← Chapters

အခန်း (၃၉၃)

Vol. 27 Ch. 393

အခန်း (၃၉၃)

Vol. 27 Ch. 393

“မင်းကြားပြီးသွားပြီလား၊ အိမ်ကနေထွက်ပြေးသွားတဲ့ လုံကျိရန်က အခု ပြန်ရောက်နေပြီ”

“ဘာ၊ အဲကောင်ပြန်ရောက်လာပြီ ဟုတ်လား၊ ခေါင်းဆောင်က ခေါ်ပြီး ဖင်ကို မရိုက်ဘူးလား”

“သူ ဘာအပြစ်ပေးမှုကိုမှ မခံရဘူး”

“မဟုတ်သေးပါဘူး၊ သူက မိသားစု စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ပစ်ထားခဲ့ပြီးတော့ တစ်နှစ်လောက်နီးပါး ပျောက်သွားခဲ့တာလေ၊ ဘာအပြစ်ပေးမှုကိုမှ မခံရဘူးဆိုတာ ဟုတ်လို့လား”

အတွင်းခြံဝင်းထဲမှာတော့ များပြားလှသော လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် တိုင်ပင်ဆွေးနွေးလျက် ရှိနေကြသည်။ သူတို့၏ အမူအရာနှင့် စကားလုံးများကို ကြည့်မည်ဆိုလျှင် သူတို့သည် လုံကျိရန်အား သဘောမကျ ကြသည်မှာ သိသာထင်ရှားလှကြ၏။

လုံကျိရန်သည် မိသားစုခေါင်းဆောင်၏ သားတစ်ယောက်ဖြစ်သည်ဆိုသော်လည်း များပြားလှသော ဝမ်းကွဲများ၏ နှစ်သက် ကြိုဆိုခြင်းကို ခံရသူမဟုတ်။ အဘယ်ကြောင့်ဆိုသော် သူသည် လုံမိသားစု၏ သိုင်းနည်းစနစ်များကို မလေ့ကျင့်နိုင်၍ ဖြစ်သည်။

ထို့အပြင် တစ်ခုကံကောင်းသည်မှာ မိသားစုခေါင်းဆောင်၏သားဖြစ်နေသောကြောင့် ဖြစ်သည်။ မဟုတ်ပါက လုံကျိရန်သည် ရှောင်ကျီကဲ့သို့ လုံမိသားစုတစ်ခုလုံး၏ မထီမဲ့မြင် ဆက်ဆံခြင်းကို ခံရပေလိမ့်မည်။

“ကျိရန်က အခု သံမဏိအရိုးဂိုဏ်းချုပ်ကို ခေါ်လာခဲ့တယ်လို့ ငါကြားထားတယ်၊ ခေါင်းဆောင်နဲ့ အကြီးအကဲတွေ အားလုံးက စိတ်အား တက်ကြွနေကြတယ်၊ ဒါကြောင့် သူတို့ အပြစ်ပေးဖို့တောင် မစဉ်းစားနိုင်ကြဘူး”

“သံမဏိအရိုးဂိုဏ်း ဟုတ်လား၊ အခုတလော မြို့ထဲမှာ သတင်းကြီးနေတဲ့ ဂိုဏ်းကိုပြောတာလား”

“သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ်က ငါတို့နဲ့အသက်အရွယ်တူတူပဲလို့ကြားတယ်၊ ဒါပေမဲ့ သူက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်တဲ့၊ ပြီးတော့ သိုင်းဘုရင် အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူခဲ့သေးတယ်”

“အဲလောက် အားကောင်းတာလား”

“ကျိရန်က သံမဏိအရိုးဂိုဏ်းထဲကို ရောက်သွားလိမ့်မယ်လို့ ငါထင်တောင် မထင်မိဘူး၊ သူအခု ပြန်လာတာက ကလန်ရဲ့ မိသားစုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့တဲ့”

“လုံမိသားစုမှာရှိတဲ့ အခြေခံ သိုင်းနည်းစနစ်တွေကိုတောင်မှ ကျင့်ကြံလို့မရနိုင်တဲ့ အမှိုက်တစ်ကောင်က ကလန်ရဲ့ မိသားစုသိုင်းပြိုင်ပွဲကို ဝင်ပြိုင်အုံးမယ် ဟုတ်လား၊ သူ့ကို ဘယ်သူက ဒီလိုသတ္တိမျိုး ပေးခဲ့တာလဲ”

