အခန်း (၃၈၈)
Vol. 27 Ch. 388
အရှေ့တောင်ရန်ကျူးတွင် များပြားလှသောမြို့များရှိကြ၏။ ထိုအထဲတွင် ကောင်းကင်ဘုံ အင်ပါယာမြို့သည် အားအကောင်းဆုံးမြို့ဖြစ်၏။ အင်ပါယာမြို့သည် ပထမတန်းစားမြို့အဖြစ် သတ်မှတ်ရမည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်လာရန် အလားအလာရှိသော မြို့များမှာ အများအပြားတည်ရှိနေသည်။
ထိုအထဲတွင် လုံရန်မြို့လည်း ပါဝင်၏။ လုံရန်မြို့ထဲတွင် များပြားလှသော အင်အားစုများရှိပြီး ကျွမ်းကျင်သူများ သည်လည်း အလွန်တရာပေါများလှ၏။ အရှေ့တောင်ရန်ကျူး၏ ဒုတိယမြောက်အင်ပါယာမြို့ ဖြစ်လာနိုင်သည့် အလားအလာကောင်းသော မြို့တစ်ခုကို လက်ညှိုးထိုးပြပါဟုဆိုလျှင် လုံရန်မြို့ကိုသာ လက်ညှိုးထိုးပြရပေ လိမ့်မည်။
မြို့ထဲတွင်တော့ အဓိက မိသားစု ၃ ခုတည်ရှိပြီး လုံမိသားစု၊ ချီမိသားစုနှင့် ရမ်မိသားစုတို့ပင်ဖြစ်သည်။ ထို့ပြင် အလယ်အလတ်တန်းစား မိသားစုများနှင့် သေးငယ်သောမိသားစုများလည်း တည်ရှိကြသည်။ မည်မျှသေးငယ်လှသော မိသားစုပင် ဖြစ်စေကာမူ ချင်းယန်နိုင်ငံသို့ ရောက်ရှိလာမည်ဆိုပါက အလွန်တရာ ကြီးမားသော တည်ရှိသူများ အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
လုံကျိရန်သည် ထိုလုံရန်မြို့၏ လုံမိသားစုဆီမှ ဆင်းသက်လာသောသူဖြစ်၏။ သူသည် အဘယ်ကြောင့် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သနည်း။ ထိုအရာမှာ ဇာတ်လမ်းရှည်ကြီးတစ်ခုပင်ဖြစ်သည်။
အရိုးရှင်းဆုံးပြောရမည်ဆိုလျှင် လုံကျိရန်သည် လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်ပြီး အလွန်ကောင်းမွန်သော အလားအလာကို ပိုင်ဆိုင်၏။ သို့ပေမဲ့ သူသည် မိသားစု၏ သိုင်းအတတ်ပညာများအား သင်ယူ နားလည်နိုင်စွမ်း မရှိပေ။
လုံမိသားစု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်မို့ လုံမိသားစု၏ သိုင်းပညာများကို မကျင့်ကြံနိုင်ခြင်းမှာ အလွန်တရာ ဆိုးဝါးသည့်ကိစ္စပင်ဖြစ်တော့သည်။ ထို့ကြောင့် သူသည် သမားရိုးကျဝတ္ထုများဆီမှ အမှိုက်ကောင်တစ်ကောင် နှင့်ပင် မခြားနားချေ။ ထို့ကြောင့်လည်း သူ၏ မိသားစုနှင့် ဝမ်းကွဲများ၏ လှောင်ပြောင်ခြင်းကို အမြဲတစေ ခံခဲ့ရပြီး အကြီးအကဲများ၏ လျစ်လျှူရှုခြင်းကိုလည်း ခံခဲ့ရ၏။
“ကျိရန် .. ကြည့်၊ ငါအခု နဂါးအော်သံလက်ဝါးကို သင်ခဲ့တာလေ၊ ဘယ်လိုထင်လဲ၊ ဪ ငါမေ့သွားလို့၊ မင်းက ဒါကို မသင်နိုင်ဘူးပဲ”
