အခန်း (၃၉၄)
Vol. 27 Ch. 394
လုံမိသားစု၏ မိသားစု သိုင်းပြိုင်ပွဲသည် သံမဏိအရိုးဂိုဏ်း၏ သိုင်းပြိုင်ပွဲကဲ့သို့ပင် ဆင်တူ၏။ အဆင့်များကိုခွဲခြား ထားပြီး တူညီသည့်အဆင့်ရှိသူများသည်သာ တိုက်ခိုက်ကြ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် တခြားသော တစ်စုံတစ်ယောက်အား စိန်ခေါ်မှုကို ပြုလုပ်နိုင်စွမ်း ရှိကြသည်။
လွန်ခဲ့သည့်နှစ်တုန်းက လုံကျိရန်သည် အိမ်မှ ထွက်မပြေးခင်အချိန်တုန်းက မိသားစုသိုင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရ၏။ သူသည် ကံဆိုးစွာဖြင့် ညစ်ပတ်လှသော ဝမ်းကွဲများ၏ စိန်ခေါ်မှုကို ခံခဲ့ရ၏။ ငြင်းပယ်ခွင့် မရှိသောကြောင့် အားလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရ၏။ အားလုံးသည် သူ့အား ပက်ပက်စက်စက် ရိုက်နှက်ခဲ့ကြသည်။
ထိုအချိန်က အားအင်အဆင့်ရဆိုလျှင် သူသည် ဝမ်းကွဲများထက် ပိုမို၍ ကောင်းမွန်၏။ သို့ပေမဲ့ သူသည် မည်သို့သော သိုင်းနည်းစနစ်ကိုမှ လေ့ကျင့်ခဲ့ရသည်မဟုတ်သောကြောင့် ဆိုးဆိုးရွားရွား အခြေအနေအထိ ရောက်ရှိအောင် အရိုက်အနှက်ခံခဲ့ရ၏။
အထူးသဖြင့် သူ၏ ဒုတိယဝမ်းကွဲအကို၏ စိန်ခေါ်မှုကို ခံရချိန်မှာတော့ ခေါင်းကို လက်ဖြင့်ကာကာ ကွင်းထဲတွင် ပတ်ကာပြေးနေမိ၏။ ထို့ကြောင့်ပင် လုံပိုထျန်းသည် အလွန်တရာ ဒေါသထွက်ခဲ့ရသည်။ သိုင်းပြိုင်ပွဲ ပြီးသည့်နောက်မှာတော့ သူသည် ထပ်မံ၍ပင် ရိုက်နှက်ခံခဲ့ရသေးသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းပညာရှင်အဆင့်များ၏ အားအင်အဆင့်သည်က အဓိကမဟုတ်ပေ၊ ပြင်ပပစ္စည်းများ၏ အသုံးပြုမှုကလည်း အရေးကြီးနေသေးသည်။ ဥပမာအားဖြင့် သိုင်းနည်းစနစ်၊ လက်နက်နှင့် ရတနာများပင်ဖြစ်သည်။
အဆင့်ငါး (သို့မဟုတ်) အဆင့်ခြောက် မရီဒန်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် သိုင်းစွမ်းရည်၊ နည်းစနစ်နှင့် ကောင်းမွန်သည့်လက်နက်သာရှိသည်ဆိုပါက မရီဒန်ဖွင့်ခြင်း အဆင့်ဆယ့်တစ် (သို့မဟုတ်) အဆင့် ဆယ့်နှစ် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိ၏။
ဥပမာဆိုရလျှင် ကျွင်းချောင်ရှောင်းကိုပင် ပြရမည်။ သူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးသည့်နောက်တွင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့၏ လူသစ်စုဆောင်းပွဲသို့ သွားအေအေးဓားကို အားကိုးပြီး သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ၏ လက်ကိုပင် ဖြတ်တောက်နိုင်ခဲ့သည်။
သူသည် ဝေရင်နုထက် အားကောင်းလှသူ မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့် ကွာခြားနေသည်ဆိုလျှင်တောင်မှ သူသည် လက်နက်ကိုအသုံးပြု၍ တစ်ဖက်လူအား ဒဏ်ရာ ရရှိအောင် လုပ်နိုင်ခဲ့၏။