“ငါကြားတာတော့ သံမဏိအရိုးဂိုဏ်းတပည့်တွေ တော်တော်များများ ပါလာတယ်လို့ ကြားတယ်၊ မိသားစု ခေါင်းဆောင်က သူတို့ကို အရှေ့ဘက်က ခြံဝန်းထဲမှာနေဖို့ စီစဉ်ပေးထားတယ်”

“ဒီသံမဏိအရိုးဂိုဏ်းရဲ့ တပည့်တွေက နတ်စမ်းချောင်းဂိုဏ်းက တပည့်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်၊ တစ်ပွဲတစ်လေ ကိုမှ မရှုံးခဲ့ဘူး၊ အရမ်းအားကောင်းတာပဲ၊ သူတို့ကို သွားကြည့်ရအောင်”

အရှေ့ဘက်ခြံဝန်းထဲမှာ ခြံဝင်းသေးလေးတစ်ခု တည်ရှိနေသည်။ လုံမိသားစုတပည့်တချို့သည် အဝင်ဝမှနေ၍ အတွင်းဘက်သို့ ကြည့်ရှုလျက် ရှိနေကြသည်။ ကံဆိုးစွာဖြင့် သူတို့အချိန်အတော်ကြာ ကြည့်ရှုနေသည် ဆိုသော်လည်း အခန်းထဲမှ တစ်စုံတစ်ယောက်ထွက်ခွာလာသည်ကို မတွေ့ရှိရပေ။ သူတို့သည် ဇဝေဇဝါဖြစ်မိနေ၏၊ အထဲတွင် လူကောနေသေးရဲ့လား။

တကယ်တော့ အထဲတွင် လူပေါင်းများစွာ ရှိနေလေ၏။ ထိုသူများမှာ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များပင် ဖြစ်တော့သည်။ သူတို့သည် လက်ရှိ၌ သူတို့နေထိုင်ရာ အခန်းထဲတွင် ကျင့်ကြံလျက်ရှိကြသည်။

လုံမိသားစုတပည့်များမှာကျွေင်းချောင်ရှောင်းသည် လုံကျိရန်နှင့်အတူ သူ၏တပည့်များကို ခေါ်ဆောင်လာခဲ့၏။ ပထမဦးဆုံးအနေဖြင့် သူသည် လုံကျိရန် အပြစ်ပေးမခံရအောင် ကူညီချင်၍ ဖြစ်သည်။ ဒုတိယအားဖြင့် သူသည် လုံကျိရန်အား သိုင်းပြိုင်ပွဲတွင် ပထမနေရာအား ရယူစေနိုင်ပြီး သံမဏိအရိုးဂိုဏ်းကို ပိုမိုကျော်ကြားလာစေချင်သည်။

ဤနေရာသည် လုံမိသားစု၏ တည်နေရာဖြစ်သည်။ ထို့ကြောင့် သူသည် လီချင်းယန်နှင့် အခြားသောသူများကို အခန်းအပြင်ဘက်သို့ မထွက်စေဘဲ အခန်းတွင်း၌သာ သိုသိုသိပ်သိပ်နှင့် ကျင့်ကြံနေရန် အမိန့်ပေးထား၏။ စုရှောင်မိုနှင့် လီဖေးတို့သည် အပြင်ဘက်သို့ထွက်၍ လုံရန်မြို့ထဲ သွားရောက်လည်ပတ်ချင်သည်ဆိုသော်လည်း ငြိမ်ငြိမ်သက်သက်ဖြင့် အခန်းတွင်း၌သာ လေ့ကျင့်နေကြရ၏။

လျှိုဝမ်ရှစ်မှာတော့ မည်သည့်ကျင့်ကြံခြင်းကိုမှ ပြုလုပ်စရာမလိုသည်မို့ ရောင်မုန့်ယဉ်အား ခေါ်ဆောင်ကာ အပြင်ဘက်သို့ထွက်၍ သွားလာလျက်ရှိနေသည်။ သူမသည် ပြန်ရောက်ချိန်တိုင်းတွင် ထူးဆန်း၍ များပြားလှသော ပစ္စည်းပစ္စယ များကို ဝယ်ယူလာလေ့ရှိသည်။