“ကျိရန် … သိုင်းခန်းမဆောင်ကို သွားပြန်ပြီ၊ မိသားစုရဲ့ သိုင်းနည်းစနစ်ကိုလည်း မကျင့်ကြံနိုင်ဘဲနဲ့ ဘာသွားလုပ်တာလဲ”
“ဒီကောင်လေးက လုံမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဘယ်လိုဖြစ်ခဲ့လဲဆိုတာတောင် ငါမသိဘူး၊ ဘာလို့များ လုံမိသားစုရဲ့ သာမန်ကျတဲ့ သိုင်းနည်းစနစ်လေးကိုတောင် သူ နားမလည်နိုင်ရတာလဲ”
လုံကျိရန်သည် သူ့အားလှောင်ပြောင်ပြောဆိုသည့်စကားများအား မကြားချင်ယောင် ဆောင်ထား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သူ၏ အခန်းဆီသို့သာ ပြန်လာခဲ့တော့သည်။ “ဒါကို မကျင့်ကြံနိုင်ရင် ငါ တခြားဟာကို ကျင့်ကြံရမယ်”
သူသည် လုံမိသားစု၏ သိုင်းနည်းစနစ်များကို အဘယ်ကြောင့် လေ့ကျင့်၍ မရသနည်း။ ထိုအရာကို သူသေချာမသိပေ။ ထို့အတူ လက်လည်း လက်မခံနိုင်ချေ။
“ခေါင်းဆောင်၊ သူက လုံမိသားစုရဲ့ သိုင်းနည်းစနစ်တွေကို လေ့ကျင့်လို့ မရဘူးဆိုတော့ သူ့ရဲ့အနာဂတ်က အကန့်အသတ်ဖြစ်သွားပြီ၊ ဒီတော့ လုံကျိရန်ကို မိသားစုစီးပွားရေး လုပ်ငန်းတွေဆီပဲ ပို့လိုက်ရင် ဘယ်လိုလဲ”
အကြီးအကဲများထဲမှ တစ်ယောက်သည် ယခင်က ထိုသို့ ဆိုခဲ့ဖူး၏။
လုံကျိရန်သည် ထိုစကားကို ကြားတော့ အကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။ မိသားစု၏ စီးပွားရေးကိစ္စရပ်များကို စီမံခန့်ခွဲရသည်ဆိုသည်မှာ သိုင်းလေ့ကျင့်ခြင်းအား မည်သို့သောအခါတွင်မှ ပြုလုပ်ရန် မလိုတော့ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သူသည် လုံမိသားစု၏ ဘေးဖယ်ခြင်းကို ခံရပေတော့မည်။
“ကျုပ် သဘောမတူဘူး”
သူသည် ဟောခန်းထဲသို့ ပြေးဝင်လာပြီး သူ၏ စိတ်ကူးအား အားလုံး၏ရှေ့တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။ ထို့ကြောင့်ပင် ကြိမ်နှင့် အချက် ၅၀ အရိုက်ခံနေရသည်။
မူလတုန်းက သူ့ထက်အလွန်ပင် အားနည်းလှသော ကလန်သူ၊ ကလန်သားများသည် လုံမိသားစု၏ သိုင်းနည်းစနစ်များကို လေ့ကျင့်ပြီးချိန်မှာတော့ သူ့ထက်ပို၍ အားကောင်းလာခဲ့ကြတော့သည်။ ထိုအချင်းအရာကို မြင်တော့ လုံကျိရန်၏ စိတ်အခြေအနေသည် ပိုမို၍ ဆိုးရွားလာခဲ့၏။
ထို့အပြင် မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံရန်အတွက် တာဝန်ပေးခြင်းခံခဲ့ရပြီးချိန်မှာတော့ သူမည်သို့မှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် အဝတ်အစားများကိုထုပ်၍ လုံမိသားစုဆီမှ ထွက်ခွာသွားရန် ပြင်ဆင်ခဲ့သည်။
လုံမိသားစု ….
