← Chapters

အခန်း (၄၀၀)

Vol. 27 Ch. 400

အခန်း (၄၀၀)

Vol. 27 Ch. 400

လွန်ခဲ့သည့်ညက လုံပိုထျန်းသည် ကျွင်းချောင်ရှောင်းကို ဖိတ်ခေါ်၍ ကျေးဇူးတင်ကြောင်း ပြောဆိုရင်းနှင့် လုံကျိရန်၏ အနာဂတ်အကြောင်းကိုပါ ပြောဆိုခဲ့၏။ ထို့အပြင် လုံကျိရန်သည် လုံမိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်သည်မို့ အဖေတစ်ယောက်အနေနှင့် သူသည့် သူ၏သားအား အနာဂတ်တွင် မိသားစု ခေါင်းဆောင်နေရာ ထားချင်သည်မှာ သဘာဝပင်ဖြစ်၏။

ဆိုရမည်ဆိုရင် ကျွင်းချောင်ရှောင်းသည် ထိုအရာကို နားလည်ပေးသည်။ ကိုယ်၏သားအား အမြင့်ဆုံးနေရာတွင် ရှိမနေချင်သူဟု မည်သူရှိမည်နည်း။ သာမန်ဂိုဏ်းတစ်ခု၏ တပည့်တစ်ယောက် ဖြစ်စေချင်မည် မဟုတ်ချေ။

“ခေါင်းဆောင်လုံ”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီဟာကို ခင်ဗျားနဲ့ ကျုပ်နဲ့ စဉ်းစားဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ သူလျှောက်ချင်တဲ့လမ်းကို သူ့ဘာသာ လျှောက်လှမ်း လိမ့်မယ်”

ထို့ကြောင့် နှစ်ယောက်သား သေးငယ်သော အလောင်းအစားလေးတစ်ခု ပြုလုပ်ခဲ့ကြ၏။ လုံကျိရန်သည် လုံမိသားစုတွင် နေခဲ့မည်လား၊ သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်ပါလာမည်လား ဆိုသည်ကို လောင်းခြင်းပင် ဖြစ်တော့သည်။

အဆုံးသတ်မှာတော့ လုံပိုထျန်းသည် လောင်းကစားပွဲအား ရှုံးနိမ့်ခဲ့၏။ သူသည် သူ့သားအား မိသားစုခေါင်းဆောင်ဖြစ်စေနိုင်မည့် အခွင့်အရေးအား လက်လျော့ပေးလိုက်ပြီး သံမဏိအရိုးဂိုဏ်းသို့ လိုလိုချင်ချင် ဖြင့် စေလွှတ်လိုက်ရတော့သည်။ ဤအရာမှာ လုံကျိရန်၏ ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် လုံခေါင်းဆောင်သည် ထပ်မံ၍ ဝင်မရှုပ်တော့ချေ။

“သား”

မြို့၏ မျှော်စင်ပေါ်တွင် မတ်တပ်ရပ်ပြီးသည့်နောက် သူသည် မိုးထဲလေထဲတွင် တဖြည်းဖြည်း လှမ်းလျှောက် ပျောက်ကွယ်သွားသော လူအဖွဲ့အား လှမ်းကြည့်၍ တီးတိုးရေရွတ်လိုက်မိ၏။

“မင်းဒီထက်ပိုပြီး အားကောင်းလာစေဖို့အတွက် အဖေ မျှော်လင့်မိတယ်”

အဓိကလမ်းမကြီးပေါ်တွင် လျှောက်လျက်ရှိသော လုံကျိရန်သည် သူ့အဖေ၏ အတွေးများကို ခံစားမိပုံပေါ်သည်။ ထို့ကြောင့်တီးတိုးပြောလိုက်သည်။ “အဖေ … အဖေ့သားက ဒီလမ်းစဉ်ကို ရွေးခဲ့တယ်ဆိုတာ ပိုမိုပြီး အားကောင်းစေချင်လို့၊ စိတ်ချ၊ ကျွန်တော် အားအကောင်းဆုံးလူတစ်ယောက် ဖြစ်လာစေရမယ်”

ယနေ့မှာတော့ လုံမိသားစုခေါင်းဆောင်၏သားသည် သံမဏိအရိုးဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက်အဖြစ် အတိအလင်း လျှောက်လှမ်းခဲ့ပြီးဖြစ်သည်။

“တပည့်တို့အားလုံး နားထောင်ကြ”

မိုးရွာထဲမှာ လမ်းလျှောက်နေရင်း ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “ငါ့ရဲ့နောက်ကိုလိုက်ပြီး လောကကြီးတစ်ခုလုံးကို သိမ်းပိုက်မယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတင် မဟုတ်ဘူး၊ စကြဝဠာကြီး တစ်ခုလုံးကိုပါ အနိုင်ယူကြမယ်”

တပည့်များအားလုံးသည် ကြောင်သွား၏။ စကြဝဠာဆိုသည်မှာ မည်သည့်အရာမှန်း သူတို့ မသိချေ။

….....

