အခန်း (၃၉၉)
Vol. 27 Ch. 399
လုံကျိရန်သည် အနိုင်ရရှိခဲ့သည်။ သို့သော် သူသည် ကောင်းမွန်သည့်ခံစားချက်ကို မခံစားရပေ။ အဘယ်ကြောင့် ဆိုသော် လုံကျိရွှမ်သည် သူ၏ အကောင်းဆုံးသော သိုင်းနည်းစနစ်ကို အတင်းထုတ်ကာ အသုံးပြုခဲ့သောကြောင့် တန်ပြန်သက်ရောက်မှုကို ခံရကာ ရှုံးနိမ့်ခဲ့ခြင်းပင်ဖြစ်သည်။
တခြားသောတစ်ဘက်မှ ကြည့်မည်ဆိုလျှင် တိုက်ခိုက်ချက် သုံးချက်ကို ခုခံနိုင်ရန်အတွက် သူသည် စည်းအတားအဆီးအစီအရင်အား အသက်သွင်းခဲ့ရ၏။ ထို့ကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ရပေ လိမ့်မည်။
လုံကျိရွှမ်၏ ပါးစပ်ဆီမှ မင်းနိုင်တယ်ဆိုတဲ့စကားကို ပြောပြောပြီးချိန်မှာပဲ တိုက်ပွဲသည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် ဆွံ့အသွားကြသည်။
လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များထဲတွင် အားအကောင်းဆုံးတစ်ယောက်ဖြစ်သော လုံကျိရွှမ်သည် လုံမိသားစု၏ အားအကောင်းဆုံးသော သိုင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။ သို့ပေမဲ့ လုံကျိရန်ကို မနိုင်ခဲ့ပေ။ ဤအရာသည်မှာ မထင်မှတ်ခဲ့သောကိစ္စဟုပင် ဆိုရမည်။
လုံကျိရန်သည် မြေပေါ်သို့ထိုင်ချပြီး ပြောလိုက်၏။ “ဝမ်းကွဲအစ်ကိုကြီး၊ ခင်ဗျားရဲ့ ပုံရိပ်ယောင်နဂါးဘုရင်လက်ဝါးက အရမ်းကို အားကောင်းလွန်းတယ်၊ ဘယ်လိုမှ မခံနိုင်တော့ဘူး”
လုံကျိရွှမ် “…..”
ဤအကောင်သည် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်စေရန်အတွက် သရုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
ဟုတ်ပေသည်။ လုံကျိရန်သည် မြေပေါ်မှာထိုင်ပြီးနောက် မြေပြင်ပေါ်သို့ လှဲချလိုက်၏။ သူ၏ အကြီးဆုံး အစ်ကိုဝမ်းကွဲအား မျက်နှာသာပေးလိုက်ခြင်းပင် ဖြစ်တော့၏။
ထို့ပြင် သူတို့အားလုံးသည် တူညီသည့်ကလန်ဆီမှ မွေးဖွားလာကြခြင်းဖြစ်ပြီး အချင်းချင်းကြားတွင် အလွန်တရာ မုန်းတီးခြင်းမျိုးလည်း မရှိကြပေ။ သူ၏ ရိုက်နှက်ခြင်းကြောင့် လဲလျောင်းနေကြသော လုံမိသားစု၏ တိုက်ရိုက် တပည့်များဆိုလျှင်တောင်မှ အားလုံးသည် ပြင်ပဒဏ်ရာများသာ ရရှိခဲ့ကြခြင်းဖြစ်ပေသည်။ အတွင်းဒဏ်ရာဟူ၍ ပြင်းပြင်းထန်ထန် ရရှိသူ တစ်ယောက်မှ မရှိကြပေ။
လုံပိုထျန်းသည် သူ၏မျက်လုံးအိမ်ထဲမှ မျက်ရည်များ ကျဆင်းလျက်ရှိသည်။ သူ၏ လက်များသည် တစ်ဆတ်ဆတ်နှင့် တုန်ရင်နေ၏။
“ငါ့သား အနိုင်ရပြီ”
သူ၏သားသည် လုံမိသားစု၏ လူငယ်မျိုးဆက်များတွင် အားအကောင်းဆုံးလူအား အနိုင်ရရှိခဲ့၏။ လက်ရှိအခြေအနေတွင် အဖေတစ်ယောက်အနေနှင့်သူသည် အလွန်တရာ ဂုဏ်ယူမိနေသည်။
ကျွင်းချောင်ရှောင်း ရယ်လိုက်သည်။ သူ၏ ချွေးပြန်နေသော လက်သီးများသည်လည်း ယခု အချိန်မှာတော့ ချွေးတွေပြန်လည်ခြောက်သွားပြီးဖြစ်သည်။
