အခန်း (၃၇၄)
Vol. 26 Ch. 374
သိုင်းဘုရင် နှစ်ယောက်တို့သည် မိစ္ဆာဂိုဏ်းနှစ်ဆယ် ဆီမှ မိစ္ဆာကျင့်ကြံသူ တစ်သောင်းနီးပါး အား ဦးဆောင်၍ ရောက်ရှိလာသည်။ ဂိုဏ်း၏ အကာအကွယ်အစီအရင် ရှိသောကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် ဂိုဏ်းထဲတွင် ပုန်းအောင်းနေနိုင်သည်။ ထိပ်တိုက် ရင်ဆိုင်စရာ မလိုပေ။
သို့ပေမဲ့ ခဏတာသာ ဖြစ်၏။
တစ်ဖက်လူများအနေဖြင့် တောင်တစ်ခုလုံးအား ဝိုင်းပတ်၍ ပိတ်ထားမည် ဆိုလျှင် တပည့်များအနေနှင့် အပြင်သို့ ထွက်ပြီး လေ့ကျင့်ရန် အခက်အခဲ ဖြစ်နေမည် ဖြစ်ပြီး အချိန်ကြာမြင့်ပါက စားစရာပင် မရှိ ဖြစ်နိုင်သည်။
ထို့ကြောင့် ဤြ့ပဿနာကြီးအား ဖြေရှင်းရမည့် နည်းလမ်းကို စဉ်းစားရပေလိမ့်မည်။
မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။
ကျွင်းချောင်ရှောင်းသည် စိန်ခေါ်ပွဲများအကြောင်းကို စဉ်းစားမိသွားသည်။ ထိုသူတို့သည် ဂိုဏ်းအား ဖျက်ဆီးရန် လာကြခြင်းဖြစ်သည်။ သူကသာ အလုံးအရင်းနှင့် မတိုက်ခိုက်ဘဲ တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်မည် ဆိုလျှင် မည်သို့ တတ်နိုင်မည်နည်း။
ဟုတ်ပေသည်။
သူ့အတွက်တော့ ခက်ခဲလှသည်။ အထူးသဖြင့် အဆင့်သုံးဂိုဏ်းတစ်ခု ဖြစ်သော သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်း ပါဝင်နေသောကြောင့်ပင်။
မည်သို့ပင် ဆိုစေကာမူ မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်လင့်ကစား တစ်ဖက်လူများသည် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများကိုတော့ လိုက်နာရပေလိမ့်မည်။
ထို့အပြင် မလိုက်နာ၍လည်းမရချေ။ ပတ်ဝန်းကျင်တွေ တခြားသော ကျင့်ကြံသူများ ရှိနေမည် မဟုတ်လား။
ထိုသို့သော အခွင့်အရေးကို အရယူပြီး ဟွာယန်နိုင်ငံရှိ မိစ္ဆာကျင့်ကြံသူများအား လူးမရ၊ လိမ့်မရဖြစ်အောင် ပြုလုပ်ရမည်။
“အကြီးအကဲဝမ် ….”