သံမဏိအရိုးဂိုဏ်း

ကျွင်းချောင်ရှောင်းနှင့် တပည့်များအားလုံးသည် ဟာရီကိန်းဝံပုလွေများကို စီးနင်း၍ ဂိုဏ်းဆီသို့ ပြန်လာကြသည်။ လုံမိသားစုဆီသို့ အသွားအပြန်လုပ်ခဲ့သည့် ခရီးစဉ်သည် ခုနှစ်ရက်တိတိ ကြာမြင့်ခဲ့၏။ ဤအတောအတွင်းတွင် တပည့်များအားလုံးသည် ထုံးစံအတိုင်း တာဝန်ခန်းမဆောင်၌ တာဝန်များကို ပြုလုပ်နေကြပြီး အရာအားလုံး မှာလည်း သာမန်ပင်ဖြစ်တော့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် ထိုင်ထိုင်ချင်းမှာပဲ လီလျှိုရှု သည် စာကို ကမ်းပေးသည်ကို မြင်လိုက်ရ၏။

“ဂိုဏ်းချုပ် ….. ဂိုဏ်းချုပ် ထွက်သွားပြီး နှစ်ရက်မြောက်နေ့မှာ တစ်ယောက်ယောက်က ဒါကို ပို့လိုက်တာပဲ”

“စိန်ခေါ်စာလား”

ကျွင်းချောင်ရှောင်းသည် စာကိုဖွင့်၍ ကြည့်လိုက်၏။ အတွင်းတွင်တော့ အလွန်တရာ လှပသော လက်ရေးများဖြင့် ရေးသားထားသည့် စာတစ်ခုရှိနေသည်။

“နှစ်သစ်ရဲ့ ကိုးရက်မြောက်နေ့မှာ ကျွန်မ ဂိုဏ်းချုပ်ကျွင်းဆီကို လာပြီးတော့ လည်မယ်”

လက်မှတ်ရေးထိုးထားသည်မှာ ရှစ်ကျန်းရွမ်ပင် ဖြစ်တော့သည်။

ဖောင်း

ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးအား ပိတ်ရိုက်ကာ ပြောလိုက်၏။ “မြောင်ဟွာခန်းမက လာလည်မယ်ဆိုတာ ငါမေ့နေတာပဲ”

မဟုတ်သေးပေ၊ ဤမိန်းကလေးသည် မျက်စိရောဂါဖြင့် မွေးဖွားလာခဲ့သူဖြစ်သည်။ သူမသည် အဘယ်ကြောင့် စာရေးနိုင်ရသနည်း၊ ထို့ပြင် လက်ရေးများမှာလည်း အလွန်တရာ လှပပြီး သူနှင့်ပင် နှိုင်းယှဉ်၍ ရလုနီးပါးဖြစ်သည်။

“...”

စနစ်သည် ဆွံ့အသွားမိ၏။

တခြားသူ၏ လက်ရေးလှခြင်းကို ချီးကျူးနေစဉ်မှာပင် မိမိကိုယ်ကိုယ်ပါ ရောထွေး၍ ချီးကျူးသွားသေး၏။ လက်ခံသူသည် အလွန်တရာ အရှက်မဲ့လွန်းလှ၏။

“ခန်းမသခင်လီ”

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ မေးလိုက်၏။ “ဒါက ဘာနေ့လဲ”

“ဒါက ရှစ်ရက်နေ့လေ”

လီလျှိုရှုပြောလိုက်သည်။ “ချီးတဲ့မှ၊ ဒါဆို မနက်ဖြန်ပေါ့”

“ချင်းယန်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “တပည့်တွေခေါ်ပြီး သန့်ရှင်းရေးလုပ်တော့”

“ကောင်းပါပြီ” လီချင်းယန်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ထွက်ခွာသွားတော့သည်။