လုံကျိရွှမ်သည် ပုံရိပ်ယောင်နဂါး ဘုရင်လက်ဝါးကို အသုံးပြုသည့်အချိန်မှာတော့ သူသည် အလွန်တရာ တည်ငြိမ်နေသည့်ပုံ ပေါ်နေသော်လည်း တကယ်တမ်းအားဖြင့် စိတ်အတွင်း၌ စိုးရိမ်လျက်ရှိ၏။ သူ၏ တပည့်သည် ထိုတိုက်ခိုက်ချက်ကို မခုခံနိုင်မည်ကို သူစိုးထိတ်နေမိသည်။
စနစ်မှပြောလိုက်သည်။ “လက်ခံသူရဲ့တပည့်က အားအင်အရဆိုရင် လုံကျိရွှမ်ထက် အရမ်းကို အားနည်းတယ်၊ ဒါပေမဲ့ သူက ခန္ဓာကိုယ်အားအင်အနေနဲ့ အရမ်းအားကောင်းလွန်းတယ်၊ ပြီးတော့ စနစ်ဆီက စည်းအတားအဆီး နည်းစနစ်ကို ထုတ်ပြီးသုံးခဲ့တာဆိုတော့ ပုံရိပ်ယောင်နည်းစနစ်နဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ခုခံဖို့အတွက် ပြဿနာ မဟုတ်တော့ဘူး”
“မင်းဘာလို့ စောစောမပြောတာလဲ”
“လက်ခံသူကို စိုးရိမ်သွားအောင်လုပ်ရတာ ပျော်လို့လေ”
ချီးတဲ့မှ ..။
……………
လုံမိသားစု၏ သိုင်းပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ လုံကျိရန်သည် အားအကောင်းဆုံးသောအဖွဲ့၌ ဗိုလ်စွဲခဲ့၏။ လုံမိသားစု၏ အားအကောင်းဆုံးသော တိုက်ရိုက်တပည့်ကိုလည်း အနိုင်ယူခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူသည် သံမဏိအရိုးဂိုဏ်း၏ သိုင်းစွမ်းရည်များကို ထုတ်ဖော်ပြသခဲ့၏။
ထိုသိုင်းနည်းစနစ်များသည် အဆင့်မြင့်မားလွန်းလှသည် မဟုတ်သော်လည်း လုံမိသားစုနှင့် သိုင်းနည်းစနစ် များနှင့်တော့ ယှဉ်ပြိုင်၍ ရနေသည်။
“အင်း”
အရှေ့ဘက်ခြံဝန်းထဲမှာတော့ စုရှောင်မိုသည် သူ၏လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ငါလည်း သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ လုံကျိရွှမ်နဲ့ တိုက်ခိုက်ချင်တယ်”
လီချင်းယန်သည် ခေါင်းကိုခါယမ်းလိုက်သည်။ “လုံမိသားစုရဲ့ အဲဒီ တိုက်ရိုက်တပည့်က အရမ်းအားကောင်းလွန်းတယ်၊ ငါတို့အနေနဲ့ ဂိုဏ်းချုပ် ပေးထားတဲ့ အဆောင်ကို အားမကိုးဘူးဆိုရင် သူ့ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲလိမ့်မယ်”
ဟုတ်ပေသည်။ သူတို့အနေနဲ့ လုံကျိရွှမ်အား တိုက်ရိုက် တိုက်ခိုက်ရန်ဆိုသည်မှာ အလွန်အမင်း ခက်ခဲလွန်းလှ၏။ အနည်းဆုံးအနေဖြင့် သူတို့၏ ခန္ဓာကိုယ်သည်မှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထက် ပို၍ အားကောင်းသည် ဆိုခြင်းသာရှိ၏။ ခုခံရင်း တန်ပြန်တိုက်စစ်ကိုသာ ပြုလုပ်နိုင်ပေလိမ့်မည်။
လုံကျိရန်ကဲ့သို့ပင် လုံကျိရွှမ်တစ်ယောက် အလွန်တရာပြင်းထန်လှသော တိုက်ခိုက်ရေး နည်းစနစ်ကို ထုတ်ဖော်၍ စွမ်းအင်များ ကုန်ဆုံးသည်အထိ စောင့်စားရန်မှသာလျှင် သူတို့သည် အနိုင်ရရှိနိုင်ပေလိမ့်မည်။
“အမှိုက်”