မျိုးရိုးနာမည်ကျန် ရှိသော သိုင်းဘုရင်သည် ပြောလိုက်သည် “ဒီသံမဏိအရိုးဂိုဏ်းချုပ်ကို ကောင်းကောင်း ဂရုစိုက်ထားမှ ဖြစ်မယ်”
“နားလည်ပါပြီ”
ဝမ်ရှိုရှန်း သည် ရှေ့သို့ လျှောက်လာပြီး သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။
သူသည် ကျွင်းချောင်ရှောင်းအား တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် သစ်သားပြားပေါ်ရှိ စာလုံးများကို ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ အထင်မြင်သေးသည့် အရိပ်အယောင်များ ပေါ်လာ၏။
ဤဂိုဏ်းသည် အဆင့်ခုနှစ်ဂိုဏ်းလေး တစ်ခုဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား လျစ်လျူရှုပြီး သိုင်းဘုရင် နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည် “ဒီတစ်ကြိမ် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှ ဆယ်ပွဲ တိုက်ခိုက်မယ် ။ တစ်ပွဲ ရှုံးတာနဲ့ သံမဏိအရိုးဂိုဏ်း တစ်ခုလုံးက အားလုံးရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်”
“ဘာ”
“ဂိုဏ်းချုပ်ကျွင်း .. မဟုတ်သေးဘူး”
မြို့တော်ဝန် ရှဲ့ နှင့် အိုက်ရှန်းရီ တို့၏ အမူအရာများသည် ပြောင်းလဲသွား၏။
သံမဏိအရိုးဂိုဏ်းသားများသည် အလွန်အားကောင်းကြောင်းသူတို့ သိရှိသည်။ သို့ပေမဲ့ တစ်ပွဲ ရှုံးရုံဖြင့် အားလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေမည် ဆိုခြင်းမှာတော့ များပြားလွန်းလှသည်။
ထို့အပြင် တစ်ဖက်လူများတွင် သိုင်းဘုရင် နှစ်ယောက် ပါဝင်နေ၏။
သိုင်းဘုရင်များသည် သိုင်းစစ်သူကြီးများထက် ပိုမို၍ အားကောင်းလွန်းသည်။ မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန် ရှဲ့ နှင့် အိုက်ရှန်းရီ တို့ တားဆီးရန် ပါးစပ်ဟလိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်၏ “ကျုပ် စိတ်ပိုင်းဖြတ်ပြီးပါပြီ”
သူ၏ စိတ်ဓာတ်ပိုင်းသည် သံမဏိကဲ့သို့ မာကျောလွန်းသည်။
“………..”
မြို့တော်ဝန်ရှဲ့ နှင့် အိုက်ရှန်းရီ တို့သည် ခေါင်းကိုသာ ခါယမ်းမိလိုက်ကြ၏။
ကျွင်းချောင်ရှောင်းကို လာရောက်အားပေးကြသော မြို့တော်ဝန် များ၊ မိသားစုခေါင်းဆောင်များ နှင့် လွတ်လပ်သော ကျင့်ကြံသူများ၏ မျက်နှာများသည် မဲနက်သွားကြသည်။
ဤအရာသည် အရှုံးအနိုင်အရေအတွက်ကို တွက်ချက်ခြင်းမဟုတ်ပေ။ တစ်ပွဲတည်း ရှုံးသည်နှင့် ရှေ့တွင် တိုက်ခိုက်ခဲ့သမျှ အားလုံး ဆုံးရှုံးပြီး ဖြစ်သည်။ ပြောရမည် ဆိုလျှင် မိမိကိုယ်ကိုယ် သတ်သေရန် အကြောင်းပြချက် ရှာခြင်းနှင့်ပင် ဆင်တူနေ၏။
“ဟမ့်”
ချင်ဟောင်ရန် ပြောလိုက်သည် “ဒီကောင် သေလမ်းရှာနေတာပဲ”
ရှန်းတုံ နှင့် စီတုဝမ် တို့၏ မျက်နှာများသည် ခံစားချက်မဲ့ပုံပေါ်နေသော်လည်း တကယ်တမ်းမှုာတော့ ရင်ထဲတွင် ကြိတ်ကာ ဝမ်းသာနေကြသည်။
မိစ္ဆာဂိုဏ်းသားများအား သူ သိပ်အထင်မကြီးသော်လည်း သိုင်းဘုရင်နှစ်ယောက်ဖြစ်သော အကြီးအကဲ များကိုတော့ သူ အလွန်အထင်ကြီး၏။ ဆယ်ပွဲတွင် ကျိန်းသေပေါက် တစ်ပွဲတော့ နိုင်မှာ သေချာ၏။