ထို့ကြောင့်ပင် လုံကျိရန်သည် သင့်တော်သည့် သိုင်းနည်းစနစ် မရှိသောကြောင့် မိသားစုကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံကြသော သူ၏ ဝမ်းကွဲညီငယ်လေးများ၏ တိုက်ခိုက်မှုကို မည်သို့မျှ မခံနိုင်ခဲ့ချေ။
ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံရ၏။ ထို့ကြောင့်ပင် သူသည် အိမ်မှထွက်ပြေးလာပြီး ဆရာ တစ်ယောက်ယောက်ကို ရှာဖွေခဲ့ခြင်းပင်ဖြစ်တော့သည်။
“ဒုတိယဝမ်းကွဲအကို”
သူသည် ဂုဏ်ယူစွာပြောလိုက်သည်။ “ကျုပ်က လွန်ခဲ့တဲ့တစ်နှစ်က ကျုပ် မဟုတ်တော့ဘူး”
ဤဝမ်းကွဲအကိုသည် လုံကျိရန်အတွက် ဖယ်ရှားမရနိုင်သော တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်ခဲ့သူပင်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ့အကိုသည် သာမန်တစ်ယောက်လိုဖြစ်သည်ဟုသာ သူထင်မှတ်နေမိ၏။
“ဟုတ်ရဲ့လား”
လုံကျိရှန်းသည် ပြုံးကာလှည့်ထွက်သွားသည်။ မသွားခင်မှာ သူသည် စကားတစ်ခွန်းပြောခဲ့သေး၏။ “သိုင်းပြိုင်ပွဲစပြီဆိုရင် ငါ့ကို မျက်စိပွင့် နားပွင့်ဖြစ်အောင် အစွမ်းအစပြပါ”
“မျက်စိပွင့် နားပွင့် ဖြစ်တာထက် ပိုမယ်လို့ ထင်တယ်”
လုံကျိရန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်ထဲ၌ ကြုံးဝါးလိုက်၏။ “ခင်ဗျားတို့တစ်သက်လုံး လုံးဝမမေ့သွားအောင် ကျုပ်လုပ်ပြမယ်”
.....
သံမဏိအရိုးဂိုဏ်းသည် လုံမိသားစုတိုက်ရိုက်မျိုးဆက်များ၏ အာရုံစူးစိုက်စရာတစ်ခု ဖြစ်လာခဲ့သည်။ လုံကျိရန်သည်လည်း သူတို့ဆွေးနွေးခဲ့သမျှ အကြောင်းအရာများထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိနေ၏။
အရင်တုန်းက သူ့အား အနိုင်ကျင့်ခဲ့သော တိုက်ရိုက်မျိုးဆက် တော်တော်များများတို့သည် လုံကျိရန်တစ်ယောက် အလွန်တရာ အားကောင်းလာသောကြောင့် ပြန်ရောက်လာခြင်းဖြစ်လိမ့်မည်ဟု မထင်မှတ်ကြချေ။
သို့ပေမဲ့ တချို့သောသူများ ရရှိထားသည့် သတင်းအရဆိုလျှင် လုံကျိရန်သည် နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်ကိုပင် အနိုင်ယူခဲ့သည်ဟု ကြားသိခဲ့ရ၏။
“ညီငယ်လေးကျိရန်မရှိတော့ ငါတို့ ပျော်စရာမရှိဘူးလို့တောင် ထင်မှတ်ထားတာ၊ အခု သူပြန်လာပြီဆိုတော့ ပျော်စရာပဲ”
“သူ့ကို ဂိုဏ်းချုပ်က ဘယ်အဆင့်မှာ ထားမလဲဆိုတာ သိချင်လိုက်တာ”
“သာမန်အုပ်စုထဲမှာပဲ ရောက်မယ်နဲ့တူတယ်”
“ဒီလိုဆိုရင် ငါတို့အားလုံးပြီးတဲ့အထိ စောင့်ပြီးတော့မှ သူ့ကို စိန်ခေါ်ပြီး ရိုက်ကြတာပေါ့”
လုံမိသားစု၏ တိုက်ရိုက်တပည့်များအားလုံးသည် ဆွေးနွေးနေစဉ်မှာပဲ သူတို့အားလုံးသည် လုံကျိရန်အား လှောင်ပြောင်သည့်အပြုံးနှင့် ကြည့်ရန် မမေ့လျော့ကြချေ။
“ဂျူနီယာညီလေး”
စုရှောင်မိုသည် တီးတိုးပြောလိုက်သည်။ “မင်းဘဝတော့ တော်တော်ဆိုးဆိုးပဲ” ...
