အခန်း (၃၉၁)
Vol. 27 Ch. 391
လုံပိုထျန်း နှင့် လုံမိသားစုအကြီးအကဲများသည် အဓိက ဟောခန်းတွင် မည်သည့်စကားများ ပြောဆိုနေသနည်း။
မှန်ပေသည်။ သံမဏိအရိုးဂိုဏ်းအကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။
ဂိုဏ်းရှိ သာမာန်ကျသော တပည့်များအား ရှာဖွေ၍ သံမဏိအရိုးဂိုဏ်းသို့ စေလွှတ်ကာ ပညာသင်စေရန် သူတို့ တွေးတောနေကြခြင်း ဖြစ်သည်။
ယခု သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ရပ်နေသော လူငယ်သည် မိမိကိုယ်ကိုယ် သံမဏိအရိုးဂိုဏ်းချုပ်ဟု ဆိုနေသည်။ ဤအခြေအနေသည် သူ့တို့အား အလစ်အငိုက်ဖမ်း၍ ရိုက်လိုက်သကဲ့သို့ပင်။
လုံပိုထျန်းသည် မယုံကြည်နိုင်သလို ပြောလိုက်သည် “မင်း က ကျွင်းချောင်ရှောင်း လား။”
လုံမိသားစု ခေါင်းဆောင်သည် သူ၏ နာမည်ကို ကြားဖူးသည်လား။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏ “ကျွန်တော်က ကျွင်းချောင်ရှောင်းပါ”
ထိုစကားကို ပြောဆိုရသည်မှာ အလွန်တရာ လှပလွန်းသည်။
သို့ပေမဲ့ လုံမိသားစု အကြီးအကဲများ၏ တုံ့ပြန်လာပုံမှာ မယုံနိုင်သည့် မျက်လုံးများဖြင့် ဖြစ်၏။
သံမဏိအရိုးဂိုဏ်းချုပ်သည် ငယ်ရွယ်သည်။ သို့ပေမဲ့ လုံရန်မြို့နှင့် မိုင်နှစ်ထောင်ကွာဝေးသည့် ချင်းယန်မြို့မှ ဖြစ်သည်။ အဘယ့်ကြောင့် ရောက်လာရသနည်း။
“ကျိရန်”
လုံပိုထျန်းသည် လုံကျိရန် ကို ကြည့်ကာ လေးလေးနက်နက် မေးလိုက်၏ “တကယ်လား”
သူလည်း သေချာမသိပေ။ ထို့ကြောင့် သူ့သားအား မေးမြန်းခြင်း ဖြစ်သည်။ ထို့အပြင် ထိုသူများအား ခေါ်ဆောင်လာသူမှာ လုံကျိရန် မဟုတ်လား။
“အဖေ .. ဒီလိုပါ” လုံကျိရန် လေးလေးနက်နက် ပြောလိုက်သည်။
“ဟမ့်”
ဒုတိယ အကြီးအကဲသည် စကားဖြတ်၍ မာမာထန်ထန် ဖြင့် ဝင်ပြောလာ၏ “သူက အယောင်ဆောင်ပဲ နေမှာ”
“ကျုပ်အထင်အရ ဆိုရင် …”
တတိယအကြီးအကဲက ပြောလိုက်သည် “ကျိရန်က အိမ်က ထွက်ပြေးခဲ့တော့ ပြန်လာရမှာ ကြောက်လိမ့်မည်။ ဒါကြောင့် တခြားသူတွေကို အယောင်ဆောင်ဖို့ ငှားလာတာ ဖြစ်ရမယ်”
သူတို့တွေသည် အရူးတွေ မဟုတ်ပေ။
လုံကျိရန်သည် လတ်တလောတွင် သတင်းကြီးနေသော သံမဏိအရိုးဂိုဏ်းချုပ်အား ခေါ်ဆောင်လာသည်။ ဤအရာသည် အဓိပ္ပာယ်မရှိလှချေ။
“ကျိရန်”
အကြီးအကဲတစ်ယောက် က အရွှန်းဖောက်လိက်၏ “ဘာလို့ ဂိုဏ်းချုုပ်တစ်ယောက်ကို ခေါ်လာတာလဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကျော်ကြားခဲ့တဲ့ ညအင်ပါယာကိုတော့ ခေါ်လာတာ မဟုတ်ဘူး။ ငါတို့လည်း မြင်ဖူးတယ် ရှိတာပေါ့”
အားလုံးသည် ထရယ်လိုက်မိကြသည်။
ရီရှင်းချန် ကြောင်သွားမိ၏။
ဤမျှသေးငယ်လှသော မိသားစုလေးသည် သူ့အား သိရှိလို့နေ၏။
တကယ်တမ်းဆိုလျှင် လုံကျိရန် သည် မိသားစုဆီသို့ ညအင်ပါယာအား ခေါ်ဆောင်လာပြီး ဖြစ်သည်။ သို့ပေမဲ့ မူလ ခန္ဓာကိုယ်နှင့် မဟုတ်ဘဲ ပြန်လည်မွေးဖွားထားသာ ခန္ဓာကိုယ်နှင့် ဖြစ်နေသည်။
