အခန်း (၃၉၂)
Vol. 27 Ch. 392
ကောင်းကင်နီဓားကွက် ကဲ့သို့သော နတ်ဘုရားအဆင့် သိုင်းနည်းစနစ်သည် စနစ်ဆီမှ ရရှိထားသည် ဖြစ်သည်မို့ နားလည်ရန် အလွန်လွယ်ကူသည်။
လင်းကျန့်ဓားသိုင်းကရော …။
ထိုအရာသည် ကောင်းကင်မှတ်တမ်းတွင်ပင် ရေးမှတ်ထားရမည့် ဓားနည်းစနစ် တစ်ခုဟု ဆိုရမည်။
သို့ပေမဲ့ ဓားသမားတစ်ယောက်ဖြစ်ရန်တော့ လိုအပ်နေသည်။ ဓားသမား စစ်စစ် ဆိုပါက ပထမတိုက်ကွက်အား နားလည်ရန်တော့ လွယ်ကူသည်။ ကျန်သော တိုက်ကွက်များမှာတော့ ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းပင်။
ယခု ကျွင်းချောင်ရှောင်းသည် မီးဓာတ်သဘာဝ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ ကောင်းကင်နီဓား ခုတ်ပိုင်းချက်ကို ထုတ်ဖော်ချိန်တွင် အားတစ်ဝက်လောက် စိုက်လိုက်သည်နှင့် နှစ်ဆ ပို၍ အစွမ်းထက်မှုကို ထုတ်ဖော်နေနိုင်သည်။
ကျွင်းချောင်ရှောင်းတွေးလိုက်သည် “အရမ်းအားမကောင်းလှဘူး”
ကောင်းကင်နီဓား ခုတ်ပိုင်းချက်၏ အားအင်သည် ဂျင်လေးသိန်းနီးပါး ရှိသည်။ မိတ်ဆက်အရဆိုလျှင် ထိုတက် ပိုမို အားကောင်းနေသင့်သည် မဟုတ်လား။
စနစ်သည် ဆွံ့အသွား၏ “လက်ခံသူက ဒါကို နည်းနည်းပဲ နားလည်သေးတယ်။ ဒါတောင်မှ ဒီလောက် အားအင်ကို ထုတ်ဖော်နေနိုင်တာ မကျေနပ်သေးဘူးလား။”
“ဒါတော့ အမှန်ပဲ”
သူ ကောင်းကင်နီဓား ခုတ်ပိုင်းချက်ကို ထုတ်ဖော်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သလို ဤနည်းစနစ်ကို ရရှိထားသည်ကလည်း နှစ်ရက်ထက် မကြာသေးပေ။
“ပြီးတော့ …”
စနစ် က ဆက်ပြောလိုက်၏ “ဒီတိုက်ခိုက်ချက်ရဲ့ အားအင်က ဘယ်လောက် အားအင် စုစည်းထားနိုင်လဲ ပေါ် မူတည်နေတာ။ လက်ခံသူက ချက်ချင်း စုစည်းပြီး တိုက်ခိုက်ခဲ့တာ မဟုတ်လား။”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်း သည် လက်သီးဆုပ်ကာ ပြောလိုက်၏ “အားလုံးပဲ .. ကျုပ်ကို ယုံကြည်ပြီလား”
လုံပိုထျန်းနှင့် မိသားစု အကြီးအကဲများသည် သတိပြန်ဝင်လာပြီး တိုက်ခိုက်ရေး တည်နေရာထဲရှိ လူငယ်အား ကြည့်ရှုလိုက်သည်။ သူတို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ဒုတိယ အကြီးအကဲအား သွေးအန်သွားစေသည်။ ဤကလေး၏ အားအင်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