ဘေးတစ်ဖက်တွင်ထိုင်နေသော ရီချင်းရှန်သည် ခပ်တည်တည်နှင့်ပြောလိုက်၏။ တကယ်တမ်း သူသာ လုံကျိရွှမ်နှင့်တိုက်ခိုက်မည်ဆိုလျှင် များပြားလှသော သိုင်းနည်းစနစ်များကို ထုတ်ဖော်ရင်း တစ်ဖက်လူကိုယ်တိုင် မူးနောက်နောက်ပင် ဖြစ်သွားပေလိမ့်မည်။
ကံဆိုးစွာဖြင့် ဤနေရာသည် လုံမိသားစု ဖြစ်နေ၏။ ထို့ကြောင့် ပြိုင်ပွဲဝင်သည့်နေရာတွင် လုံကျိရန် တစ်ယောက်တည်းသာ ပြိုင်ပွဲဝင်နိုင်သည်။ ထို့ကြောင့်ပင် ညအင်ပါယာ သည် ဟန်ရေးပြရန် အခွင့်အရေး မရရှိခဲ့ပေ။
……..…
“သား”
စာကြည့်ခန်းထဲမှာတော့ လုံပိုထျန်းသည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းကို ပြန်မသွားနဲ့တော့၊ မိသားစုဆီမှာပဲနေပြီး ဆက်ပြီး ကျင့်ကြံ”
“ဟမ်”
လုံကျိရန် ဆွံ့အသွား၏။
လုံပိုထျန်း ပြောလိုက်သည်။ “အဖေနဲ့ အကြီးအကဲတွေအားလုံးက အိုမင်းနေကြပြီ၊ ဒီတော့ မင်းတို့လို ဂျူနီယာတွေက တာဝန်ကို ခွဲယူဖို့ အချိန်ရောက်ပြီ”
“အဖေ ….. ကျွန်တော်”
“မင်း မနေ့က ပြသခဲ့တဲ့ စွမ်းဆောင်ရည်အရဆိုရင် အနာဂတ်မှာ မိသားစုခေါင်းဆောင်နေရာကို လက်လွှဲ ရယူဖို့အတွက် ဘယ်သူကမှ ငြင်းမယ်လို့ ငါမထင်ဘူး”
လုံကျိရန်သည် ဆွံ့အသွားမိ၏။ သူသည် မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန် ဘယ်တုန်းကမှ မတွေးတောခဲ့ချေ။ ထို့ပြင် သူနှင့် သူ၏အကြီးဆုံးဝမ်းကွဲအစ်ကို၏ ကြားတွင် ကွာခြားချက်မှာ အလွန်တရာ ကြီးမားလှ၏။ သူ၏အဖေသည် သူ့အား ဤမျှ မြင့်မြင့်မားမား တွေးထားလိမ့်မည်ဟု မထင်မှတ်ထားချေ။
“ဒီမှာနေလိုက်၊ ငါ ဂိုဏ်းချုပ်ကျွင်းကို ရှင်းပြပေးမယ်”
လုံပိုထျန်းပြောလိုက်သည်။
“အဖေ” လုံကျိရန်ပြောလိုက်သည်။
“ကျွန်တော်က သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်နေသေးတယ်၊ ပြီးတော့ သံမဏိအရိုး ဂိုဏ်းသားအဖြစ် ထာဝရ ဖြစ်နေမှာပဲ၊ ဒီတော့ ကျေးဇူးပြုပြီး ကျွန်တော် ဂိုဏ်းချုပ်ကျွင်းနောက်လိုက်ပြီး ဂိုဏ်းမှာပဲ ပြန်လည်လေ့ကျင့်ချင်တယ်၊ ခွင့်ပြုပေးပါ”
မှန်ပေသည်။ မိသားစုခေါင်းဆောင်၏ တာဝန်ဝတ္တရားသည် သူ့အတွက် အလွန်တရာ ကြီးမားလွန်းလှ၏။ ထို့ကြောင့် လုံကျိရန်သည် ဤနေရာကို အမွေဆက်ခံရန်အတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ချေ။
သူ့အနေနှင့် ဂိုဏ်းချုပ်ကျွင်း၏ နောက်သို့သာ စိတ်ပါလက်ပါဖြင့် လိုက်ပါပြီး သူ၏ စီနီယာ၊ ဂျူနီယာ ညီအစ်ကိုများနှင့်အတူ ဂိုဏ်းထဲတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်သွားရန်သာ စဉ်းစားထား၏။
“ဂိုဏ်းချုပ်ကျွင်းက မင်းကို အကောင်းဆုံး ပြုစုပျိုးထောင်ပြီးပြီလေ၊ ဒါပေမဲ့ ငါတို့လုံမိသားစုကလည်း ဆက်ခံသူကို လိုအပ်နေသေးတယ်” လုံပိုထျန်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
ဒုတ်
