← Chapters

အခန်း (၃၈၂)

Vol. 26 Ch. 382

အခန်း (၃၈၂)

Vol. 26 Ch. 382

ဤနေရာသည် သံမဏိအရိုးဂိုဏ်း၏ တည်နေရာဖြစ်သည်။

“ဒါက မရင့်ကျက်သေးတဲ့ ဂျူနီယာလေးတွေ လာပြီး မောက်မာစော်ကားလို့ရတဲ့ နေရာမဟုတ်ဘူး”

အကြီးအကဲဝေ ထိုသို့ပြောလိုက်ချိန်မှာတော့ သူ၏လေသံသည် တင်းမာ ခက်ထန်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန့်အလွန် အားကောင်းလွန်းသော အော်ရာများ ထွက်ပေါ်လာ၏။

သူနှင့်အနီးကပ်ရှိနေကြသော ကျွင်းချောင်ရှောင်းနှင့် ကျန့်ရာတို့ သည် ချက်ချင်းဆိုသလိုပဲ မျက်လုံးပြူး သွားမိကြ၏။ ဤအော်ရာ၊ ဤအရှိန်အဟုန်၊ အားလုံးမှာ ပြိုင်ဘက်ကင်းလှသည်။

“အဆင့် ၁ သိုင်းဆရာ၊ အဆင့် ၂ သိုင်းဆရာ၊ အဆင့် ၃ သိုင်းဆရာ ...”

အကြီးအကဲဝေ၏ အော်ရာများသည် ဆက်တိုက်ပြောင်းလဲလာပြီးသည့်နောက်မှာတော့ စနစ်သည် ၎င်း၏ ကျင့်ကြံခြင်းအဆင့်အား တစ်ခုချင်းစီ ရွတ်ဖတ်လျက်ရှိသည်။ နောက်ဆုံးမှာတော့ သူသည် ရွတ်ဖတ်ခြင်းကို ရပ်တန့်ကာပြောလိုက်၏။

“သိုင်းအုပ်စိုးသူ အဆင့် ၄”

“ဘာ အဆင့် ၄ သိုင်းအုပ်စိုးသူ ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးထွက်မတတ် ဖြစ်သွားတော့၏။ အကြီးအကဲဝေသည် နောက်ခံဇာတ်ကြောင်း ရှိသော အဘိုးအိုတစ်ယောက်ဖြစ်သည်ကို သူနားလည်ထားပြီး ဖြစ်၏။ သို့ပေမဲ့ သိုင်းအုပ်စိုးသူ အဆင့် ကျွမ်းကျင်သူဖြစ်နေမှန်းတော့ သူမသိရှိပေ။

အိုက်ရှန်းရီ သည်လည်း ဤအကြီးအကဲဝေသည် သူ၏ ဆေးဆိုင်တွင် အလုပ်လုပ်ခဲ့သော လူတစ်ယောက် ဖြစ်ကြောင်း မှတ်မိလိုက်သည်။ အလွန်အမင်း အိုမင်းနေပုံပေါ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း မမြင့်မားလှချေ။ အဘယ့်သို့ကြောင့် ဤမျှအားကောင်းလွန်းသော အော်ရာများကို ထုတ်ဖော်နေသနည်း။

အကြီးအကဲပိုင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် အကြည့်၊ အော်ရာနှင့် ကိုယ်ဟန်အမူအရာများ အားလုံးသည် အလုံးစုံ သာလွန်နေ၏။

“ဒါက ကျွမ်းကျင်သူ တစ်ယောက်ပဲ”

သူ၏နောက်တွင်ရှိသော ကျန့်ရာ သည်လည်း အလွန်အမင်း တုန်လှုပ်နေ၏။ ထို့နောက် တွေးလိုက်သည်။

“ဒီအော်ရာတွေက ကျိန်းသေပေါက် သိုင်းအုပ်စိုးသူ တစ်ယောက်ပဲ”

သူဝင်ရောက်ခဲ့မိသောဂိုဏ်းသည် ကျွမ်းကျင်သူများ ရှိသည်မကဘဲ၊ လူသားတွေ၊ မွန်းစတားတွေရှိရုံမျှမက ယခု ကြောက်မက်ဖွယ်ရာကောင်းလှသော ကျွမ်းကျင်သူတစ်ယောက် ရှိနေလေသည်။ ဤအရာသည် ကျန့်ရာအား အလွန်အမင်း ထိတ်လန့်နေစေ၏။