လုံကျိရန်၏ မျက်လုံးများသည် ဒေါသများနှင့် ပြည့်နှက်သွား၏။ “ပြိုင်ပွဲစပြီဆိုရင် သူတို့အားလုံးကို မရယ်နိုင်အောင် လုပ်ပြမယ်”
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ လုံပိုထျန်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာသည်။ ပြီးနောက်သူသည် ကျွင်းချောင်ရှောင်းဆီသို့ လက်သီးနှစ်ဖက်ဆုပ်ကာ ဂါဝရပြုရင်း အလွန်တရာကောင်းမွန် လှသော မြင်ကွင်းကိုမြင်ရနိုင်သည့်နေရာတွင် နေရာချထားပေးလိုက်သည်။
“ဂျူနီယာညီလေး .. အကောင်းဆုံးလုပ်ပါ”
“ဂျူနီယာညီလေး … မင်းကလုံမိသားစု တိုက်ရိုက်မျိုးဆက်တွေထဲမှာ အားအကောင်းဆုံးလူပဲ”
“ဂျူနီယာညီလေး … ငါတို့ကို စိတ်မပျက်စေနဲ့”
အားလုံးသည် ပွဲကြည်စင်ဆီသို့ သွားရောက်ချိန်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူအားလုံးတို့သည် သူတို့၏ ဂျူနီယာညီလေးအား အားပေးခဲ့ကြသည်။
သို့ပေမဲ့ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်ထဲတွင် အားအကောင်းဆုံးဆိုသောစကားကို ကြားရချိန်မှာတော့ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံး၏ အထင်အမြင်သေးသည့် အကြည့်များသည် သူတို့ဆီသို့ ရောက်ရှိလာခဲ့၏။
နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် သိုင်းပြိုင်ပွဲဖြစ်သည်မို့ တိုက်ရိုက်မျိုးဆက်များအားလုံးသည် စည်းမျဉ်းများကို သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် လုံပိုထျန်းသည် အချိန်ကုန်ခံ၍ သေချာရှင်းပြမနေတော့ပေ။ တပည့်များ၏ သတ်မှတ်ထားသည့်အဆင့်များအား တစ်ခါတည်း ကြေညာတော့သည်။
စုစုပေါင်းအဖွဲ့ သုံးဖွဲ့ရှိပြီး အားအကောင်းဆုံးအဖွဲ့၊ အလယ်အလတ်အဖွဲ့နှင့် သာမန်အဖွဲ့ဟူ၍ ဖြစ်သည်။
“လုံကျိဟယ် - အလယ်အလတ်အဖွဲ့”
“လုံကျိမင် - သာမန်အဖွဲ့”
“လုံကျိရှန်း - အားအကောင်းဆုံးအဖွဲ့”
...