လုံပိုထျန်းသည်လည်း သံသယဖြစ်မိ၏။ ထို့အပြင် သူ၏ သားသည် အိမ်မှ ထွက်ခွာသွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အပြစ်ပေးခံရမည်ကို စိတ်ပူသည်မှာ သဘာဝ ကျလှသည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။
အရင်တုန်းကတည်းက တခြားသူများသည် သူ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုလျှင် မယုံကြည်ကြချေ။ ယခုထိလည်း ဤအခြေအနေသည် ပြောင်းလဲမလာခဲ့ချေ။
“ဂိုဏ်းချုပ်ကျွင်းလား”
လုံပိုထျန်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏ “မြင်ရတာ ယုံစရာပါပဲ”
ကျေးဇူးပြုပြီး ဒီထက် လေးလေးနက်နက်ပြောလို့မရဘူးလား။
သူ၏ မျက်နှာပေါ်ရှိ အမူအရာအား ကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်းချုပ် ဖြစ်ကြောင်း ယုံကြည်နိုင်စရာ မရှိဆိုသော အမူအရာမျိုး ဖြစ်နေသည်။
“ခေါင်းဆောင်”
ဒုတိယအကြီးအကဲသည် ပြောလိုက်သည် “ဒီကောင်လေး သံမဏိအရိုးဂိုဏ်းချုပ် ဟုတ်မဟုတ် စမ်းကြည့်ရင် မကောင်းဘူးလား”
“ဒါက …”
လုံပိုထျန်းသည် ဇဝေဇဝါ ဖြစ်မိနေသည် “ဂိုဏ်းချုုပ်ကျွင်း ဘယ်လိုထင်လဲ”
“ကိစ္စမရှိဘူး” ကျွင်းချောင်ရှောင်း ပခုံးတွန့်ပြလိုက်၏။
စမ်းသပ်မည် ဆိုသည်မှာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူ သိရှိနေသည်။
ဟူး .. ဟူူး….
ဒုတိယအကြီးအကဲ၏ အင်္ကျီလက်သည် ထပ်မံ၍ လှုပ်ရှားသွား၏။ သန့်စင်လွန်းသော စွမ်းအင်များသည် ထွက်ပေါ်လာ၏။
“သိုင်းစစ်သူကြီး အဆင့်ခြောက်”
စနစ် က သုံးသပ်လိုက်သည် “နှစ်သိန်းခုနှစ်သောင်းဂျင်”
“ဒီလောက်ပဲလား”
ကျွင်းချောင်ရှောင်သည် စိတ်ထဲတွင်ပင် မထားတော့ချေ။ သူသည်သိုင်းစစ်သူကြီးဒုတိယ အဆင့်ဖြစ်သည် ဆိုသော်လည်း ဂျင်သုံးသိန်းခွဲနီးပါး ထုတ်ဖော်နိုင်၏။
“ဂိုဏ်းချုပ် …”
ထိုအချိန်မှာတော့ လုံကျိရန်သည် အသံပို့လွှတ်လိုက်သည် “ကျေးဇူးပြုပြီး ကျွန်တော့်မျက်နှာထောက်ပြီး ဖြည်းဖြည်း ရိုက်ပေးလိုက်ပါ”
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် သိုင်းဘုရင်တစ်ယောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရသည့် မြင်ကွင်းသည် သူ၏ မျက်လုံးထဲတွင် ပြန်ပေါ်လာသည်။ ဂိုဏ်းချုပ်သာ တကယ်တမ်း တိုက်ခိုက်လျှင် ဒုတိယအကြီးအကဲသည် ရိုးရိုး မသေဘဲ ချေးထွက်၍ပင် သေသွားနိုင်သည်။
သူ့အား မိသားစု စီးပွားရေး လုပ်ငန်းများတွင် ခိုင်းစေရန် အကြံပြု အစပျိုးခဲ့သူမှာ ဤ ဒုတိယအကြီးအကဲ ပင် ဖြစ်သည်။
ထို့ကြောင့် ဒုတိယအကြီးအကဲ ထိခိုက်သွားမည်ကို သူ မစိုးရိမ်ပေ။ အဓိက အားဖြင့် မိသားစု နှင့် သံမဏိအရိုးဂိုဏ်း ရန်သူများ ဖြစ်သွားမည်ကို စိုးရိမ်မိခြင်းပင်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မင်း မျက်နှာထောက်ပြီး နည်းနည်းလျော့ရိုက်လိုက်မယ်”
လုံကျိရန်သည် ကျွင်းချောင်ရှောင်းတစ်ယောက် သိုင်းဘုရင် အဆင့်နှစ်တစ်ယောက် အား အနိုင်ယူရိုက်နှက် နိုင်ခဲ့ခြင်းမှာ အားအင်တိုးတက်ခြင်း အဆောင်ကြောင့် ဖြစ်ကြောင်း မသိရှိပေ။