လုံကျိရန်သည် ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “အဖေ ကျွန်တော် ဂိုဏ်းချုပ်ကျွင်းနောက်ကိုပဲ လိုက်သွားချင်တယ်၊ အကြီးဆုံးဝမ်းကွဲအစ်ကိုနဲ့ တခြားသူတွေအားလုံးက မိသားစုရဲ့ ဆက်ခံသူဖြစ်လာဖို့အတွက် အရည်အချင်းရှိကြသူတွေကြီးပဲ”
“ခွေးကောင်”
လုံပိုထျန်း ထကာ မာန်မဲလိုက်၏။ အဖေတစ်ယောက်အနေနှင့် သူ့တွင်လည်း တစ်ကိုယ်ကောင်းစိတ် တည်ရှိ၏။ ပုံမှန်အားဖြင့် သူ၏ မိသားစုခေါင်းဆောင်ဆိုသည့် ရာထူးနေရာအား သူ၏ သားဆီသို့သာ လွှဲပြောင်း ပေးချင်သည်။ သူ၏ တူများဆီသို့ လွှဲပြောင်းမပေးချင်ပေ။
အရင်တုန်းကဆိုလျှင် လုံကျိရန်၏ စွမ်းဆောင်ရည်သည် သူ့အား အလွန်အမင်း စိတ်ပျက်စေခဲ့သည်။ ထို့ကြောင့် မိသားစုခေါင်းဆောင်နေရာအား ပေးအပ်ရန် မစဉ်းစားခဲ့ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အားအင်အဆင့်များ တိုးပွားလာခဲ့ပြီးဖြစ်ပြီး လုံကျိရွှမ်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် မိသားစု ခေါင်းဆောင်နေရာကို ပေးရန်စဉ်းစားသည်မှာ သဘာဝကျလှ၏။
သို့ပေမဲ့ ကံဆိုးစွာဖြင့် လုံကျိရန်သည် မိသားစုခေါင်းဆောင်နေရာကို မယူချင်ပေ။ သူသည် သံမဏိ အရိုးဂိုဏ်းထဲတွင်နေရန်သာ ပိုမို၍ စိတ်ဝင်စားနေမိ၏။ ခက်ခက်ခဲခဲ ကျင့်ကြံရပြီး တစ်ခါတစ်ရံတွင် ဘောလုံးနှင့် မျက်နှာကို အကန်ခံရသည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းထဲတွင် နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတရားများ တည်ရှိခဲ့ရ၏။ ထိုအရာသည် သူ၏ ဒုတိယအိမ်ပင်ဖြစ်သည်။
“အဖေ”
“ထပ်မပြောနဲ့”
လုံပိုထျန်း ပြောလိုက်သည်။ “ငါအစောကြီးထဲက ဂိုဏ်းချုပ်ကျွင်းကို ပြောလိုက်ပြီ၊ သူ့တပည့်တွေကို ခေါ်ပြီးတော့ ထွက်သွားခဲ့ တာတောင်ကြာပြီ၊ ဒီနေ့ကစပြီး မင်းက အိမ်က ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့”
“ဂိုဏ်း … ဂိုဏ်းချုပ်ထွက်သွားပြီ ဟုတ်လား”
လုံကျိရန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရင်သွားသည်။ ထို့နောက်သူသည် မတ်မတ်ရပ်ကာ ပြေးထွက်သွား၏။ ခြံဝန်းဆီသို့ ရောက်ရှိချိန်မှာတော့ ဂိုဏ်းချုပ်နှင့် စီနီယာ အစ်ကို၊ အစ်မများကို မတွေ့ရတော့ချေ။ စားပွဲပေါ်တွင် ရေးသားထားသော စာရွက်တစ်ခုကိုသာ မြင်လိုက်ရ၏။
“ကျိရန် … လုံမိသားစုရဲ့ မျိုးဆက်ကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ၊ မင်းအနေနဲ့ မိသားစုခေါင်းဆောင် ရာထူးကို ရယူပြီးပြီဆိုရင် လုံမိသားစုရဲ့လက်ရှိခေါင်းဆောင်ကို ငါကိုယ်တိုင် ပြုစုပျိုးထောင်လာတဲ့လူဆိုပြီး အားလုံးကို ပတ်ကြွားလို့ရပြီ၊ မှတ်ထား၊ သံမဏိအရိုးဂိုဏ်းရဲ့ တပည့် တစ်ရက်ဖြစ်ဖူးရင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်း တပည့်ပဲ၊ ငါ့နောက်ကို လိုက်မလာနဲ့၊ ဒါက ဂိုဏ်းချုပ်အမိန့်ပဲ”