အကြီးအကဲပိုင်သည် မျက်မှောင်ကုတ်သွား၏။ တိတိကျကျပြောရမည်ဆိုလျှင် အကြီးအကဲဝေတစ်ယောက် သူ၏ ကျင့်ကြံခြင်းအား ဖုံးကွယ်မထားဘဲ အစစ်အမှန်အားအင်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ အကြီးအကဲပိုင်၏ နှလုံးသားတစ်ခုလုံးသည် တုန်ခါသွား၏။ သူ၏ လက်ချောင်းများသည် တုန်ယင်နေသည်။

“ဒါက”

အားကောင်းနေသလား၊ အလွန့် အလွန် အားကောင်းလွန်းလှ၏။ သူသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်ဆိုသော်လည်း သိုင်းအုပ်စိုးသူတစ်ယောက်၏ရှေ့မှာတော့ ဘာမှမဟုတ်ပေ။ အလွန့် အလွန် အားနည်းနေ၏။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် အသံပို့လွှတ်လိုက်သည်။ “ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက်ပဲ”

ထိုကဲ့သို့ အဆင့်ဖုံးကွယ်ခြင်းကိုသာ မဖယ်ရှားလိုက်လျှင် အကြီးအကဲဝေသည် အလွန်တရာတော်လှသော ဆေးပညာရှင်တစ်ယောက်ဖြစ်သည်ဟုသာ သူထင်မှတ်နေမိလိမ့်မည်။ ထိုသို့သော ကျွမ်းကျင်သူတစ်ယောက် ရှိနေသည် ဆိုလျှင် သူ့အနေဖြင့် ဂိုဏ်းအကာအကွယ်စည်းအား အသက်သွင်းထားရန် မလိုအပ်ချေ။

“ဟင်း”

အကြီးအကဲဝေသည် သက်ပြင်းချ၍ အသံပို့လွှတ်လိုက်သည်။ “ကျုပ်က သံမဏိအရိုးဂိုဏ်းထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆေးပင်တွေ စိုက်ပျိုးချင်တာ၊ ကံဆိုးချင်တော့ သစ်ပင်က ငြိမ်ငြိမ်နေပေမယ့် လေက ငြိမ်ငြိမ်မနေဘူး”

သူ၏ ကျောရိုးမကြီးသည် တည့်မတ်လျက်ရှိနေပြီဖြစ်ပြီး အလွန်တရာ အားကောင်းလှသော အရှိန်အဟုန်များကို ထုတ်ဖော်နေသည်။ ကျန့်ရာတိုက်ခိုက်နေစဉ်က အကြီးအကဲဝေသည် ဝင်ရောက်တိုက်ခိုက်ချင်နေပြီဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့၏။

ယခု အခြေအနေက ထင်မှတ်ထားသလို မဖြစ်ခဲ့ဘဲ သိုင်းဘုရင်ထိပ်ဆုံး အဆင့် ကျင့်ကြံထားသူတစ်ဦး ပေါ်လာခဲ့ပြီး သူတို့၏ ဂိုဏ်းချုပ်အား ခြိမ်းခြောက်လို့နေ၏။ ထို့ကြောင့် သူ့အနေဖြင့် ရှေ့သို့ထွက်မှသာ အဆင်ပြေတော့မည်။

“ဘာ”

ရှိရှိနေသမျှသော ကျင့်ကြံသူအားလုံးသည် မျက်လုံးပြူးသွားကြ၏။ သူတို့၏ နှလုံးသားများသည် တုန်ခါသွားပြီး အိုက်ရှန်းရီ၏ မေးရိုးသည် ပြုတ်ကျသွားသည်။

“ကောင်းကင်ဘုံ”

သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူသည် သူ၏ ဆေးဆိုင်ထဲတွင် အလုပ်လုပ်ခဲ့သော လူတစ်ယောက် ဖြစ်နေသည်။

ချင်ဟောင်ရန်သည်မှာမူ အတုန်လှုပ်ဆုံးပင်ဖြစ်တော့သည်။ သိုင်းအုပ်စိုးသူဆိုသောစကားကို ကြားချိန်မှာတော့ မြေပေါ်သို့ လဲကျလုမတတ် ထိတ်လန့်သွားပြီး ရှန်းတုံ ၊ စစ်တုဝမ်နှင့် တခြားသော ခေါင်းဆောင်များ အားလုံးသည်လည်း ဆွံ့အနေမိကြသည်။

သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူ

သံမဏိအရိုးဂိုဏ်းသည် အဆင့်ခုနှစ် ဂိုဏ်းတစ်ခုကော ဟုတ်ရဲ့လား၊ သူသည် သံမဏိအရိုးဂိုဏ်းအား အစဉ်အမြဲ လှောင်ပြောင်၍ နှိမ့်ချခဲ့၏။ ယခုလည်း သံမဏိအရိုးဂိုဏ်းတစ်ခုလုံး ပျက်စီးသွားမည်ကို အပျော်သဘောဖြင့် လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းသာ တစ်ဖက်သူသည် သူ့အား ဒေါသထွက်နေမည်ဆိုလျှင် သူ၏ အသက် ဘယ်နားထားရမှန်းပင်မသိ ဖြစ်သွားနိုင်သည်။

အကြီးအကဲဝေသည် သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်နေ၏။ ထိုအရာသည် ရှိရှိသမျှသော ကျင့်ကြံသူများ အားလုံးကို ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ မယုံနိုင်စရာ ဆွံ့အမှုတွေလည်း ဖြစ်ပေါ်စေ၏။

ဟုတ်ပေသည်။ သို့ပေမယ့် သဘောအကျဆုံးကတော့ ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့သည်။ သူသည် ဂိုဏ်းအကာအကွယ်အစီအရင်၏ နောက်ဘက်ဆီသို့ ဆုတ်ခွာသွားရမည် ထင်မှတ်ထားမိ၏။

သို့ပေမယ့် ရုတ်တရက်ဆိုသလိုပဲ အကြီးအကဲဝေသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်ဖော်၍ သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်။

သဘောကျ၏။ အလွန့် အလွန်ကို သဘောကျ၏။

အကြီးအကဲဝေသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျုပ်အထင်မမှားဘူးဆိုရင် မင်းရဲ့အသက်က ၄၀၀ လောက်ရှိနေပြီ၊ ဒါပေမယ့် ငါသိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ရောက်စဉ်အခါက မင်းက မွေးတောင် မမွေးလောက်သေးဘူး”

ဟူး … ဟူး

ပြောနေတုန်းမှာပဲ အကြီးအကဲပိုင်သည် အလွန်တရာအားကောင်းလှသောဖိအားများကို ခံစားနေရသောကြောင့် ချွေးစေးများပင် ပြန်လာမိ၏။

“မင်းယုံလား”

အကြီးအကဲဝေက ပြောလိုက်၏။ “မင်းမျက်တောင်တချက်ခတ်လိုက်ပြီဆိုတာနဲ့ မင်းရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်”

ဤစကားများသည် ရင်းနှီးလွန်းပေ၏။ မှန်ပေသည်။ အကြီးအကဲပိုင်သည် ကျွင်းချောင်ရှောင်းအား ထိုကဲ့သို့ ဆင်တူသောစကားလုံးများဖြင့် ခြိမ်းခြောက်ခဲ့သေးသည်။ ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်မည်ဆိုလျှင် ဝိညာဉ်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့် အကြီးအကဲဝေမှာမူ ပိုမို၍ ခက်ထန်တင်းမာလွန်းသည်။ မျက်တောင်တစ်ချက် ခတ်လျှင်ပင် ဝိညာဉ် တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ပြောဆိုလျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် အဘိုးကြီး၏ ရွှေပေါင်ကြီးကို သွား၍ ဖက်ချင်စိတ်ပင် ပေါက်မိသည်။

မဖြစ်ဘူး မဖြစ်ဘူး၊ သူက ဟောခန်းသခင်တစ်ယောက်၊ ငါက ဂိုဏ်းချုပ်၊ ပြီးတော့ ကိုယ့်သိက္ခာကို ထိန်းမှ ဖြစ်မယ်။

“ဂလု”

အကြီးအကဲပိုင်သည် တံထွေးမျိုချလိုက်မိ၏။ သိုင်းအုပ်စိုးသူတစ်ယောက်၏ ဖိအားကို ခုခံဖို့အတွက် ဤမျှ နာကျင်မှန်း သူမသိရှိခဲ့ပေ။ သူ၏ မျက်လုံးများကတော့ မျက်တောင်တစ်ချက်ပင် မခတ်ရဲပေ။

“မိစ္ဆာဂိုဏ်းတွေက မလျော်ညီတဲ့ ကိစ္စတွေကို ပြုလုပ်တတ်တယ်ဆိုပေမဲ့”

