အခန်း (၃၇၆)
Vol. 26 Ch. 376
ရှောင်ကျီသည် ပထမတိုက်ပွဲ၏ အနိုင်ရရှိသူဖြစ်လာခဲ့သည်။
သူသည် ဂိုဏ်းချုပ်၏အမိန့်အတိုင်း ဝမ်ရှိုးရှန်း အား မသတ်ဘဲ သေမလိုဖြစ်သည်အထိ ရိုက်နှက်ခဲ့၏။
သွေးတွေအန်ထွက်လာသည့် အခြေအနေကို ကြည့်မည်ဆိုလျှင် ဝမ်ရှိုးရှန်း အနေဖြင့် အိပ်ရာထဲတွင် သုံးလမှ ငါးလလောက် ကြာမြင့်သည် အထိ လှဲနေရတော့မည်မှာ သိသာလှသည်။
အကြီးအကဲကျန် သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဘယ်လိုအမှိုက်မျိုးလဲ။"
"ဝေါ့"
ဝမ်ရှိုးရှန်း သည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်၏။
သူသည် ဤသတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲများ၏ရှေ့တွင် အစွမ်းအစကို ထုတ်ဖော်ချင်ခဲ့သည်။ သို့ပေမဲ့ ယခုကဲ့သို့ ဆိုးဝါးဝါး အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
ရှောင်ကျီသည် ကြယ်တောင်ကြားမှ ဝမ်ရှိုးရှန်း အား အနိုင်ယူခဲ့သည်ကိုမြင်တော့ အကြီးအကဲကျန် အလွန်တရာ အံ့အားသင့်မိ၏။ သို့ပေမဲ့ သူသည် ဤကဲ့သို့သော ကျင့်ကြံသူမျိုးကို လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်းရှိ၏။
ကြည့်ရှုနေကြသော သိုင်းပညာရှင်များသည် အံ့အားမသင့်ကြချေ။ သို့ပေမဲ့ အလွန်တရာတော့ ထိတ်လန့်တုန်လှုပ်မိနေကြ၏။
အထူးသဖြင့် မဟာမိတ်ခေါင်းဆောင်ချင်နှင့် တစ်ခြားသော ဂိုဏ်းချုပ်များပင်ဖြစ်၏။ သူတို့၏မျက်နှာများသည် ဆိုးဆိုးရွားရွား ပျက်ယွင်းနေကြသည်။
ရှောင်ကျီသည် ကြယ်တောင်ကြားမှဂိုဏ်းချုပ်အား အနိုင်ယူခဲ့သည် ဆိုသည်မှာ သူတို့အနေနှင့် တစ်ချို့သော အကြောင်းအရာများကို ပြန်လည်စဉ်းစားလာစေမိ၏။
သေချာစဉ်းစားကြည့်မည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခဲ့၏။ ထိုအချိန်တုန်းက သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် နတ်စမ်းချောင်းဂိုဏ်းတပည့်များ၏ လက်ချက်အောက်တွင် စုတ်ပြတ်သတ်ပြီး အရှုံးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှသူများက ထင်မှတ်ခဲ့ကြသည်။
သို့ပေမဲ့ အဆုံးသတ်မှာတော့ သံမဏိအရိုးဂိုဏ်းသည် အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိသွားပြီး သူတို့၏ မျက်နှာအား ပိတ်ရိုက်ခဲ့၏။
ယခုလည်း ကြယ်တောင်ကြားမှ အကြီးအကဲအား အနိုင်ယူနိုင်ခဲ့ပြန်သည်။ သူတို့၏မျက်နှာအား ပိတ်ရိုက်ခြင်းပင် ဖြစ်တော့သည်။
ကူညီရန် ရောက်ရှိလာကြသော ကျင့်ကြံသူများမှာတော့ တုန်လှုပ်မိသည်သာမဟုတ် ပျော်လည်း ပျော်ရွှင်မိသွားကြ၏။
နောက်ထပ် တိုက်ခိုက်ပွဲကိုးပွဲ ကျန်သေးသည်ဆိုသော်လည်း အနည်းဆုံး သံမဏိအရိုးဂိုဏ်းသည် ပထမဦးဆုံးတိုက်ပွဲကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။ ခြေလှမ်းတစ်သောင်း၏ အစမှ ပထမဆုံး ခြေလှမ်းပင် ဖြစ်သည် မဟုတ်လား။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဒုတိယတိုက်ပွဲအတွက် တစ်ယောက်ကို လွှတ်ပါအုံး။"
