← Chapters

အခန်း (၃၈၅)

Vol. 26 Ch. 385

အခန်း (၃၈၅)

Vol. 26 Ch. 385

သူ့သခင်၏ များပြားလှသော လက်နက်များကို မြင်ရချိန်မှတော့ တောဝက်ရိုင်းလေးသည် သူ့၏ ပုံရိပ်ယောင် ဝိညာဉ်ကို အသက်သွင်းကာ ဒေါသတကြီး ဟိန်းလိုက်တော့သည်။

၎င်း၏ အသံသည် စူးရှ၍ အောင်လွန်းလှသည်။ တစ်ချိန်တည်းမှာပဲ မြေဓာတ်သဘာဝ များသည် ဆေးဥယျာဉ် ထဲရှိ မြေတစ်မှုန်ချင်းစီတိုင်းအား လွှမ်းခြုံသွားပြီး သန့်စင်စေ၏။

သို့ပေမဲ့ ဤအရာသည် ဟိန်းသံလေးတစ်ခုမျှသာ ဖြစ်သေးသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အကြီးအကဲဝေ … ဘယ်လိုဖြစ်သွားပြီလဲ”

အကြီးအကဲဝေသည် မြေပေါ်သို့ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး မြေဆီတစ်ချိုု့ကို ခြစ်ယူကာ ကြည့်လိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်၏ “ပြောင်းလဲမှုတစ်ချို့တော့ ရှိတယ်”

“နည်းနည်းလေးပဲလား”

ကျွင်းချောင်ရှောင်းသည် သဘောမတွေ့သေးချေ။ ပြီးနောက် သုန်မှုန်သော မျက်နှာ ဖြင့် တောဝက်ရိုင်းလေးအား ကြည့်ကာ ပြောလိုက်သည် “အဲမှာ ရပ်မနေနဲ့။ ဆက်အော်လေ”

တောဝက်ကလေး၏ မျက်လုံးထဲမှာတော့ ရုတ်တရက် ဆိုသလိုပဲ မျက်ရည်တွေ နှင့် ပြည့်နှက်သွားသည်။

“မြန်မြန်လုပ်လေ …..” ကျွင်းချောင်ရှောင်း ဆူငေါက်လိုက်၏။

“ဖူး …”

သူ၏ သခင် နောက်ထပ်သော လက်နက်အသစ်တွေ ထုတ်လာမည်ကို စိုးရိမ်သောကြောင့် သူသည် ပုံရိပ်ယောင် ဝိညာဉ်ကို အသက်သွင်းကာ ထပ်မံ ဟိန်းလိုက်၏။

အသံသည် ပထမတစ်ကြိမ်လောက် အားမကောင်းသော်လည်း မြေဓာတ်သဘာဝတွေကတော့ အလွန်အားကောင်းလျက် ရှိနေသေးသည်။

အကြီးအကဲဝေ သည် မြေလက်တစ်ဆုပ်အောက် ကိုင်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် … ဒီပဋိညာဉ်သားရဲ က မြေဓာတ်သဘာဝ ကို သေချာ နားလည်ပုံပေါ်တယ်။နေ့စဉ် နေ့တိုင်းသာ ပုံရိပ်ယောင် ဝိညာဉ်တွေကို အသက်သွင်းပြီး ဓာတ်သဘာဝတွေကို ထုတ်လွှတ်လိုက်မယ် ဆိုရင် ဒီဆေးဥယျာဉ်ထဲက မြေဆီလွှာတွေက ပိုပြီး တိုးတက်လာလိမ့်မယ်။”

“ဘယ်လောက်လောက် ကြာနိုင်လဲ” ကျွင်းချောင်ရှောင်းမေးလိုက်သည်။

“တစ်နေ့ကို အကြိမ်အနည်းငယ်လောက် ထုတ်လွှတ်မယ်ဆိုရင် ဆယ်ရက် ကနေ လဝက်အတွင်း ကောင်းမွန်လာလိမ့်မယ်” အကြီးအကဲဝေ သုံးသပ်လိုက်၏။

ဘုတ် ..

တောဝက်ရိုင်းလေးသည် ထိုစကားကိုကြားတော့ မြေပေါ် လဲကျသွားတော့သည်။ သူ၏ မျက်နှာပေါ်မှာတော့ မျက်ရည်တွေ တသွင်သွင် ကျဆင်းလျက် ရှိနေသည်

ငါလည်း တခြားကောင်တွေလိုပဲ သခင့်ရဲ့ ပဋိညာဉ်သားရဲပါကွ။ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “အခုကစပြီး မင်း ဆေးဥယျာဉ်မှာနေ။ တစ်နေ့ကို အကြိမ်တော်တော်များများ မြေဓာတ်သဘာဝတွေ ထုတ်လွှတ်ရမယ်။ မြေဆီလွှာတွေ တိုးတက်လာပြီ ဆိုှ မင်း သားကောင်ဖမ်း ဘောလုံး ထဲ ပြန်ဝင်ရမယ်”

