အခန်း (၃၈၁)
Vol. 26 Ch. 381
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှတော့ သိုင်းစစ်သူကြီးအဆင့်သုံး ကျင့်ကြံသူသည် ခန္ဓာကိုယ်တစ်ခုလုံး ရေခဲ အလွှာများဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ရေခဲပန်းပုရုပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားတော့သည်။
စင်မြင့်၏အောက်တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။
သံမဏိအရိုးဂိုဏ်းရဲ့ အမျိုးသမီးတပည့်သည် အမှန်တကယ်ပဲ ရေခဲဒြပ်စင်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီး သူမသည် သူမ၏ ပြိုင်ဘက်အား ရေခဲနှင့်ခဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
“ဖျောက် … ဖျောက် … ဖျောက် … ဖျောက်”
အတော်ကြာပြီးသည့်နောက်မှာတော့ သိုင်းစစ်သူကြီးခန္ဓာကိုယ်ပေါ်ရှိ ရေခဲများသည် ကွာကျသွားသည်။ ပြီးနောက် သူသည် အအေးဓာတ်ကြောင့် မေ့မျောသွားတော့သည်။
လက်ရှိအခြေအနေအရ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ လုချင်းချင်းသည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ လျှောက်ဆင်းသွားပြီး သူမ၏ ပြိုင်ဘက်အား တစ်ချက်ကလေးမှပင် မကြည့်ခဲ့ချေ။ အစအထဲက အဆုံးထိ တိုက်ပွဲမှာ ၁၀ စက္ကန့်သာ အများဆုံး ကြာမြင့်ခဲ့၏။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မင်းကပိုပြီးအားကောင်းလာတာပဲ”
“ဂိုဏ်းချုပ်ကို လိုက်မီဖို့တော့ အဝေးကြီးလိုပါသေးတယ်” လုချင်းချင်းပြောလိုက်သည်။
သူမသည် အမှန်တရားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသာဆိုလျှင် သိုင်းဘုရင်အဆင့်နှစ်တစ်ယောက်ကို မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။
ကျွင်းရှောင်ချောင်းသည် သေခြင်းရှင်ခြင်းစင်မြင့်ဆီသို့ လျှောက်လှမ်းသွားပြီး အကြီးအကဲကျန်ကို ကြည့်လိုက်သည်။ ပြီးနောက် သူသည် လက်သီးဆုပ်ကာပြောလိုက်သည်။ “တောင်းပန်ပါတယ်၊ ကျုပ်တို့သံမဏိအရိုးဂိုဏ်းက ကံကောင်းစွာနဲ့ ဆယ်ပွဲတိတိ နိုင်သွားခဲ့ပြီ...”
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ဆယ်ပွဲအထိ ရင်ဆိုင်ပြီးသည့်နောက်မှာ သူတို့အားလုံးသည် ပုံမှန်အတိုင်းသာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မည်သူမျှ ပြင်းပြင်းထန်ထန်ဖြင့် ခုခံအနိုင်ယူခဲ့ခြင်းမရှိကြချေ။
ထို့ပြင် ပြိုင်ဘက်များသည်ကလည်း မည်သို့မှ မယှဉ်ပြိုင်နိုင်ခဲ့ချေ။ အထက်စီးမှ တိုက်ခိုက်၍ အနိုင်ယူခဲ့ကြခြင်းမျိုးဖြစ်သည်။
