← Chapters

အခန်း (၃၉၈)

Vol. 27 Ch. 398

အခန်း (၃၉၈)

Vol. 27 Ch. 398

လုံကျိရန်သည် သူ၏လက်သီးကို မြှောက်၍ ထိုးနှက်လိုက်သည့်အခါမှာတော့ လုံမိသားစုတွင်ရှိသော အကြီးအကဲ များအားလုံးသည် တပြိုင်နက်တည်း မတ်တပ်ထ၍ ရပ်လိုက်မိကြသည်။ သူတို့၏ မျက်လုံးထဲမှာတော့ အလွန်တရာ ထိတ်လန့်တုန်လှုပ်သော အမူအရာများနှင့် ပြည့်နှက်လို့နေ၏။

ဤအရှိန်အဝါ၊ ဤအားအင် ထိုအရာများသည် ကျိန်းသေပေါက် လုံကျိရွှမ်၏ ဘုံကိုးပါးနဂါးအော်သံထက် မည်သို့မျှ အားမနည်းချေ။

လုံပိုထျန်း၏ အမူအရာမှာ ပို၍ လေးနက်လာ၏။ သူ၏မျက်နှာတွင်ရှိသော ကြွက်သားများ အားလုံးသည် တောင့်တင်းသွား၏။ သူ့သားသည် အဆင့်ငါး သိုင်းဆရာတစ်ယောက် ဖြစ်နေရုံတင်မကဘဲ လုံကျိရွှမ် နှင့် နှိုင်းယှဉ်၍ ရသည့်အားအင်များကို ထုတ်ဖော်လျက်ရှိသည်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။

ဘေးတစ်ဘက်တွင် ထိုင်နေသော ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ တည်ငြိမ်သည့် အမူအရာမျိုးနှင့် တည်ရှိနေသည်။ လုံကျိရွှမ်သည် အလွန်တရာ အားကောင်းလွန်းလှ၏၊ ထိုအရာကို သူမငြင်းပယ်ပေ။ သူခေါ်ယူ လာခဲ့သောတပည့်များထဲတွင် လုချင်းချင်းနှင့် ရီချင်းရှန်တို့သာလျှင် ထိုကောင်လေးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။

သို့ပေမဲ့ ထိုသို့သောအခြေအနေတွင် လုံကျိရန်သည် အခြေအနေတစ်ခုလုံးအား ပြောင်းပြန်လှန်နိုင်သည့် အခွင့် အရေးမျိုး ရှိနေသေး၏။ ဤပွဲကို အနိုင်ယူချင်သည်ဆိုလျှင် သူပေးထားခဲ့သော အားအင်တိုးတက်ခြင်းအဆောင် အား အသုံးပြုလိုက်ရန်သာရှိ၏။

စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး တိုးတက်လာပြီးသည့်နောက်မှာတော့ လုံကျိရန်သည် အဆင့်ငါး သိုင်းဆရာ အဆင့်သို့ တိုးမြှင့်ရောက်ရှိနေပြီဖြစ်သည်။ သူ၏ မူလအားအင်သည် ဂျင် ၈၀၀၀၀ ခန့်ရှိပြီး ယခုအချိန်တွင် နှစ်ဆ တိုးသွားပြီဖြစ်သောကြောင့် သူနှင့် လုံကျိရွှမ်တို့ကြား ခြားနားချက်မှာ သိပ်မရှိတော့ချေ။

“တိုက်ခိုက်လိုက်စမ်း ငါ့တပည့်”

ဘုန်း

အလွန်တရာအားအင်ပြင်းထန်လှသော လက်သီးချက်များသည် နဂါးသားရဲကြီးဆီသို့ ကျဆင်းသွားတော့သည်။