အလုံးစုံ ထွက်ခွာမသွားခင်မှာတော့ လုံကျိရန်သည် ညကောင်းကင်ယံ၌ လုံမိသားစု ဟု ရေးထားသော ဆိုင်းဘုတ်ကြီးအား ငေးကြည့်ရင်း အလွန်တရာ စိတ်ဆုံးဖြတ်ပြီးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ငါပြန်လာခဲ့မယ်၊ လုံမိသားစုရဲ့ သိုင်းနည်းစနစ်တွေကို လေ့ကျင့်လို့မရဘူးဆိုရင်တောင်မှ ငါ လုံကျိရန်က ပိုပြီးတော့ အားကောင်းလာနိုင်သေးတယ်”
ယနေ့ကစပြီး သူ့အနေနှင့် မြင့်မားလှသည့် ကောင်းကင်ယံတွင် ငှက်တစ်ကောင်အဖြစ် ပျံသန်းနိုင်မည့်အခြေအနေသို့ ရောက်ရှိရန် ကြိုးစားရမည်ဟု စိတ်ဆုံးဖြတ်လိုက်တော့သည်။ ပြီးနောက် သူ လှည့်ကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ချိန်မှာပဲ မိသားစု၏ အကြီးအကဲများသည် ရောက်ရှိလာပြီး သူ့ကိုဖမ်းဆီးခဲ့၏။ ပြီးနောက် ကြိမ်ဒဏ် အချက် ၅၀ ရိုက်နှက်ခဲ့၏။
နောက်ဆုံးမှာတော့ မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန်အတွက် သူ့အား စေခိုင်းတော့သည်။ ထိုအချိန်သို့ရောက်ရှိချိန်မှပဲ သူသည် ထွက်ပြေးရန် အခွင့်အရေးကို ရရှိခဲ့တော့သည်။
မိသားစုဆီမှ ထွက်ခွာလာပြီးသည့်နောက်မှာတော့ လုံကျိရန်သည် မည်သူ့ကိုမှ အားမကိုးနိုင်တော့။ သူရရှိခဲ့သမျှသော ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးသည်လည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။ သူ့အနေနှင့် သန်မာ၍ ပိုမိုအားကောင်းလာချင်မည်ဆိုလျှင် သူ့ကိုယ်သူ အားကိုးရန်သာရှိတော့သည်။
အစတုန်းက သူ့အနေနှင့် လွတ်လပ်သောကျင့်ကြံသူ တစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းရန် စီစဉ်ထားခဲ့မိ၏။ သို့ပေမယ့် ချင်းယန်နိုင်ငံကို ဖြတ်သွားချိန်မှာတော့ လီချင်းယန်နှင့် မိုရှန်းဖေးတို့၏ တိုက်ခိုက်မှုအကြောင်းကို ကြားသိခဲ့ရသည်။
“ငါ လုံမိသားစုရဲ့ သိုင်းနည်းစနစ်ကို လေ့ကျင့်လို့မရမှတော့ အခြားနည်းစနစ်ကို ကျင့်ကြံနိုင်တယ်၊ ဒီတော့ ငါသံမဏိအရိုးဂိုဏ်းကို သွားရမယ်”
ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ လုံကျိရန်သည် သံမဏိအရိုးဂိုဏ်းဆီသို့ ချီတက်သွားတော့သည်။
မကြာခင်မှာပဲ သူ၊ လီထျန်းထျန်း၊ လင်းယွမ်ရွှယ် နှင့် လီယုဟွာတို့သည် ဂိုဏ်း၏ ဒုတိယမြောက်တပည့်အဖွဲ့များ ဖြစ်လာခဲ့ကြသည်။
ထိုအချိန်တုန်းက လုံကျိရန်၏ အကြံအစည်သည် အလွန်တရာရိုးရှင်းလှ၏။ လီချင်းယန် တိုက်ခိုက်ခဲ့သော လခြမ်းဓားကွက်ကို သင်ယူပြီးလျှင် သူ ဂိုဏ်းမှ တိတ်တဆိတ် ထွက်ပြေး၍ တခြားဂိုဏ်းများဆီသို့ ဝင်ကာ သိုင်းနည်းစနစ်များကို လေ့ကျင့်မည်ဟု စီစဉ်ထားခဲ့သည်။
သို့ပေမဲ့ အဆုံးသတ်မှာတော့ သူလျှောက်လှမ်းဝင်ရောက်လိုက်သောနေရာသည် အဆုံးမဲ့ချောက်ကမ်းပါးတစ်ခု ဖြစ်နေ၏။ ပြန်လည်ထွက်ခွာ၍ မရနိုင်တော့ချေ။
လက်ရှိအခြေအနေမှာတော့ သူသည် လျှိုဝမ်ရှစ်၏ ထမင်းကြော်ကို အားရပါးရစားရင်း စားလို့ကောင်းလိုက်တာဟု ချီးကျူးသည့်စကားများကို ဆိုတတ်နေပြီဖြစ်၏။ သူသည် ဤဂိုဏ်းတွင် အလွန်အမင်း ပျော်ရွှင်နေသည်…။
