← Chapters

အဖေ တာအိုကို ရရှိပြီ

Vol. 85 Ch. 1187

အဖေ တာအိုကို ရရှိပြီ

Vol. 85 Ch. 1187

ဖန်ရှုံ့ဖုန်း ကိုးလှမ်းမြောက်ခြေလှမ်းအား လှမ်းမပြီးခင် အက်ကွဲရာများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်။ တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ မည်သူမှ မသိသော ဧရာမကိစ္စကြီးတစ်ခု တောင်ပင်လယ်လောကတွင် ဖြစ်ပွားနေ၏။

ထိုကိစ္စက ဖန်ရှုံ့ဖုန်း တာအိုသို့ ဝင်ရောက်နိုင်ခြင်း၊ မဝင်ရောက်နိုင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မည်။ ၎င်းက တောင်ပင်လယ်လောကတစ်ခွင်၌ သိရှိထားသူအနည်းအကျဉ်းသာ ရှိသည့် ထိပ်တန်းလျှို့ဝှက်ချက်လည်း ဖြစ်သည်။

အမှန်တွင် အချုပ်အခြာအာဏာအမြင့်ဆုံးကို ပိုင်ဆိုင်ထားသူများသာ သိကြလေသည်... ထိုအချုပ်အခြာအာဏာအရှိဆုံးသူများမှာတော့ တောင်ပင်လယ်လောကကို အုပ်စိုးနေသူများဖြစ်ပေ၏.....

တောင်ပင်လယ်လောကတစ်ခုလုံး၏သခင် ပေါ်မလာသေးသရွေ့ .... သူတို့သည် တောင်ပင်လယ်လောက၏ သခင်ပေါင်းစု၊ တောင်ပင်လယ်အသီးသီး၏ သခင်များ ဖြစ်ကြလေသည်။

လောလောဆယ်တွင် တောင်ပင်လယ်လောကအနှံ့သို့ ပဲ့တင်ထပ်လာသော အသံကြီးက ထိုသခင်များ၏စိတ်ထဲတွင် ပြည့်နှက်သွားသည်။

အသံသည် ခံစားချက်မဲ့နေသော သွေးအေးအေးအသံတစ်သံဖြစ်၏။ ထိုသခင်ကိုးဦးအကြား တောင်ပင်လယ်မည်မျှခြားနားနေစေကာမူ အကုန်လုံး ကြားလိုက်ကြရသည်။

“တောင်ပင်လယ်လောကရဲ့စည်းမျဉ်းဥပဒေတွေအရ နဝမတောင်ပင်လယ်သခင်က လက်ရှိ တာအိုအဆင့်တက်လှမ်းနေတဲ့ လောကပါလအင်မော်တယ်ကို ... သုတ်သင်ပစ်ဖို့ တောင်းဆိုထားတယ်။ ဒီကိစ္စဟာ လူတစ်ယောက်တည်း လုပ်ဆောင်လို့မရသလို၊ တောင်ပင်လယ်လောကကိုယ်တိုင်လည်း ချမှတ်လို့ရတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေဘူး

“ဒါ့ကြောင့် .... တောင်ပင်လယ်ကိုးခုရဲ့ သခင်အပေါင်းတို့ ဆုံးဖြတ်ချက်ချတော်မူကြပါ။ သခင်အပေါင်းတို့၊ မဲပေးတော်မူကြပါ”

နဝမတောင်ပင်လယ်၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် ဧရာမမျက်လုံးကြီးတစ်လုံး ရှိသည်။ ထိုမျက်လုံးကြီးအတွင်း၌ အဘိုးကြီးတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ သူက အသတ်အဖြတ်စိတ်ဆန္ဒနှင့် ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် ညင်သာစွာ ပြောလေ၏။ “နဝမတောင်ပင်လယ်သခင်အနေနဲ့ ငါကိုယ်တော် မိန့်ကြားတယ် ... တာအိုအဆင့်တက်လှမ်းနေတဲ့ လောကပါလအင်မော်တယ်ကို သုတ်သင်ပစ်လိုက်”