လုံကျိရန် - အားအကောင်းဆုံးအဖွဲ့”
“အမ်”
တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ ငြိမ်သက်သွားကြ၏။ လုံမိသားစု တိုက်ရိုက်မျိုးဆက်များအားလုံးသည် မယုံကြည်နိုင်သလို ဖြစ်နေကြသည်။ သူတို့ နားကြားလွဲနေသလား၊ လုံကျိရန်သည် အားအကောင်းဆုံးအဖွဲ့ထဲသို့ ရောက်ရှိနေ၏။ မည်ကဲ့သို့သော ဟာသနည်း။
လွန်ခဲ့တဲ့နှစ်တုန်းက သာမန်အဖွဲ့တွင် ဝင်ရောက်ခဲ့ရသောလူသည် အဘယ်ကြောင့် အားအကောင်းဆုံးအဖွဲ့ဆီသို့ ရောက်ရှိသွားရသနည်း။ အိမ်က ထွက်ပြေးသွားခဲ့သည်မှာ တစ်နှစ်အထိ ကြာမြင့်သွားပြီဖြစ်သောကြောင့် အရိုက်မခံရလျှင် မနေနိုင်သည့်ရောဂါ စွဲကပ်လာတာပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်သာ ၎င်းကို အားအကောင်းဆုံးအဖွဲ့ဆီသို့ ပို့ဆောင်ပေးရန် မွေးသဖခင်ဆီ အပူကပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လုံမိသားစု၏ အကြီးအကဲများအားလုံးသည်လည်း ဆွံ့အနေကြ၏။
သံမဏိအရိုးဂိုဏ်းချုပ်သည် တပည့်များအား သင်ပြပေးသည့်နေရာတွင် အလွန်တော်လှသူဖြစ်သည်။ သို့ပေမဲ့ မရီဒန်ဖွင့်ခြင်းအဆင့် ၁၀ သာရှိသော အရူးအမှိုက်ကောင်အား အချိန်တိုတစ်ခုအတွင်း မည်မျှအားကောင်းသည့် အခြေအနေတစ်ခုဖြစ်အောင် သင်ကြားပြသပေးနိုင်မည်နည်း။
လုံကျိရန်သည် သူ၏ကျောအား ခပ်မတ်မတ်ထားလိုက်၏။ သူသည် အားအကောင်းဆုံးသောအဖွဲ့ထဲတွင် ဝင်ရောက် ယှဉ်ပြိုင်ချင်ကြောင်း သူ့အဖေအား အပူကပ်ခဲ့ခြင်းပင်ဖြစ်တော့၏။ ဤနေရာသို့ ရောက်ရှိလာသည် ဆိုမှတော့ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်ထဲ အားအကောင်းဆုံးသောအဖွဲ့ထဲသို့ ဝင်ရောက်၍ တိုက်ခိုက်မှသာ ဖြစ်ပေလိမ့်မည်။ ထိုမှသာ သူ၏အားအင်အဆင့်ကို သက်သေပြနိုင်ပေလိမ့်မည်။
“ဝမ်းကွဲတို့”
လုံကျိရန်၏ မျက်လုံးများသည် တိုက်ခိုက်လိုသည့်ဆန္ဒတွေနှင့် ပြည့်နှက်နေ၏။ ပြီးနောက်ပြောလိုက်သည်။ “အားလုံး နာဖို့သာ ပြင်ထားပေတော့”
အဖွဲ့များ ခွဲပြီးသည့်နောက်မှာတော့ သိုင်းပြိုင်ပွဲသည် စတင်ခဲ့ပြီဖြစ်သည်။ သာမန်အဖွဲ့သည် ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဤအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော တိုက်ရိုက်မျိုးဆက်များအားလုံးမှာ စွမ်းအင်ဖွင့်ခြင်းအဆင့်သာ ရှိကြ၏။ ထို့ကြောင့် တိုက်ပွဲသည် ကြည့်ရှုရန် အလွန်တရာ ပျင်းစရာကောင်းလှ၏။
လုံကျိရန်နှင့် တခြားသူများအားလုံးသည် ထိုင်ခုံပေါ်တွင်ထိုင်လျက် ငိုက်သည့်သူက ငိုက်လျက်ရှိနေကြ၏။
တခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိုက်ပွဲအား သေသေချာချာ ကြည့်ရှုလျက်ရှိ၏။ သူသည် တိုက်ခိုက်ရေးပွဲများကို အဓိကထား ကြည့်ရှုခြင်းမဟုတ်၊ တိုက်ရိုက်မျိုးဆက်များ၏ အားအင်အဆင့်ကို ကြည့်ရှု နေခြင်းပင်ဖြစ်သည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် အဆင့်လေး (သို့မဟုတ်) အဆင့်ငါး ဂိုဏ်းများနှင့်နှိုင်းယှဉ်၍ ရသော မိသားစုကြီး တစ်ခုဖြစ်သည်မို့ မရီဒန်ဖွင့်ခြင်း အဆင့် တစ်ဆယ် ကျင့်ကြံသူတစ်ယောက်သည်လျှင်ပင် အလွန်တရာ အားကောင်းသော နားလည်မှုနှင့် တိုက်ခိုက်နိုင်စွမ်းများရှိနေကြ၏။ မဆိုးလှချေ။
“ဒါက အခြေခံဆိုတာပဲ”
ကျွင်းချောင်ရှောင်းတွေးလိုက်မိသည်။ နှစ်နာရီလောက် တိုက်ခိုက်ပြီးသည့်နောက်မှာပင် မရီဒန်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် တပည့်တစ်ယောက်သည် သာမန်အဖွဲ့၏ ပထမဆုကို ရရှိခဲ့တော့သည်။
နောက်ထပ်ယှဉ်ပြိုင်သည်မှာတော့ အလယ်အလတ်အဖွဲ့ပင်ဖြစ်တော့သည်။ ဤအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြသော လုံမိသားစု၏ တိုက်ရိုက်တပည့်များအားလုံးသည် သိုင်းတပည့်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တချို့ဆိုလျှင် သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများတောင် ပါဝင်လေ၏။
ကျွင်းချောင်ရှောင်း သည် သက်ပြင်းချလိုက်၏။ “မိသားစုကြီးဆိုတာ တကယ့်ကို မိသားစုကြီးတစ်ခုပဲ”
အလယ်အလတ်အဖွဲ့၏ အားအင်အဆင့်မှာတော့ ပိုမို၍ မြင့်မားလာသည်။ တိုက်ခိုက်မှု များကလည်း စိတ်လှုပ်ရှားစရာကောင်းနေ၏။ ထို့ကြောင့် လီချင်းယန်နှင့် တခြားသူများသည် စိတ်ဝင်တစားနှင့် ကြည့်ရှု လာနေကြ၏။ တစ်ခါတစ်ရံဆိုလျှင် သူတို့၏ ဂျူနီယာညီလေးများနှင့် လုံမိသားစု၏ တိုက်ရိုက်တပည့်များအား နှိုင်းယှဉ်၍ စဉ်းစားနေမိကြသည်။
အဆုံးသတ်မှာတော့ တကယ်တမ်း စဉ်းစားရမည်ဆိုလျှင် သူတို့ဂိုဏ်း၏ အပြင်စည်းတပည့်များကို ခေါ်ဆောင်၍ တိုက်ခိုက်ခိုင်းမည်ဆိုလျှင်ပင် လုံမိသားစု၏ တိုက်ရိုက်တပည့်များအားလုံးသည် မြေပေါ်တွင်လဲကျ၍ အသက်ကို မနည်းရှုနေရမှာ သေချာသည်။
တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ အလယ်အလတ်အဖွဲ့၏ တိုက်ခိုက်ပွဲများသည် ပြီးဆုံးသွားပြီဖြစ်ပြီး သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်သည် ပထမဆုကို ရရှိခဲ့၏။
ဤတစ်ကြိမ် အလှည့်ကျသည်မှာတော့ အားအကောင်းဆုံးအဖွဲ့၏ တိုက်ခိုက်ပွဲပင်ဖြစ်ပေတော့၏။ ဤအဆင့်သို့ ရောက်ရှိရန်အတွက် လုံမိသားစု၏ တိုက်ရိုက်တပည့်များထဲတွင် အားအနည်းဆုံးမှာ သိုင်းဆရာအဆင့် ဖြစ်ရမည်ဖြစ်သည်။
“လုံကျိရန် … လုံကျီစုန့်”
လုံပိုထျန်းသည် ပထမတိုက်ပွဲအား ကြေညာလိုက်တော့သည်။
လီချင်းယန်နှင့် တခြားသူများအားလုံးတို့သည် စိတ်အားတက်ကြွသွားကြသည်။ သို့ပေမဲ့ လုံကျီစုန့်ဟုခေါ်သော လုံမိသားစု၏ တိုက်ရိုက်တပည့်သည် စင်မြင့်ပေါ်သို့ တက်လာပြီးထုတ်ဖော်လိုက်သော အားအင်အဆင့်သည် သိုင်းဆရာ အဆင့်နှစ် (သို့မဟုတ်) အဆင့်သုံး သာရှိသည်ကို မြင်လိုက်ချိန်တွင် သူတို့အားလုံးသည် စိတ်မဝင်စားကြတော့ချေ။
