အခန်း (၃၇၅)
Vol. 26 Ch. 375
များပြားလှသော ကျင့်ကြံသူများသည် အကြည့်မမှားကြချေ။ ရှောင်ကျီ ထုတ်ဖော်လိုက်သော တိုက်ခိုက်ချက်များသည် အနည်းဆုံး ဂျင် နှစ်သိန်းထိသော အားအင် ရှိနေသည်။
အဆင့်ခြောက် သိုင်းဆရာ တစ်ယောက်သည် အဆင့်သုံး သိုင်းစစ်သူကြီးတစ်ယောက် နှင့် နှိုင်းယှဉ်၍ ရသော အားအင် တည်ရှိနေသည်။ ထိုအချင်းအရာသည် ထိတ်လန့်ဖွယ်ရာပင်။
သို့ပေမဲ့ ….
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် တည်ငြိမ်နေသည်။
ရှောင်ကျီ၏ အားအင်သည် အားအင်တိုးတက်ခြင်းအဆောင်အား ချိုးဖျက်ခဲ့သောကြောင့် ဤမျှအထိ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။
အဆောင်ခန်းမ မှ ဖန်တီးထားသော အဆောင်ဖြစ်သည်မို့ စတိုးဆီမှ အဆောင်နှင့် ကွာခြားသည် ဆိုသော်လည်း အားအင်အဆင့်ကို နှစ်ဆတော့ တိုးတက်စေသေးသည်။
နတ်စမ်းချောင်းဂိုဏ်းမှ ပြန်လာပြီးသည့်နောက် ရှောင်ကျီသည် အဆင့်ငါး သိုင်းဆရာ မှ အဆင့်ခြောက် သိုင်းဆရာ အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် အားအင်တိုးတက်ခြင်း အဆောင်အပြင် တောင်ဖြိုလက်ဝါး၏ အားအင်ထုတ်ဖော်မှုအရ ဂျင်နှစ်သိန်းလောက် ထိ အားအင်ကိုထုတ်ဖော်နေနိုင်ခြင်း ဖြစ်၏။
ရှောင်ကျီ ထိုးနှက်လိုက်ချိန်မှာတော့ ဝမ်ရှိုးရှန်းသည် မရှောင်နိုင်တော့ချေ။ ထိပ်တိုက် ခုခံလိုက်ရပြီး နောက်သို့ ခြေခုနှစ်လှမ်းလောက် ဆုတ်ခွာသွားရသည်
အဆင့်ခြောက် သိုင်းဆရာတစ်ယောက်၏ အားအင်သည် သူနှင့်ပင် မကွာချေ။ ထိုအရာမှာ ကြမ်းတမ်းလွန်း၏။
သိုင်းပညာရှင်များအားလုံးသည် မျက်လုံးပြူးသွားကြသည်။
သိုင်းဘုရင်နှစ်ယောက်တို့၏ မျက်လုံးများထဲတွင်လည်း မယုံကြည်နိုင်မှုတွေနှင့် ဖြစ်လာ၏။
တစ်ချိုု့သော ကျင့်ကြံသူများသည် ပါရမီ ပါလှပြီး ပုံမှန်ထက် ပိုမိုအားကောင်းကြသည်။ ထို့ကြောင့် လက်ခံပေး၍ ရသေးသည်။ သို့ပေမဲ့ ယခု ရှောင်ကျီ ထုတ်ဖော်လိုက်သော အားအင်သည် သိုင်းဆရာအဆင့်ခြောက် တစ်ယောက်၏ အားအင်နှင့် လားလားမှ မသက်ဆိုင်ချေ။
“မယုံနိုင်စရာပဲ”
“ဂိုဏ်းချပ်ကျွင်း … သူု့ကို ထွက်ပြီး တိုက်ခိုင်းတာ အဆန်းမဟုတ်တော့ဘူး။”
အားလုံးက ထိတ်လန့်တုန်လှုပ်မိနေကြသည်။
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်ရှိ ရှောင်ကျီသည် အလွန်များပြားသော အားအင်များကို ခံစားမိနေသည်။ သူ၏ မျက်လုံးများသည် တောက်ပလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများသည်လည်း ပွက်ပွက် ဆူနေ၏။