"အစ်ကိုကျန်"
နောက်ထပ်သိုင်းဘုရင်တစ်ယောက်က ပြောလိုက်သည်။
"ဘာလို့ အပေါ်ကိုတက်ပြီးတော့ သံမဏိအရိုးဂိုဏ်းတပည့် နဲ့ ယှဉ်ပြိုင်ပြီး မတိုက်ခိုက်တာလဲ။"
"ဒါကို ကျုပ်တွေးနေတာပဲ။"
အကြီးအကဲကျန် သည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်၏။
သူသည် ချင်းယန်နိုင်ငံတွင် အချိန်ဖြုန်းရန် အစီအစဉ် မရှိချေ။ တိုက်ပွဲတစ်ပွဲကို ရှုံးနိမ့်သည်ဆိုသည်နှင့် သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် မိမိကိုယ်ကို သတ်သေကြရမည်။
မြန်မြန်ဆန်ဆန် တိုက်ခိုက်မည် ဆိုလျှင် သူသည်လည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကိုယ့်ဂိုဏ်းဆီသို့ ပြန်နိုင်မည် ဖြစ်သည်။
အကြီးအကဲကျန် သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ ပြီးနောက် သူ၏လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျားကိုယ်တိုင်တိုက်ခိုက်မှာလား။ ခင်ဗျားရဲ့တပည့်တွေကို လွှတ်မှာလား။"
"သွားပြီ … သွားပြီ။"
ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများအားလုံး သည် မျက်နှာပျက်ယွင်းသွားကြသည်။
ဤလူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ သိုင်းဘုရင်တစ်ယောက်ဖြစ်၏။
သိုင်းဘုရင် သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်သွားသည်။ သံမဏိအရိုးဂိုဏ်းအနေနှင့် ထိုသူနှင့်တိုက်ခိုက်ရန် လုံလောက်သည့် အရည်အချင်းရှိသူ တစ်ယောက်မှ မရှိကြောင်း သူတို့ကောင်းကောင်းသိသည်။
တိုက်ပွဲတစ်ပွဲ ရှုံးနိမ့်သွားသည်ဆိုသည်နှင့် ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏တပည့်များသည် မိမိကိုယ်ကိုယ် သတ်သေကြရတော့မည်ဖြစ်၏။
စနစ်မှ ပြောလိုက်၏။ "အဆင့်တစ် သိုင်းဘုရင်"
"သိုင်းဘုရင် အဆင့်တစ်လေးလား။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျုပ်မတိုက်ခိုက်ဘူး။ပြီးတော့ ကျုပ်တပည့်တွေကလည်း မတိုက်ခိုက်ဘူး။"
"ဒါဆိုရင် ဘယ်သူတိုက်ခိုက်မှာလဲ။"
"ငါပဲ"
စင်မြင့်၏အောက်ဘက်ဆီမှ ပျင်းရိလေးကန် နေသောအသံတစ်ခု ထွက်ပေါ်လာသည်။
အကြီးအကဲကျန်နှင့် တစ်ခြားသူများအားလုံးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လှည့်ကြည့်လိုက်ကြ၏။ သက်လတ်ပိုင်းလူတစ်ယောက်သည် အိပ်ချင်သလို သန်းဝေ၍ အပေါ်သို့ လျှောက်တက်လာသည်။
ထိုသူ၏ဝတ်စုံကို ကြည့်လိုက်မည်ဆိုလျှင် သံမဏိဂိုဏ်းတပည့်များနှင့် တူညီနေ၏။
အကြီးအကဲကျန် သည် မျက်မှောင်ကုတ် လိုက်၏။ ဤလူသည် သိုင်းဘုရင်တစ်ယောက်ဖြစ်ကြောင်း သူချက်ချင်းပဲ နားလည်လိုက်မိသည်။
"ခင်ဗျား က"
အကြီးအကဲကျန် မေးလိုက်သည်။