ယခု ဂိုဏ်းချုပ်ကျွင်းသည် ထိုပစ္စည်းအား ထုတ်မသုံးသည်မို့ လက်သီးတစ်ချက်၊ နှစ်ချက်လောက်ဖြင့် ဒုတိယအကြီးအကဲအား သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။
“ဂိုဏ်းချုပ်ကျွင်း ဆိုတဲ့သူ …”
ဒုတိယအကြီးအကဲ အေးစက်စက် ပြောလိုက်၏ “အဆင်သင့်ပဲလား”
ကျွင်းချောင်ရှောင်သည် သူ၏ အခြားလက်တစ်ဖက်ကို မြှောက်၍ ပြုံးလိုက်သည် “ကျေးဇူးပြုပြီး သင်ကြားပေးပါအုံး”
ဟူုး …။
ဒုတိယ အကြီးအကဲ၏ လက်သည် လှုပ်ရှားသွားသည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးအား လွှမ်းခြုံလာ၏။
“ဘုံကိုးပါး နဂါးအော်သံ”
သူသည် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် နဂါးတစ်ကောင်ကဲ့သို့ ပုံရိပ်ယောင် ဖြစ်တည်ပြီး ရှေ့သို့ အော်ဟစ်ကာ ပြေးဝင်လာသည်။
ဟူး …. ဟူး…။
လေထုတစ်ခုလုံးသည် ကြမ်းကြမ်းရမ်းရမ်း ဖြစ်တည်လာပြီး အားအင်သည် ပိုမို၍ တိုးတက်လာ၏။
နဂါးပုံရိပ်ယောင် အဖြစ် ဖြစ်တည်နိုင်သော သိုင်းနည်းစနစ်သည် အားကောင်းရုံတင် မကဘဲ နဂါးတစ်ကောင် တိုက်ခိုက်နေသကဲ့သို့ အလွန်လှပသေးသည်။
ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးတည်နေရာထဲတွင် မတ်မတ်ရပ်နေသည်။ သူ၏ ဆံနွယ်အမဲရောင်များသည် လေနှင့် အတူ လွင့်လျက်ရှိ၏။
သို့သော်ငြား မျက်လုံးများက ပိတ်ထားလျက် ရှိနေသည်။
ထိုအရာကိုမြင်တော့ လုံမိသားစု အကြီအကဲများက နှာခေါင်းရှုံ့လိုက်ကြ၏။
ထိုလူငယ်သည် ရှောင်ဖို့ မတတ်နိုင်သောကြောင့် ငြိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း သူတို့ သိသည်။ ထိမှန်မည် ဆိုပါက သံမဏိအရိုးဂိုဏ်းချုုပ် မဟုတ်ကြောင်း သိသာပေလိမ့်မည်။
အားလုံးသည် ကျွင်းချောင်ရှောင်းအကြောင်း ကြားဖူးထားပြီး ဖြစ်သည်။ သိုင်းဘုရင် အဆင့်နှစ် ကျင့်ကြံသူကိုပင် အနိုင်ယူခဲ့သူဖြစ်ပြီး နတ်စမ်းချောင်းဂိုဏ်းချုပ်ကိုလည်း အနိုင်တိုက်ခဲ့သူ ဖြစ်၏။
ထို့ကြောင့် ဒုတိယအကြီးအကဲ၏ တိုက်ခိုက်မှုကို ကျိန်းသေပေါက် ခုခံနိုင်ရပေမည်။ မဟုတ်ပါက အတုသာ ဖြစ်လိမ့်မည်။
အမှိုက်လေး … အယောင်ဆောင်ခြင်းရဲ့ ဆိုးကျိုးကို မင်းသိရမယ်။
နဂါးအော်သံ တိုက်ခိုက်ချက်နှင့် ရင်ဆိုင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် မှိတ်ထားဆဲ ဖြစ်ကြောင်း လီချင်းယန်တို့ သတိပြုမိလိုက်သည်။ သို့ပေမဲ့ သူတို့သည် တစ်ချက်ကလေးမှ မစိုးရိမ်ကြချေ။
ဤအဆင့်အားအင်သည် ပြင်းထန်လွန်းသည် ဆိုသော်လည်း ဂိုဏ်းချုပ် အတွက်တော့ ဘာမှမဟုတ်ချေ။
နဂါး၏တိုက်ခိုက်မှုကို ခံရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက် စိတ်ထဲတွင် မန္တာန်တစ်ခုကို ရွတ်ဖတ်လိုက်သည်။
သူ၏ ဒန်ထျန်ထဲရှိ စွမ်းအင်များသည် သပ်ရပ်မီးအား အရှိန်အဟုန်ကောင်းကောင်းနှင့် တောက်လောင်စေသည်။
ဝှစ် …
ကျွင်းချောင်ရှောင်း မျက်စိဖွင့်လိုက်ချိန်မှာတော့ မျက်စိနှစ်လုံးသည် မီးဝင်းဝင်းတောက်လျက်ရှိနေ၏။
ဝှစ် …။.