တောဝက်ရိုင်းလေးသည် ထိုစကားကိုကြားတော့ ပို၍ပင် မျက်ရည်တွေ ကျဆင်းလာတော့၏။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီအတောအတွင်း မင်း တာဝန်လစ်ဟင်းပြီ ဆိုတာနဲ့ ဝက်ကင် ဖြစ်ပြီပဲ”

သူ့သခင်၏ ခြိမ်းခြောက်မှုအောက်မှာတော့ တောဝက်ရိုင်းလေးသည် ဆေးဥယျာဉ်ထဲရှိ မြေဆီလွှာများ ပိုမိုတိုးတက်အောင် စတင်၍ ပြုလုပ်တော့သည်။ သူသည် တစ်နေ့လျှင် မြေဓာတ်သဘာဝများအား တတ်နိုင်သလောက် ထုတ်လွှတ်ခဲ့သည်။ ညရောက်ချိန်မှာတော့ ပင်ပန်းလွန်းသောကြောင့် တစ်ခါတည်း လဲကျကာ အိပ်မောပင် ကျသွားတတ်၏။

….

ညရောက်ချိန်မှာတော့ ….

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီး စဦးအဆင့် ဓားတာအို ပင်ကိုယ်စွမ်းရည် ဆေးပုလင်းအား ထုတ်ယူကာ တစ်ခါတည်း မော့သောက်လိုက်သည်။

ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်၏ အရသာနှင့် ဆင်တူ၏။

သူ၏ နားထဲတွင် သတိပေးသံတွေ ထွက်ပေါ်လာသည်။ ပြီးနောက် ကျွင်းချောင်ရှောင်း၏ သိစိတ်ထဲမှာတော့ ဆန်းကြယ်လှသော အသိပညာများ ပေါ်လာသည်။

“နားလည်ပြီ။ နားလည်ပြီ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများသည် တောက်ပ လာ၏။

သူ စာကြည့်ခန်ထဲမှ ထွက်ပြီး အတွင်းခြံဝန်းထဲရှိ လေ့ကျင့်ရေးကွင်းသေးလေး ထဲ သွားလိုက်သည်။ ပြီးနောက် အလယ်အလတ် အဆင့် အအေးဓားအား ထုတ်ယူလိုက်သည်။

စဦးအဆင့် ဓားတာအို ဆေးရည်ကို သောက်သုံးပြီးသည့်နောက် ဓားလမ်းစဉ်၏ အသိပညာများသည် သူ၏ သိစိတ်ထဲသို့ ဝင်ရောက်လာသည်။ လင်းကျန့်ဓားသိုင်း၏ ပထမသိုင်းကွက်အား နားလည်မှုသည် အလွန်အမင်း တိုးတက်သွား၏။

ကျွင်းချောင်ရှောင်းသည် ဓားလက်ကိုင်ပေါ်တွင် လက်တင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ဓားအော်ရာ တစ်ခုထွက်ပေါ်လျက်ရှိသည်။ သူသည် ထက်မြလွန်းသော ဓားတစ်စင်းလိုပင်။

“ဟမ် ….”

ဓားတာအိုကို နားလည်ပြီးသားဖြစ်သော ကျိုးဟုန် သည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသည်။ ထို့ကြောင့် အသာလှည့်ကာ မေးလိုက်သည် “ဂိုဏ်းချုပ် .. သူ .. သူက ဓားကျင့်ကြံသူပဲလား”

ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် ဓားသမားတစ်ယောက် ဖြစ်နေပြီ ဖြစ်၏။

ဓားသမားများတွင် အဆင့်ခွဲခြားထားမှုများရှိသည်။ ထိုသို့ဆိုလျှင် သူ၏ လက်ရှိ အဆင့်သည် မည်သည့်အဆင့်နည်း။

အရိုးရှင်းဆုံး သိရှိနိုင်မည့် နည်းလမ်းမှာ အသက်တစ်ရှိုက်စာအတွင်း ဓားချက်မည်မျှ ထွက်သနည်းနှင့် တွက်ချက်ခြင်းပင် ဖြစ်တော့သည်။

ကျိုးဟုန်ကို ဥပမာယူရမည် ဆိုလျှင် သူသည် သံမဏိအရိုးဂိုဏ်းဆီ ရောက်ရှိလာပြီးနောက် ဓားနည်းစနစ်များ၏ ထောက်ပံ့မှုမပါဘဲ အသက်တစ်ရှိုက်စာအတွင်း ဓားချက် နှစ်ဆယ့်သုံးချက်ကို ထုတ်ဖော်နိုင်ခဲ့သည်။ ဓားလမ်းစဉ် နှင့် ပတ်သက်၍ ရှားမှ ရှားသော ပါရမီရှင်ပင်ဖြစ်ပေ၏။