သက်လတ်ပိုင်းလူသည် အကြီးအကဲကျန် ၏ရှေ့တွင် ရပ်တန့်လိုက်၏။ ပြီးနောက် သန်းဝေကာ မိတ်ဆက်လိုက်သည်။ "ကျုပ်က ကျန့်ပုကျန် … သံမဏိအရိုးဂိုဏ်းရဲ့ အကြီးအကဲပဲ။"
"ခင်ဗျားက မျိုးရိုးနာမည်တောင် မပြောင်းဘူးလား။"
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်ကာဖြင့် မေးလိုက်၏။
"ကျင့်ကြံခြင်းလောကမှာ မျိုးရိုးနာမည်ကျန် နဲ့ ကျင့်ကြံသူတွေတောင်လိုပုံအောင် ရှိတယ်လေ။ဒါကြောင့် ကျုပ်ကို ကျန့်ပုကျန်းက ကျန့်ရာဖြစ်တယ်ဆိုတာကို နတ်ဆိုးမိစ္ဆာဂိုဏ်းကလူတွေ ထင်မိမှာမဟုတ်ဘူး။" သက်လတ်ပိုင်းလူက ပြန်ပြောလိုက်သည်။
ပြောရမည်ဆိုလျှင် ကျန့်ပုကျန်းဆိုသည်မှာ ကျန့်ရာ ပင် ဖြစ်တော့၏။
သူသည် သံမဏိအရိုးဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်ဆိုသော်လည်း နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဌာနခွဲတစ်ခုတွင် အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်နေတုန်းပင်ဖြစ်သည်။
ထို့ကြောင့် သူ၏အစစ်အမှန်နာမည်အား ထုတ်ဖော်ပြောကြား၍ မဖြစ်ပေ။
"ကျန့်ပုကျန် ဟုတ်လား။"
အကြီးအကဲကျန်သည် ခဏလောက် တွေးတောကာ မေးလိုက်သည်။ "အစ်ကိုဂို … ဒီသိုင်းဘုရင်ရဲ့နာမည်ကို အရင်တုန်းက ကြားဖူးလား။"
"သိုင်းဘုရင် … သိုင်းဘုရင်ဟုတ်လား။"
ချင်းယန်နိုင်ငံနှင့် ဟွာယန်နိုင်ငံတွင်ရှိသော မိစ္ဆာကျင့်ကြံသူများအားလုံးသည် ထိုစကားကိုကြားတော့ မျက်လုံးပြူးသွားမိကြ၏။
သံမဏိအရိုးဂိုဏ်းတွင် အကြီးအကဲတစ်ယောက်ရှိသည်ဆိုသည်ကိုပင် သူတို့ အလွန်တရာ အံ့အားသင့်နေပြီဖြစ်သည်။ သို့ပေမဲ့ ထိုအကြီးအကဲသည် သိုင်းဘုရင်တစ်ယောက်ပင် ဖြစ်လိုနေသေး၏။
မဟာမိတ်ခေါင်းဆောင်ချင်နှင့် အဖွဲ့ဝင်များအားလုံးသည် ဆွံ့အသွားမိသည်။
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ အကြီးအကဲသည် စနောက်နေခြင်းဖြစ်မည်ဟု သူတို့မထင်မိချေ။
ထို့အပြင် ဤပျင်းရိနေပုံပေါက်သော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် သံသယရှိစရာပင်မလိုပဲ သိုင်းဘုရင်တစ်ယောက်၏ အရှိန်အဝါ မျိုးကို ထုတ်ဖော်လို့နေ၏။
"အဆင့်ခုနစ်ဂိုဏ်းတစ်ခုဆီမှာ သိုင်းဘုရင်အဆင့် အကြီးအကဲတစ်ယောက်ရှိနေတယ်။ ဒါက ဘာမှမသက်ဆိုင် သလိုပဲ။"
မိစ္ဆာကျင့်ကြံသူများသည် လက်မခံနိုင်သလို ဖြစ်မိနေသည်။
အဆင့်ခြောက်ဂိုဏ်းတစ်ခု သို့မဟုတ် အဆင့်ငါးဂိုဏ်းတစ်ခုဆိုလျှင် သိုင်းဘုရင်အဆင့် အကြီးအကဲတစ်ယောက် ရှိနေသည်ဆိုသည်ကို လက်ခံပေးနိုင်သေး၏။
သို့ပေမဲ့ အဆင့်ခုနစ်ဂိုဏ်းတစ်ခုတွင် ဤကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်ရှိနေသည်ဆိုခြင်းမှာ လုံးဝ မယုံကြည်နိုင်စရာပင်။
အားလုံး၏မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်း တွေးလိုက်သည်။