အရှေ့တောင်ရန်ကျူးတွင် ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် အားကောင်းနေသူ ဆို၍ သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်သာ ရှိပေလိမ့်မည်။
“မယုံသေးဘူးလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် ဂိုဏ်းချုပ် တံဆိပ်တုံး ထုတ်ပြရမလား”
“ဂိုဏ်းချုပ်ကျွင်း”
လုံပိုထျန်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏ “လုံမိသားစုဆီ လာလည်တာကို ထွက်မကြိုမိတဲ့အတွက် ခွင့်လွှတ်ပါ။”
ထိုအရာသည် လေးလေးနက်နက် ပြောဆိုခြင်း ဖြစ်သည်။
လုံမိသားစု အနေဖြင့် တစ်ဖက်လူသည် သံမဏိအရိုးဂိုဏ်းချုပ် ဟုတ်မဟုတ် အရေးမကြီးချေ။ ဤမျှအားကောင်း သောသူအား မျက်နှာလွှဲခဲပစ် ဆက်ဆံ၍ မဖြစ်ချေ။
“ကျေးဇူးပြုပြီး ဝင်ပါအုံး”
လုံပိုထျန်းသည် ဘေးတစ်ဖက်သို့အသာလှည့်၍ ဖိတ်ခေါ်လိုက်သည်။
လုံမိသားစု၏ အကြီးအကဲများ မျက်နှာသည် လေးစားမှုများနှင့် ဖြစ်တည်လာ၏။
သံမဏိအရိုးဂိုဏ်းသည် အဆင့်ခုနှစ် ဂိုဏ်းတစ်ခု ဖြစ်သည် ဆိုသော်လည်း လတ်တလော ပြုလုပ်ခဲ့သည့် ကိစ္စရပ်များမှာ အဆင့်လေး ဂိုဏ်းများ လိုက်လံ တုပ၍ ပြုလုပ်နိုင်သောအလုပ်မျိုး မဟုတ်ချေ။
………
အဓိက ဟောခန်းထဲမှာတော့ …
လုံပိုထျန်းသည် စားပွဲ၏ ထိပ်တွင် ထိုင်ပြီး ကျွင်းချောင်ရှောင်း၏ အနောက်၌ ရပ်နေကြသော တပည့်များအား ကြည့်လိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားရဲ့ တပည့်တွေလား”
“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လုံမိသားစု ၏ အကြီးအကဲများသည် သေချာအကဲခတ်လိုက်၏ “ထင်ထားတဲ့အတိုင်းပဲကိုး။ သာမာန်လူတွေ မဟုတ်ဘူး”
အစောကတည်းက လီချင်းယန်တို့သည် သာမာန်တပည့်များ မဟုတ်ကြောင်း သူတို့ သိရှိပြီးဖြစ်သည်။ ယခု သံမဏိအရိုးဂိုဏ်းသားများ ဖြစ်သည်ဆိုတော့ ပိုမိုထူးခြားစွာ အသိအမှတ်ပြုမိကြ၏။
နေပါအုံး …။
လုံကျိရန်က ဘာကြောင့် သံမဏိအရိုးဂိုဏ်းကို ခေါ်လာတာလဲ။
လုံပိုထျန်းသည် ချက်ချင်းပဲ တစ်စုံတစ်ခုကို သတိရလိုက်၏ “ဂိုဏ်းချုပ်ကျွင်း … ကျုပ်သားက ခင်ဗျားရဲ့ ဂိုဏ်းထဲကို ဝင်လိုက်တာလား။”
လုံကျိရန်သည် ကျွင်းချောင်ရှောင်း အား ဂိုဏ်းချုပ်ဟု ခေါ်ဆိုခဲ့ကြောင်း သူ အမှတ်ရသွား၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အင်း … လက်ရှိမှာ ကျိရန်က ကျုပ်ရဲ့ အတွင်းစည်း တပည့်အဖြစ် လေ့ကျင့်နေတယ်။”
“…….”