တိုက်ခိုက်…။
လက်ရှိ သူ၏ စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးသည် တိုက်ခိုက်ရန်ပင် ဖြစ်သည်။ သူသည် တိမ်ခြေလှမ်းကို အသုံးပြုပြီး ရှေ့သို့ လှမ်းတက်လိုက်သည်။ ပြီးနောက် လက်မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
ဝှစ် …။
လခြမ်းပုံစံ အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းပြီး ဝမ်ရှိုးရှန်းဆီ ရောက်ရှိသွား၏။
ဆန်းကြယ်လွန်းသော ကျင့်ကြံသူကြီးတစ်ယောက် က အဆင့်မြင့်တင် ပေးထားသော စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ် သည် အသုံးပြုသူအား ပိုမိုအားကောင်းသည် တိုက်ခိုက်ချက်များ ထုတ်ဖော်စေနိုင်သည်။
ဝှစ် …။
ဝမ်ရှိုးရှန်းသည် ထိုတိုက်ခိုက်ချက်ကို ရင်ဆိုင်ရတော့ မျက်နှာတစ်ခုလုံး ပျက်ရွင်းသွား၏။
ဝှစ် ..။
သူသည် ကြိုးစားကာ ရှောင်တိမ်းလိုက်သည်။
သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီအောင် မထိန်းသိမ်းနိုင်သေးခင်မှာဘဲ ရှောင်ကျီ၏ အော်သံကိုကြားလိုက်ရ၏ “လခြမ်းဓားကွက် … လခြမ်းဓားကွက် …”
အားလုံးဆွံ့အသွားကြ၏။
စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်သည် ထုတ်ဖော်အသုံးပြုရာတွင် အလွန်အမင်း အားအင်ကုန်ခမ်းသည်။ အားကုန်သွားလျှင် မည်သို့ ဆက်လက် ရင်ဆိုင်မည်နည်း။
ဘုန်း …
သူတို့တွေးနေတုန်းမှာပဲ ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်လာ၏။
ဝမ်ရှိုူးရှန်းသည် လခြမ်းဓား၏ ပထမ ဓားအလင်းကိုသာ ရှောင်လိုက်နိုင်ပြီး ဒုတိယ ဓားချက်နှင့် တတိယ ဓားချက်ကိုတော့ မရှောင်နိုင်ခဲ့ချေ။
ဘုန်း ..ဘုန်း …။
နောက်သို့ လွင့်စင်သွားပြီး သေခြင်းရှင်ခြင်း စင်မြင့်၏ အစပ်တည်နေရာသို့ရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်အား ခက်ခက်ခဲခဲဖြင့် ထိန်းချုပ်လိုက်ရသည်။ ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထွက်လာ၏။
တပြိုင်နက်တည်း လခြမ်းဓားကွက် နှစ်ခုကို ရင်ဆိုင်ရချိန်မှာတော့ သူသည် မရှောင်တိမ်းနိုင်ဘဲ ဒဏ်ရာ ပါ ရရှိသွားခဲ့သည်။
“သိုင်းဆရာ တစ်ယောက် က သိုင်းစစ်သူကြီးတစ်ယောက်ကို သွေးအန်အောင် တိုက်ခိုက်နိုင်တယ်လား။ မယုံနိုင်စရာပဲ”
“င့ါမျက်လုံးနဲ့ ကိုယ်တိုင် မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး။”