လုံကျိရွှမ်သည် အနောက်သို့ တစ်ခါတည်း ဆုတ်ခွာသွားရ၏။ သူ၏ ခံစားချက်မဲ့နေသော မျက်နှာပေါ်တွင်တောင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံးသည်လည်း ဆူပွက်လျက် ရှိပြီး အပြင်ဘက်သို့ အန်မထွက်မိအောင် မနည်းထိမ်းထားလိုက်ရ၏။

အလွန်ပြင်းထန်သော အားအင်များကြောင့် သူ၏ တိုက်ခိုက်ချက်သည် ကျိုးပျက်သွားရုံသာမက သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင်လည်း ဒဏ်ရာများ ရရှိသွားတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကျွင်းချောင်ရှောင်းသည် ကောင်းကင်နီဓားကွက်ကို အသုံးပြု၍ ဒုတိယ အကြီးအကဲ၏ ဘုံကိုးပါးနဂါးအော်သံအား ချိုးဖြတ်ခဲ့ဖူး၏။

ရွီး

လုံကျိရန်သည် အလွတ်မပေးချေ။ တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ ထွက်လာခဲ့၏။ သူ၏ မျက်လုံးများသည် အလွန်တရာကြီးမားလှသော တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အလွန်တရာ ကြမ်းတမ်းလှသော ကျားရဲတစ်ကောင်ကဲ့သို့ ရိုင်းစိုင်း ကြမ်းတမ်းစွာဖြင့် တိုက်ခိုက် လျက်ရှိနေတော့သည်။

“လခြမ်းဓားကွက်၊ လခြမ်းဓားကွက်”

ဆွစ် … ဆွစ်….။

ချက်ချင်းဆိုသလိုပဲ လခြမ်းပုံသဏ္ဍာန် အလင်းတန်းများအားလုံးသည် ဖြစ်တည်လာပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။

နဂါးအော်သံသည် အလွန်တရာအားကောင်းလွန်းသည်လား။

ထိုသို့ဆိုလျှင် စိတ်ဝိညာဉ် အမျိုးအစားတိုက်ခိုက်ရေးနည်းစနစ်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း ဆိုသည်ကို သူဒီနေ့ ပြသရပေလိမ့် မည်။

အနှောက်အယှက် အတားအဆီးများ မရှိပါက လုံကျိရွှမ်သည် နဂါးရေကူးခြေလှမ်းကွက်ကို အသုံးပြု၍ ဤအရာ အားလုံးကို ကျိန်းသေပေါက် ရှောင်ရှားနိုင်ပေလိမ့်မည်။

ဘုန်း ဘုန်း ဘုန်း

လခြမ်းအလင်းဓားများအားလုံးသည် အမြှောက်များကဲ့သို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာတော့သည်။ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။ လုံမိသားစု၏ တိုက်ရိုက် မျိုးဆက်များအားလုံးသည် ဆွံ့အသွားကြသည်။

ဤအဆင့်တိုက်ပွဲသည် ကျိန်းသေပေါက် အားအကောင်းဆုံးအဖွဲ့၏ အရင်တိုက်ပွဲများထက် ပိုမို၍ ကြမ်းတမ်းကာ အားကောင်းလွန်းနေ၏။

ရွီး

လုံကျိရွှမ်သည် ဤမျှ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းလျက်ရှိသောမြူများ ကြားထဲမှ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်လျက်ရှိပြီး သူသည် လုံမိသားစု၏ သိုင်းနည်းစနစ်ကို ထပ်မံ၍ ထုတ်ဖော်လိုက်တော့သည်။

“နဂါးလေလှိုင်းလက်သီး၊ နဂါးလက်ဝါး”

သူသိသမျှ သိုင်းနည်းစနစ်များကို ထုတ်ဖော်၍ အသုံးပြုလျက်ရှိနေသည်။

လုံကျိရန်မှာတော့ သူ၏ သံမဏိ အရိုးဂိုဏ်း သိုင်းနည်းစနစ်များကို အမှီပြု၍ ဆက်လက် တိုက်ခိုက်လျက်ရှိနေသည်။ နှစ်ယောက်သားသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် ကြမ်းတမ်းသော တိုက်ပွဲကို အချင်းချင်း ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်လျက် ရှိနေကြသည်။