“ဟားဟား …”
အကြီးအကဲကျန် သည် ရယ်လိုက်သည် “ဒီနေ့မှာ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမယ်ဆိုတာ သိပြီးလို့ ဒီလို ဆုံးဖြတ်တာ ဖြစ်ရမယ်။ ဟုတ်တယ်မလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဘဝကြီးက စိတ်လှုပ်ရှားစရာတွေ ရှိမှ နေပျော်တာ မဟုတ်လား။ သေရင်တောင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ သေမှ ပျော်ရတာလေ။”
“ကောင်းပြီ”
အကြီးအကဲကျန် ပြုံးလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက စိတ်လှုပ်ရှားချင်တယ်ဆိုမှတော့ ကျုပ်တို့က အားနည်းသူကို အနိုင်မကျင့်တော့ပါဘူး။ ဆယ်ပွဲ တိုက်ခိုက်မယ်။ သံမဏိအရိုးဂိုဏ်း ရှုံးရင် တစ်ခါတည်း သတ်သေကြနော်။ သတိမပေးပါရစေနဲ့”
“ကျိန်းသေတာပေါ့” ကျွင်းချောင်ရှောင်း ပြုံးလိုက်သည် “သံမဏိအရိုးဂိုဏ်းက ကံကောင်းလို့ အကုန်နိုင်သွားခဲ့ရင် ခင်ဗျားတို့ နှစ်ယောက် ဦးဆောင်ပြီး အားလုံးကိုပြန်ခေါ်သွား။ ဒီကိစ္စကြီးမရှိခဲ့သလိုသဘောထားပေးကြ”
“ကံကောင်းပြီး ဆယ်ပွဲလုံး နိုင်ခဲ့ရင်လား”
အကြီးအကဲကျန် သည် မထီပြုံး ပြုံလိုက်သည် “ဖြစ်နိုင်မယ် ထင်နေတာလား”
မဖြစ်နိုင်ပေ။
လက်ရှိ တည်နေရာထဲတွင် ရှိနေကြသော ကျင့်ကြံသူများ အားလုံးသည် ဖြစ်နိုင်မည် ဟု မထင်ကြချေ။
သိုင်းဘုရင် နှစ်ယောက် နှင့် တိုက်ခိုက်မည် ဆိုလျှင် သံမဏိအရိုးဂိုဏ်း သည် နှစ်ပွဲ ရှုံးမှာ သေချာသည်။ ထို့ကြောင့် လက်ရှိ အဆိုပြုချက်သည် သေလမ်းရှာခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်း မေးလိုက်သည် “ဘယ်လိုလဲ … အပြန်အလှန် လောင်းကြေး မထပ်ရဲတာလား”
အကြီးအကဲကျန် အသာပြုံးလိုက်သည် “သံမဏိအရိုးဂိုဏ်းက ကံကောင်းလို့ ဆယ်ပွဲ နိုင်သွားရင် ကျုပ်တို့ ဒီကိစ္စမရှိခဲ့သလို သဘောထားပြီး လှည့်ပြန်သွားမယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဒီမှာ ကျင့်ကြံသူတွေ အများကြီး ရှိကြတယ်။ သက်သေ လုပ်ပေးကြပါ”
“……”
မြို့တော်ဝန် ရှဲ့ ၊ အိုက်ရှန်းရီ နှင့် တခြားသော ကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ခါသွား၏။
ဂိုဏ်းချုပ်ကျွင်း စိတ်လှုပ်ရှားချင်သည်လား ၊ သေချင်သည်လား သူတို့အားလုံး မသဲကွဲကြချေ။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း ဒီပွဲကို တိုက်”
“ကောင်းပါပြီ”
ရှောင်ကျီသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ တက်လိုက်သည်။
“ဒါက သိုင်းစစ်သူကြီး တတိယအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရမှာလေ။ ဘယ်လိုဖြစ်ပြီး အကြီးအကဲ တစ်ယောက်ယောက်ကို မလွှတ်ဘဲ တပည့်တစ်ယောက်ကို လွှတ်ရတာလဲ။ သူတို့ ပထမပွဲမှာတင် ရှုံးမှာ သေချာပြီ။”
“ကျုပ်သိသလောက် ဆိုရင် သံမဏိအရိုးဂိုဏ်းမှာ အကြီးအကဲ မရှိဘူး။ ဆယ်ပွဲလုံးတပည့်တွေကိုပဲ လွှတ်ရမှာ”