အားလုံး ဆွေးနွေးနေကြစဉ်မှာပဲ ရှောင်ကျီသည် ထပ်မံ၍တိုက်ခိုက်လိုက်သည်။
သူသည် လခြမ်းဓားကွက်ကို ထုတ်မသုံးတော့ချေ။ တောင်ဖြိုလက်ဝါးနှင့် ပေါက်ကွဲလက်သီးအား လက်နှစ်ဖက် နှင့် ပြိုင်တူ ထုတ်ဖော် တိုက်ခိုက်နေသည်။
ဝမ်ရှိုးရှန်းမှာ အနည်းငယ် သက်သာရာ ရသွား၏။
သို့ပေမဲ့ ခဏလောက်ကြာတော့ သံမဏိအရိုးဂိုဏ်းတပည့်သည် ပိုမို ရဲရင့်လာပြီး ပိုမိုလည်း သန်မာလာသည်ကို ခံစားလိုက်မိသည်။
အဆိုးဆုံးမှာ သူမည်မျှ ပြန်လည် တိုက်ခိုက်သည်ဖြစ်ဖြစ် တစ်ဖက်လူသည် ခန္ဓာကိုယ်အားအင်ဖြင့် ခံယူပြီး ထိပ်တိုက် တိုက်ခိုက်နိုင်နေခြင်းပင်။
ရှောင်ကျီသည် အဆင့်သုံး သိုင်းစစ်သူကြီးတစ်ယောက်ကို တိုက်ခိုက်နိုင်ရန် အားအင်တိုးတက်ခြင်း အဆောင်၏ အကူအညီကိုယူနေရသည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ် အားအင်ကတော့ အစောကတည်းက အဆုံးစွန်ထိ သန်မာပြီး ဖြစ်နေသည်။
ခင်ဗျား ထိုးချင်တာလား။
ထိုးလေ။ မကာဘူး။ တစ်ယောက်တစ်ချက်စီ ထိုးမယ်။
အလွန်အားကောင်းလှသည့် ခန္ဓာကိုယ်အားအင်အပြင် ပိုးချည်ချပ်ဝတ်လည်း ရှိသည်မို့ ရှောင်ကျီသည် စည်းအကာအကွယ် နည်းစနစ်ကိုပင် ထုတ်သုံးစရာ မလိုချေ။ ကြမ်းကြမ်းတမ်းတမ်း စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက် နိုင်စွမ်း ရှိနေ၏။
“…….” ကြည့်ရှုနေကြသော ကျင့်ကြံသူများ။
တိုက်ခိုက်ခြင်း ဆိုသည်မှာ အနုပညာတစ်ခုလိုပင် ဖြစ်ပြီး လှပကာ ဉာဏ်ကစားခြင်းကို ပြုလုပ်ရသော အလုပ်ဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်သည် တစ်ချက်ကလေးမှ နောက်မတွန့်သည့် အပြင် ကာကွယ်ခြင်း၊ ခုခံခြင်း၊ ရှောင်တိမ်းခြင်းများကိုပင် မပြုလုပ်တော့ဘဲ သာမာန်လူတစ်ယောက်လို လက်သီးဖြင့်သာ ထိုးနေသည်။
ဂိုဏ်းချုပ်သည် အဆင်ခြင်မဲ့သလို ကြမ်းရမ်းသည်။ တပည့်မှာလည်း ထိုနည်းလည်းကောင်းပင်။
……..
ဘုန်း …။
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှာတော့ နှစ်ယောက်သားသည် ဤအတိုင်း ထိုးနှက်နေကြတော့သည်။
ရှုပ်ထွေးလှသည့် လက်သီးတိုက်ကွက်များထုတ်ဖော်နေကြခြင်းတော့ မဟုတ်ပေ။ မင်းထိုး၊ငါလည်း ထိုးမယ်။ ဆိုသည့် အတိုင်းပင် တစ်ယောက်တလှည့်စီ ထိုးလျက်ရှိ၏။
ရှောင်ကျီမှာ ခံနိုင်ရည် ရှိသောကြောင့် ဘာမှမဖြစ်သော်လည်း ဝမ်ရှိုးရှန်းမှာတော့ အချိန်ကြာလာသည်နှင့် အမျှ ဒဏ်ရာများက ပိုမိုဆိုးရွားလာသည်။
မဖြစ်ဘူး။ ငါ နည်းလမ်းပြောင်းမှဖြစ်မယ်။ ဒီတိုင်းဆို ငါရှုံးပြီ။
“အား ….”