“ဂိုဏ်းချုပ်”
လုံကျိရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ပြောလိုက်သည်။ “ဒါက ကျွန်တော်ရဲ့ဇာတ်ကြောင်းပါပဲ”
ကျွင်းချောင်ရှောင်း ငြိမ်သက်သွား၏။ ရှောင်ကျီသည်လည်း ငြိမ်သက်နေသည်။ လုချင်းချင်းသည်လည်း ငြိမ်သက်နေ၏။ ရီရှင်းချန်သည်လည်း ငြိမ်သက်နေသည်။ စုရှောင်မို မှာလည်း ငြိမ်သက်နေသည်။
“နေစမ်းပါအုံး”
လုံကျိရန်သည် သူ၏အနောက်တွင်ပေါ်လာသော စီနီယာ အစ်ကို၊ အစ်မများအားကြည့်၍ သူ၏ဆံပင်ကို ဆုက်ကိုင်ကာ ပြောလိုက်မိ၏။ “ဘာလို့ အားလုံး ဒီနေရာကို ရောက်လာတာလဲ၊ ဘယ်တုန်းက ရောက်လာတာလဲ”
ထို့ပြင် မျက်ရည်များကို သုတ်လျက်ရှိသော လျှိုဝမ်ရှစ်ကလည်း သူ၏အနားတွင် ရှိနေသေးသည်။
ငါ့ရဲ့ ဇာတ်ကြောင်းက အဲလောက်တောင် ဝမ်းနည်းစရာကောင်းတာလား။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် ရဲရဲနီနေသော မျက်လုံးများအား အသာပွတ်သပ်၍ ပြောလိုက်သည်။ “စီနီယာအကိုလုံရဲ့ နောက်ခံဇာတ်ကြောင်းက ဝမ်းနည်းစရာ အရမ်းကောင်းတာပဲ”
အားလုံးသည် ခေါင်းကို တဆတ်ဆတ်ညိတ် လိုက်ကြသည်။ …
လုံကျိရန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။
“စီနီယာအကိုစု၊ ခေါင်းညိတ်ပြတဲ့အချိန်မှာ ဘာလို့ပြုံးစိစိ ဖြစ်နေရတာလဲ၊”
“စီနီယာအကိုလီ ခေါင်းညိတ်နေတုန်းမှာ ဘာလို့ နှာခေါင်းကို ကုတ်နေရတာလဲ၊”
“ပြီးတော့ လျှိုဝမ်ရှစ် နင့်လက်ထဲမှာ ကြက်သွန်နီကို ကိုင်ထားတာ မဟုတ်လား၊ အခုငိုနေတာက ငါ့ရဲ့ဇာတ်လမ်းကို နားထောင်ပြီး ငိုနေတာလား၊ ကြက်သွန်အငွေ့ရိုက်လို့ ငိုနေတာလား”
လုံကျိရန် စိတ်ထဲမှာ အားရပါးရ အော်ဟစ်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးကိုပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းတပည့်တွေကို ဘယ်သူကမှ အထင်သေးလို့ မရဘူး၊ ငါမင်းကို အိမ်ပြန်ပြီး သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေမယ်”
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
သို့ပေမဲ့ သူထွက်ခွာခါနီးမှာပဲ ကျွင်းချောင်ရှောင်းက လှမ်းပြောလိုက်သည်။ “ဒါပေမဲ့ မင်းက အိမ်ကနေ ခိုးထွက်လာတာမို့လား၊ အခုပြန်သွားရင် အပြစ်ပေးခံရမှာမို့လား” …
လုံကျိရန် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူ့အနေနှင့် မိသားစု စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် တာဝန်ကျ ခဲ့သည်။ သို့ပေမဲ့ ထိုတာဝန်အား မပြုလုပ်ဘဲ အိမ်မှထွက်ပြေးလာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် လုံမိသားစုဆီသို့ ပြန်မည်ဆိုပါက အလွန်တရာ ဆိုးရွားသည့်အခြေအနေကိုပင် ကြုံတွေ့သွားရနိုင်၏။
“ဒီတော့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ငါမင်းနဲ့အတူ သွားမယ်”
ခေါင်းမော့ ရင်ကော့၍ အားရပါးရပြောနေသော ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်ပြီးသည့် နောက်မှာတော့ လုံကျိရန်၏ မျက်လုံးများထဲတွင် အလွန်တရာ ချီးကျူးသော အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။