ဘန်း ဘန်း ဘန်း

အချိန်တိုအတွင်းမှာပဲ သူတို့နှစ်ယောက်သည် တိုက်ကွက်တော်တော်များများကို တိုက်ခိုက်ပြီး ဖြစ်နေကြသည်။ တိုက်ခိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး တည်နေရာတစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းလာတော့သည်။ တိုက်ပွဲသည် စိတ်လှုပ်ရှားစရာကောင်းရုံတင်မဟုတ် အလွန်တရာ စိတ်ကျေနပ်စရာကောင်းသော ရလဒ်မျိုး ကိုလည်း ပေးစွမ်းလျက်ရှိသည်။

ဘုန်း

နောက်ထပ် တိုက်ခိုက်မှုအနည်းငယ်ကို ယှဉ်ပြိုင်တိုက်ခိုက်မှုပြီးချိန်မှာတော့ လုံကျိရွှမ်သည် အသာစီးမရခဲ့ပေ။ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ၏ အမူအရာများအားလုံးသည် ပိုမို၍ လေးနက်လာတော့ သည်။

သူသည် လုံမိသားစု၏ တိုက်ခိုက်ရေးနည်းစနစ်အမျိုးအစားများကို တော်တော်များများ ကျွမ်းကျင်သည် ဆိုသော်လည်း လုံကျိရန်၏ အားအင်အဆင့်မှာ တော်တော်လေး အားကောင်းနေ၏။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သူကျိန်းသေပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။ လုံကျိရွမ်သည် သူ၏ လက်ကို မြှောက်၍ လက်မအား ကိုက်ချလိုက်၏။

“ဒါက”

လုံပိုထျန်းနှင့် လုံမိသားစု၏ အကြီးအကဲများသည် ထိုအချင်းအရာကို မြင်ချိန်မှာတော့ မျက်လုံးပြူးသွားကြ၏။

လုံကျိရန်၏ အမူအရာသည်လည်း ပိုမို၍ လေးနက်တည်ကြည်သွား၏။ သူသည် လုံမိသားစု၏ တိုက်ခိုက်ရေး နည်းစနစ်များကို မလေ့ကျင့်နိုင်ဟုဆိုသော်လည်း လုံမိသားစု၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည့် ပုံရိပ်ယောင် နဂါးဘုရင်လက်ဝါးဆိုသည့် တိုက်ခိုက်ရေးနည်းစနစ်ကိုတော့ ကောင်းကောင်းသိ၏။

ထို့ကြောင့် လက်ရှိ သူ၏ဝမ်းကွဲ ထုတ်ဖော်လိုက်သည် ဆိုသည်မှာ အလွန်တရာ အားကောင်းလှသော မိသားစု၏ သိုင်းနည်းစနစ်ပင် ဖြစ်တော့သည်။ ဤသိုင်းနည်းစနစ်သည် သူတော်စင်အဆင့် တိုက်ခိုက်ရေးသိုင်းနည်းစနစ်နှင့် နှိုင်းယှဉ်၍ ရနိုင်၏။

ဟူး ဟူး

လက်ရှိအခြေအနေမှာတော့ လုံကျိရွမ်၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ဆန်းကျယ်လှသော အော်ရာများ ထွက်ပေါ်လာပြီး သူ၏နောက်တွင် နဂါးပုံရိပ်ယောင်တစ်ခု ဖြစ်တည်လျက်ရှိသည်။

“ပုံရိပ်ယောင်ဝိညာဉ်လား”

ကျွင်ချောင်ရှောင်း အံ့အားသင့်မိသွား၏။

စနစ်ကပြောလိုက်သည်။

“ဒါက ပုံရိပ်ယောင်ဝိညာဉ်မဟုတ်ဘူး၊ အလွန်တရာ နက်နဲလှတဲ့ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ် တစ်မျိုးပဲ”