အကြီးအကဲဝေ ပြောလိုက်သည်။ “သူတို့အနေနဲ့ ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့လိုတယ်။ ဟုတ်တယ်မလား”

အကြီးအကဲပိုင်သည် ထိုစကားလုံး၏ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွား၏။ ထို့ကြောင့် အလောတကြီး ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ဆယ်ပွဲလုံး အနိုင်ရရှိခဲ့တယ်။ သဘောတူညီမှုအရ ကျုပ်တို့ ထွက်သွားပါ့မယ်၊ အခုအချိန်ကစပြီး ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ပါတော့မယ်”

စောဏကလေးပင် အကြီးအကဲကျန်နှင့် သဘောတူညီမှုလုပ်သည်ဆိုသည်မှာ သူနှင့်မဆိုင်ဟုပင် ပြောဆိုခဲ့၏။ အခုချက်ချင်းဆိုသလို အရှုံးပေးပါသည်ဟု ဝန်ခံနေပြန်သည်။

“ကောင်လေး”

အကြီးအကဲဝေပြောလိုက်သည်။ “မင်းစကားကို မင်းတည်မယ်လို့ ငါမျှော်လင့်မိတယ်၊ မဟုတ်ရင် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းထဲသွားပြီး ဟိုရှင်းဟုန်နဲ့ စကားပြောရလိမ့်မယ်”

အကြီးအကဲပိုင်၏ အမူအရာများသည် ထပ်မံ၍ ပြောင်းလဲသွားသည်။ ဤနာမည်၊ ဤလူသည် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ အရင်ဂိုဏ်းချုပ်ပင် ဖြစ်သည်။ ယခုအချိန်မှာတော့ ဂိုဏ်းချုပ်၏နေရာမှ ဆင်းသွားပြီး ကြီးမြတ်လှသော ဘိုးဘေးကြီးတစ်ပါးအဖြစ် အားလုံး၏ ယုံကြည်လေးစားမှုကို ခံနေရသော လူတစ်ယောက် ဖြစ်၏။

ဂိုဏ်းချုပ်ဟောင်း ဘိုးဘေးကြီးသည် သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်ပြီး လူငယ် မျိုးဆက်များအတွက် အလွန်တရာ လေးစားရသောသူလည်းဖြစ်သည်။

“စီနီယာ၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”

အကြီးအကဲပိုင်သည် ခပ်မြန်မြန်ပဲပြောလိုက်၏။ “ကျွန်တော်တို့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက ကတိစကားကို တည်ပါတယ်၊ ဘယ်တော့မှ စကားကို ပြန်ပြီး မပယ်ရှားပါဘူး”

ကျွင်းချောင်ရှောင်း မျက်လုံးတွေ ချာချာလည်သွားသည်။

စောနက မင်းရဲ့အမူအရာနဲ့ ဟန်ပန်တွေ ဘယ်ရောက်သွားလဲ၊ အခုချက်ချင်းပဲ ဒူးခေါင်းကို လျှာနဲ့ လာလျှက်တော့မယ့် ပုံစံမျိုး ဘယ်လိုလုပ် ပြောင်းလဲသွားရတာလဲ။

ဟူး

အကြီးအကဲဝေသည် သူထုတ်ဖော်ထားသော ဖိအားများကို ပြန်လည်ရုတ်သိမ်းပြီး ရှေ့သို့ လက်ညိုး ညွှန်လိုက်သည်။ “ငါ ၃ အထိပဲရေမယ်၊ မင်းလူတွေနဲ့အတူ ဒီမိစ္ဆာကျင့်ကြံသူတွေအားလုံးကို ခေါ်ပြီး ချက်ချင်းသွားကြ”

ချက်ချင်းဆိုသည့် စကားကို ပြောလိုက်သည့်အချိန်မှာပဲ အကြီးအကဲပိုင်သည် တောအုပ်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အကြီးအကဲကျန်နှင့်တခြားသူများမှာလည်း ဒဏ်ရာရရှိသူများကို သယ်ပိုး၍ အမြန်ဆန်ဆုံးဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ မိစ္ဆာကျင့်ကြံသူ တစ်သောင်းနီးပါးကျော် တို့သည့် အရိပ်အယောင်ပင် မတွေ့ရပဲ ပျောက်ကွယ်သွားကြ၏။

ပွဲလာကြည့်ကြသော ဟွာယန်နိုင်ငံမှ ကျင့်ကြံသူများသည်လည်း ထွက်ခွာသွားကြသည်။ တစ်ဖက်သူများသည် သံမဏိအရိုးဂိုဏ်းအား ဒုက္ခလာပေးသူများနှင့် မှားယွင်း၍ သူတို့ကို သတ်ဖြတ်ပစ်မည်ကို စိုးရွံ့မိကြသည်။

အားလုံးထွက်ခွာသွားပြီးသည့် နောက်မှာတော့ အကြီးအကဲဝေသည် အော်လိုက်၏။ “တစ်၊ နှစ်၊ သုံး၊ ဟူး ...”

ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ပဲ ထပ်ပြောလိုက်၏။ “ဘာတွေဖြစ်ကုန်တာလဲ”

“ဂိုဏ်းချုပ်”

အကြီးအကဲဝေပြောလိုက်သည်။ “ခွင့်ပြုချက်မရှိဘဲနဲ့ သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခြိမ်းခြောက်လိုက်ရတာကို ခွင့်လွှတ်ပေးပါ”

“အကြီးအကဲဝေရဲ့ အားအင်အရဆိုရင် သူ့ကို သတ်ပစ်ဖို့တောင် လွယ်ကူတယ်၊ ဒါပေမယ့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းကို အပြစ်ပြုမိမှာစိုးလို့ သူ့ကို လွှတ်ပေးလိုက်တာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ပဲ” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

အကြီးအကဲဝေသည် ပြုံးလိုက်၏။ ပြီးနောက် သူ၏ အလွန်တရာ အားကောင်းလာသော အော်ရာများကို စတင်၍ ပြန်လည်ရုတ်သိမ်းတော့၏၊ ခဏလောက်ကြာပြီးသည့် နောက်တွင် သူ၏ကျောကုန်းသည် ပြန်၍ ကုန်းသွားပြီး အလွန်တရာစူးရှနေသော မျက်ဝန်းများသည်လည်း မှေးမှိန်သွားတော့၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်၏။ “ကျုပ်အရင်သွားတော့မယ်”

ပြီးနောက် သူသည် လှည့်ကာထွက်ခွာသွားတော့သည်။ ခါးကုန်းကုန်းနှင့် ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သော သူ၏ ပုံစံအမူအရာကို ကြည့်ရသည်မှာ အလွန်တရာ အိုမင်းလှသော အဘိုးအိုတစ်ဦး စိတ်ဓာတ်တကျနှင့် လမ်းလျှောက်နေသည့်ပုံစံပင်ဖြစ်သည်။

ထိုအချိန်မှာတော့ ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများအားလုံးသည် ဤအဘိုးကြီးအား အထင်မသေးနိုင်တော့ချေ။ ထိုအဘိုးကြီးသည် ပုန်းကွယ်နေသော သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်နေသည်မဟုတ်လား။

ကျွင်းချောင်ရှောင်းသည် တောင်းပန်စကားအား အသံပို့လွှတ်လိုက်၏။ “အကြီးအကဲဝေ၊ တောင်းပန်ပါတယ်၊ ကျုပ်ကြောင့် ခင်ဗျား အေးအေးဆေးဆေး မနေရတော့ဘူး”

အကြီးအကဲဝေသည် လမ်းလျှောက်နေရာမှ ရပ်ကာ လှည့်ကြည့်၏။ “ဂိုဏ်းချုပ်၊ ကျုပ်ကို သံမဏိအရိုးဂိုဏ်းသားတစ်ယောက်လိုပဲ ဆက်ဆံပါ”

ကျွင်းချောင်ရှောင်းသည် တောက်ပစွာပြုံးလိုက်၏။

“ဘုတ်”

အကြီးအကဲဝေသည် သတိမထားမိသောကြောင့် သူ၏ခြေထောက်ရှေ့ရှိ ကျောက်တုံးအား ခလုတ်တိုက်မိရာ မြေပေါ်သို့ လဲကျသွားတော့သည်။

ကျွင်းချောင်ရှောင်း၏ အပြုံးများသည် အေးခဲသွား၏။ သူ၏ နဖူးထက်တွင်တော့ အမဲရောင် အရေးအကြောင်းများ ပေါ်လာသည်။ “ဒီအဘိုးကြီး …. ဒီအဘိုးကြီးက တကယ်ကော သိုင်းအုပ်စိုးသူတစ်ယောက် ဟုတ်ရဲ့လား”

All Chapters