လုံပိုထျန်း၏ မျက်နှာသည် နီမြန်းသွားသည်။
“ဂိုဏ်းချုပ်ကျွင်း … ”
သူ လက်သီးဆုပ်ကာ တောင်းပန်လိုက်သည် “ကျုပ် အရင်ကပြောခဲ့တာတွေကို အမှတ်မထားပါနဲ့။ တောင်းပန်ပါတယ်”
စားပွဲ၏ နောက်ဆုံးနေရာတွင် ထိုင်လျက်ရှိနေသော လုံကျိရန်သည် ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော သူု၏ အဖေကို မြင်တော့ အံ့အားသင့်မိနေသည်။
သူ့အဖေသည် အဆင့်ငါး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လာလျှင်ပင် အရောတဝင်မနေဘဲ ဂုဏ်သိက္ခာကြီးမြတ်သူလို့ နေထိုင်တတ်သူ ဖြစ်၏။ အဘယ့်ကြောင့် ယခု မတူညီသည့် လူနှစ်ယောက်လို ဖြစ်နေရသနည်း။
အဘယ့်ကြောင့် ဆိုသော် သံမဏိအရိုးဂိုဏ်းတွင် သိုင်းအုပ်စိုးသူ တစ်ယောက် ရှိနေသည်။
ထိုကဲ့သို့ တည်ရှိမှုမျိုးကို ပိုင်ဆိုင်ထားသူ ဂိုဏ်းအား သူ မျက်နှာလွဲခဲပစ် ဆက်ဆံ၍ မရချေ။
အဆင့်ကိုး ဂိုဏ်းတစ်ခုတွင် သိုင်းအုပ်စိုးသူ ရှိနေသည် ဆိုပါက အားလုံးက လာ၍ လေးစားမှုကို ပြသကြမှာ သေချာသည်။ လောကကြီးသည် အားအင်ဖြင့် လူတန်းစားကို သတ်မှတ်ကြသည် မဟုတ်လား။
“ကျုပ်သာ စိတ်ထဲထားမယ်ဆိုရင် ….”
ကျွင်းချောင်ရှောင်းသည် စကားကို ခဏရပ်၍ ဒုတိယအကြီးအကဲကို ပြုံးကြည့်ကာ ပြောလိုက်၏ “ဒီအကြီးအကဲ သွေးအန်ရုံနဲ့ ဘယ်ပြီးမလဲ”
ထိုစကားကိုကြားချိန်မှာတော့ ဒုတိယအကြီးအကဲ၏ ကြောက်လန့်စိတ်များသည် ကျောရိုးမကြီးတစ်ခုလုံးဆီ ပြန့်နှံ့သွား၏။
ဤကောင်လေးသည် သေခြင်းရှင်ခြင်း စင့်မြင့်တွင် သိုင်းဘုရင် ဒုတိယအဆင့် မိစ္ဆာကျင့်ကြံသူကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ သူမည်ကဲ့သို့သော စိတ်ကူးဖြင့် သွား၍ တိုက်ခိုက်ရန် စိန်ခေါ်မိသနည်း စဉ်းစား၍ပင် မရချေ။ တစ်ဖက်မှသာ သတ်ဖြတ်ချင်ပါက အသက် ဆယ်သက်ရှိလျှင် ပင် မလုံလောက်နိုင်တာ သေချာသည်။
လုံပိုထျန်းသည် ကြောင်အအဖြင့် ပြုံးလိုက်သည် “ကျုပ်သားရဲ့ အနာဂတ်က သံမဏိအရိုးဂိုဏ်းကြောင့် ကောင်းမွန်တော့မှာပဲ”
သူ ဤကဲ့သို့ ပါးစပ်မှ ပြောလိုက်သည် ဆိုသော်လည်း စိတ်ထဲမှာတော့ ထိုသို့မရှိချေ။
သံမဏိအရိုးဂိုဏ်းသည် လတ်တလောတွင် ထင်ရှားနေသည် ဆိုသော်လည်း အဆင့်ခုနှစ် ဂိုဏ်းတစ်ခုမျှသာ ဖြစ်သည်။ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော သူ၏ သားအတွက် မှန်ကန်သည့် နေရာတစ်ခု မဟုတ်ပေ။
“ကျိရန်က ကြိုးစားတယ်လေ။ဒါကြောင့် အတွင်းစည်းတပည့် ဖြစ်လာတာပဲ”
