ကာနှာခေါင်းရှုံ့လိုက်၏။ “ဒီလောက် လူအများကြီး စုဝေးပြီး ဘာလုပ်တာလဲ။ ကျုပ်တို့ကို ပြန်တိုက်ခိုက်မလို့လား”
ချင်ဟောင်ရန်သည် လက်သီးဆုက်ကာ ပြောလိုက်၏။ “ဒီကိုပွဲလာကြည့်ရုံ သက်သက်ပါ။”
ပြောပြီးသည်နောက်မှာတော့ သူသည် မဟာမိတ်အဖွဲ့မှအဖွဲ့ဝင်များကို ဦးဆောင်၍ဘေးတစ်ဘက်သို့ အသာ ရွေ့ကာ နေလိုက်သည်။ ချင်းယန်နိုင်ငံမှကျင့်ကြံသူများနှင့် ခပ်ဝေးဝေး နေလိုက်ခြင်း ဖြစ်သည်။
“ဟား ဟား ဟား ဟား”
အကြီးအကဲကျန် သည် ရယ်လိုက်၏။ “ပညာရှိတွေက ဒီလို ဦးနှောက်ရှိကြတယ်.”
ချင်းယန်နိုင်ငံရှိမြို့တော်ဝန် များသည် ချင်ဟောင်ရန်အား စိုက်၍ကြည့်လိုက်ကြသည်။
ဤကိစ္စသည် ဂိုဏ်းနှစ်ခုကြားဖြစ်ခဲ့သော ရန်ငြိုးသာ ဖြစ်၏။ အကယ်၍စစ်ပွဲတစ်ခုသာဖြစ်မယ်ဆိုပါက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှလူများအားလုံးသည် သူတို့အား ပထမဦးဆုံးသစ္စာဖောက်မည့်သူများ ဖြစ်ကြောင်း သတိနားလည်သွားကြ၏။
"ဓားကိုကိုင်၍ ကောင်းကင်ပေါ်သို့ မော့ကာ ရယ်မောမည်။"
အမဲရောင်ဝတ်စုံ နှင့် ကျင့်ကြံသူသည် သစ်သားပြား ပေါ်မှစာလုံးများဖတ်ပြီး အထင်အမြင်သေးသလိုပြုံးလိုက်၏။
“ဟား ဟား ဟား”
နောက်ထပ်အမဲရောင်ဝတ်စုံနှင့် ကျင့်ကြံသူကလည်း ရယ်လိုက်၏။
“ကျွင်းချောင်ရှောင်း … ဒါကိုဘာလို့ဆောက်ထားတာလဲ။”
“ဒါကသိုင်းလောကရဲ့စည်းမျဉ်းအရပဲ။” ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာပြောလိုက်သည်။
တစ်ယောက်ချင်းစီချမလား။ ဤအရာမှာ သူ၏အကြံအစည်ပင်ဖြစ်သည်။ သူသည် သိုင်းလောက၏ စည်းကမ်း အတိုင်း မိစ္ဆာဂိုဏ်းကိုစိန်ခေါ်တိုက်ခိုက်ရန် စဉ်းစားထားပြီးဖြစ်၏။
“တစ်ယောက်ချင်းဟုတ်လား။”
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း မှ သိုင်းဘုရင်နှစ်ယောက်သည် အားရပါးရရယ်လိုက်၏။
“ဘာလို့လဲ”
ကျွင်းချောင်ရှောင်းက မထူးမခြားနား သလို ပြောလိုက်၏။
"ခင်ဗျားတို့နှစ်ယောက်က စိန်ခေါ်မှုကို လက်မခံရဲဘူးလား။ ဒါမှမဟုတ် ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက အရမ်းအားကောင်းတယ် ထင်နေတာလား။ ဒါကြောင့် အလုံးအရင်းနဲ့ တိုက်ခိုက်မှနိုင်မယ်လို့ ထင်နေတာလား။"
“ဟား ဟား ဟား။”
မျိုးရိုးနာမည် ကျန် ဟူသော သူသည် ရယ်လိုက်သည်။ "အဆင့်ခုနစ် ဂိုဏ်းသေးသေးလေးတစ်ခုက စိန်ခေါ်တာကို ဘာကြောင့် လက်မခံရဲရမှာလဲ။"
ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ရှိ စာလုံးများအား လက်ညိုးညွှန်ကာ ပြသလိုက်သည်။ "သေခြင်း ရှင်ခြင်းစင်မြင့်။"
ပြီးနောက် သူပြောလိုက်သည်။ “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ဒီနေ့မှာ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တက်ပြီး တိုက်ခိုက်ကြမယ်။”
အကြီးအကဲကျန်သည် အားရပါးရ ရယ်လိုက်၏။
"ဒီလောက် နှစ်တွေ အကြာကြီး နေထိုင်ခဲ့တာ။ သေခြင်းရှင်ခြင်းစင်မြင့် ဆိုတာကို တည်ဆောက်ပြီး တိုက်ခိုက်ဖို့ စဉ်းစားတဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့က သေရတော့မှာပဲ။စင်မြင့်ပေါ်မှာ သေတယ်ဆိုတော့ ဂုဏ်သိက္ခာနည်းနည်းတော့ရှိတာပေါ့။”
အကြီးအကဲကျန် က ဆက်ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ဘာလို့ မပူးပေါင်းဘဲနေရမှာလဲ။တိုက်ခိုက်ကြတာပေါ့။"
"အားလုံးပဲ"
သူသည် အေးစက်စက် ရယ်ကာ ပြောလိုက်၏။ "တိုက်ခိုက်ချင်တဲ့လူရှိလား။"
"ကျုပ်တို့ ကြယ်တောင်ကြားက အရင်တိုက်ခိုက်ပါမယ်။"
ထိုလူသည် သက်လတ်ပိုင်း ဝမ်ရှိုးရှန်း ဖြစ်ပြီး အဆင့်ခြောက် ကြယ်တောင်ကြားဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည တတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက်ဖြစ်၏။
သာမန်အရဆိုလျှင် သူသည် ထွက်၍ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ အကြီးအကဲ နှစ်ယောက်တို့၏ ရှေ့တွင် ဖြစ်သည်မို့ မျက်နှာသာ ရစေရန်အတွက် အကောင်းဆုံး ကြိုးစား၍ တိုက်ခိုက်ပြမည်ဟု စိတ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။