ဘာဖြစ်တာလဲ ငါတို့သံမဏိအရိုးဂိုဏ်းမှာလည်း သိုင်းဘုရင်တစ်ယောက်ရှိတယ်လေ။ အဲလောက်ကြီး အံ့အားသင့်နေဖို့ မလိုဘူးမလား။
သိုင်းဘုရင်ဂို သည် ခေါင်းကိုခါရမ်းကာပြောလိုက်သည်။
"ကျုပ်တော့ တစ်ခါမှမကြားဖူးဘူး။"
ကျန့်ရာပြောလိုက်သည်။ "ကျုပ်က အရှေ့မြောက်ပိုင်းက လာတာပဲ။ဒါကြောင့် ခင်ဗျားတို တစ်ခါမှ မကြားဖူးတာပဲ။"
"သြော် … ဒီလိုကိုး။"
အကြီးအကဲကျန် သည် ထူးဆန်းစွာဖြင့် ရယ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "အဆင့်ခုနစ်ဂိုဏ်းတစ်ခုက အရှေ့မြောက်ပိုင်းက သိုင်းဘုရင်တစ်ယောက်ကိုတောင် ခေါ်ထားနိုင်တာပဲ။"
မိစ္ဆာဂိုဏ်းနှစ်ဆယ်သည် ပူးပေါင်း၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း ကလည်း သိုင်းဘုရင်နှစ်ယောက်ကို ဦးဆောင် သွားရန် စေလွှတ်လိုက်သေး၏။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းအား မြန်မြန်ဆန်ဆန်နှင့် ရှင်းလင်းချင်သောကြောင့် ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်တွင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိလို့နေသည်။
သိုင်းဘုရင်အဆင့် ကျင့်ကြံသူ။
ဤအဆင့် ကျင့်ကြံသူများသည် သိုင်းတပည့်၊သိုင်းဆရာ၊သိုင်းစစ်သူကြီးများ၏ မျက်လုံးထဲတွင်တော့ ရွေ့လျား၍ မရအောင် ခိုင်မာလွန်းသော တောင်တန်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။
"ပေါက်ကရပြောနေတာတွေ ရပ်လိုက်တော့။"
ကျန့်ရာသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "မြန်မြန်စရအောင်။ကျုပ်အိပ်ချင်ပြီ။"
သူ၏ပြိုင်ဘက်သည် သိုင်းဘုရင်တစ်ယောက် ဖြစ်သည်ဆိုသောကြောင့် အကြီးအကဲကျန် ၏အမူအရာများသည် လေးနက်သွား၏။
"ဝှစ်"
ဓားတစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာအော်ရာ များသည် ထွက်ပေါ်လာသည်။
ထိုအော်ရာ များ၏ အရှိန်အဟုန်သည် အလွန်တရာ ပြင်းထန်လှ၏။
သိုင်းဘုရင်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက် ပီသစွာပဲ ၎င်းထုတ်ဖော်လိုက်သော အော်ရာ များသည် ကြမ်းရမ်းလွန်းလှသည်။
ဝမ်ရှိုးရှန်း ကဲ့သို့ တတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက် ယှဉ်ပြိုင်နိုင်လောက်သည့် အရာမျိုးမဟုတ်ပေ။
သို့ပေမဲ့ အကြီးအကဲကျန် တိုက်ခိုက်ရန် လှုပ်ရှားလိုက်စဉ်မှာပဲ ကျန့်ရာသည် တိမ်ခြေလှမ်းများကို အသုံးပြု၍ ချက်ချင်းပဲ ချဉ်းကပ်လာသည်။
သူသည် သံမဏိအရိုးဂိုဏ်းထဲတွင် ကျင့်ကြံခြင်း နည်းစနစ် တော်တော်များများကို လေ့လာခဲ့ပြီးဖြစ်သည်။ သူ၏နည်းစနစ်များပေါ် နားလည်မှုသည် တပည့်များထက်ပိုမို၍ အားကောင်း၏။
သူ တိမ်ခြေလှမ်းကို အသုံးပြုလိုက်သည့် ပုံစံကို ကြည့်သည်နှင့် ထိုအရာမှာ သိသာလှသည်။
သူ၏သိုင်းပညာမှာ အလွန်တရာ အားကောင်းလှသည်။ ထို့အတူ သိုင်းပညာအပေါ်နားလည်မှုကလည်း အလွန်တရာ အားကောင်း၏။