အလွန့်အလွန် ကြောက်မယ်ဖွယ်ရာကောင်းသည်ဟုဆိုရမည်။ ဤသို့သောကိစ္စရပ်ကို သူတို့၏ မျက်လုံးနှင့်သာ တိုက်ရိုက် မမြင်ရပါက ယုံကြည်ရန်ပင် ခက်ခဲပေလိမ့်မည်။
အကြီးအကဲကျန်၏ မျက်နှာသည် အကြီးအကျယ် ပျက်ယွင်းသွား၏။ သူသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမယ့် တိုက်ပွဲ ဆယ်ပွဲ တိုက်ခိုက်ခဲ့ပြီး တစ်ပွဲမှ အနိုင်မယူနိုင်ခဲ့ချေ။ သူ၏ မျက်နှာက ဘယ်နေရာတွင် သွား၍ ထားရမည်နည်း။
“ကျုပ်တို့ရဲ့ အရင်သဘောတူညီချက်အရဆိုရင်..”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “အားလုံးပဲ ကိုယ်လာတဲ့နေရာကို ကိုယ်ပြန်ကြပါတော့၊ ပြီးတော့ ကိုယ့်ကိစ္စကိုယ်လုပ်ကြပါ။ ကျုပ်တို့ကြားမှာ ရှိခဲ့တဲ့ အငြိုးအတေးတွေကို ဖယ်လိုက်ပါ”
အကြီးအကဲကျန်သည် ပိုမိုဆိုးရွားစွာ ခံစားလာမိ၏။ သူသည် ဂိုဏ်းခွဲမှူး၏ အမိန့်ပေးမှုအောက်တွင် ချင်းယန် နိုင်ငံဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များကို သတ်ဖြတ်ရန်တာဝန်မှာ ကျရှုံးခဲ့၏။ မည်သို့ပြန်လည်၍ သတင်းပို့ရမည်နည်း။ အရှုံးကို လက်မခံဘဲနှင့် ကတိဖျက်ရမည်လား။
သူ ပြုလုပ်နိုင်သည် ။ ဤအရာသည် မိစ္ဆာဂိုဏ်းများ၏ ပုံသဏ္ဍာန်ပင် ဖြစ်သည်မဟုတ်လား။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် အားမနည်းကြချေ။ သူ့အားအနိုင်ယူခဲ့သည့် အကြီးအကဲတစ်ယောက်ရှိသလို အကြီးအကဲဂို အား အနိုင်ယူခဲ့သည့် ဂိုဏ်းချုပ်လည်းရှိ၏။ ထို့ပြင်အလွန်အားကောင်းလှသော တပည့်များ အဖွဲ့ကလည်း ရှိနေသေးသည်။
ထိပ်တိုက်သာ ရင်ဆိုင်မည်ဆိုပါက ကြီးမားသည့်ပေးဆပ်မှုမျိုးကို ပေးဆပ်ရမှာက သေချာသည်။ သံမဏိအရိုးဂိုဏ်းတပည့်များ သေဆုံးသွားမလား၊ မသေဆုံးဘူးလားဆိုသည်မှာလည်း သေချာသည် မဟုတ်။ သူတို့ဘက်ကလည်း ကြီးမားသော ပေးဆပ်မှုကို ပေးဆပ်ရမည်မှာ သေချာသည်။
သူဘာလုပ်ရမည်နည်း။ ခဏလောက်တွန့်ဆုတ်ပြီးနောက် အကြီးအကဲကျန်သည် လက်သီးကိုဆုပ်ကာ မှုန်ကုတ်ကုတ် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”
သူသည် ရှုံးနိမ့်မှုကို ဝန်ခံခဲ့ရ၏။ ထို့ကြောင့် ကျင့်ကြံခြင်းလောက၏စည်းမျဉ်းအတိုင်း လိုက်နာရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးမှာတော့ သူသည် ဤပြဿနာအား ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။
သူ့အနေဖြင့် တပည့်များကို ခေါ်ဆောင်၍ ဘာစိတ်လက်ပူပင်မှုမှ မရှိဘဲ အပြင်ဘက်သို့ ထွက်နိုင်ပြီဖြစ်သည်။
ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများ၏ ရင်ဘတ်ထဲတွင်ရှိနေသော ခဲကြီးတစ်လုံးသည်လည်း ပျောက်ကွယ်သွားခဲ့ရပြီဖြစ်၏။