အောက်တွင်လက်မှတ်ထိုးထားသည်မှာ ကျွင်းချောင်ရှောင်းပင်ဖြစ်တော့သည်။
“ဂိုဏ်းချုပ်”
လုံကျိရန်သည် လက်ထဲတွင် စာကိုကိုင်ပြီး မျက်ရည်တွေ ကျဆင်းလာသည်။
“ဝုန်း …. ဝေါ …”
ကောင်းကင်ပေါ်မှာတော့ တိမ်မဲများဖြစ်တည်လာပြီး မိုးများမှာ သည်းကြီးမည်းကြီး ရွာချလာတော့သည်။ တောနက်ထဲမှတစ်ဆင့် လုံရမ်မြို့ဆီ လှမ်းကြည့်ပြီးသည့်နောက်မှာတော့ အလွန်တရာဝေဝါးသည် မြင်ကွင်းတစ်ခုပင် ဖြစ်လို့နေသည်။
အဓိကလမ်းမကြီး၏ အထက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်ဆောင်လာပြီး မိုးရေထဲတွင် လမ်းလျှောက်လျက်ရှိသည်။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များရဲ့ အကာအကွယ်ရှိသောကြောင့် မိုးရေစက်များသည် သူတို့၏ အဝတ်အစားများနှင့် ထိမိပြီးသည့်နောက် အပြင်ဘက်သို့ ပြန်ကန်ထွက်သွားသည်။
“ဂိုဏ်းချုပ်”
လီချင်းယန်ပြောလိုက်သည်။ “ဂျူနီယာညီလေးလုံကို ပြန်ခေါ်မလာတော့ဘူးလား”
“သူက မိသားစုကြီးတစ်ခုရဲ့ တိုက်ရိုက် မျိုးဆက်လေ၊ ဘယ်လိုဖြစ်ပြီးတော့ သံမဏိ အရိုးဂိုဏ်းမှာ အမြဲနေနိုင်မှာလဲ”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“ဟင်း”
စုရှောင်မိုသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးလုံကို လုံမိသားစုဆီ လိုက်ပို့တဲ့ခရီးစဉ်က နှုတ်ဆက်ရမဲ့ ခရီးဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး”
လျှိုဝမ်ရှစ်သည် အော်ငိုလိုက်၏။ “ဂိုဏ်းချုပ်၊ ကျွန်မ စီနီယာအစ်ကိုလုံကို မထားခဲ့စေချင်ဘူး၊ အားလုံးအတူတူရှိနေရင် ပျော်ဖို့ ကောင်းမှာပဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့ကြည့်၍ မှောင်မဲနေသော ကောင်းကင်ကြီးကို ကြည့်ရှုလိုက်သည်။ သူ၏ ခံစားချက်များသည် ရှုပ်ထွေးလျက်ရှိသည်။ “ကောင်းမွန်တဲ့အရာတွေအားလုံးကလည်း နောက်ဆုံးတစ်ချိန်မှာ အဆုံးသတ်ကို ရောက်လာ ရတာပဲ”
အားလုံး ငြိမ်သက်သွားကြ၏။ တစ်နှစ်ဆိုသည့် အချိန်အတိုင်းအတာတစ်ခုသည် ရှည်ကြာလှသည် မဟုတ်ပေ။ သို့ပေမဲ့ ဤတပည့်များအကြားတွင် ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်ကြပြီး ရယ်မောပျော်ရွှင်စရာ များဖြင့် နေထိုင်ခဲ့ကြ၏။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်ကြားတွင် အလွန်တရာနက်နဲလှသော ချစ်ခင်ရင်းနှီးမှုသည် တည်ရှိနေ၏။
အခု လုံကျိရန်သည် သူတို့နှင့် ခွဲခွာသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူတို့၏ စိတ်ခံစားချက်များ အားလုံးသည် တူညီစွာဖြင့် ရှုပ်ထွေးလျက်ရှိနေသည်။
“ဟင်”
ထိုအချိန်မှာတော့ စုရှောင်မိုသည် ဦးခေါင်းကိုမော့၍ အရှေ့ဘက်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ “ဂိုဏ်းချုပ် ကြည့်အုံး ….”
ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တခြားသူများအားလုံးသည် ကြည့်လိုက်သည့်အချိန်မှာတော့ တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲလျက်ရှိသော လူတစ်ယောက်ကို မြင်လိုက်ကြရသည်။ ၎င်း၏ ဆံပင်များသည် စိုရွှဲလျက်ရှိပြီး မိုးရေစက်များအားလုံးသည်လည်း မျက်နှာပေါ်သို့ ကျဆင်းလျက်ရှိသည်။ ထိုအထဲတွင် ၎င်း၏ မျက်ရည်စက်များသည်လည်း ပါဝင်နေသည်မှာ ထင်ရှား၏။
မည်သူနည်း။
ဟုတ်ပေသည်။ လုံကျိရန်ပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ရှေ့ဘက်ဆီသို့ ပြေးလွှားလာသည်။ ပြီးနောက် သူ၏ ဒူးထောက်ထိုင်ကာ ကျယ်လောင်စွာ အော်လိုက်၏။ “ဂိုဏ်းထဲကနေ ထုတ်ပယ်ခံလိုက်ရတာကလွဲရင် ကျွန်တော် လုံကျိရန်က ဂိုဏ်းချုပ်နောက်ကို အမြဲတမ်းလိုက်မယ်၊ ကျွန်တော်က အမြဲတမ်း သံမဏိအရိုးဂိုဏ်းရဲ့ တပည့်ပဲ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ရယ်မောလိုက်ကြ၏။ မျက်လုံးထဲတွင် မျက်ရည်များနှင့်ဖြစ်သော လျှိုဝမ်ရှစ်ပင်လျှင် မျက်ရည်များကြားမှ အားရပါးရ ထရယ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းပြီး ရှေ့သို့လျှောက်လာသည်။ ပြီးနောက် သူ၏ သမိုင်းမှတ်တမ်းများ ရေးထိုးထားသော ဝါးပြားကို ထုတ်ယူကာ သူ့တပည့်ခေါင်းအား ခေါက်လွှတ်လိုက်၏။ “သံမဏိအရိုးဂိုဏ်းရဲ့ ယောက်ျားတွေ အကုန်လုံးရဲ့ ဒူးခေါင်းက ရွှေလိုပဲ တန်ဖိုးရှိတယ်၊ နေရာတကာ ဒူးထောက်မနေနဲ့၊ မတ်တပ်ရပ်စမ်း”
လုံကျိရန်သည် မတ်တပ်ထရပ်ပြီး သူ၏ကျောကို ခပ်မတ်မတ် ထားလိုက်သည်။ ကျွင်းချောင်ရှောင်းသည် လုံရန်ြ“လုံမိသားစုခေါင်းဆောင်…. ဒါခင်ဗျားသားရဲ့ ဆုံးဖြတ်ချက်ပဲ၊ ကျွန်တော် ကျွင်းချောင်ရှောင်းက ဒီနေ့ကစပြီး သူ့ကို ခေါ်သွားပြီ”
“အင်း”
မြို့၏ မျှော်စင်မှာတော့ လုံပိုထျန်းသည် ရှည်လျားလှသော သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ “သား မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်”