ရီရှင်းချန် အား ဥပမာယူရမည် ဆိုလျှင် သူသည် ဓားကျင့်ကြံသူ တစ်ယောက် မဟုတ်သော်လည်း သိုင်းပညာ နှင့် ပတ်သက်လျှင် အတွေ့အကြုံ အလွန်များသူဖြစ်သည်။ သူသည် လင်းကျန့်ဓားသိုင်းကို လေ့ကျင့်ရင်း အသက်တစ်ရှိုက်စာ အတွင်း ဓားချက် နှစ်ဆယ့်လေးချက်ကို ထုတ်ဖော်နိုင်ခဲ့သည်။

“ဂိုဏ်းချုပ် ဆီက ထွက်ပေါ်နေတဲ့ အော်ရာတွေကို ကြည့်မယ် ဆိုရင် ဓားလမ်းစဉ် အပေါ် တော်တော် နားလည်ပုံပေါ်တယ်။ အသက်တစ်ရှိုက်စာ အတွင်း ဓားချက် ဆယ့်ငါးချက် ထွက်ဖို့ဆိုတာ မခက်လောက်ဘူး”

ကျိုးဟုန်၏ သုံးသပ်ချက်သည် အတွေ့အကြုံပေါ်တွင် အခြေခံခြင်းဖြစ်၏။

စမ်းသပ်မှုမျှော်စင်ဆီမှ ပြန်လာသော ရီရှင်းချန်သည် ဓားကိုင်ကာ ရပ်နေသော ဂိုဏ်းချုပ်ကို မြင်တော့ အလွန် အံ့အားသင့်သွားသည် “သူလည်း ဓားကျင့်ကြံသူလား။”

မဟုတ်လောက်ဘူး။ သူ တစ်ခါမှ ဂိုဏ်းချုပ် ဓားလေ့ကျင့်တာ မမြင်ဖူးခဲ့ပေ။ ဂိုဏ်းချုပ်သည် ဓားမော့ကိုသာ အသုံးပြုခြင်းဖြစ်သည်။

ချလွမ် …။

အအေးဓားအလင်းသည် ဖြန့်ကျက်သွားသည်။

ဓားအော်ရာများသည် အဖြူရောင် အလင်းတန်းများအဖြစ် ညအမှောင်ထဲတွင် ထင်းခနဲ ဖြစ်တည်လာ၏။

ဓားသည် ဓားအိမ်ထဲပြန်ရောက်သွားသည်။ သူ၏ မျက်နှာသည် တည်ငြိမ်နေတုန်းပင်။

ကျိုးဟုန်သည် အံ့အားတသင့် ပြောလိုက်သည် “ဓားချက် နှစ်ဆယ်ပဲ”

“ဒါက ….” ရီရှင်းချန်သည် ဆွံ့အသွား၏။

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ချိန်တွင် မည်သည့် ဓားနည်းစနစ်ကိုမှ အသုံးမပြုခဲ့ပေ။ ဓားချက် နှစ်ဆယ်ကို ထုတ်ဖော်နိုင်ရန် ဓားတာအိုလမ်းစဉ်၏ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။

ဟုတ်ပေသည်။

သူသည် ဓားလမ်းစဉ်တွင် အသက်တစ်ရှိုက်စာ အတွင်း ဓားချက် နှစ်ဆယ့်သုံးချက် ထုတ်ဖော်နိုင်သော ကျိုးဟုန် နှင့် တော့ နှိုင်းယှဉ်၍ မရသေးပေ။

သို့ပေမဲ့ သူသည် ဆေးရည်ကို အခုမှ သောက်သုံး၍ သိစိတ်ထဲသို့ အသိပညာများ အခုမှ ရောက်ရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ထုတ်ဖော်ချက်သည် ပထမဆုံး ထုတ်ဖော်ချက်လည်း ဖြစ်နေသည်။

ချလွမ် …။

သူထပ်မံ ၍ တိုက်ခိုက်လိုက်၏။

အဖြူရောင် အလင်းဓားအရိပ်သည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။

ကျွင်းချောင်ရှောင်းသည် ဓားကို ထပ်မံ ထုတ်ဖော်လိုက်ချိန်မှာတော့ အသက်တစ်ရှိုက်စာ အတွင်း ဓားချက် ငါးဆယ် ထုတ်ဖော်နိုင်ခဲ့၏။

ဒီတစ်ကြိမ်တွင် သူသည် လင်းကျန့်ဓားသိုင်းအား ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

“မဆိုးဘူး …. မဆိုးဘူး”