တစ်ချိန်တည်းမှာပင် ကျန်တောင်ပင်လယ်များရှိ တောင်ပင်လယ်သခင်အကုန်လုံး ဆုံးဖြတ်ချက်များအား တိတ်ဆိတ်စွာ ချလိုက်ကြသည်။

တခဏတိတ်ဆိတ်နေပြီးသော် ခံစားချက်မဲ့သောအသံကြီးက သခင်ကိုးဦး၏စိတ်ထဲတွင် ထပ်မံပေါ်ထွက်လာသည်။

“တောင်ပင်လယ်သခင်ကိုးဦးအနက် ငါးဦးက လောကပါလအင်မော်တယ်ကို သုတ်သင်ဖို့ သဘောတူတယ်။ သုံးဦးက ကန့်ကွက်တယ်။ တစ်ယောက်က မဲမပေးခဲ့ဘူး.... တောင်ပင်လယ်လောကရဲ့စိတ်ဆန္ဒအတိုင်း လောကပါလအင်မော်တယ်ဟာ သုတ်သင်ခံရမယ်”

‘သုတ်သင်ခံရမယ်’ ဆိုသော စကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖန်ရှုံ့ဖုန်း၏ခန္ဓာကိုယ်မှာ သိမ့်ခနဲ တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးတစ်လုပ် ပန်းထွက်လာသည်။ သူကား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်အလားပင်။

“မလုပ်နဲ့” မန်ဟိုက အော်လိုက်သည်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ လူတွေအားလုံးထဲမှာမှ သူတစ်ယောက်တည်းသာ စကားပြောနေသောအသံကို ကြားရခြင်းဖြစ်၏။ သူကား ကြုံတွေ့ရမည့်အန္တရာယ်ဟူသမျှကို လျစ်လျူရှုရင်း ပျံတက်သွားတော့သည်။

ထိုစဉ် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် မန်လီသည် တုန်ရီသွားပြီး ထိုနည်းတူ ပျံတက်လာ၏။ တာအိုလျှောက်လှမ်းခြင်းဝဲကို ရင်ဆိုင်ခြင်းက အင်မတန် အန္တရာယ်များသော်လည်း သူမကား မတွန့်ဆုတ်ပေ။ ဖန်ယုလည်း တွေဝေခြင်းမရှိ ပျံတက်သွားသည်။

စွန်းဟိုက်လည်း စဉ်းပင်စဉ်းစားမနေပေ။ ဖန်ယု လှုပ်ရှားလိုက်သည်နှင့် .... သူလည်း ပျံတက်လာသည်။

မင်း သွားရင် ကိုယ်လည်း သွားမယ်

ဝဲအတွင်းတွင် ဖန်ရှုံ့ဖုန်း၏ခန္ဓာကိုယ်သည် တစတစ ပြိုကွဲလာ၏။ သူ့မှာ ခြေကိုးလှမ်းပြည့်အောင် မလှမ်းနိုင်ခဲ့၍ ထိုနောက်ဆုံးခြေလှမ်းကား ထာဝရ သည်အတိုင်း ကျန်ခဲ့ပေတော့မည်။ သူ့မှာ ကယ်တင်မရတော့သော ပုံစံမျိုးဖြင့် ပြိုကွဲနေလေပြီ။ သူသာ စိတ်ရှိလျှင် တာအိုမြူများကို ဖြိုခွဲ၍ သူ့ခန္ဓာကိုယ်ကို ဖျက်စီးမည့်အစား ၎င်းကိုသာ ဖျက်စီးပစ်နိုင်သည်။ ထို့နောက် အလွန်ကန့်သတ်ထားသောသက်တမ်းဖြင့် ကျန်ခဲ့မည်။