“ဒီရှောင်ကျီက နတ်စမ်းချောင်းဂိုဏ်း နဲ့ ပွဲမှာ အစွမ်းပြခဲ့တယ်။ ဒါပေမဲ့ သူက သိုင်းဆရာ အဆင့်လေ။ ဘယ်လိုလုပ် သိုင်းစစ်သူကြီး တတိယအဆင့်ကို အနိုင်ယူမှာလဲ”
ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများ အားလုံးသည် ဦးခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
တပည့်များအား တိုက်ခိုက်ရန် စေလွှတ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ဆင်တူသည်။
ဟွာယန်နိုင်ငံမှ မိစ္ဆာကျင့်ကြံသူများကတော့ နှာခေါင်းရှုံ့လိုက်ကြ၏။
သူတို့သည် အချိန်နှင့်အားအင်ကို အသုံးပြုကာ သံမဏိအရိုးဂိုဏ်းအား ဖျက်ဆီးရမည်ဟု ထင်မှတ်ခဲ့သည်။ ယခုကြယ်တောင်ကြား အကြီးအကဲ အနိုင်ယူလိုက်သည်နှင့် သံမဏိအရိုးဂိုဏ်းတစ်ခုလုံးနိတ္တိတံသွားမှာ ဖြစ်သည်။ သူတို့အတွက် သက်သာသည်ဟုတွက်ရမည်။
“ဂိုဏ်းချုပ်ကျွင်း …”
ဝမ်ရှိုးရှန် သည် မထီမဲ့မြင် ဖြင့် ပြောလိုက်သည် “ကျုပ် နဲ့ တိုက်ခိုက်ဖို့ တပည့်ကို လွှတ်တယ်ဆိုတော့ ခင်ဗျားတို့ ဂိုဏ်းက အသက်ပိုများ ပါနေတာလား”
“လိုရင်းကို ပြောရအောင်”
ရှောင်ကျီ ပြောလိုက်သည် “မြန်မြန်စရအောင်”
သူ ထိုသို့ပြောလိုက်သည် ဆိုသော်လည်း အနည်းငယ်တော့ စိုးရွံ့မိနေသည်။ ထို့အပြင် သိုင်းစစ်သူကြီး တတိယ အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည် မဟုတ်လား။
ဝမ်ရှိုးရှန်း သည် နှာခေါင်းရှုံ့လိုက်သည် “ဒီလောက် သေချင်မှတော့ ငရဲပြည်ပို့ပေးမယ်”
“ဟူး ….”
သူ၏ ခန္ဓာကိုယ်ဆီမှ အော်ရာများ ထွက်ပေါ်လာသည်။
စနစ်မှ ပြောလိုက်သည် “ဒီလူက သိုင်းစစ်သူကြီး တတိယအဆင့် ဖြစ်ပြီး အလယ်အလတ် အလားအလာ ကို ပိုင်ဆိုင်တယ်။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ရှောင်ကျီ နိုင်လိမ့်မယ်”
ရှိနေကြသော ကျင့်ကြံသူများသည် ဂိုဏ်းချုပ်ကျွင်း၏ စကားကိုကြားတော့ စိတ်တစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်မိသည်။
အစ်ကိုကြီး .. ခင်ဗျားတပည့်က အဆင့်ခြောက် ဒါမှမဟုတ်အဆင့်ခုနှစ် သိုင်းဆရာ တစ်ယောက်လေ။ အထူးအဆင့် အလားအလာ နဲ့ သိုင်းဆရာတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ သိုင်းစစ်သူကြီးတစ်ယောက်ကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ။
ဟူး …။
ထိုအချိန်မှာတော့ ဝမ်ရှိုးရှန်၏ ကိုယ်မှထွက်ပေါ်လာသော စွမ်းအင်များသည် လက်သီးကြီးတစ်ခု အဖြစ် ဖြစ်တည်လာပြီး ရှောင်ကျီ အား ထိုးနှက်လိုက်တော့သည်။
ဝှစ် …..။
ရှောင်ကျီသည် တိမ်ခြေလှမ်းကို အသုံးပြုကာ ရှောင်တိမ်းလိုက်၏။
ရှောင်တိမ်းလိုက်သည် ဆိုသော်လည်း ဝမ်ရှိုးရှန်း ၏ လက်သီးသည် မထင်မှတ်ထားသော ထောင့်မှ ဝင်လာသည်
ဘန်း …။
ဂျင်နှစ်သိန်းလောက် အားအင်ရှိသော လက်သီးချက်သည် ရှောင်ကျီ၏ ပခုံးပေါ်သို့ ကျရောက်လာ၏။ စင်မြင့်ပေါ်မှတော့ ပုံရိပ်ယောင်လှိုင်းတွေပင် ဖြစ်တည်လာ၏။
“သွားပြီ”
များပြားလှသော ကျင့်ကြံသူများသည် ထိုတိုက်ခိုက်ချက်ကို မြင်တော့ ရင်မောသွားကြသည်။
သို့ပေမဲ့ ….
မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ ရှောင်ကျီသည် ထိုသို့သော တိုက်ခိုက်ချက် ကို ရင်ဆိုင်ရချိန်တွင် နောက်သို့ ခြေနှစ်လှမ်းသာ ဆုတ်သွားသည်။ မျက်နှာပေါ်တွင် နာကျင်မှုကို ခံစားရသည့် အရိပ်အယောင်ပင် ပေါ်မလာခဲ့ချေ။
ဟမ် ..။
ဝမ်ရှိုူးရှန်း အံ့အားသင့်မိသွားသည် “ငါ့ လက်သီးကို ခံနိုင်တယ်ဆိုတော့ မင်းက တော်တော် မာတာပဲ”
ဟုန်း ..။
ပြောပြီးသည့်နောက် သူသည် ရှေ့သို့ လှမ်းတက်လာ၏။
ဘယ်ညာလက်သီးများသည် တစ်ပြိုင်နက်တည်း ဝင်လာသည်။ အလွန်တရာ အားကောင်းသော မိစ္ဆာအရိပ်လက်သီးသည် လေပြင်းများနှင့်အတူ ကျဆင်းလာသည်။
ဘန်း …ဘန်း … ဘန်း…။
ရှောင်ကျီသည် ရှောင်တိမ်းရန် မဖြစ်နိုင်တော့သောကြောင့် သူ၏ ခန္ဓာကိုယ် အားအင်ဖြင့်သာ ခုခံလိုက်တော့၏။
ဝမ်ရှိုှုးရှန်း သည် တိုက်ခိက်ခြင်းကို ရပ်တန့်လိုက်တော့ ပါးစပ်အဟောင်းသားဖြင့် ဖြစ်သွားရသည်။
“အကြီးအကဲဝမ် …”
အကြီးအကဲကျန် သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ခင်ဗျားက မိစ္ဆာဂိုဏ်းသား အားလုံးကို ကိုယ်စားပြု တိုက်ခိုက်နေတာလေ။ လေးလေးနက်နက် တိုက်ခိုက်ပါ။ ပေါ့ပျက်ပျက် မလုပ်နဲ့”
“……”
ဝမ်ရှိုးရှန်း၏ နှုတ်ခမ်းများသည် တုန်ခါသွားသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ သိုင်းဘုရင် နှစ်ယောက်ကို မျက်နှာလုပ်ချင်သောကြောင့် သူသည် စတင် တိုက်ခိုက်ကတည်းက အားကုန်ထုတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ သူ့ရှေ့ရှိ သံမဏိအရိုးဂိုဏ်းတပည့်သည် အလွန်မာလွန်းနေ၏။
ထိုအချိန်မှာပဲ ရှောင်ကျီသည် တိမ်ခြေလှမ်းအား အသုံးပြုကာ ရှေ့သို့ လှမ်းတက်လိုက်သည်။ သူ၏ ဘယ်လက်သည် ပေါက်ကွဲ လက်သီး ၊ ညာလက်သည် တောင်ဖြိုလက်ဝါး နည်းစနစ် အား ထုတ်ဖော်လိုက်သည်။
ဟူး ….။
လက်သီးသည် အလွန်မြန်ဆန်လွန်းသည့်အပြင် အရှိန်အဟုန်ကလည်း ပြင်းထန်လွန်း၏။
ကြည့်ရှုနေကြသော ကျင့်ကြံသူများ၏ မျက်နှာသည် ပြောင်းလဲသွားသည်။
ရှောင်ကျီဟု ခေါ်သော သံမဏိအရိုးဂိုဏ်းသားသည် အဆင့်ခြောက် သိုင်းဆရာ တစ်ယောက် ဖြစ်သည် ဆိုသော်လည်း ထုတ်ဖော်လိုက်သည့် အားအင်သည် ဂျင်နှစ်သိန်းနီးပါး တည်ရှိနေ၏။
“မကောင်းတော့ဘူး”
ဝမ်ရှိုးရှန်းသည် တုန်လှုပ်သွား၏
ဘုန်း …။