ဟူး ဟူး

လုံကျိရွှမ်၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာအားကောင်းလှသော အော်ရာများ ဖြစ်ပေါ်လာပြီး သူ၏နောက်တွင် ရှိသော ပုံရိပ်ယောင်နဂါးကြီးသည်လည်း ပိုမို၍ ကြီးမားလာခဲ့သည်။ အဆုံးသတ်မှာတော့ လေးမီတာမှ ငါးမီတာ အမြင့်သို့ ရောက်ရှိလာခဲ့ပြီး အလွန်တရာအားကောင်းလှသော အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေသည်။

“ပုံရိပ်ယောင်နဂါးဘုရင်လက်ဝါး”

သူသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး လက်မအား ကိုက်လိုက်သောကြောင့် ထွက်ပေါ်လာသော သွေးများ အားလုံးသည် သူ၏လက်ဝါးကို နီရဲလျက်ရှိစေသည်။ သူသည် ဆောင့်ကြောင့်ထိုင်၍ မြေပြင်တွင်ရှိသော ကျောက်ကြမ်းခင်းကြီးအား ရိုက်နှက်လိုက်၏။

ဟူး

ပုံရိပ်ယောင်နဂါးကြီးသည် ညာလက်ကိုမြှောက်၍ လုံကျိရွှမ်အတိုင်း လိုက်လံပြုမူသည်။

ကောင်းကင်ဘုံ

“ငါတို့ရဲ့ဝမ်းကွဲက တကယ်ကို မိသားစုရဲ့ အားအကောင်းဆုံး သိုင်းနည်းစနစ်ကို နားလည်နိုင်ခဲ့တာပေါ့”

လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် ထအော်လိုက်မိကြသည်။

လုံမိသားစု၏ အကြီးအကဲများ မှာတော့ ပျော်ရွှင်သွားကြသည်။ အသက်အရွယ် ၂၀ ကျော်လေးသာရှိသေးသော လုံကျိရွှမ်သည် ပုံရိပ်ယောင် နဂါး ဘုရင်လက်ဝါးအား နားလည်နေ၏။ ဤအရာသည် အလုံးစုံ အံ့အားသင့်စရာ ဖြစ်တော့သည်။

လုံပိုထျန်းသည် မျက်မှောင်ကုတ်မိသွားတော့သည်။ ဤလက်ဝါးချက်ကျဆင်းလာမည်ဆိုလျှင် အလွန်တရာကြီးမားလှသော အားအင်များ ပါဝင်လာမည်ဆိုခြင်းကို သူအတတ် သိရှိ၏။

သိုင်းနည်းစနစ်၏ အဆင့် မြင့်တက်လာသည်နှင့်အမျှ ထွက်ပေါ်လာနိုင်သော တိုက်ခိုက်ချက်အားအင်သည်လည်း ခန့်မှန်း၍ မရနိုင်အောင် အားပြင်းလာပေလိမ့်မည်။

ဥပမာအားဖြင့် ပုံရိပ်ယောင်နဂါးဘုရင်လက်ဝါးသည် အစောကတည်းက အလွန်တရာအားကောင်းပြီးသားဖြစ်၏။ ထိုအရာကို အလွန်အမင်းကောင်းမွန်လှသော စိတ်ဝိညာဉ်အမြစ်ရှိသူ ကျင့်ကြံသူတစ်ယောက်က ထုတ်ဖော် လိုက်မည်ဆိုပါက ခန့်မှန်း၍ မရအောင် ကြီးမားသော အားအင်များကို ထုတ်ဖော်လာနိုင်မှာ သေချာသည်။

ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။ “လုံမိသားစုမှာ တကယ့်ကို တိုက်ခိုက်ရေးနည်းစနစ်တွေ တော်တော်များများရှိနေတာပဲ”