ဝမ်ရှိုးရှန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးအား အမဲရောင် စွမ်းအင်လှိုင်းများက ဖုံးလွှမ်းသွားသည်။
“နတ်ဆိုးပြောင်းလဲခြင်း”
တစ်စုံတစ်ယောက် ထအော်လိုက်သည် “အဆင့်မြင့် နတ်ဆိုးနည်းစနစ် တစ်ခုပဲ။”
ထိုအရာကို ကြားတော့ အားလုံး မှင်သက်မိသွားကြသည်။
ထိုသို့သော နည်းစနစ်ကို ထုတ်သုံးမည် ဆိုလျှင် ဝမ်ရှိုးရှန်းသည် အသာရသွားပေလိမ့်မည်။
ဖောင်း …။
ထိုအချိန်မှာပဲ သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှ နားကွဲလောက်သည်အထိ ကျယ်လောင်သော အသံကြီးတစ်ခု ဖြစ်တည်လာသည်။
အမဲရောင် စွမ်းအင်လှိုင်းများနှင့် ရစ်ပတ်ထားသော ဝမ်ရှိုးရှန်း၏ မျက်နှာပေါ်တွင် လက်သီးရာကြီးတစ်ခု ရှိနေ၏။
ထိုအရာသည် မျက်နှာကို ဖြတ်ထိုးလိုက်ခြင်းပင် ဖြစ်တော့သည်။
“ချီးပဲ ….။”
ဝမ်ရှိုးရှန်းသည် အမျက်ချောင်းချောင်း ထွက်သွားမိသည်။ သူသည် ဝှက်ဖဲကို ထုတ်ဖော်ရန် အားယူနေတုန်းပင် ရှိသေးသည်။ ရှောင်ကျီ ဆိုသည့်ကောင်မှ နည်းနည်းလေးတောင် မစောင့်ဘဲ ရှေ့တိုးကာ မျက်နှာအား ထိုးနှက်သွား၏။
ဘုန်း …
ဘုန်း…..
ဘုန်း…….။
ရှောင်ကျီသည် ဆက်တိုက် ထိုးနှက်လျက် ရှိသည်
“ဂိုဏ်းချုပ်”
ရှောင်ကျီသည် အသံပို့လွှတ်လိုက်၏ “သူ့ကို သတ်ရမှာလား။”
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် တိုက်ခိုက်နေရင်းမှ သူ၏ ဂိုဏ်းချုပ် ဆီသို့ အသံပို့လွှတ်နေနိုင်သည်။ ရှောင်ကျီသည် အားကိုးမှုနှင့် ထိုက်တန်လှသူ ဖြစ်သည်။
“သူ့ကို အသက်ရှင်လျက် ထားလိုက်” ကျွင်းချောင်ရှောင်း အသံပို့လွှတ်လိုက်သည်။
သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဖြစ်သည် ဆိုသော်လည်း ဝမ်ရှိုးရှန်း အသတ်ခံလိုက်ရပါက ဟွာယန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများ၏ ဒေါသကို ပိုဆွသလို ဖြစ်ပေလိ့မ်မည်။
“နားလည်ပါပြီ”
ရှောင်ကျီသည် ဝမ်ရှိုးရှန်းအား နောက်သို့ ဆုတ်ခွာစေရန် တရစပ် တိုက်ခိုက်လိုက်သည်။
ဝမ်ရှိုးရှန်းသည် မည်သို့မှ မခုခံနိုင်တော့ဘဲ မြေပေါ်ပြုတ်ကျပြီး သွေးတွေအန်ထွက်လျက် ရှိ၏။
ရှောင်ကျီသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ”
အားလုံး တုန်လှုပ်သွားကြသည်။
သိုင်းစစ်သူကြီး အဆင့်သုံး ကျင့်ကြံသူတစ်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့သည်။ ထိုအရာသည် ထင်မှတ်ထားသည့် ကိစ္စမျိုးမဟုတ်ချေ။
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ တက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏ “ကံကောင်းလို့ ကျုပ်တို့ ဂိုဏ်းက တစ်ပွဲ နိုင်သွားခဲ့တယ်။”
“………”
ထိုအရာကို ကံကောင်းသည်ဟု သတ်မှတ်၍ ရသလား။ ဤကဲ့သို့သော ကံကောင်းခြင်းမျိုးသည် လောကကြီးတွင် မရှိချေ။