ထို့ပြင် သူတို့သည် ဂိုဏ်းချုပ်ကျွင်းအား ပိုမို၍ လေးစားလာမိသည်။ မိစ္ဆာကျင့်ကြံသူ တစ်သောင်းနီးပါးကို ရင်ဆိုင်ရချိန်မှာတော့ အခြေအနေတစ်ခုလုံးအား ပြောင်းပြန်လန်သွားအောင် ပြုလုပ်နိုင်သော ဂိုဏ်းချုပ်ကျွင်း၏ စွမ်းရည်သည် ဩချရလောက်ပေသည်။
အကြီးအကဲကျန်သည် သူရဲ့လူများကို စွန့်စား၍ သံမဏိအရိုးဂိုဏ်းတပည့်များအား ထိပ်တိုက်ရင်ဆိုင်ရန် မဆုံးဖြတ်ခဲ့ပေ။ ထို့ကြောင့် လာရာလမ်းအတိုင်း ပြန်ရန်သာ ရှိတော့၏။
သို့ပေမဲ့ သူထွက်ခွာခါနီးမှပဲ သစ်တောအုပ်ထဲဆီမှ လူငယ်တစ်ယောက်သည် လှမ်းလျှောက်၍ ထွက်လာသည်။
ထိုသူသည့် သင့်တင့်သော အသားအရေ ကို ပိုင်ဆိုင်ပြီး သေးသွယ်သည့်ခန္ဓာကိုယ်နှင့်ဖြစ်သည်။ မျိုးရိုးအဆင့်အတန်းမြင့်မားသော မိသားစုကြီးတစ်ခုဆီမှ ဆင်းသက်လာသော ကြည့်ကောင်းလှသည့် သခင်လေးတစ်ယောက်နှင့်ပင် ဆင်တူသည်။
အကြီးအကဲကျန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ပြီးနောက်သူသည် အလန့်တကြားနှင့် ထအော်လိုက်သည်။ “အကြီးအကဲပိုင်”
နာကျင်မှုကြောင့် မိမိကိုယ်ကို မနည်းကြိုးစားကာ လမ်းလျှောက်နေသော အကြီးအကဲဂို သည် ကြိုးစား၍ သူ၏ ခေါင်းကို မော့ကြည့်လိုက်၏။
တဖက်လူ၏ပုံစံကို ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာတော့ သူ၏နှလုံးသား တစ်ခုလုံးသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ သူ မြန်မြန်ဆန်ဆန်ပဲ မျက်လုံးကို မှိတ်လိုက်ပြီး သတိမေ့မျောချင်ဟန်ဆောင်လိုက်သည်။
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားသည်။ သူနှင့်အသက်အရွယ် တူတူလောက်သာရှိမည့် ထိုလူငယ် ထုတ်ဖော်နေသော အော်ရာများသည် အကြီးအကဲကျန်ထက်ပင် ပို၍ အားကောင်းနေ၏။
“ဂိုဏ်းချုပ် …”
ပျင်းရိ နေဟန်ပေါ်သော ကျန့်ရာ၏ မျက်နှာပေါ်တွင် လေးလေးနက်နက်အမူအရာများ ဖြစ်ပေါ်လာပြီး အသံ ပို့လွှတ်လာသည်။ “ဒီလူက သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဌာနချုပ်က ကျွမ်းကျင်သူတစ်ယောက်ပဲ၊ သူ့ရဲ့အားအင်အဆင့်က ….”
စနစ်မှပြောလိုက်သည်။ “သိုင်းဘုရင်ထိပ်ဆုံးအဆင့်”
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။
ဤသည်ကား မည်ကဲ့သို့သော ဟာသမျိုးနည်း။ အရွယ်ပင်ကောင်းကောင်းရောက်သေးပုံ မပေါ်သေးသည့် လူငယ်လေး တစ်ယေက်သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။
သစ်တောထဲမှ လမ်းလျှောက်ထွက်လာသော လူငယ်သည် ရုတ်တရက် ဆိုသလိုပဲ ပုံရိပ်ယောင်များ နောက်ကွယ်များ ကျန်ခဲ့ပြီး အလွန်တရာ မြန်ဆန်သည့် နှုုန်းထားဖြင့် အကြီးအကဲကျန်၏ အရှေ့သို့ ရောက်ရှိလာသည်။
“ဖောင်း”
သူသည် အကြီးအကဲကျန်၏ မျက်နှာအား ပိတ်ရိုက်လိုက်ပြီး ဆူငေါက်လိုက်သည်။ “အမှိုက်လိုကောင်”