………
တောင်ခြေမှာတော့ လုံကျိရန်သည် ဟာရီကိန်းဝံပုလွေအား စီးရင်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခရီးသွားလျက်ရှိ၏၊ ဂိုဏ်းချုပ်သည် လုံရမန်ထြိုအရာကို သူ အဘယ်ကြောင့် မပျော်ရွှင်ရသနည်း။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်တွင် လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီချင်းရှန်၊ စုရှောင်မို၊ လီဖေးနှင့် လျှိုဝမ်ရှစ်အပြင် ရှောင်မုန့်ယဉ် တောင်မှ ပါနေသေး၏။
ငါ က မိသားစုသိုင်းပြိုင်ပွဲကို သွားပြီး ယှဉ်ပြိုင်မှာလေ၊ ဘာလို့ ဒီလောက် လူအများကြီး ခေါ်လာတာလဲ၊ တစ်မိသားစုလုံးကို ဖျက်ဆီးမလို့များလား။
ဂိုဏ်းချုပ်သည် စိတ်ချရသူမဟုတ်ပေ။ တခြားဂိုဏ်းများအား ဖျက်ဆီးရခြင်းကို မူးယစ်ဆေးစွဲသလို စွဲလန်းနေသူလည်း ဖြစ်နေနိုင်သည်။
“ကျိရန်”
ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်းလျက်ရှိသော ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “မင်းက လုံမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်ပေမယ်လို့ သံမဏိအရိုးဂိုဏ်းရဲ့ တပည့်လည်းဖြစ်တယ်၊ ဒီတော့ သိုင်းပြိုင်ပွဲမှာ ပထမရဖို့ ငါမျှော်လင့်မိတယ်”
လုံကျိရန်သည် လေးနက်သည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “ဒီတပည့်က ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
သူသည် အစပိုင်းတုန်းက သိုင်းပညာကို လေ့လာရန်အတွက်သာ သံမဏိအရိုးဂိုဏ်းသို့ လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အချိန်အတော်ကြာနေထိုင်ပြီးသည့်နောက်မှာတော့ သူသည် သံမဏိအရိုးဂိုဏ်းသားတစ်ယောက်အဖြစ် မိမိကိုယ်ကို သတ်မှတ်ခဲ့ပြီးဖြစ်၏။ သူသည် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူအစ်ကိုများအားလည်း အသိအမှတ်ပြုပြီး ဖြစ်နေသည်။
လုံမိသားစု …… ငါ လုံကျိရန်က ပြန်လာနေပြီ၊ အားလုံး ပြင်ဆင်ထားကြတော့။
ထိုအချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် အလွန်တရာအားကောင်းလှသော တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေ၍ သူ၏ သံမဏိအရိုးကဲ့သို့ စိတ်ဓာတ်သည် အရေးအကြောင်းတွင် ထင်ပေါ်လာခဲ့ပြီဖြစ်၏။
“ဂျူနီယာညီလေးလုံ၊ လုံရန်မြို့က ပျော်စရာကောင်းလား”
“ဂျူနီယာညီလေးလုံ၊ လုံရန်မြို့မှာ မိန်းမလှလေးတွေ ရှိရဲ့လား”
“ဂျူနီယာညီလေးလုံ၊ လုံရမန်မြို့မှာ ဝိုင်ကောင်းကောင်းနဲ့ အစားအသောက်ကောင်းကောင်းတွေပေါလား”
သူရဲကောင်းတစ်ယောက်ကဲ့သို့ စိတ်ဓာတ်တွေမြင့်တက်လျက်ရှိသော လုံကျိရန်သည် စုရှောင်မို နှင့် တခြားသူများ၏ မေးမြန်းချက်များကို ကြားလိုက်ရချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ စိတ်ဓာတ်ကျသွားမိ၏။
သူသည် စိတ်ထဲမှ အားရပါးရအော်ဟစ်နေမိသည်။ ဒီလူတွေက လိုက်ပြီးအားပေးတာလား၊ လုံရန်အြလည်အပတ် ထွက်လာကြတာလား။