ချက်ချင်းဆိုသလိုပဲ အဆုံးမဲ့ မီးညွှန့်များသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။
မီးတောက်များ၏ ကြားတွင် အမဲရောင် ဆံပင်နှင့် မျက်ခုံးမွေးများပင်လျှင် အနီရောင် အဖြစ် ပြောင်းလဲသွားသည်။
လုချင်းချင်း အံ့အားသင့်သွားသည်။
ဂိုဏ်းချုပ် ထုတ်ဖော်လိုက်သော မီးတောက်၏ အားအင်သည် သူမကဲ့သို့ ရေခဲဓာတ်သဘာဝ ကျင့်ကြံသူကိုပင် မသက်မသာ ခံစားရစေ၏။
သူမ တစ်ယောက်တည်းမဟုတ်ပေ။
ရီရှင်းချန်သည်လည်း တုန်လှုပ်မိနေသည်။
အနည်းငယ်ဝေးကွားသည့် နေရာတွင် ရှိနေသော လုံပိုထျန်းတို့သည်ပင် အပူလှိုင်းကို ခံစားမိနေ၏။ ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်၍ ခုတ်ပိုင်းပြီး ဖြစ်နေတော့၏။
“ကောင်းကင်နီဓား ခုတ်ပိုင်းချက်”
ဝှစ် …။
သူအော်ပြီးချင်းချင်းမှာပဲ တောက်လောင်နေသည့် မီးများသည် လက်ဝါးရိုက်ချက်အတိုင်း လိုက်ပါလာပြီး လေထဲတွင် မီးတောက်များနှင့် ဓားမော့ တစ်ချောင်းအဖြစ် ဖြစ်တည်သွားသည်။
ဟူး …။
လေတိုးသံအကျယ်ကြီး ထွက်ပေါ်လာ၏။
“မကောင်းတော့ဘူး”
ဒုတိယအကြီးအကဲ၏ မျက်နှာသည် ပျက်ရွင်းသွားသည်။ သူ သည် ရှောင်ရှားချင်သည် ဆိုသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ဘုန်း ..။
မီးတောက်ဓားမော့ကြီးသည် နဂါးပုံရိပ်ယောင်အား ချိုးဖျက်သွားသည့်အပြင် လေထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကိုပါ တိုက်စားသွားသည်။
ဒုတိယအကြီးအကဲသည် အဓိက ဟောခန်းဆီသို့ လွင့်ထွက်သွား၏။
ဝေါ့ …
သူ၏ မရီဒန်ထဲရှိ စွမ်းအင်များသည် ကမောက်ကမ ဖြစ်ကုန်ပြီး သွေးတွေ အန်ထွက်လာသည်။
ကျွင်းချောင်ရှောင်းသည် လက်ကို အသာပြန်ရုတ်လိုက်တော့ မီးတောက်ဓားမော့ကြီးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွားတော့၏။
အဖြစ်အပျက်သည် အချိန်ကြာလွန်းသည်ဟု ထင်မှတ်စရာ ရှိသော်လည်း တကယ်တမ်းတွင်တော့ လျှပ်ပြတ်သလို မြန်ဆန်လွန်းခဲ့သည်။
လုံပိုထျန်းသည် ကြက်သေ သေမိနေ၏။
အနောက်ဘက်တွင် ရှိနေသော လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသူများအားလုံးသည်လည်း ပါးစပ်အဟောင်းသား ဖြစ်မိနေကြသည်။ ဂိုဏ်းချုပ်သည် ဤမျှအားကောင်းသော တိုက်ခိုက်ချက်ကို ထုတ်ဖော်လိမ်မည်ဟု သူတို့ မထင်မိခဲ့ချေ။
လုချင်းချင်း နှင့် ရီရှင်းချန်တို့ကတော့ စိတ်ထဲမှ ရေရွတ်လိုက်၏ “ဒါ နတ်ဘုရားအဆင့် သိုင်းနည်းစနစ် တစ်ခုပဲ”