အကြီးအကဲကျန်၏ ညာဘက်ပါးပေါ်မှာ လက်ဝါးရာတစ်ခုထင်ပေါ်နေသည်။ အကြီးအကဲကျန်သည် အလွန်တရာ နာကျင်လှသော ခံစားမှုကို ကြိတ်ခံကာ ပြောလိုက်၏။
“အကြီးအကဲပိုင် … ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”
သူ၏အသံက တုန်ရင်နေပြီး သူ၏နဖူးထက်ဆီမှ ချွေးစေးများ ထွက်လာ၏။
အကြီးအကဲပိုင်သည် သူ၏ အနက်ရောင်ဆံနွယ်များအား နောက်ဘက်ဆီသို့ သပ်တင်ကာပြောလိုက်သည်။
“ဒီလိူအခြေအနေမှာ ပြောင်းလဲမှုတစ်ခုခုဖြစ်ပေါ်လာမှုကို ဂိုဏ်းခွဲမှူးက စိုးရိမ်ပူပန်နေတယ်။ ဒါကြောင့်မို့လို့ ကျုပ်ကို ကြီးကြပ်ဖို့ဆိုပြီး လွှတ်လိုက်တာ၊ ထင်တဲ့အတိုင်းပဲ၊ သူခန့်မှန်းခဲ့တာ မှန်နေပြီ”
“အကြီးအကဲပိုင်”
အကြီးအကဲကျန်သည် ကြောက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းက အရမ်းအားကောင်းတယ်၊ ဒါကြောင့် ကျုပ်တို့သာ ဖိအားပေးလိုက်မယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုကို ပြန်ရမှာ စိတ်ပူမိလို့ပါ”
သူသည် အကြီးအကဲတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဌာနခွဲတစ်ခု၏ အကြီးအကဲတစ်ယောက်သာဖြစ်သည်။
သူ့ရှေ့မှ လူငယ်မှာတော့ ဌာနချုပ်ဆီမှ အကြီးအကဲတစ်ယောက်ဖြစ်၏။ အဆင့်ခြင်းအရ ယှဉ်မည်ဆိုလျှင် မိုးနှင့်မြေလို ကွာခြားလှ၏။
“ဒီတော့”
အကြီးအကဲပိုင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒါကြောင့် ခင်ဗျားကြောက်နေတာလား”
သူ၏ စူးရှသောမျက်လုံးများသည် အကြီးအကဲကျန်အား စူးစိုက်ကြည့်နေသည်။ အကြီးအကဲကျန်၏ ခြေထောက် တစ်ခုလုံးသည် တုန်ရင်လျက်ရှိသည်။
မိစ္ဆာဂိုဏ်းနှစ်ဆယ်မှ အကြီးအကဲနှင့် မိစ္ဆာဂိုဏ်းသားများ အားလုံးသည်လည်း မသက်မသာ ခံစားနေရ၏။
ထိုလူငယ်၏ ခါးတွင်ချိတ်ဆွဲထားသော ရွှေရောင်ကတ်ပြားကို သူတို့ မြင်ခဲ့ပြီးဖြစ်၏ ။ ထိုကတ်ပြားပေါ်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းဟု ရေးထိုးထားသည်။ ထို့ကြောင့် ဤလူငယ်သည် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း ဌာနချုပ်ဆီမှ ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်း သူတို့နားလည်လိုက်မိသည်။
ချင်းယန်နိုင်ငံမှ သိုင်းပညာရှင်များက မသိရှိပေ။ သို့ပေမဲ့ ထိုသူ၏ ရှေ့တွင်ရှိသော သိုင်းဘုရင် သည် တဆတ်ဆတ်တုန်ရင်နေပြီး ထိတ်လန့်ကြောက်ရွံ့သည့်အမူအရာမျိုးဖြစ်နေသည်ကို မြင်ချိန်မှာတော့ တစ်ဖက်သူ၏အားအင်နှင့် ဂုဏ်သိက္ခာအဆင့်အတန်းသည် အလွန်တရာ ကြီးမားလှမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်မိ၏။
“ဒုက္ခပါပဲ”