လုံကျိရန်နောက်ကိုလိုက်၍ လုံမိသားစုဆီသို့ ရောက်ရှိလာသည်ဆိုသော်လည်း တပည့်များ၏ အားအင်အဆင့် သည် ကောင်းမွန်လာကြောင်း သူနားလည်လာပြီဖြစ်၏။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် သူ၏ ဂိုဏ်းတွင် လိုအပ်နေသည်မှာ အဆင့်မြင့်သိုင်းနည်းစနစ်များဖြစ်သည် ဖြစ်ကြောင်း သူနားလည်လိုက်မိ၏။

ပေါက်ကွဲလက်သီးနှင့် တောင်ပြိုလက်ဝါး နည်းစနစ်များမှာ အစပိုင်းထောက်ပံ့ပေးမှုများသာ ဖြစ်နေသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် ဂိုဏ်းမှတပည့်များ အသုံးပြုနိုင်ရန် အဆင့်မြင့်နည်းစနစ်များကို ထပ်မံ၍ ရှာဖွေပေးမှ ဖြစ်ပေလိမ့်မည်။

ဟူး ဟူး

လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာပေတော့မည်။ လုံကျိရွှမ်သည် တိုက်ခိုက်ရေးနည်းစနစ်ကို ထုတ်ဖော် အသုံးပြုလိုက်ချိန်မှာတော့ လုံကျိရန်သည် အစောကတည်းက ကြိုတင်၍ ရှောင်ရှားနိုင်ပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။

လုံမိသားစုရဲ့ တိုက်ခိုက်ရေးနည်းစနစ်ကို မကျင့်ကြံနိုင်ဘူးဆိုလို့ ငါ့ကိုလှောင်ပြောင်ခဲ့တယ်။ ငါက လုံမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်အဖြစ် မထိုက်တန်ဘူးလို့ အားလုံးက တွေးတောကြတယ်၊ ဒီနေ့မှာတော့ လုံမိသားစုရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကို အသုံးမပြုဘူးဆိုရင်တောင်မှ ငါက တခြားနည်းစနစ်တွေကို အသုံးပြုပြီး လုံမိသားစုရဲ့ အားအကောင်းဆုံး တိုက်ခိုက်ရေးနည်းစနစ်ကို တွန်းလှန် အနိုင်ယူနိုင်တဲ့လူဖြစ်ကြောင်း သက်သေ ပြရမယ်

ဝှစ် ဝှစ်

ကြီးမားသော လက်ကြီးသည် အောက်သို့ကျဆင်းလာတော့သည်။

ဘုန်း

မြေပြင်တစ်ခုလုံး ကြမ်းတမ်းစွာတုန်ခါသွား၏။ မြေပြင်တွင်ရှိသော ကျောက်ပြားများအားလုံးသည် အပေါ်သို့ ကြွတက်လာတော့၏။ ဤအချင်းအရာကို မြင်နေကြသော လုံမိသားစုမှာ မျက်လုံးမျက်ဆန် ပြူးသွားမိကြ၏။

လုံကျိရန်သည် သူ၏လက်ဝါးကို မြှောက်၍ ကျဆင်းလာသော လက်ဝါးကြီးကို ထိပ်တိုက်ဖမ်းဆီးရိုက်နှက်လိုက် တော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာတော့ အကာအကွယ် အစီအရင်နှင့် ဆင်တူလှသော အလင်းရောင်တန်းများ ဖြစ်တည်လျက်ရှိသည်။

ဤအရာသည် သံမဏိအရိုးဂိုဏ်း၏ ကာကွယ်ခြင်းနည်းစနစ် စည်းအတားအဆီးပင်ဖြစ်တော့သည်။

လုံကျိရွှမ်၏ အမူအရာသည် ပိုမို၍ ရုပ်ဆိုးသွားသည်။ သို့ပေမယ့် သူသည် သူ၏လက်ဝါးအား ထပ်မံမြှောက်ကာ ရိုက်ချလိုက် တော့သည်။