စနစ်မှ ချီးကျူးလိုက်သည် “ဓားလမ်းစဉ်အပေါ် နားလည်မှုအရဆိုရင် အလယ်အလတ် အထက်အဆင့် ဓားသမား တစ်ယောက် နဲ့ နှိုင်းယှဉ်နိုင်တယ်”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏ “သေချာတယ်။ စတိုးထဲက ပစ္စည်းတွေက တကယ်ကို ဆန်းကြယ်လွန်းတယ်။”

အမှန်ပဲ ဆန်းကြယ်လွန်းလှသည်။

ရီရှင်းချန်သည် လင်းကျန့်ဓားသိုင်းအား ပထမဆုံးအကြိမ် ထုတ်ဖော်ခဲ့စဉ်က အသက်တစ်ရှိုက်စာ အတွင်း နှစ်ဆယ့်လေးချက် ကို ထုတ်ဖော်နိုင်ခဲ့သည်။ သူကတော့ ငါးဆယ်ချက် ထုတ်ဖော်ခဲ့သည်။ အလွန်အားကောင်းလွန်းနေ၏။

ထို့ကြောင့် ဓားလမ်းစဉ်တွင် သူသည် ရီရှင်းချန်ထက် အားကောင်းရုံတင် မက ကျိုးဟုန်ထက်လည်း အားမနည်းချေ။

“ဒီလိူက ဓားလမ်းစဉ်ကို ပိုင်နိုင်တဲ့သူ ဖြစ်မယ်လို့ မထင်မိခဲ့ဘူး”

ရီရှင်းချန်သည် ကြိတ်ကာ တုန်လှုပ်သွားမိသည်။ “သူက ဓားကျင့်ကြံသူဖြစ်သလို သိုင်းကျင့်ကြံသူလည်း ဖြစ်နေတာပဲ”

ရီရှင်းချန်သည် ကျွင်းချောင်ရှောင်းတစ်ယောက် သိုင်းနည်းစနစ် များအား အလွန်အမင်း ကျွမ်းကျင်ကြောင်း မျက်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် သိုင်းစစ်သူကြီး ဒုတိယအဆင့်သို့ ပင် ရောက်ရှိနေသည် မဟုတ်လား။ သူအရင်ဘဝတုန်းက ဆိုလျှင်ပင် ထိုသို့ မပြုလုပ်နိုင်ခဲ့ချေ။

ဂိုဏ်းချုပ်သည် တစ်သန်းတွင် တစ်ယောက် တွေ့ရခဲလှသော ဓားနှင့် သိုင်းနည်းစနစ်ကို ကျင့်ကြံသူ ပါရမီရှင် တစ်ယောက် ဖြစ်လို့နေသည်။

သို့ပေမဲ့ လမ်းစဉ်နှစ်ခုကို ကျင့်ကြံခြင်းသည် တကယ်တမ်းတွင် အသုံးမဝင်လှချေ။ တခြားကျင့်ကြံသူများထက် အာရုံစိုက်စရာ နှစ်ခု ဖြစ်နေသည်မို့ တိုးတက်ရန်လမ်း သိပ်မရှိချေ

ထိုသို့ လမ်းစဉ် နှစ်ခု ကျင့်ကြံသူများသည် လမ်းစဉ်တစ်ခု ကျင့်ကြံသူများထက် ပိုမို၍ အားကောင်းလွန်းသည် ဆိုသော်လည်း အထက်မှာ ဆိုခဲ့သည့်အတိုင်း တိုးတက်လာရန်တော့ လမ်းသိပ်မရှိပေ။ တိုးတက်လာအောင် ပြုလုပ်ချင်လျှင်လည်း အချိန်အလွန်ကြာမြင့်လွန်းသည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာများအား ဂရုမစိုက်ပေ။ စာကြည့်ခန်းထဲသို့ ပြန်လာပြီး မေးလိုက်သည် “အလယ်အလတ် အဆင့် ဓားတာအို ဆေးရည် ဆိုတာ ရှိသေးတယ် မလား”

“ဟုတ်တယ်” စနစ်မှ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒီတော့ ဓားလမ်းစဉ် နဲ့ ပတ်သက်ပြီး ငါ စဉ်းစားနေစရာ မလိုဘူး။ အလယ်အလတ်အဆင့် ဆေးရည် ရတဲ့အထိ စောင့်လိုက်ရုံပဲ”

“ဟုတ်တာပေါ့” စနစ်မှ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်သည် “ကောင်းတယ်”

ပြီးနောက် သူသည် စတိုးအား ဖွင့်ကာ လက်နှစ်ဖက်အား ပွတ်လိုက်တော့သည် “အခု ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀ ကျော် တောင်ရှိတယ်။ ဒါတွေကို ဖြုန်းရမယ်။ ဟားဟား ….”

All Chapters