ထို့ကြောင့် သူထုတ်ဖော်လိုက်သော နည်းစနစ်သည် အဆင့်နိမ့်ကျင့်ကြံသူများ လိုက်လံတုပ၍ ထုတ်ဖော်နိုင်ရန် မလွယ်ချေ။
ဥပမာအားဖြင့် ရီရှင်းချန်ကို ကြည့်မည်ဆိုလျှင် သံမဏိအရိုးဂိုဏ်း၏ များပြားလှသော ကျင့်ကြံခြင်းနည်းစနစ်များအပေါ် နားလည်၏။ နားလည်မှု အရ ဆိုရမည် ဆိုလျှင် ရီရှင်းချန်သည် ကျွင်းချောင်ရှောင်းနှင့်ပင် နှိုင်းယှဉ်၍ ရလောက်သူဖြစ်သည်။
ကံဆိုးစွာဖြင့် ကျင့်ကြံခြင်း နည်းစနစ်များကို နားလည်သူဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေး၏။
ရီရှင်းချန်သာ သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်သည်ဆိုပါက ကျန့်ရာ ယခု ထုတ်ဖော်နေသော သိုင်းနည်းစနစ် စွမ်းရည်ထက် ပိုမိုကောင်းမွန်စွာ ထုတ်ဖော်နိုင်မှာ သေချာ၏။ သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူးသူမို့ သူ၏သိုင်းပညာနှင့် ပတ်သက်သော အတွေ့အကြုံများသည် အလွန်တရာ ကြွယ်ဝလွန်းလှသည် မဟုတ်လား။
သူနှင့် ယှဉ်နိုင်မည့်သူဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ အခြားသော သိုင်းအင်ပါယာ ကိုးယောက်သာ ရှိနိုင်ပေလိမ့်မည်။
"ဘုန်း"
ကျန့်ရာသည် မြန်မြန်ဆန်ဆန်ချဉ်းကပ်၍ မည်သည့်စကားမှ မဆိုဘဲ တောင်ဖြိုလက်ဝါးကို အသုံးပြုလိုက်၏။
ဤကဲ့သို့ အလယ်အလတ် အဆင့်မြင့်သိုင်းနည်းစနစ်မျိုးသည် သူ၏လက်ထဲမှာတော့ အလွန်တရာ ပြင်းထန်လှသော အားအင်များကို ထုတ်ဖော်နိုင်ခဲ့သည်။
"ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်"
အကြီးအကဲကျန်းသည် ခြေလှမ်းအနည်းငယ်လောက် အနောက်ကိုဆုတ်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"ခင်ဗျား …. ခင်ဗျားက သိုင်းဘုရင်ဒုတိယအဆင့်တစ်ယောက်ပဲ။"
ကျွမ်းကျင်သူနှစ်ယောက် တိုက်ကွက်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ နှစ်ယောက်သား ကွာခြားမှု အလွန်တရာ ကြီးမားနေသည်ကို နားလည်သွားကြသည်။
"အဲလိုဆိုတော့ …"
ကျန့်ရာသည် ထိုသူ၏နောက်၌ပေါ်လာပြီး ညာလက်သီးကိုမြှောက်၍ ထိုးချလိုက်တော့သည်။
"ဘုန်း"
အကြီးအကဲကျန်သည် တုံပြန်ရန်အချိန်ပင် မရလိုက်ဘဲ ကျောကုန်းကို ထိမှန်သွားခဲ့သည်။ သေခြင်းရှင်ခြင်းစင်မြင့်၏ အလယ်ဗဟိုဆီမှ အနောက်ဘက်ဆီသို့ လွင့်စင်သွား၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရုတ်တရက်ဆိုသလိုပဲ အလွန်တရာ နာကျင်လှသော ခံစားမှုမျိုးဖြစ်ပေါ်လာသည်။
တိုက်ခိုက်ချက်တည်းနှင့်တင် ပြီးဆုံးသွားပြီဖြစ်သည်။ လက်သီးချက်သည် လေထဲမှာတင် ထင်ကျန်ခဲ့၏။
အားလုံးသည် သက်မချလိုက်သည်။
မည်ကဲ့သို့သော ကြောက်မက်ဖွယ်ရာအားအင်မျိုးကို ပိုင်ဆိုင်သောကြောင့် တည်နေရာ တစ်ခုလုံး တုန်ခါ၍ လက်သီးချက်ကြီးတစ်ခု ထင်းထင်းကြီး ကျန်ရှိအောင် ပြုလုပ်နိုင်ခဲ့သနည်း။