သူ့အမြင်အရဆိုလျှင် သူ၏သားသည် အတွင်းစည်း တပည့်ဖြစ်လာသည် ဆိုခြင်းမှာ သာမာန်သာ ဖြစ်၏။
သို့ပေမဲ့ လုံကျိရန်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်မှာ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်မှ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း လုံပိုထျန်း မသိချေ။
တကယ်တမ်းမှာတော့ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးလျှင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်နေစရ မလိုပေ။ အလုပ်ကြိုးစားရန်သာ လိုအပ်သည်။
“ဂိုဏ်းချုပ်ကျွင်း …”
လုံပိုထျန်းသည် မေးလိုက်သည် “ဒီတစ်ကြိမ် ဘာကိစ္စကြောင့်လာခဲ့တာလဲ”
“လုံမိသားစု မှာ မိသားစု ပြိုင်ပွဲ ရှိတယ်လို့ ကျုပ်ကြားခဲ့တယ်။ ကျိရန်က အဲပွဲကို ဝင်ပြိုင်ချင်တယ်တဲ့။ ဒါကြောင့် ကျုပ် မဖိတ်ခေါ်ဘဲ ရောက်လာရတာပဲ”
“ဒီလိုကိုး”
လုံပိုထျန်းသည် နားလည်သွားသလို ပျော်လည်း ပျော်ရွှင်သွားမိသည် “ဂိုဏ်းချုပ်ကျွင်းရဲ့ ဦးဆောင်လမ်းပြမှု အောက်မှာ တပည့်တွေက ပိုပြီး အားကောင်းလာကြတယ် ကြားတယ်။ ကျုပ်သားလည်း တိုးတက်နေလောက်ပြီ”
အဖေတစ်ယောက် အနေနှင့် သူသည် အလွန်တင်းကျပ်မိခဲ့သည်။ သို့ပေမဲ့ သူ မီးအဆက်မပြတ် ကျွေးခဲ့သည် ဆိုပေမဲ့ သူ၏သားသည် သံချောင်းမဟုတ်ခဲ့ချေ။
မည်သို့ပင် ဆိုစေကာမှု သူ၏ သား သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ပြီးနောက်တွင် တိုးတက်လာသည် ဆိုပါက သူ ကျိန်းသေပေါက် ကျေးဇူးတင်ရလိမ့်မည်။
လုံမိသားစု အကြီးအကဲများသည် နားလည်လိုက်ကြ၏။
လုံကျိရန်သည် အိမ်မှ ထွက်ခွာပြီးနောက် သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်၍ ပညာသင်ကြားခဲ့သည်။ ယခု ပြန်ရောက်လာသည်မှာ မိသားစု၏ သိုင်းပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဖြစ်သည်။
မှန်ပေသည်။
လုံကျိရန် ပြန်လာသည်မှာ ထိုသို့သော ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏။
သူ ကြွားဝါချင်၍ ပြန်လာခြင်းမဟုတ်ပေ။ လုံမိသားစုကို တစ်စုံတစ်ခု ပြောဆိုချင်၍ ဖြစ်သည်။
ကျုပ် .. လုံကျိရန် က မိသားစုရဲ့ သိုင်းပညာ ကို လေ့ကျင့်လို့မရရင်တောင်မှ အားလုံးထက် ပိုပြီး အားကောင်းကြောင်း ပြသမယ်။
လူငယ်များအား အနိုင်ကျင့်စော်ကား၍ နှိမ့်ချ မရနိုင်ဟု ဂိုဏ်းချုပ် ဆိုခဲ့ဖူးသည်။ ထိုအတိုင်းပင် သူ အကောင်းဆုံး စွမ်းရည်ကို ထုတ်ဖော်ပြသရပေမည်။