နောက်ဘက်တွင်ရှိသော ပုံရိပ်ယောင်နဂါးကြီးကလည်း သူနှင့်ထပ်တူပင် ကြီးမားသော လက်ဝါးကြီးကို မြှောက်၍ ရိုက်ချလိုက်၏။

ဗုန်း

အလွန်တရာပြင်းထန်လှသော အားအင်၏နောက်မှာ မြေပြင်ရှိကျောက်ပြားများသည် အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ကြသည်။ လုံကျိရန်မှာတော့ စည်းအစီအရင်အတားအစီးကို အသုံးပြု၍ ပုံရိပ်ယောင်နဂါးဘုရင်လက်ဝါး ရိုက်ချက်အား သက်တောင့်သက်သာဖြင့် တားဆီးထားနိုင်သည်။

လုံကျိရွှမ်၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ပြောင်းပြန်စီးဆင်း လျက်ရှိသည်။

အား

သူသည် ကျယ်လောင်စွာအော်၍ လက်ဝါးကို မြှောက်လိုက်သည်။ ပြီးနောက် သုံးကြိမ်မြောက် လက်ဝါးရိုက်ချက်ကို ရိုက်ချလိုက်တော့သည်။

ပုံရိပ်ယောင်နဂါးကြီးကလည်း လုံကျိရန်ဆီသို့ ထပ်မံ၍ ရိုက်နှက်လာတော့သည်။ အလွန်တရာပြင်းထန်လှသော တိုက်ခိုက်ချက်ကြောင့် တည်နေရာ၏ ဆယ်မီတာပတ်လည်ရှိ ကျောက်ပြားများအားလုံးသည် အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ကြသည်။

ဝေါ့

ရုတ်တရက်ဆိုသလိုပဲ လုံကျိရွှမ်သည် သွေးတစ်လုတ်အန်ထွက်လာတော့သည်။ သူ၏မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက်ရှိပြီး နောက်ဆုံးမှာတော့ မြေပြင်ပေါ်ထိုင်ချလိုက်မိသည်။ သူ၏နောက်တွင်ရှိသော ပုံရိပ်ယောင် နဂါးကြီးသည် တဖြည်းဖြည်း အားနည်းလာပြီး ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။

“ပြီးသွားပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ပုံရိပ်ယောင်နဂါးဘုရင်လက်ဝါးသည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များ အလွန်တရာကုန်ခမ်းလှသော နည်းစနစ်လည်းဖြစ်သည်။ ထို့ကြောင့် လက်ဝါးရိုက်ချက်များအား ထုတ်ဖော်ပြီးသည့် နောက်မှာတော့ လုံကျိရွှမ်၏ ခန္ဓာကိုယ်တွင် မည်သည့်အားအင်မှ မရှိတော့သလို ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် တန်ပြန်မှုကို ပြန်ခံစားရပြီး သူ၏ မရီဒန်များသည်လည်း ဒဏ်ရာများရရှိသွားခဲ့၏။ သူသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ဦးခေါင်းကိုငုံ့ကာ အားပျော့စွာဖြင့် အသက်ကို ရှူနေရ၏။ ထိုအချိန်မှာပင် သူ၏ရှေ့တွင် ခြေတစ်စုံရောက်ရှိလာတော့သည်။

လုံကျိရန်သည် သူ၏အကြီးဆုံးဝမ်းကွဲရှေ့တွင် မတ်တပ်ရပ်ပြီးပြောလိုက်၏။

“ခင်ဗျား ရှုံးပြီ”

ခေါင်းမော့ဖို့ပင် အားအင်မရှိသော လုံကျိရွှမ်သည် နာကျင်စွာဖြင့် ပြုံးလိုက်ပြီး ခက်ခက်ခဲခဲဖြင့် ပြန်လည် ပြောဆိုလိုက်သည်။ “မင်း ….. နိုင်တယ်”

All Chapters