ဖန်ရှုတောက်၏မျက်နှာမှာ မည်းမှောင်နေပြီး သူက စကားတစ်ခွန်းမပြောဘဲ ထိုင်နေသည်။ သူ့အနေဖြင့် တတ်နိုင်သမျှအားလုံး လုပ်ပေးခဲ့ပြီးလေပြီ။ တာအိုကို ဆင့်ခေါ်၍ သူ့ဝိညာဉ်ကိုပင် ထုတ်ကာ မျိုးနွယ်စုတစ်စုလုံးကိုပင် သွေးစတေးခိုင်းခဲ့ပြီးပြီဖြစ်သည်။

တာအိုခေါင်းလောင်းပင် ပေါ်လာခဲ့ပြီးပြီ။ သို့သော် မည်သည့်အရာကမှ ဖန်ရှုံ့ဖုန်း၏ကံတရားကို ပြောင်းလဲနိုင်ပုံမပေါ်ပေ။

“ရှုံ့ဖုန်းက တာအိုကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သင့်တာ .... ဪ လောကပါလအင်မော်တယ် လောကပါလအင်မော်တယ်.... အောင်မြင်မြင် ကျရှုံးရှုံး လောကပါလအင်မော်တယ်တဲ့လေ” ဖန်ရှုတောက်မှာ ပို၍ပင်အိုသွားတော့သည်။

ဖန်ယန်ရှီလည်း ထိုနည်းတူပင်။ သူတို့သည် ဝဲထဲရှိ ဖန်ရှုံ့ဖုန်းကို ကြည့်နေပြီးနောက် မန်ဟို အပူတပြင်း ပျံသန်းသွားသည်ကို မြင်လိုက်ကြ၏။ ဤတစ်ခေါက်တွင် ဖန်ရှုတောက်က သူ့ကို မတားတော့ပေ။

အဘယ်ကြောင့်ဆိုသော်.... အကြောင်းမထူး၍ပင်။

ကောင်းကင်ဘုံလာဝဲထဲတွင် ဖန်ရှုံ့ဖုန်းက သက်ပြင်းချလိုက်သည်။ သူ့မျက်နှာတွင် အက်ကွဲရာများပြည့်နေပြီး သူ့ခန္ဓာကိုယ်မှာ မိုးပြာရောင်အလင်းတန်းများစွာကို ထုတ်လွှတ်ရင်း ပျောက်ကွယ်စပြုနေလေပြီ။

သေရတော့မည့်ခံစားချက်က သူ့ကို သက်ပြင်းချလိုက်မိစေသည်။ သူသည် သေခြင်းအငွေ့အသက်များဖြင့် လှည့်လိုက်ရာ အော်ဟစ်နေသော မန်ဟို့ကို မြင်လိုက်ရသည်။ သူ့ဆီ အလောတကြီး ပျံသန်းလာနေသည့် သူ့ဇနီးနှင့်သမီးကိုလည်း မြင်လိုက်ရ၏။

“အင်း...” သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “ငါ တာအိုအဆင့် မတက်လှမ်းနိုင်တော့ဘူးထင်တယ်။ ဒါပေမဲ့ .... မင်းတို့အားလုံးနဲ့ အတူနေဖို့ အချိန်သိပ်မရတော့မှာကို စိတ်မကောင်းဖြစ်မိတာကလွဲလို့ နောင်တမရဘူး....” သူ တာအိုမြူတိမ်ကို ဖြိုခွဲ၍ တာအိုသို့လျှောက်လှမ်းခြင်းအား ရပ်တန့်ရန် ပြင်လိုက်သည့်ဆဲဆဲမှာပင် အေးစက်စက်နှာမှုတ်သံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ အသံက ရှေးကျပြီး အဆုံးမဲ့ဖိအားကြီးဖြင့် ပြည့်နှက်နေ၏။ ၎င်းက ... အရှေ့အောင်ပွဲဂြိုဟ်မှ လာခြင်းဖြစ်သည်။

အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးမှာ စိတ်ဆန္ဒနိုးထလာနေသကဲ့သို့ တသိမ့်သိမ့်တုန်ခါလာသည်။ ဂြိုဟ် နိုးထလာ၍ မြေကြီးများ လှုပ်ရမ်းနေစဉ် ဖန်မျိုးနွယ်ဘိုးဘေးမြေအတွင်းရှိ ရှေးဂူသင်္ချိုင်းကြီးထဲတွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် တင်ပျဉ်ခွေထိုင်နေ၏။ သူ့မျက်လုံးများကား ပွင့်နေလေသည်။