ဘဝအတွက် အရေးအကြီးဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပြီး စိတ်ရောကိုယ်ပါ ကျင့်ကြံဖို့ ပြင်ဆင်ထားသော လုံကျိရန်သည် လက်ရှိအချိန်မှာတော့ တံမြက်စည်းကိုကိုင်ရင်း အပြင်ဘက်ခြံဝန်းကို လှဲကျင်းလျက်ရှိသည်။

“အဖေ … ဒီလိုမှန်း စောစောကသိရင် ကျွန်တော် အိမ်မှာပဲနေပြီးတော့ သခင်လေး လုပ်ပါတယ်”

အဆင့်လေး ဂိုဏ်းတစ်ခု လာရောက်လည်ပတ်မည့်ကိစ္စသည် ကိစ္စကြီးတစ်ခုဖြစ်၏။ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ယူ၍ အရသာရှိသော အစားအစာများ ပြင်ဆင်ရန် မှာကြားလိုက်သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် နှုတ်ခမ်းဆူကာ ပြောလိုက်၏။ “အရင်တုန်းက ချက်ပြုတ်ပေးတဲ့ အစားအစာတွေက အရသာမရှိလို့လား”

“အမ်”

ကျွင်းချောင်ရှောင်းသည် သူမ၏ပါးလေးအား အသာဖိညှစ်ကာ ပြုံး၍ပြောလိုက်၏။ “ငါဆိုလိုတာ အရင်တုန်း ပုံမှန်ချက်နေကြ ဟင်းတွေထက် ပိုပြီးတော့ အရသာရှိတဲ့ အစားအစာများကို ချက်ဖို့ပြောတာ၊ တစ်ခါ စားပြီးသွားရင် လျှာကျွမ်းပြန်သွားအောင် လုပ်ပေးလိုက်ကွာ၊ ပြဿနာမရှိဘူး”

လျှိုဝမ်ရှစ်သည် အားရပါးရ ပြုံးပြီးပြောလိုက်၏။ “ဒီကိစ္စကို ကျွန်မ တာဝန်ထားလိုက်”

ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းမှ ထွက်ပြီးသည့်နောက် စုရှောင်မိုဆီ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။

“ဟိုကောင် ငပျင်း၊ ဘာလုပ်နေတာတုန်း၊ မီးအိမ်နီတွေ အကုန်လုံးကို အဓိကဟောခန်းဆီရောက်အောင်ထွန်းထား”

“ကောင်းပါပြီ” စုရှောင်မိုသည် အလုပ်များသွားတော့သည်။

မြောင်ဟွာခန်းမ လာရောက်လည်ပတ်မည့်ကိစ္စကြောင့် သံမဏိအရိုးဂိုဏ်းသားအားလုံးသည် အလုပ်ရှုပ်လျက် ရှိနေကြသည်။ အချိန်တိုအတွင်းမှာပင် သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသည် သန့်ရှင်းသွားပြီဖြစ်ပြီး မီးအိမ်နီများ၊ အစိမ်းများဖြင့် လှပလို့နေ၏။

တိုက်ဆိုင်စွာဖြင့် အိုက်မိသားစုခေါင်းဆောင်သည် လာရောက်လည်ပတ်၏။ သံမဏိအရိုးဂိုဏ်းဆိုသည့် ဆိုင်းဘုတ်တွင်ရှိနေသော အနီရောင်ဖဲပန်းများကို မြင်လိုက်ချိန်မှာတော့ သူသည်ဆွံ့အသွား၏။ ဂိုဏ်းအတွင်းသို့လျှောက်ဝင်သွားချိန်မှာတော့ အနီရောင်မီးအိမ်များနှင့် အစိမ်းရောင်မီးအိမ်များ ချိတ်ဆွဲထားသည် ကိုမြင်လိုက်ချိန်မှာတော့ ပိုမို၍ အံ့အားသင့်မိလေသည်။

“ဂိုဏ်းချုပ်ကျွင်း”

အဓိကဟောခန်းထဲတွင် ထိုင်ပြီးသည့်နောက် အိုက်ရှန်းရီ ပထမဆုံးပြောသည့်စကားမှာ “ခင်ဗျားလက်ထပ်တော့ မှာလား” ဟူ၍ ဖြစ်၏။

ခွီး

ကျွင်းချောင်ရှောင်းသည် ရေနွေးသောက်နေရင်းမှ ထ၍ ရယ်လိုက်မိသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ပေကျံသွားသော ရေနွေးများအား အသာပွတ်လိုက်ပြီး ပြောလိုက်၏။ “ကြိုက်မယ့်လူတောင် မရှိဘူး၊ ဘယ်သူ့ကို သွားယူရမှာလဲ”