မြို့တော်ဝန် ရှဲ့နှင့် အိုက်ရှန်းရီတို့သည် မျက်မှောင်ကုတ်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် အကြီးအကဲပိုင်သည် မျက်နှာမော့လိုက်ပြီး သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင်ရှိနေသော ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။ ပြီးနောက် ခပ်ယဲ့ယဲ့ပြုံးကာပြောလိုက်သည်။ “ဒီနေ့မှာ သံမဏိအရိုးဂိုဏ်းက ကျင့်ကြံခြင်းလောကထဲက ပျောက်ကွယ်သွားပြီ”
သူ၏ အသံက နူးညံ့လှပြီး ပြတ်သားထင်ရှားလှသည်။
ရှိရှိသမျှသော ကျင့်ကြံသူများအားလုံးတွင် တူညီသော အတွေးတစ်ခုရှိနေပြီး ထိုအရာမှာ ဤလူငယ်သည့် ပြောသည့်အတိုင်း ပြုလုပ်မည်ဟူသည့် အကြောင်းအရာပင်ဖြစ်၏။
“ဒီကောင် ဘယ်လောက်အားကောင်းလဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်းအဆောင်သည် မိနစ် ၃၀ အသုံးပြုရန် ကျန်ရှိသေးသည်။ တစ်ဖက်လူသာ ဝင်လာမည်ဆိုပါက သူသည် နဂါးစိမ်းလခြမ်း ဓားမော့ကို ထုတ်ကာ တိုက်ခိုက်မည်ဟု စဉ်းစားထား၏။
စနစ်က ပြောလိုက်သည်။ “အထူး အထူး အဆင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၊ သိုင်းစွမ်းရည် တစ်ခုမှ ထုတ်မသုံးရင်တောင်မှ သူ့ရဲ့အားအင်ကြီး သက်သက်က ၅.၃ သန်းရှိတယ်”
“ချီးတဲ့မှ” ကျွမ်းချောင်ရှောင်းစိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သူသည် အားအင်တိုးတက်ခြင်းအဆောင်ကို အသုံးပြုလျှင်တောင်မှ ၃.၅ သန်းသောအားအင်ကိုသာ ပိုင်ဆိုင်သူဖြစ်၏။ သူနှင့်တစ်ဖက်သူ၏ကြားတွင် နှစ်သန်းဟူသော အားအင် ကွာခြားချက်က ရှိလို့နေ၏။ သူ၏ နဂါးစိမ်းလခြမ်းဓားမော့ အထူးစွမ်းအင်ကို အသက်သွင်းလိုက်မည်ဆိုလျှင်တောင် အနိုင်ယူရန်မဖြစ်နိုင်ပေ။
မိစ္ဆာဂိုဏ်းသားအဖွဲ့လိုက်ကြီးကို သူလွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ခဲ့၏။ သို့ပေမယ့် အဆုံးသတ်မှာတော့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်လူတစ်ဦး ချက်ချင်းပေါ်ထွက်လာပြီး သူ့အားဒုက္ခပေးရန် စီစဉ်နေ၏။ ဂိုဏ်းအကာအကွယ် အစီအရင်ထဲကိုဝင်ပြီး ပုန်းအောင်းနေရမည်လား။
“ရောင်းရင်း၊ ကျုပ်တို့သဘောတူညီမှု ယူထားပြီးသား၊ ဆယ်ပွဲမှာ တစ်ပွဲရှုံးရင်ကို ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်၊ အခုဆယ်ပွဲလုံး ကျုပ်တို့နိုင်ပြီးပြီ၊ ဒီတော့ တစ်ယောက်ကို တစ်ယောက် မနှောက်ယှက်ရအောင်”
သူ့အနေဖြင့် စကားလုံးများဖြင့် ဖြေရှင်းရန်က အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း နားလည်လိုက်သည်။
အကြီးကဲပိုင်က ပြုံးကာပြောလိုက်၏။ “ဒါက မင်းနဲ့ ဟိုအမှိုက်တွေရဲ့ သဘောတူညီချက်၊ ငါနဲ့လုပ်ထားတာမဟုတ်ဘူး...”