“လောကပါလမျိုးနွယ်စုအနေနဲ့ ငါရဲ့ဖန်မျိုးနွယ်စုဟာ ငါ တစ်ယောက်တည်း ကျန်တော့တဲ့အထိ အင်မော်တယ်ကမ္ဘာအတွက် တိုက်ခိုက်ပေးခဲ့တယ်

“အခု ... ဖန်မျိုးနွယ်စု ဦးပြန်မော့လာခဲ့ပြီ။ ငါတို့သွေးဟာ နိုးထလာခဲ့ပြီး လောကပါလမျိုးနွယ်စုတစ်စုရဲ့ ဂုဏ်ကျက်သရေလည်း ပြန်လည်ထွန်းပြောင်လာနေပြီ.... ဒါပေမဲ့ ဘာကြောင့် ငါတို့က ဒီလိုမဲခွဲဆုံးဖြတ်မှုကို ခံရသင့်တာလဲ

“ဒါသာ ရိုးရိုးတမ်းတမ်း တာအိုအဆင့်တက်လှမ်းတာဆိုရင် သူ သေသွားရင်တောင်မှ ငါ ဝင်ပါမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ လောကပါလမျိုးနွယ်စုတစ်စုရဲ့ သွေးဆက်နိုးထခြင်းကြောင့် အကုန်လုံးပြောင်းလဲသွားတယ်။ ပြစ်ဒဏ်က ... တော်ရုံပဲကောင်းမယ်

“ပါရာဂွန်ကိုးတံဆိပ်သာ ကွယ်လွန်မသွားခဲ့ရင် သူတောင်မှ ငါတို့လိုလောကပါလမျိုးနွယ်စုကို လေးစားလိမ့်မယ်။ မင်းက .... သဘာဝနိယာမတွေကနေ ဖြစ်ပေါ်လာတဲ့ စက္ကောမစိတ်ဝိညာဉ်လေးထက် မပိုဘူး။ တောင်ပင်လယ်ကိုးခုရဲ့သခင်တွေအားလုံးက အဲဒီသဘာဝနိယာမတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားတာဆိုတော့ .... ငါ တောင်ပင်လယ်လောကအပေါ်တော့ စိတ်မကွက်တော့ဘူး။ ဒါပေမဲ့ မင်းတို့တွေ မင်းတို့တောင်ပင်လယ်သခင်တွေ ငါ့ဖန်မျိုးနွယ်စုကို ဖျက်စီးဖို့ ကြိုးစားခဲ့တဲ့ မင်းတို့အမှားကို ငါကိုယ်တိုင် ဆုံးမပေးမယ်”

ပဲ့တင်ထပ်နေသော ထိုအသံကို လူတိုင်းမကြားရပေ။ ကြားရသူများမှာ တောင်ပင်လယ်သခင်ကိုးဦးနှင့် မန်ဟိုသာ ဖြစ်သည်။

တစ်ဆက်တည်းမှာပင် အလင်းတန်းတစ်တန်းက အရှေ့အောင်ပွဲဂြိုဟ်မှ ထွက်လာသည်။ ၎င်းသည် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာရင်း အလင်းတန်းကိုးတန်းအဖြစ် ခွဲသွား၏။ တစ်တန်းက နဝမတောင်သို့ ဦးတည်သွားပြီး ကျန်ရှစ်တန်းက ကျန်တောင်ပင်လယ်ရှစ်ခုဆီသို့ ထွက်သွားလေသည်။

နဝမတောင်မှာ တဝုန်းဝုန်းမြည်သွားပြီး ဧရာမမျက်လုံးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် ၎င်းထံမှ သွေးများ ပန်းထွက်ပြီး စီးကျလာရာ ကျီတစ်မျိုးနွယ်လုံး တုန်လှုပ်သွားကြတော့သည်။

ကျန်တောင်ပင်လယ်များရှိ အဖြစ်အပျက်များကိုမူ မည်သူမှ မသိကြပေ။ သို့သော် တောင်ကောင်းကင်ဂြိုဟ်ပေါ်က ကောင်းကင်ဘုံလာဝဲထဲတွင် ဖန်ရှုံ့ဖုန်းမှာ ရုတ်တရက် အတွန်းခံလိုက်ရပြီး ... ကိုးလှမ်းမြောက်အား လှမ်းလိုက်လေပြီ။

သူ့ခြေဖဝါးကျသွားသောအခိုက်အတန့်တွင် ဖန်ရှုံ့ဖုန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ကြည့်ရှူနေသူတိုင်း ပင့်သက်ရှိုက်ကုန်ကြသည်။ တစ်ချိန်တည်းမှာပင် သူ့ခေါင်းထက်ရှိ တာအိုမြူတိမ်သည် ဓားတစ်လက်အဖြစ် ပီပြင်လာ၏။

သွေးရောင်ဓားတစ်လက်

ဓားက ဖန်ရှုံ့ဖုန်း၏ခေါင်းမှဖြတ်သန်း၍ ဖန်ရှုံ့ဖုန်း၏ကိုယ်ထဲ ကျဆင်းသွားပြီး ရုတ်တရက် .... သူကား တာအိုနယ်ပယ်အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။

ဝဲထံမှ လှိုင်းဂယက်များက နဝမတောင်ပင်လယ်အနှံ့အပြားသို့ ရိုက်ခတ်ရင်း ဖြာထွက်လာကာ တဖြေးဖြေး မှေးမှိန်သွားပြီး ဖန်ရှုံ့ဖုန်းအား ပေါ်လွင်လာစေသည်။

ဖန်ရှုံ့ဖုန်းမှာ ကြောင်အနေပြီး သူတစ်ယောက်တည်းမဟုတ်။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့လည်း အသက်ပင်မရှူနိုင်တော့ပေ။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာကို မယုံနိုင်ဖြစ်နေကြပြီး တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ကြည့်နေခဲ့သော တာအိုနယ်ပယ်ပညာရှင်အကုန်လုံးလည်း ထိုနည်းတူ အံ့အားသင့်ကုန်ကြသည်။

“သူ ကျရှုံးသွားတာ အသိသာကြီးလေ ..... ဘယ်လိုလုပ်အောင်မြင်သွားတာလဲ”

“စောစောက ဘာဖြစ်သွားတာပါလိမ့်”

“လုံးဝအံ့ဖွယ်ပဲ။ တောင်ပင်လယ်လောက တည်ရှိခဲ့တဲ့ နှစ်ပေါင်းများစွာတစ်လျှောက်လုံး အခုလို ကျရှုံးနေရာကနေ ဆန်းဆန်းကြယ်ကြယ် အောင်မြင်သွားတဲ့လူတစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးဘူး”

သို့သော် မည်သို့ပြောပြော၊ ဖန်ရှံ့ဖုန်းကား တာအိုအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းသွားခဲ့လေပြီ။

ဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် မည်သည့်အရာဖြစ်သွားခဲ့သလဲ မသိသော်လည်း ဖန်ရှုံ့ဖုန်း တာအိုသို့ လျှောက်လှမ်းနိုင်ခဲ့သည်ကို မြင်လျှင် ဝမ်းသာရွှင်မြူးလာကြတော့သည်။

“ဂါဝရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်”

“မျိုးနွယ်စုခေါင်းဆောင် အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူမိပါတယ်”

“ဂုဏ်ယူဝမ်းမြောက်မိပါတယ် မျိုးနွယ်စုခေါင်းဆောင်” ဝမ်းမြောက်ဂုဏ်ယူစကားများမှာ သောင်းသောင်းဖြဖြ ပျံလွင့်နေပြီး တောင်ကောင်းကင်တစ်ဂြိုဟ်လုံး တုန်ရီနေလေသည်။ မန်လီက မျက်ရည်များ ပါးပြင်တစ်လျှောက်စီးကျနေလျက် ပျံတက်လာပြီး ဖန်ရှုံ့ဖုန်းကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

ဖန်ယုနှင့် စွန်းဟိုက်လည်း မျက်ရည်စများဖြင့် အနားရောက်လာကြသည်။

“အဖေ .... လုပ်နိုင်သွားပြီ” ဖန်ယုက ငိုလည်းငို၊ ရယ်လည်း ရယ်ရင်း ပြောလိုက်၏။

“ဂုဏ်ယူပါတယ် အဖေ” မန်ဟိုက ဘေးတွင် ပျံဝဲနေရင်း ပြောသည်။ သူ့အဖေ အန္တရာယ်ကင်းသွားသည်ကို မြင်လျှင် သူ့ရင်ထဲရှိ အလုံးကြီးကျသွား၏။ သို့သော် ထိုအပြုံး၏နောက်ကွယ်တွင် ဖုံးကွယ်ထားသည်ကား သူ့မိဘနှစ်ပါးများကို မမြင်စေချင်သည့်အရာ .... ဖန်ရှုံ့ဖုန်း ယခုလေးတွင် ကျရောက်လုနီးပါးဖြစ်ခဲ့ရသည့်အသက်ဘေးကြောင့် ဖြစ်တည်လာသော သတ်ဖြတ်လိုစိတ်များဖြစ်သည်။

မန်ဟိုသည် သူ ကြားခဲ့ရသော အသံများကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူသည် သူ၏အဆင့်အတန်းနှင့် ၎င်း တောင်ပင်လယ်လောကတစ်ခုလုံးအပေါ် မည်သို့စိုးမိုးနေသည်ကိုလည်း ပို၍နားလည်လာ၏။ လောကပါလမျိုးနွယ်စုတစ်စု၏ ထွန်းတောက်လာမှုက ကျန်တောင်ပင်လယ်သခင်များအတွက် ခြိမ်းခြောက်မှုဖြစ်သည်။ အထူးသဖြင့် ... ကျီမျိုးနွယ်စုအတွက်။ ထို့ကြောင့် ကျီမျိုးနွယ်စုက ပြတ်ပြတ်သားသား သုတ်သင်ဖို့ လှုပ်ရှားခဲ့ခြင်းဖြစ်၏။

သို့သော် ဖန်ရှံ့ဖုန်းကို သုတ်သင်ဖို့ လုပ်ခဲ့သည့် ခြိမ်းခြောက်မှုအစစ်အမှန်က ကျင့်ကြံသူတစ်ယောက်တည်းမှ လာခြင်းမဟုတ်၊ တောင်ပင်လယ်လောကကိုယ်တိုင်မှ ၊ သဘာဝနိယာမစွမ်းအားများမှ လာခဲ့ခြင်းပင်။ မန်ဟို့ရှုထောင့်အရ ကျီမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးကျီတျန်းသည် ထိုသို့ဖြစ်အောင်လုပ်ဖို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရလိမ့်မည်။ တောင်ပင်လယ်သခင်တစ်ဦးသာ ထိုသို့ရမ်းရမ်းကားကား ပြုမူဝံ့လျှင် မည်သူမှ သူ့ကို စိန်မခေါ်ရဲတော့ဘဲ နေမည် မဟုတ်ပါလာ။

သို့ပင်ငြား ၎င်းက အကြောင်းမဟုတ်။ တောင်ပင်လယ်သခင်များအား အစားထိုး၍ရသည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် မန်ဟိုသည် ကျီတျန်းအား သူလုပ်ခဲ့သောအမှုအတွက် ပြန်ပေးဆပ်ခိုင်းဖို့ စိတ်ပိုင်းဖြတ်ပြီးလေပြီ။

“ကျီတျန်း မင်း တစ်နေ့ သေစေရမယ်” ကောင်းကင်သို့ မော့ကြည့်နေစဉ် မန်ဟို့အပြုံးသည် ပို၍အေးစက်လာပြီး ခက်ထန်လာ၏။ သူ့အဖေကို သတ်ဖို့ ထိုနည်းလမ်းအား ကျီတျန်း ဘာကြောင့် သုံးခဲ့သလဲ သူ နားမလည်သေးပေ။ သို့သော် သူ့အဖေနှင့် ကျီတျန်းအကြား သွေးကြွေးရန်ငြိုးရှိမရှိ တွေးကြည့်ရမည်။

“ငါ့ကြောင့်ပဲလား။ ဒါမှမဟုတ် ကျီတျန်းက ငါ့အဖေ တောင်ကောင်းကင်ဂြိုဟ်မှာမလို့ မလာနိုင်တာကြောင့်လား" မန်ဟို့မျက်လုံးများ ဝင်းလက်သွားသည်။ တစ်ယောက်ယောက် သူ့အဖေကို သတ်ဖို့ ကြိုးစားခဲ့ခြင်းကား ဘောင်ကျော်ခဲ့ခြင်းဖြစ်၏။ သူ့အတွက် ၎င်းကား တားမြစ်ဥပဒေတစ်ရပ်ကို ဖောက်ဖျက်လိုက်ခြင်းနှင့်တူသည်။ သူ့ပုံစံက အပြင်ပန်းတွင် ပုံမှန်သာဖြစ်သော်လည်း သူ့နှလုံးသားက ဒေါသမီးတောက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။

သူသည် ယခုလောက် ဒေါသမထွက်ခဲ့ဖူးသလို ၊ ကျီတျန်းကို သတ်ချင်နေခဲ့သကဲ့သို့ မည်သူ့ကိုမှ မသတ်ချင်ခဲ့ဖူးပေ။ ထို့ကြောင့် ... ၎င်းက သေချာပေါက် ချေရမည့် ရန်ကြွေးဟု သူ ဆုံးဖြတ်လိုက်တော့သည်။

ဖန်ရှုံ့ဖုန်းက သူ့မိန်းမနှင့် သမီးကို ကြည့်ပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။ မန်ဟိုသည် သူ၏ခံစားချက်အစစ်အမှန်များကို သူ့အမေနှင့်အစ်မ မရိပ်စားမိအောင် ဖုံးကွယ်ကောင်းဖုံးကွယ်နိုင်သော်လည်း သူ့အဖေထံမှတော့ မဖုံးကွယ်နိုင်ပေ။

ဖန်ရှုံ့ဖုန်းသည် မန်ဟို့မျက်ဝန်းထဲ၌ တောင်လောင်နေသော ဒေါသမီးများကို ကြည့်ပြီး စိတ်နှလုံးတုန်ယင်သွား၏။ သို့သော် သူ မတွေးနိုင်ခင် မန်ဟိုက ပြုံးလိုက်ပြီး ထပ်ပြောသည်။ “ဂုဏ်ယူဝမ်းမြောက်မိပါတယ် အဖေ”

ဖန်ရှုံ့ဖုန်းက ပြုံး၍ တုံ့ပြန်တော့မည့်အချိန် ရုတ်တရက် မျက်နှာပျက်သွားသည်။ မန်ဟိုလည်း မျက်နှာပျက်သွားသည်။ အောက်ရှိ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့၏မျက်နှာများအပေါ်တွင်လည်း တူညီသောအမူအရာများအား မြင်ရနိုင်၏။

အဘယ်ကြောင့်ဆိုသော်.... တောင်ကောင်းကင်ဂြိုဟ်ရှိ တိမ်တိုက်အားလုံး ပျောက်ကွယ်သွားခဲ့ပြီး ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးဖြင့် အစားထိုးခံလိုက်ရ၍ပင်။

ထိုပိုက်ကွန်ကြီးကား .... တောင်ကောင်းကင်ဂြိုဟ်၏ မန္တန်ဝင်္ကပါဖြစ်ချေ၏။

All Chapters