“ဒါဆိုရင် တပည့်တစ်ယောက်ယောက် လက်ထပ်တာနဲ့တူတယ်”

“မဖြစ်နိုင်တာ၊ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ကျုပ်တောင် တစ်ယောက်တည်းဖြစ်နေတာ၊ ဘာလို့ တခြားလူကို လက်ထပ်ပေးရမှာလဲ”

ထိုစကားအား တပည့်များ ကြားသည်ဆိုပါက ကျိန်းသေပေါက် မျက်ရည်ပေါက်ပေါက်ကျအောင် ငိုယိုပေလိမ့်မည်။ ကြည့်ရသည်မှာ ဂိုဏ်းချုပ်ကျွင်းသည် တစ်ကိုယ်တည်းဖြစ်နေသမျှ သူတို့အားလုံးသည် မင်္ဂလာဆောင်ရန် အခွင့်အရေးမရှိချေ။

အိုက်မိသားစုခေါင်းဆောင်သည်လည်း ဆွံ့အသွား၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “အရိုးသားဆုံး ပြောရရင် မြောင်ဟွာခန်းမသခင်က သူ့တပည့်တွေကိုခေါ်ပြီး မနက်ဖြန်လာလည်မှာလေ”

“အမ်း ကျုပ်သိပြီ”

အိုက်မိသားစုခေါင်းဆောင်သည် နားလည်သွား၏။ “ခန်းမသခင်ရှစ်က သာမန်ထက်ပိုတယ်လေ၊ ပြီးတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ နှိုင်းယှဉ်လို့ရအောင် တော်တဲ့လူပဲ၊ တောင်ပြာဂိုဏ်းကိုသွားပြီးတော့ အောင်သွယ်လုပ်ပေးဖို့ ဘာလို့ သွားမပြောတာလဲ”

ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းလိုက်၏။ “အိုက်မိသားစုခေါင်းဆောင် ထင်တာမှားနေပြီ၊ ကျုပ်လို အဆင့် ခုနှစ် ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က အဆင့်လေး ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ”

စနစ်မှပြောလိုက်သည်။ “လက်ခံသူ ကိုယ့်အကြောင်းကိုယ်သိတာ ဒါပထမဦးဆုံးနဲ့ တူတယ်”

“အဲ”

အိုက်ရှန်းရီပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ လတ်တလော လုပ်ဆောင်မှုတွေက ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပြီး ဂုဏ်သတင်းလည်း အရမ်း ကြီးမားလွန်းတယ်လေ၊ ခင်ဗျားလိုလူသာ မြောင်ဟွာခန်းမသခင်နဲ့ မလိုက်ဖက်ဘူးဆိုရင် တခြားဘယ်သူက လိုက်ဖက်တော့မှာလဲ”

“ငါက အဲလောက်တောင် တော်တဲ့လူလား၊ ငါ့ကိုယ်ငါတောင် မသိပါလား”

အိုက်မိသားစုခေါင်းဆောင်၏ ချီးကျူးမှုကို ခံရပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ပျော်ရွှင်သွားမိ၏။ သို့ပေမဲ့ သူသည် မြောင်ဟွာခန်းမသခင်ပေါ်သို့ ထူးခြားသော စိတ်ခံစားချက်မျိုး မရှိပေ။ သူသည် တစ်ဖက်လူ မျက်လုံးကန်းနေသည်ကို မနှစ်သက်၍ မဟုတ်ပေ။ သူသည် သူ၏ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမို၍ ကြိုးစားရန် အချိန်လိုသေးသည်။

“အိုက်မိသားစုခေါင်းဆောင်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒါဆိုရင် စီးပွားရေးကိစ္စပြောရအောင်”

သူတို့သည့် စီးပွားရေးကိစ္စများ ပြောပြီးသည့်နောက်မှာတော့ အိုက်ရှန်းရီသည် သိုလှောင်လက်စွပ်တစ်ခုကို ကမ်းပေးလိုက်၏။ ထိုထဲတွင် ငွေလွှဲစာချုပ်များပင်မက ဆေးပင်နှင့် သစ်ပင်မျိုးစေ့များ အားလုံးလည်း ပါဝင်နေသည်။

အိုက်ရှန်းရီသည် လစဉ်လတိုင်းတွင် သတ်မှတ်ထားသော ငွေပမာဏအား လာရောက်ပေးအပ်လေ့ရှိ၏။ ထို့ပြင် သံမဏိအရိုးဂိုဏ်း၏ တိရစ္ဆာန်အစားအစာရောင်းချခြင်းဆိုင်မှလည်း နေ့စဉ်နှင့်အမျှ အကျိုးအမြတ်များ ရရှိနေပြီး ဂိုဏ်းချုပ်ကျွင်း၏ ချမ်းသာမှုသည့် တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေ၏။

သူသည် မချမ်းသာစဉ်က ပိုက်ဆံကို မည်ကဲ့သို့ရှာရမည်ဟု၍ ခေါင်းမီးတောက်မတတ် စဉ်းစားနေရ၏။ ယခုလက်ရှိအချိန်တွင် စဉ်းစားနေရသည်က ပိုက်ဆံကို မည်ကဲ့သို့ အသုံးပြုရမည်နည်းဆိုသည့် အကြောင်းပင် ဖြစ်တော့သည်။

ငါအိမ်သာသွားရင်းနဲ့ ဖင်ဆေးလိုက်ရမလား။

စနစ်မှ ပြောလိုက်သည်။ “ယုတ်ညံ့လိုက်တာ”

မြောင်ဟွာခန်းမမှ လာရောက်လည်ပတ်မည်ဆိုသောကြောင့် ကျွင်းချောင်ရှောင်း လုပ်စရာအလုပ်တစ်ခု ရှိနေသေး သည်။ ထိုအရာမှာ မမြင်သင့်၊ မမြင်ထိုက်သော အရာအားလုံးကို သိမ်းဆည်းထားရန်ပင်ဖြစ်တော့သည်။

နောက်တစ်နေ့မနက်ခင်း သံမဏိအရိုးဂိုဏ်း၏ တောင်ခြေဆီမှာတော့ အမျိုးသမီး ကျင့်ကြံသူအဖွဲ့သည် ရောက်ရှိ လာကြပြီဖြစ်သည်။ သူမတို့အားလုံးသည် ကမ္ဘာခြားမှ နတ်မိမယ်များကဲ့သို့ပင် လှပလွန်းနေ၏။ ဦးဆောင်လာသူမှာ ရှစ်ကျန်းရွမ်ဖြစ်ပြီး သူမ၏ မျက်လုံးများမှာတော့ အသက်မဲ့နေ၏။ အလွန်အရာ လှပလှသည့် အလှတရားသည် ကတော့ ဖုန်းကွယ်၍ မထားနိုင်ချေ။

“ခန်းမသခင်”

လီအာ သည် သူမကို ဖေးကူရင်းပြောလိုက်သည်။ “အခု သံမဏိအရိုးဂိုဏ်းရဲ့ တောင်ခြေကို ရောက်နေပြီ”

ရှစ်ကျန်းရွမ်သည် နဖူးပေါ်ရှိ ဆံပင်များကို အသာထိတွေ့ရင်း ရှက်ရွံ့စွာပြောလိုက်သည်။ “လီအာ … ဒီကို အပြေးရောက်လာတော့ ငါ့ပုံစံက ပုံပျက်ပန်းပျက် ဖြစ်နေသေးလား”

“ခန်းမသခင်က အရမ်းကို လှပတယ်လေ၊ သံမဏိအရိုးခေါင်းဆောင်နဲ့ သူ့တပည့်တွေက ကံကောင်းတာပဲ”

လီအာပြောလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့ကို ကူပြီးတော့ အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးအုံး ..။ ကျွင်းချောင်ရှောင်း မြင်ပြီးတော့ စိတ်ပျက်သွားလို့ မဖြစ်ဘူး”

“...”

လီအာ သည်ဆွံ့အသွားမိ၏။

ခန်းမသခင်သည် ဤခရီးသို့ မလာခင်ကတည်းက သေသေချာချာ ဂရုစိုက်နေခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့မျိုး သူမနှင့်သွင်ပြင်နှင့်ပတ်သက်ပြီး ဂရုတစိုက်ရှိတက်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း လီအာ သတိထားမိသည်။

ကြည့်ရသည်မှာ ခန်းမသခင်သည် ကျွင်းချောင်ရှောင်းအပေါ်တွင် စိတ်ခံစားချက်တစ်ခုခု ဖြစ်ပေါ်နေပုံ ပေါ်၏။

ချီးတဲ့မှ၊ ဒီလူအဲလောက်ကြီးလည်း ချောတာမဟုတ်ဘူး၊ ဘယ်လိုဖြစ်ပြီးတော့ ခန်းမသခင်က စိတ်ဝင်စားနေရ တာလဲ။

All Chapters