“ချီးတဲ့မှ”
သူတို့၏ ဂျူနီယာညီလေးအတွက် ပိုမိုကောင်းမွန်သော ယှဉ်ပြိုင်ဘက်တစ်ခုကို ရှာဖွေမပေးနိုင်ဘူးလား။
လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များကတော့ နှာခေါင်းရှုံ့နေလိုက်ကြပြီး သူတို့သည် ပထမဦဆုံးပွဲမှာပဲ လုံကျိရန် တစ်ယောက် ဆိုးဆိုးရွားရွားရိုက်နှက်ခြင်းခံရမည်ကို သိရှိနေကြသည် မဟုတ်လား။
“ညီငယ်လေးကျိရန်”
လုံကျီစုန့်သည် ရယ်မောလိုက်၏။ “သာမန်အဖွဲ့ထဲကို မသွားဘဲနဲ့ အားအကောင်းဆုံးအဖွဲ့ထဲကို လာရတယ်လို့၊ လွန်ခဲ့တဲ့နှစ်တုန်းကလို ငါ့ရဲ့အရိုက်ကို ခံချင်တာပဲ ဖြစ်ရမယ်”
စင်မြင့်ပေါ်သို့ လျှောက်တက်လာသော လုံကျိရန်သည် မည်သည့်စကားကိုမျှ မဆိုချေ။
“စမယ်” လုံမိသားစု၏ အကြီးအကဲက အော်ဟစ်လိုက်သည်။
ရွီး
လုံကျိရန်သည် လုံမိသားစု၏ လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြစ်သော နဂါးရေကူးခြေလှမ်းကွက်ကို အသုံးပြု၍ စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်ကာ အနားသို့ ရောက်ရှိလာခဲ့သည်။ ပြီးနောက် လေဟာနယ်ထဲမှာတော့ လက်ဝါး ရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တော့၏။
ဖောင်း …။
အလွန်တရာ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာကြသည်၊ ပြီးနောက် လုံကျီစုန့်သည် လေထဲတွင် ၁၆၀ ဒီဂရီလှည့်ပတ်ပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်ဆီသို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်ကို အားလုံး မြင်မိလိုက်ကြ၏။ ၎င်း၏ မျက်နှာပေါ်တွင်တော့ နီရဲနေသည့် လက်ဝါးရာတစ်ခု တည်ရှိနေသည်။
“ကောင်းလိုက်တာ”
စုရှောင်မို၊ လီဖေးနှင့် ထျန်းချီတို့အားလုံးသည် လက်ခုပ်တီးကာ အားပေးလိုက်ကြ၏။
လုံကျိရန်တစ်ယောက် သူတို့ဝမ်းကွဲ၏ ရိုက်နှက်မှုကို အားရပါးရ ခံရလိမ့်မည်ဟု ထင်မှတ်နေကြသော လုံမိသားစု၏ တိုက်ရိုက်တပည့်များ အားလုံးသည် ဆွံ့အသွားကြသည်။
သူတို့ အသိပြန်ဝင်လာချိန်မှာတော့ လုံကျိရန်သည် စင်မြင့်ပေါ်မှ အသာလျှောက်၍ ဆင်းသွားခဲ့ပြီးဖြစ်တော့သည်။
ပြိုင်ပွဲကို စတင်တော့မည်ဟု အော်လိုက်သော အကြီးအကဲ၏ နှုတ်ခမ်းထောင့်များသည် တစ်ဆတ်ဆတ် တုန်ရင်လျက်ရှိတော့သည်။ သူစတင်၍ ကြေညာလိုက်သည်မှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။
“ဟမ့်”
လုံကျိရှန်း သည် စင်မြင့်ပေါ်မှ ဆင်းသက်လာသော လုံကျိရန်အား လက်ပိုက်၍ စူးစိုက်ကာ ကြည့်နေသည်။ ပြီးနောက် စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “ငါ့ဝမ်းကွဲလေးကတော့ ဒီတစ်ကြိမ် အိမ်ပြန်လာတဲ့အချိန်မှာ တော်တော်တိုးတက်လာခဲ့တာပဲ”