သုံးရက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကလန်၏ သိုင်းပြိုင်ပွဲသည် စတင်တော့မည်ဖြစ်သည်။ လုံကျိရန်သည် ကျွင်းချောင်ရှောင်းအား လာတွေ့၍ နာနာကျင်ကျင် မျက်နှာဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်…… ကျွန်တော်က မိသားစု သိုင်းပြိုင်ပွဲဆီရောက်အောင် ပြန်လာခဲ့တာလေ၊ ဒါပေမဲ့ တံခါးပိတ်ကျင့်ကြံနေတဲ့ ကျွန်တော်ရဲ့ ဝမ်းကွဲတော်တော်များများက သိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ဆိုပြီးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြတယ်”

“အဲတော့ မင်းကြောက်ရွံ့နေလား”

“ကျွန်တော် မကြောက်ပါဘူး၊ နည်းနည်းတော့ စိုးရွံ့တာပေါ့”

လုံကျိရန်၏ ပါရမီသည် ဆိုးရွားလှသည် မဟုတ်ပေ။ သူ၏ ဝမ်းကွဲများသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်ကြသလို မိသားစု၏ သိုင်းနည်းစနစ်များအားလည်း အလွန်အမင်း ပါရမီရှိစွာဖြင့် နားလည်နိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် ထိုသူတို့၏ အားအင်အဆင့်သည် သူ့ထက် ပိုမို၍ အားကောင်း၏။

ဥပမာအားဖြင့် သူ၏ တတိယအကိုသည် သူအိမ်မှ မထွက်ခွာခင်ကပင် သိုင်းဆရာအဆင့် ခြောက်သို့ ချိုးဖြတ်ရောက်ရှိ နေသူဖြစ်ပြီး လုံမိသားစု၏ သိုင်းနည်းစနစ် တော်တော်များများကို နားလည်တတ်ကျွမ်းနေသူဖြစ်၏။ ထို့ပြင် သူ၏ အကြီးဆုံးနှင့် ဒုတိယဝမ်းကွဲ အကိုများသည်လည်း အစောကတည်းက သိုင်းဆရာ အဆင့် ခုနှစ် သို့ ရောက်ရှိနေကြသူ များဖြစ်သည်။

ထိုသူများအားလုံးသည် လုံမိသားစု၏ မျိုးဆက်သစ်ထဲတွင် အားအကောင်းဆုံးသော တိုက်ရိုက်မျိုးဆက်များဟုပင် ဆိုရပေမည်။ ထို့အပြင် လုံကျိရန်နှင့် ထိုဝမ်းကွဲတို့၏ အသက်ကွာခြားမှုသည် နှစ်နှစ်မှ သုံးနှစ်နီးပါးခန့်သာရှိ၏။ ထိုသို့ဆိုလျှင်တောင်မှ အဆင့်ကွာခြားချက်သည် အလွန်အမင်းကြီးမားနေ၏။

ထိုအရာမှာ ရိုးရှင်းလှပေသည်။ လုံကျိရန်၏ ဝမ်းကွဲတော်တော်များများသည် ၎င်းတို့၏မိသားစုမှ ကျင့်ကြံနည်းစနစ် တစ်ခုဖြစ်သော နဂါးအသက်ရှုနည်းအား အဆင့်မြင့်ဆုံး အခြေအနေထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ကြသည်။ ထိုကျင့်ကြံခြင်းနည်းစနစ်သည် နတ်ဘုရားအဆင့် နည်းစနစ်နှင့် နှိုင်းယှဉ်၍ ရလောက်အောင် ကောင်းမွန်လှ၏။

ထိုနည်းစနစ်ကြောင့်ပင် လုံမိသားစုသည် လုံရန်မြို့၌ ကြီးမားလှသည့် မိသားစုကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ အားအင်အဆင့်သည် အဆင့်လေး (သို့မဟုတ်) အဆင့် ငါး ဂိုဏ်းတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။

ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကောင်းမွန်လှသည့် ကျင့်ကြံခြင်းနည်းစနစ်ကို အခြေပြု၍ ဂိုဏ်းများ ထူထောင်ထားကြသည်မှာ အများအပြားပင်ရှိသည်။ အကျော်ကြားဆုံးဂိုဏ်းမှာ ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်၏ အကြွင်းအကျန်ကို ရရှိ၍ တည်ထောင်ခဲ့သော ထိုက်ရွှမ်ရှန်းကျုံဂိုဏ်းပင်ဖြစ်တော့သည်။ ထိုဂိုဏ်းသည် အဆင့်တစ် ဂိုဏ်းတစ်ခုအဖြစ် တည်ရှိနေသည်။

လုံမိသားစု၏ ကျင့်ကြံခြင်းနည်းစနစ်သည် အလွန်ပင် အားကောင်းလှ၏။ ထို့ကြောင့်ပင် ကလန်၏ တိုက်ရိုက် မျိုးဆက်များရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှ၏။

လုံကျိရန်၏ ပါရမီမှာ ဆိုးရွားလှသည် မဟုတ်ပေ၊ သို့ပေမယ့် သူသည် မိသားစု၏ သိုင်းနည်းစနစ်များကို မလေ့ကျင့်နိုင်ခဲ့ချေ။ ထို့ကြောင့် အခြားသော ကျင့်ကြံခြင်းနည်းစနစ်များကိုသာ ရွေးချယ်၍ ကျင့်ကြံရ၏။ ထို့ကြောင့်ပဲ သူနှင့် ဝမ်းကွဲများ၏ ကွာခြားချက်မှာ အလွန်တရာပင် ကြီးမားသွားခြင်းပင် ဖြစ်တော့သည်။

မိသားစု၏ သိုင်းနည်းစနစ်များသည် အလွန်တရာအားကောင်းလှသည်ကို သူသိရှိပြီးဖြစ်၏။ ထို့ကြောင့် ပြိုင်ပွဲစတင်မည့်အချိန်မှာတော့ သူသည် ကြောက်လန့်နေမိ၏။ သူ့အနေနှင့် ဝမ်းကွဲများအား အနိုင်မယူနိုင် လျှင် သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သိက္ခာသည် ကျဆင်းပေလိမ့်မည်။

“ငါ့ဆီမှာ နှလုံးငြိမ်ဆေးရှိတယ်၊ ဒါကို သောက်ပြီးရင် မင်းစိုးရွံတော့မှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် သေးငယ်လှသော ပုလင်းလေး တစ်လုံးအား လှမ်းပစ်ပေးလိုက်သည်။

လုံကျိရန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်အား အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သောကြောင့် ပုလင်းအားဖွင့်၍ တစ်ခါတည်း မော့ချလိုက်တော့သည်။ အရသာက အနည်းငယ် ခါးသက်သက်ဖြစ်၏။

ရုတ်တရက်ဆိုသလိုပဲ အလွန်အားကောင်းလှသော အော်ရာများသည် လုံကျိရန်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ် လာတော့သည်။ ချက်ချင်းဆိုသလိုပဲ သူ၏အဆင့်သည် သိုင်းဆရာ အဆင့်လေး ဆီမှ အဆင့်ငါး သို့ တိုးတက် ရောက်ရှိ သွားခဲ့သည်။

မှန်ပေသည်။ လုံကျိရန် သောက်ခဲ့သည်မှာ ပင်ကိုယ်စွမ်းရည် တိုးတက်ခြင်းဆေးရည်ပင်ဖြစ်တော့သည်။

“ဂိုဏ်း …. ဂိုဏ်းချုပ်”

သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများနှင့် သူ၏အဆင့်တိုးတက်သွားမှုကို ခံစားကြည့်မိချိန်မှာတော့ လုံကျိရန်သည် ချက်ချင်းဆိုသလို မျက်လုံးပြူးသွားမိ၏။ သူပြောလိုက်မိသည်။ “ဒါ ဒါက ဘာတွေဖြစ်ကုန်တာလဲ”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

“မင်းစိုးရွံ့နေသေးလား”

လုံကျိရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ မရီဒန်ထဲတွင်တော့ အလွန်အမင်း အားကောင်းလှသော အားအင်များသည် စုဝေးလျက်ရှိနေပြီး သူ၏ အကြည့်များသည် စူးရှနေ၏။ “ကျွန်တော် လုံးဝမကြောက်တော့ဘူး၊ အခုအချိန်မှာ ထတောင် ကချင်နေသေးတယ်”

…....

“ကြောင်ကလေးလို ဘယ်လိုအော်မလဲ လေ့လာကြမယ်”

မနက်ခင်းစောစောစီးစီးမှာတော့ အလွန်တရာ လိုက်ဖက်ညီလှသော စည်းချက်နှင့် သီချင်းသံသည် လုံမိသားစု၏ အတွင်းခြံဝန်းထဲ၌ ပျံ့နှံ့ကာ ထွက်ပေါ်လျက်ရှိသည်။

ခြံဝင်းထဲမှာတော့ လျှိုဝမ်ရှစ်၊ ရောင်မုယဉ်တို့သည် အရှေ့၌ မတ်မတ်ရပ်လျက်ရှိပြီး ကြောင်တစ်ကောင်ကဲ့သို့ မည်သို့အော်ရမည်ဆိုသည်ကို သရုပ်ဖော်လျက်ရှိ၏။

အနောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် စည်းချက်ကျကျ ကခုန်လျက်ရှိကြသည်။ သူတို့သည် ဂိုဏ်းအတွင်း၌ ရှိသည်မဟုတ်သော်လည်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့သော မနက်ခင်းလေ့ကျင့်ခန်းများကိုတော့ ဘယ်တော့မှ လက်လွတ်မခံကြပေ။

“ဘာအသံလဲ”

စောစောစီးစီး နိုးထလာသော လုံမိသားစု၏ တိုက်ရိုက်တပည့်များသည် အသံကို ကြားချိန်မှာတော့ အပြင်သို့ ထွက်ကာ လာကြည့်ကြတော့သည်။ ခြံဝင်းတံခါးဖွင့်ထားသည်မှတဆင့် လှမ်းကြည့်လိုက်ချိန်မှာတော့ အားလုံး သည် ဆွံ့အသွားကြတော့သည်။

သံမဏိအရိုးဂိုဏ်းတပည့်များသည် အလွန်တရာ ထူးဆန်းသောပုံစံများဖြင့် ကခုန်လျက်ရှိကြသည်။

“ရှက်စရာပဲ၊ ဟိုတစ်ယောက်ဆို ယောကျ်ားကြီးတန်မဲ့ နှုတ်ခမ်းဆူနေသေးတယ်၊”

“အပြင်လူတွေသာမြင်ရင်တော့ ငါတို့ လုံမိသားစုရဲ့ သိက္ခာတော့ သွားပါပြီ”

လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် စိတ်ပျက်သွားကြတော့၏။ အရင်တုန်းကဆိုလျှင် ထိုကဲ့သို့ လူပေါင်းများစွာ ကြည့်ရှုခြင်းကို ခံရပါက တူညီသည့်မိသားစုတွင်းမှာရှိသည်ဆိုလျှင်ပင် လုံကျိရန်သည် ကျိန်းသေပေါက် ရှက်ရွံ့မိပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် ကခုန်ခြင်းကိုသာ အားရပါးရ ပြုလုပ်လျက် ရှိသည်။ ဤကဲ့သို့ ကခုန်ခြင်းလေ့ကျင့်ခန်းသည် တစ်စုံတစ်ယောက်၏ ခံစားချက်ကို ပိုမို ကောင်းမွန်စေသည်ကို သူ သိရှိပြီးဖြစ်၏။ ထိုအရာကို ပြုလုပ်ပြီးသည့်နောက်တွင် မပြုလုပ်ရလျှင် မနေနိုင်သည်အထိ စွဲလန်းမိနေတော့၏။ သီချင်းသံ ပြီးဆုံးသွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် မှော်စွမ်းအင်ဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်အား ပိတ်ထားလိုက်သည်။

“သွားကြစို့”

သူသည် အင်္ကျီလက်ကို ယမ်းခါပြီးပြောလိုက်သည်။ သူ၏တပည့်များသည် သူ့နောက်မှ လိုက်ပါလာပြီး လုံမိသားစု တိုက်ရိုက်မျိုးဆက်များ၏ အကြည့်အောက်မှ အပြင်ဘက်ခြံဝင်းဆီသို့ ထွက်ခွာသွားတော့သည်။

ယနေ့သည် လုံမိသားစု၏ မိသားစု သိုင်းပြိုင်ပွဲစတင်မည်ဖြစ်တော့သည်။ ကောင်းကင်ကြီးတစ်ခုလုံး တောက်ပလျက်ရှိ၏။

များပြားလှသော တိုက်ရိုက်တပည့်များအားလုံးသည် တိုက်ခိုက်ရေးတည်နေရာတွင် စုစည်းလျက် ရှိကြသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ဦးဆောင်ကာ လျှောက်လာချိန်မှာတော့ အားလုံးသည် သူတို့အား စူးစိုက်၍ ကြည့်နေကြတော့သည်။

“နောက်ကလိုက်လာတဲ့ တပည့်တွေက သံမဏိအရိုးဂိုဏ်း တပည့်တွေ ဖြစ်လိမ့်မယ်၊ ဒီထဲမှ ဘာလို့ အသက် ၆ နှစ်၊ ၇နှစ်လောက်ရှိတဲ့ ကလေးတွေတောင် ပါနေတာလဲ”

“ပုံစံတွေကတော့ ဘာမှထူးခြားတာမဟုတ်ဘူး၊ ဒါပေမဲ့ နတ်စမ်းချောင်းဂိုဏ်းကို ပွဲခုနှစ်ဆယ်ကျော်အထိ အနိုင် ရရှိနိုင်တယ်ဆိုတာ မယုံကြည်နိုင်စရာဘဲ”

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များ ရောက်ရှိလာချိန်မှာတော့ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များ အားလုံးသည် ပြင်းပြင်းထန်ထန် ဆွေးနွေးနေမိကြသည်။

“ညီငယ်လေး ကျိရန်”

ထိုအချိန်မှာတော့ သာမန်ထက်ပိုသော အသွင်အပြင်ရှိသည့် လူငယ်လေးတစ်ယောက်သည် ပြုံးကာဖြင့် လမ်းလျှောက်လာပြီး အသာနှုတ်ဆက်၏။ လုံ

ကျိရန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ဒုတိယဝမ်းကွဲအကို”

ဒုတိယဝမ်းကွဲအကိုဖြစ်သော လုံကျိရှန်းသည် သူ၏အရှေ့ဆီသို့ လမ်းလျှောက်လာပြီးနောက် ဤသို့ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းထဲဝင်ပြီးတဲ့အချိန်မှာ မိသားစုသိုင်းပြိုင်ပွဲကို လာပြိုင်တယ်ပေါ့၊ မင်းက အခု တော်တော်ကြီးကို အလားအလာရှိတဲ့ တပည့်လေးတစ်ယောက်ဖြစ်နေပြီ၊ ဒါပေမဲ့ “

သူသည် သွားဖြီးကာပြောလိုက်သည်။ “သိုင်းပြိုင်ပွဲစပြီဆိုရင် ငါနဲ့မတွေ့စေနဲ့၊ မဟုတ်ရင် မင်းရဲ့ခေါင်းကို လက်တွေနဲ့ကာပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင် မှာ လျှောက်ပြေးနေရတဲ့ပုံစံမျိုး ထပ်ဖြစ်နေရဦးမယ်”

လုံကျိရန်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားတော့သည်။ ဘေးတစ်ဖက်တွင် ရှိနေသော စုရှောင်မိုသည် လုံကျိရှန်း၏ အပြုံးကို မြင်ချိန်မှာတော့ ထ၍ ကန်ချင်စိတ်ကို မနည်းပင် ထိန်းသိမ်းထားရ၏။

“စိတ်ကို ငြိမ်ငြိမ်ထား၊ စိတ်ကို ငြိမ်ငြိမ်ထား၊ ဒီနေ့ စင်မြင့်က ဂျူနီယာညီလေးအတွက်ပဲလို့ ဂိုဏ်းချုပ်က မှာထားတယ်၊ ငါဝင်ပြီးတော့ နေရာယူလို့ မဖြစ်ဘူး”

All Chapters