ကျွမ်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ချီးတဲ့မှ၊ မင်းက စည်းဓားမော့ ကို အတင်းထုတ်သုံးအောင် လုပ်နေတာလား၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ နဂါးစိမ်းလခြမ်း ဓားမော့ရဲ့ အထူးစွမ်းရည် အသက်ဝင်သွားတာာတောင်မှ လက်နက်စိတ်ဝိညာဉ်ရှိတဲ့ နတ်ဘုရားဓားနဲ့ မှားပြီးတော့ အတင်းလုယက်ဖို့ ကြိုးစားနေကြတာ။ ဒီမီတာ ၄၀ ရှိတဲ့ စည်းဓားမော့ကြီးကို ထုတ်လိုက်မယ်ဆိုရင် အကုန်လုံး အုတ်အော်သောင်းနင်းတွေဖြစ်ကုန်လိမ့်မယ်။
သူ့အနေနှင့် တစ်ဖက်လူအား ဤအတိုင်း အနိုင်မယူနိုင်ဘူးဆိုမှတော့ ဂိုဏ်းအကာအကွယ်စည်းထဲ ဝင်နေရုံသာရှိတော့မည်။
“တပည့်တို့ နားထောင်ကြ”
ဂိုဏ်းချုပ်ကျွင်း သည် မြန်မြန်ဆန်ဆန် အသံပို့လွှတ်လိုက်သည်။ “အားလုံးပဲ ဂိုဏ်းဆီကို ပြန်ကြတော့”
ပညာရှိများသည် မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းကောင်းနားလည်၏။ တိုက်ခိုက်လို့ မရနိုင်ပါက ပုန်းနေရတော့မည်ပေါ့။
ဝှစ် … ဝှစ် … ဝှစ်။
သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ဂိုဏ်းချုပ်၏ အမိန့်ကို လိုက်နာပြီး အလောတကြီးဆိုသလိုပဲ တိမ်ခြေလှမ်းကွက်ကိုအသုံးပြုကာ တောင်ပေါ်သို့ တက်သွားတော့သည်။
ထိုအချင်းအရာကို မြင်သောအခါ အကြီးအကဲပိုင်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူသည်ထိုသူတို့နောက်တော့ မလိုက်ပေ။ အဲ့ဒီအစား သူသည် ကျွမ်းချောင်ရှောင် ရှိရာဆီသို့လှမ်းကြည့်လိုက်၏။ ထို့နောက် ပြောလိုက်၏ “မင်းတစ်ချက်ခြေလှမ်းလိုက်တာနဲ့ မင်းဝိညာဉ်ကို ငါဖျက်ဆီးပစ်မယ်ဆိုတာ ယုံလား”
“ဟုတ်လား”
ကျွမ်းချောင်ရှောင်းက နှုတ်ခမ်းရှုံ့လိုက်သည်။
သူသည် သိုင်းဘုရင်ထိပ်ဆုံးကျင့်ကြံသူတစ်ယောက်ကို အနိုင်မယူနိုင်သည် ဆိုသော်လည်း သူ၏ ဟိတ်ဟန်ကိုတော့ မလျော့နိုင်ပေ။ ထို့ပြင် သူသည် ဂိုဏ်းချုပ် တစ်ယောက်ပင် မဟုတ်လား။
မကြာခင်မှာပင် တပည့်များအားလုံး နောက်ဆုတ်သွားကြသည်။ သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် ကျန့်ရာ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
မဟုတ်ပေ။ တခြားတစ်ယောက် ကျန်ရှိနေသေးသည်။ ထိုသူမှာ ဆေးခန်းမဆောင်၏ အကြီးအကဲဝေ ပင်ဖြစ်တော့၏။
“အကြီးအကဲဝေ”
ကျွမ်းချောင်ရှောင်း အလောတကြီးဖြင့် အသံပို့လွှတ်လိုက်သည်။ “ကျေးဇူးပြုပြီး ဂိုဏ်းဆီကို မြန်မြန်ပြန်ပါတော့”
အကြီးအကဲသေည် မတ်တပ်ရပ်ကာ ထွက်လာ၏။ သို့ပေမယ့် သူသည် ဂိုဏ်းဆီသို့ ပြန်သွားခြင်း မဟုတ်ပေ။ ဂိုဏ်းချုပ်၏ အရှေ့ဆီသို့ လျှောက်လာပြီး မတ်မတ်ရပ်လိုက်၏။ မူလပထမ သူ၏ ခပ်ကိုင်းကိုင်းဖြစ်နေသော ခန္ဓာကိုယ်သည် တည့်မတ်သွားသည်။
“ဒါက … ” ကျွမ်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွားသည်။
အကြီးအကဲဝေ၏ မှုန်မှိုင်းနေသော မျက်လုံးများသည်လည်း စူးရှလာသည်။ ပြီးနောက် သူသည် လေးလေးနက်နက်ပြောလိုက်သည်။ “ဒါက သံမဏိအရိုးဂိုဏ်းရဲ့ တည်နေရာပဲ၊ မင်းတို့လို အတွေ့အကြုံမရှိတဲ့ ဂျူနီယာလေးတွေ ရောက်လာပြီးတော့ ကြိုက်သလိုလုပ်လို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူး”