← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 013 Ch. 1259

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 013 Ch. 1259

ချန်ယဲ့မြို့တွင် လူအများသည် မြို့စားအိမ်တော်သို့ သွားရာလမ်း၌ ရှိနေကြသည်။

စစ်ထိုကလန်မှ တန်ခိုးရှင်များသည်လည်း မြို့စားအိမ်တော်သို့ ဦးတည်လာနေကြသည်။

ထိုအချိန်တွင် လေထုထဲမှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။ စစ်ထိုရန်သည် သူမ၏ ခေါင်းကို မော့ကာ ကြည့်လိုက်လျှင် တန်ခိုးရှင် အဖွဲ့ကြီးတစ်ဖွဲ့က ကောင်းကင်ကို ဖြတ်သန်း ပျံသန်းလာသည်အား မြင်လေသည်။ နေရောင်ခြည်သည် သူတို့၏ အပေါ်သို့ ဖြာကျနေပြီး သူတို့ ခန္ဓာကိုယ်များနှင့် ပေါင်းစပ်ကာ အလွန်ပင် တောက်ပနေသည်။

“အင်ပါယာခွာနယ်မြေ မျိုးနွယ်စုကိုးခုက လူတွေပဲ” စစ်ထိုရန်က သူမဘာသာ တွေးသည်။ အနောက်ဘက်ဒေသမှ စစ်တပ်က မြို့ထဲကို ဝင်ရောက်လာပြီဟူသော သတင်းကို လက်ခံရလျှင်ရချင်း စိတ်ပူစွာဖြင့် မြို့စားအိမ်တော်သို့ အမြန် လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း မျိုးနွယ်စုကိုးခုသည် သူတို့၏ ရှေ့မှ ကျော်ဖြတ်သွားခဲ့ပြီး ဖြစ်သည်။

မြို့စားအိမ်တော်သည် ဤတန်ခိုးရှင်များကို မည်ကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရလိမ့်မည်လဲ။

စစ်ထိုရန်သည် အနည်းငယ် ပူပင်နေခဲ့သည်။ ရီဖူရှင်း အနောက်ဘက်ဒေသတွင် ရှိစဉ်က အင်ပါယာခွာ၏ မျိုးနွယ်စုမှ လူများ သူ့ကို့ မထိခဲ့သည်မှာ ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သည့် တန်ခိုးရှင်များက သူ့အတွက် ကူညီပြောပေးခဲ့ခြင်းကြောင့်ဟု သူမ ကြားမိပေသည်။

သို့ပေမယ့် အခုအကြိမ်တွင်တော့ သူတို့သည် မြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်လာကြလေသည်။ ထိုသည်က သူတို့သည် အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ကြောင်း ပြသနေသည်။

“အဲဒီကောင်လေးက သူတို့ဆီကနေ ဘာယူလာလို့လဲ” စစ်ထိုကလန်၏ ခေါင်းဆောင် စစ်ထိုကျုံးက ခပ်တိုးတိုး ပြောသည်။ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရောစွက်နေသည်။ အင်အားကြီးသည့် အဖွဲ့ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးသည် ရီဖူရှင်းသာ ထိုပစ္စည်းကို ထုတ်ပေးရန် ငြင်းဆန်ခဲ့လျှင် သူ့အတွက် ရက်စက်စွာ ရှုံးနိမ့်ခြင်းက စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။

ဤနှစ်များတွင် အင်ပါယာရှားဘုံမှ ရီဖူရှင်းနှင့် ယူချင်းသည် ကျော်ကြားသူများ ဖြစ်လာကြသည်။ တစ်ယောက်သည် ဒေသနန်းတော်သို့ ဝင်ရောက်သွားခဲ့ပြီး ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် စာရင်းဝင်ခဲ့သည်။

ရီဖူရှင်းသည် ယူချင်းကဲ့သို့သော ထူးကဲသည့် အဆင့်အတန်း မရှိသော်လည်း သူသည် ရန်ဟောင်ဘုံနှစ်ခုကြားမှ တိုက်ပွဲကို ဦးဆောင်ခဲ့ကာ အင်ပါယာခွာ၏ အပျက်အစီးနယ်မြေ အတွင်းတွင် များပြားလှသည့် ပြိုင်ဘက်များကို ရှုံးနိမ့်စေနိုင်ခဲ့သည်။ ပြောကြသည်မှာ ဒေသနန်းတော်၏ ဂုဏ်သရေ၊ အင်ပါယာဝူ၏ မင်းသမီး ရင်ထျန်းကျောက်နှင့် အင်ပါယာတုန်း နန်းတော်မှ မင်းသား သွမ့်ဝူကျီသည်ပင် ရီဖူရှင်း လက်ထဲ၌ ရှုံးနိမ့်ခဲ့သည် ဟူ၍ ဖြစ်သည်။

အပျက်အစီးနယ်မြေ အတွင်း မည်သည်တို့ ဖြစ်ပျက်ခဲ့လည်း မည်သူမှ မသိပေမယ့် ရီဖူရှင်းက မည်မျှ ထူးခြားလည်း ဆိုသည်ကို သက်သေပြနေသည်။

သူတို့တွင် အကန့်အသတ်မဲ့ စွမ်းရည်များ ရှိနေပြီး သူတို့၏ အနာဂတ်သည် ချန်ယဲ့မြို့လေးနှင့်ပင် ကန့်သတ်ခံထားရလိမ့်မည် မဟုတ်ပေ။

သူသည် သူတို့အပေါ်၌ မကောင်းသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကို မမြင်တွေ့လိုပေ။ သူတို့၏ တောက်ပသော အနာဂတ်ကို မျက်မြင်တွေ့ချင်သေးပေ၏။

လေထဲတွင် ပို၍ များပြားသော တန်ခိုးရှင်များ ရောက်ရှိလာကြသည်။

“မီးတောက်နက်ကလန်ကလည်း ဒီကိုလာပြီး ပြဿနာ လာရှာတာပဲလား” စစ်ထိုကျုံးက မျက်မှောင်ကြုတ်ကာ ပြောသည်။ သူသည် ချန်ယဲ့မြို့တွင် လာနေနေကြသည့် များပြားလှသော တန်ခိုးရှင်များကို သတိပြုမိသည်။ အထူးသဖြင့် အင်ပါယာခွာ၏ ရတနာကို ပို၍ စိတ်ဝင်စားနိုင်သည့် မီးစွမ်းရည်တွင် ကောင်းမွန်သည့် အရည်အချင်းရှိသော သူများကို ဖြစ်သည်။

သူတို့ လာသည်မှာ အလွန် မြန်လှသည်။

ချန်ယဲ့မြို့ရှိ လူအားလုံးမှာ မြို့ထဲတွင် ကြီးမားသည့် မုန်တိုင်းတစ်ခု ဖြစ်ပွားတော့မည်ကို ခံစားမိကြပေသည်။

ဤမုန်တိုင်းသည် ရန်ဟောင်ဘုံ နှစ်ခုကြားမှ ဖြစ်ပွားခဲ့သည့် တိုက်ပွဲထက် သေးငယ်လိမ့်မည် မဟုတ်ပေ။

ရန်ဟောင်ဘုံ နှစ်ခုကြားတွင် ယှဉ်ပြိုင်တိုက်ခိုက်နေစဉ် အတွင်း နှစ်ဖက်လုံးတွင် ပြန်လည်မွေးဖွားခြင်း အဆင့် လေးယောက်သာ ပါဝင်ခဲ့ပြီး ထိုသူများမှာ ရှန့်ထိုအဆင့်အစုံ၌ ရှိကြ၏။

သို့ရာတွင် ဤတစ်ကြိမ်၌ မျိုးနွယ်စုကိုးခု အားလုံး ရောက်ရှိလာကြလျှင် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထို ကိုးယောက် ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ထိုပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထို ကိုးယောက် ဆိုသည်မှာ ချန်ယဲ့မြို့နှင့် အခြားနေရာများမှ တန်ခိုးရှင်များ မပါဝင်သေးပေ။ ထို့ကြောင့် ဤတိုက်ပွဲက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိမြင်နိုင်ပေသည်။

ထိုအကြောင်းကို တွေးလိုက်မိလျှင် များစွာသော လူတို့သည် ထူးဆန်းသော အကြည့်များကို ဖော်ပြကြလေသည်။ ရီဖူရှင်းနှင့် အခြားလူများ ချန်ယဲ့မြို့ကို ရောက်မလာခင်က ချန်ယဲ့မြို့သည် ထိုကဲ့သို့သော မုန်တိုင်းမျိုးကို ကြုံတွေ့ဖူးခြင်း မရှိခဲ့ပေ။ ချန်ယဲ့မြို့သည်သာ မဟုတ်ဘဲ သွေးနဂါးမြို့ အပြင်ဘက်မြို့များတွင်လည်း ထိုသို့ မုန်တိုင်းမျိုးသည် ကြုံရခဲလှပေသည်။

သို့ရာတွင် ရီဖူရှင်း ရောက်လာသည့်အချိန်မှ စ၍ ထိုအဖြစ်အပျက်တို့သည် တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်ပျက်နေခဲ့သည်။

သို့သော်လည်း သမိုင်းများအရ ကျော်ကြားသည့် ပုဂ္ဂိုလ်များသည် ထိုသို့ ဖြစ်မလာခင်၌ သာမန်လူများ ကြုံတွေ့ရသည့် အခက်အခဲများထက် ပို၍ ပြင်းထန်သည့် အခက်အခဲများကို ကြုံတွေ့ခဲ့ရတတ်ပေသည်။

ချန်ယဲ့မြို့စား ရီဖူရှင်းသည်လည်း ထိုသို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဤတစ်ကြိမ်၌ ဖြစ်ပေါ်လာသည့် မုန်တိုင်းကို သူက ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပါမည်လား။

***

မြို့စားအိမ်တော်တွင် အရာရာက ပုံမှန်အတိုင်းရှိနေကာ စိုးရိမ်ပူပန်မှု အနည်းငယ်မျှပင် ရှိမနေပေ။ ရီဖူရှင်းသည် ဝူကလန်မှ တန်ခိုးရှင်များ အတွက် စားသောက်ပွဲ တည်ခင်းပေးနေသည်။

ထို့အပြင် စားသောက်ပွဲမှာ မြို့စားအိမ်တော်၏ အဓိက ခန်းမဆောင်၌ တည်ခင်းထားသည်မို့ သူတို့က အဝေးရှိ မြင်ကွင်းများကိုလည်း မြင်တွေ့နိုင်ပေသည်။

မြို့စားအိမ်တော်မှ လူများသည် ရီဖူရှင်း မည်သည်တို့ကို တွေးနေသည့်အတွက် အနည်းငယ်မျှပင် အပူအပင် မရှိရသည်လည်း မသိကြတော့ပေ။

သို့ရာတွင် ဆန်းထျန်ကျန့်ကို ကြည့်ရသည်မှာလည်း တည်ငြိမ်နေပေသည်။ သူသည် မြို့စားအိမ်တော် အခက်အခဲထဲတွင် ကျရောက်နေသည့် အခါ၌ လက်ကမ်း ကူညီပေးလိမ့်မည် ဖြစ်သည်။ သူ နေခဲ့ရန် ကတိပေးခဲ့ပြီး ဖြစ်သည့်အတွက် လက်ထောက်မြို့စား တစ်ယောက် အနေနှင့် သူသည် မြို့စားကို ကူညီထောက်ပံ့ ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ သူက ရီဖူရှင်း၏ တိုးတက်လာမှုကို မျှော်လင့်မိပေသည်။

ထို့အပြင် ဆန်းထျန်ကျန့်သည် မည်သည့် ရလဒ်ပင် ထွက်လာပါစေ ကိစ္စမရှိဘဲ အနည်းဆုံးတော့ သူက အန္တရာယ်တောထဲ ကျရောက်မည် မဟုတ်သည်ကို သိရှိပေသည်။

သူက ရီဖူရှင်းကို ကူညီထောက်ပံ့ပေးရန် ကတိပေးထားသော်လည်း သေခြင်းရှင်ခြင်းနှင့် ပတ်သက်လာလျှင်တော့ သူက ရီဖူရှင်းအတွက် သေပေးလိမ့်မည် မဟုတ်ပေ။

သူတို့၏ ခင်မင်ရင်းနှီးမှုက ထိုအဆင့်ထိ ရောက်ရှိခြင်း မရှိသေးပေ။

ရီဖူရှင်းသည်လည်း ထိုသည်ကို ကောင်းကောင်း သိရှိပေသည်။

ဤကမ္ဘာ၌ တာလီနန်းတွင်း အကြံပေး ကဲ့သို့သော လူမျိုးမှာ များများစားစား မရှိလှပေ။

ထိုအချိန်၌ ဝူယုံးသည် မျိုးနွယ်စု တစ်ခုချင်းစီ၏ ခွန်အား အစစ်အမှန် အကြောင်း ရီဖူရှင်းအား သတင်းအချက်အလက်များ မျှဝေပေးနေပေသည်။ အင်ပါယာခွာ၏  မျိုးနွယ်စု ကိုးခုတွင် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုမှာ အသန်မာဆုံး ဖြစ်သော်လည်း သံသယကင်းစင်ခြင်း အဆင့် ရှန့်ထို အများအပြား ရှိပေသည်။

ထိုသည်ကို နားထောင်ပြီးနောက်တွင် ရီဖူရှင်းသည် သွေးနဂါးဘုံ အနောက်ဘက်ဒေသကို အုပ်စိုးထားသည့် မျိုးနွယ်စုကိုးခုမှာ အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ဟု မှတ်ချက် ချလိုက်မိလေသည်။

အင်ပါယာခွာသာ အသက်ရှင် နေခဲ့သေးလျှင် မျိုးနွယ်စုကိုးခုကို ဦးဆောင်ပြီး သွေးနဂါးဘုံနှင့် တန်းတူဖြစ်သည့် ဘုံတစ်ခု အဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။

ဝူကလန်သည် တန်ခိုးရှင် မိသားစုဝင် အရေအတွက် အနည်းဆုံး ဖြစ်သဖြင့် အလွန်အားနည်း လှပေသည်။ ထို့ကြောင့်ပင် မျိုးနွယ်စု ကိုးခု၏ စွမ်းအားတိုက်ခိုက်ပွဲတွင် ကျူးကလန်ကို ဆက်၍ မှီခိုနေရခြင်း အကြောင်းရင်း ဖြစ်ပေသည်။

ကျူးကလန်ခေါင်းဆောင် ကျူးခုန်သည် မျိုးနွယ်စုကိုးခုမှ ထိပ်သီးပုဂ္ဂိုလ် ဖြစ်သည်။ မျိုးနွယ်စုကိုးခုမှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထို ကိုးယောက်တွင် သူ၏ စွမ်းရည်မှာ မခန့်မှန်း နိုင်လောက်အောင် မြင့်မားပြီး ယခင် ဝူကလန်ခေါင်းဆောင် ထက်ပို၍ အများကြီး သန်မာပေသည်။ အဆင့် တူညီသည့် တန်ခိုးရှင် နှစ်ယောက် ဖြစ်သော်လည်း သူတို့၏ စွမ်းရည်များအကြား ကွာခြားမှုက မခန့်မှန်းနိုင်လောက်အောင် များပြားနေဆဲ ဖြစ်သည်။

မဟုတ်လျှင် ဝူကလန်က သူတို့ထံ၌ မှီခိုမည် မဟုတ်ပေ။

“ဝူကလန်ရဲ့ ပြဿနာတွေကို မြင်ပြီး တချို့လူတွေက ခင်ဗျားနောက် လိုက်တာထက် ကျူးကလန်ခေါင်းဆောင် ကျူးခုန် အပေါ် သစ္စာခံလိုက်တာ အံ့သြစရာ မရှိတော့ပါဘူး။ ခင်ဗျားပြောတာ ကြားပြီးတော့ ကျွန်တော် တစ်ခုခုကို နားလည်သွားသလိုပဲ” ရီဖူရှင်းက ပြောသည်။

နှစ်ဖက်လုံး၏ စွမ်းရည်ကို ရှင်းလင်းစွာ နှိုင်းယှဉ်ကြည့်သောအခါ ဝူယုံးဘက်၌ ရပ်တည်ပေးခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှု ဖြစ်ရာ မရောက်ပေ။

ကျူးခုန်သည် ဝူကလန်ကို ထိန်းချုပ်နိုင်ရန် ကျူးကလန်၏ တန်ခိုးရှင်များကို ဦးဆောင် စေနိုင်ခြင်းမှာ သာမန်တော့ မဟုတ်ပေ။

“မြို့စားရီ၊ ကျုပ်တို့ရဲ့ အရင်ခေါင်းဆောင်ကို ခွင့်လွှတ်ပေးပါ။ အကြောင်းပြချက် ပေးရရင် သူက အင်ပါယာခွာရဲ့ အမွေအနှစ်ကို သူ့အပိုင်အဖြစ် ဆက်ခံချင်ခဲ့တာ ဒီကိစ္စကြောင့်ပါ။ မျိုးနွယ်စု ကိုးခုထဲမှာ ဝူကလန်က နှစ်ပေါင်းများစွာ အနိမ့်ဆုံးအဖြစ် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ကျူးခုန်ရဲ့ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရတယ်။ သူလည်းပဲ ခံပြင်းလွန်းလို့ အပျက်အစီး နယ်မြေကို ဝင်လို့ရတဲ့ အခါမှာ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေးကို လိုချင်ခဲ့ရုံပါ” ဝူယုံးက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ထိုအကြောင်းကို စိတ်ထဲ မထားခဲ့ပေ။

ယခင်ခေါင်းဆောင်၏ အခြေအနေကို တွေးကြည့်ရလျှင် လူတိုင်းက သူတို့၏ အကျိုးအမြတ် အတွက်သာ လုပ်ဆောင်ကြသည်မို့ သူ ထိုသို့ ဆုံးဖြတ်ချက် ချခဲ့သည်မှာ နားလည်နိုင်ဖွယ်ရာပင် ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းဘက်မှ ကြည့်လျှင် သူ၏ အသက်ကို ခြိမ်းခြောက် ခံခဲ့ရသည့်အတွက် ယခင်ခေါင်းဆောင်ကို သုတ်သင်ပစ်ရန်က လွဲလျှင် ရွေးချယ်စရာ မရှိခဲ့ပေ။

“စီနီယာ၊ စိတ်မပူပါနဲ့။ လူတွေ ပြောကြတာ ရှိတယ်။ 'ကံဆိုးခြင်းတွေရဲ့ အလွန်မှာ ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ်' တဲ့။ တစ်နေ့မှာ ဝူကလန်က မျိုးနွယ်စု ကိုးခုကို စုစည်းနိုင်ပါလိမ့်မယ်” ရီဖူရှင်းက ပြောသည်။ ဝူယုံးက ရီဖူရှင်းကို အံ့အားသင့်စွာနှင့် ကြည့်လိုက်ပြီး ရယ်မောကာ ပြောသည်။ “အဲဒီလိုနေ့ ရောက်လာမယ်လို့ မျှော်လင့်မိပါတယ်”

ထို့နောက် သူက ခေါင်းကိုမော့ကာ အဝေးသို့ ကြည့်သည်။

သူသာလျှင်မဟုတ်ဘဲ ဆန်းထျန်ကျန့်သည်လည်း ခေါင်းမော့ကာ အဝေးသို့ ကြည့်လိုက်၏။

“သူတို့ လာနေကြပြီ” ဝူယုံးက ပြောသည်။ လူများက အဝေးမှာပင် ရှိသေးသော်လည်း သူတို့ ထုတ်လွှတ်ထားသည့် အရှိန်အဝါကို ခံစားသိရှိ နိုင်ကြပေသည်။

ရီဖူရှင်းက ထိုအရှိန်အဝါကို မခံစားမိပေမယ့် သူသည်လည်း အဝေးသို့ ကြည့်ကာ ပြောသည်။ “သူတို့ကို သွားကြိုရအောင်”

သူက မတ်တတ်ထရပ်လိုက်ပြီး မြို့စားအိမ်တော်တွင်းမှ လမ်းလျှောက် ထွက်လာသည်။ အခြားလူများက သူ့နောက်မှ လိုက်ပါလာကြ၏။

ရီဖူရှင်းသည် မြို့စားအိမ်တော် အပြင်ဘက် မြေနေရာ၌ စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။ သူသည် အိမ်တော်အရှေ့ဘက် အဆောက်အဦ တစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။

များပြားလှသည့် တန်ခိုးရှင်များသည် မြို့စားအိမ်တော်တွင် ဆုံစည်းလာ၍ ဝန်းရံထားကြသည်။ သူတို့က မော့ကြည့်ပြီး ရီဖူရှင်းက အသင့်ပြင်ဆင် ထားပြီးပြီလား မပြီးလား သိချင်နေကြ၏။

အဝေးတစ်နေရာမှ ကောင်းကင်သည် အနီရောင်သို့ ပြောင်းလဲသွားသည်။ ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် အရှိန်အဝါ အငွေ့အသက်များက လွှမ်းခြုံလာ၏။

နေရထားတစ်စင်း ပေါ်ပေါက်လာသည်။ ကျူးခုန်သည် နေရထားပေါ်၌ ရှိပြီး မရေတွက်နိုင်သော တန်ခိုးရှင်များ ဝန်းရံနေသည်။ အင်အားတောင့်သည့် လူစုသည် ရှေ့သို့ ချီတက်လာနေသည်။

မျိုးနွယ်စု ကိုးခုမှ တန်ခိုးရှင်များ အားလုံးသည် သူနှင့်အတူ ရှိနေသည်။ တစ်ယောက်ချင်းစီသည် အစွမ်းထက်လှသည့် မီးတောက်အသက် စွမ်းအင်များဖြင့် ရစ်ပတ်ထားကြသည်။ ကောင်းကင်ကို ကြည့်ရသည်မှာ လောင်ကျွမ်း နေသကဲ့သို့ ဖြစ်သည်။

မီးတောက်များသည် အဝေးမှ မြို့စားအိမ်တော်သို့ တိုက်ရိုက် ဦးတည် ရိုက်ခတ်လာသည်။ နေရထားသည် အထက်ကောင်းကင်တွင် ရပ်တန့်သွား၏။ မျိုးနွယ်စုအားလုံးမှ လူများသည်လည်း ရပ်တန့်သွားခဲ့သည်။ သူတို့၏ မျက်လုံးများတွင် မီးလျှံများ တောက်လောင်နေပြီး ရီဖူရှင်းရှိရာသို့ ကြည့်နေကြသည်။ ထိုသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

နေရာအနှံ့မှ တန်ခိုးရှင်များသည် မြို့စားအိမ်တော် အနီးသို့ အဆက်အပြတ် ရောက်လာနေကြသည်။

“မီးတောက်နက်ကလန်က တန်ခိုးရှင်တွေ ရောက်လာပြီ” ထိုအချိန်တွင် ကြောက်မက်ဖွယ် အသက်စွမ်းအားများနှင့် လူတစ်စု ရောက်ရှိလာသည်။ ဦးဆောင်လာသည့် လူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မီးတောက်နက်ကလန် ခေါင်းဆောင်ပင် ဖြစ်သည်။ ဤတစ်ကြိမ်၌ သူက ကိုယ်တိုင်လာရောက်ခဲ့သည်။

မီးတောက်နက်ကလန်၏ ဘိုးဘေးများမှာ ရန်ဟောင် အဆင့်ဖြစ်သော မီးတောက်နက်အင်ပါယာ ဖြစ်သည်။

“မီးတောက်လှောင်အိမ်မြို့က တန်ခိုးရှင်တွေလည်း ရောက်လာကြပြီ” အခြားသော လူတစ်စုသည် မတူညီသည့် အရပ်မျက်နှာမှ ရောက်ရှိလာပြီး မီးလျှံများဖြင့် လွှမ်းခြုံကာ တောက်ပနေသည်။ ထိုလူစုကို ဦးဆောင်လာသည့်လူမှာ မီးလျှံစစ်နတ်ဘုရား ကဲ့သို့ ဖြစ်ကာ သက်သောင့်သက်သာ ရပ်နေသည်။

အစပိုင်းတွင် ထိုအင်အားစုများမှာ ရီဖူရှင်းထံသို့ လာရောက် တွေ့ဆုံခဲ့ကြသော်လည်း သူတို့၏ အကြံဉာဏ်များ အားလုံးကို ရီဖူရှင်းက ငြင်းဆန်ခဲ့သည်။

ဤတစ်ကြိမ်၌ သူတို့ ရောက်ရှိလာသည်မှာ အင်ပါယာခွာ၏ အမွေအနှစ် အတွက် တိုက်ပွဲတွင် ပါဝင်လိုသည်လား ပွဲကြည့်ရန် သက်သက်လား မည်သူမှ မသိရှိကြပေ။

“ရီဖူရှင်း” နေရထားပေါ်တွင် ရပ်နေသည့် ပုံရိပ်တစ်ခုထံမှ အသံသည် ကောင်းကင်ကို ပျံ့နှံ့သွားခဲ့သည်။ နေမင်း အလင်းရောင်များနှင့် လွှမ်းခြုံထားပြီး သူ့ကို ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။

သူသည် ကျူးကလန် ခေါင်းဆောင် ကျူးခုန်ပင် ဖြစ်၏။

“အင်ပါယာခွာရဲ့ အမွေအနှစ်တွေက မျိုးနွယ်စုကိုးခုရဲ့ ဘိုးဘေးနယ်မြေနဲ့ သက်ဆိုင်တယ်။ မင်းက ဝူယုံးနဲ့ ပူးပေါင်းပြီး ဝူကလန် ခေါင်းဆောင်ကို သတ်ပစ်ခဲ့ပြီးတော့ အင်ပါယာခွာရဲ့ အမွေအနှစ် တွေကို ယူဆောင်သွားခဲ့တယ်။ ဘိုးဘေးနယ်မြေကို ပျောက်ကွယ် သွားစေခဲ့ပြီး မျိုးနွယ်စု ကိုးခုရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တယ်” ကျူးခုန်က ရီဖူရှင်းကို ကြည့်ရင်း သြဇာ ပြည့်ဝလှသည့် အသံနှင့် ပြောသည်။

“မင်း ဒါကို ဘယ်လို ရှင်းပြမလဲ”

သူ၏ စကားလုံးများက ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။ ကျူးခုန် ပြောသည်ကို ကြားလိုက်ရလျှင်  မျိုးနွယ်စု ကိုးခုမှ လူများသည် ရီဖူရှင်း ရခဲ့သည်များကို ပြန်လည်ယူဆောင် သွားနိုင်ရန် ယုံကြည်ချက် ရှိလွန်းနေသည်ကို သိလိုက်ကြသည်။

ထို့အပြင် ကျူးခုန်သည် ရီဖူရှင်းနှင့် ဝူယုံး ပူးပေါင်းကာ မျိုးနွယ်စု ကိုးခုထဲမှ ဝူကလန် အကြီးအကဲကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ သူတို့သည် တရားမျှတမှု ရယူရန် လာရောက်သကဲ့သို့ ကြေညာခဲ့သည်။ ဤတစ်ကြိမ်၌ သူတို့သည် ရီဖူရှင်း၏ အသက်ကို နုတ်ယူရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

သိသာစွာပင် မျိုးနွယ်စု ကိုးခုသည်လည်း သိရှိကြသည်။ ရီဖူရှင်းက သူတို့၏ ရန်သူ ဖြစ်လာသည့် အတွက် သူတို့အားလုံးသည် မည်သည့် အန္တရာယ်မှ ကျန်ရစ် မနေခဲ့စေရန် သူ့ကို အမြစ်ပြတ် သုတ်သင်လိုက်ဖို့ရာ လိုအပ်ပေသည်။

“ကျူးခုန်၊ ဝူယုံးနဲ့ ကျုပ်အနားက ဝူကလန်က တခြားလူတွေ အားလုံး ဘိုးဘေးနယ်မြေမှာ အရင်ခေါင်းဆောင် ဘယ်လိုသေခဲ့ရလဲ ဆိုတာကို ဘယ်သူ့ထက်မဆို ပိုသိကြတယ်။ ခင်ဗျားက ဝူကလန်အတွင်းက ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး မြှောက်ထိုးပင့်ကော်နဲ့ သူတို့ကလန်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ အဲဒါက ကျုပ်အလုပ် မဟုတ်ဘူး။ အဲဒါကြောင့် မျိုးနွယ်စုကိုးခုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို စိတ်မဝင်စားသလို မေးလည်း မေးမှာမဟုတ်ဘူး” ရီဖူရှင်းက ကျူးခုန်ကို ကြည့်ရင်း အေးစက်စွာ ပြောသည်။

“ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ဦးတည်ပြီး ရည်ရွယ် လာခဲ့ရင်တော့ ကျုပ်က ခင်ဗျားကို မေးရပါဦးမယ်။ ခင်ဗျားက ကျုပ် အင်ပါယာခွာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကို ဆက်ခံရရှိခဲ့တာကို သိနေတယ် ဆိုမှတော့ အခု ကျုပ် ခင်ဗျားရှေ့မှာ ရှိနေတာကို ဘာလို့ ခင်ဗျားရဲ့ သခင်အဖြစ် အရိုအသေ မပြုသေးတာလဲ”

အဆုံးမဲ့ ကောင်းကင်အောက်မှ မရေတွက်နိုင်သည့် လူများသည် ရီဖူရှင်း၏ စကားကို ကြားလိုက်ရလျှင် အလွန် ထိတ်လန့် သွားကြသည်။

ဤလူငယ်သည် မျိုးနွယ်စု ကိုးခုက မြို့ကို ဝိုင်းရံထားသည့် အချိန်မှာပင် ကျူးကလန်ခေါင်းဆောင်ကို သူ့အား 'သခင်' ဟု ခေါ်ရန် အမိန့်ပေးနေသည်လား။

ထိုစကားကို ကြားလိုက်ပြီးနောက် ကျူးခုန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ လောင်ကျွမ်းနေသည့် မီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားများက သူ၏ မျက်လုံးမှ ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။

“ခင်ဗျားပဲ အင်ပါယာခွာရဲ့ အမွေအနှစ်တွေက မျိုးနွယ်စု ကိုးခုရဲ့ အပိုင်အဖြစ် ပြောခဲ့တယ်မလား။ ဒါဆို ဘာလို့ ခင်ဗျားက အင်ပါယာခွာရဲ့ နောက်ဆုံးဆန္ဒကို မလိုက်နာရတာလဲ” ရီဖူရှင်းက ဆက်ပြောသည်။

“ခင်ဗျားက အင်ပါယာခွာရဲ့ နောက်ဆုံးဆန္ဒကို မလိုက်နာဘဲ ကျုပ်ကို သခင်အဖြစ် အသိအမှတ် မပြုဘူးဆိုရင် ဘယ်လိုသတ္တိနဲ့ ကျုပ်ကို စိန်ခေါ်ပြီးတော့ အင်ပါယာခွာရဲ့ အမွေအနှစ်ကို လိုချင်မျက်စိ ရှိရတာလဲ”

***

All Chapters