တောင်ကောင်းကင်မရဏဝင်္ကပါ
Vol. 85 Ch. 1188
မန္တန်ဝင်္ကပါက ပေါ်လာလာချင်းမှာပင် တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၊ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီအပြင် ... ကျန်ကျင့်ကြံသူအားလုံး အလွန်တရာပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ခံစားလိုက်ကြရ၏။
အဆိုပါအသတ်အဖြတ်စိတ်ဆန္ဒက ကြောက်ခမန်းလိလိ နတ်ဘုရားအာရုံသဖွယ် တောင်ကောင်းကင်နယ်မြေများတစ်လျှောက် ပျံ့နှံ့လာသည်။ မန်ဟိုသည် ထိုချောက်ချားဖွယ်စွမ်းအားကို အာရုံရလိုက်ပြီး ၎င်းက သူ တန်ပြန်မတိုက်ခိုက်နိုင်သော အရာဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်စိမျက်နှာပျက်သွားတော့သည်။ ထိုစွမ်းအားသာ တစ်စုံတစ်ခုကို သုတ်သင်ပစ်ချင်လျှင် မျက်စိတစ်မှိတ်အတွင်း သုတ်သင်ပစ်နိုင်သည်။
ဖန်ရှုတောက်၏မျက်နှာမှာ ဖြူဖျော့သွားပြီး ဖန်ယန်ရှီမှာ တုန်ရီလျက် ရပ်နေသည်။ မန်လီလည်း မျက်နှာမကောင်းတော့သလို ဖန်ယုလည်း ထိုနည်းတူစွာပင်။
“တောင်ကောင်းကင်ဂြိုဟ်ရဲ့ မရဏဝင်္ကပါ”
“သေစမ်း မန္တန်ဝင်္ကပါက ဖန်ရှုံ့ဖုန်း တာအိုအဆင့်တက်သွားတာကို အသိအမှတ်မပြုတာ သိသာသွားပြီ။ မဟုတ်ရင် အသက်ဝင်လာမှာမဟုတ်ဘူး”
“ဖန်ရှုံ့ဖုန်းကို ဖယ်ရှားပစ်တော့မှာပဲ”
ဝုန်း
မယုံနိုင်လောက်အောင် ကြီးမားသည့် အားလှိုင်းကြီးက လူတိုင်းကို ဖန်ရှုံ့ဖုန်းထံမှ တွန်းဖယ်လိုက်ရင်း ရိုက်ခတ်လာသဖြင့် မိုးနှင့်မြေသည် လှုပ်ခါလာ၏။ မည်သူမှ အားလှိုင်းကို မခုခံနိုင်။ မန်ဟိုပင်လျှင် ဖန်ရှုံ့ဖုန်းတစ်ယောက်တည်းကျန်တော့သည်အထိ တွန်းထုတ်ခံလိုက်ရသည်။
ဖြစ်ပျက်သွားခဲ့သည်ကား မြန်ဆန်လွန်း၏။ စောစောကလေးကတင် လူတိုင်း ဖန်ရှုံ့ဖုန်း တာအိုသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုနေခဲ့ကြသည်။ ယခုတော့ မိုးနှင့်မြေတွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကြောင်း အကုန်လုံး မှင်သက်နေရလေပြီ။
ဖန်ရှုံ့ဖုန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အသတ်အဖြတ်စိတ်ဆန္ဒ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို တာအိုနယ်ပယ်မှ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်အထိ လျှောချလိုက်သည်။
သို့သော် အသတ်အဖြတ်စိတ်ဆန္ဒကား ပိုပို၍သာ အားကောင်းလာနေသည်။ ပုံရိပ်ယောင်ပိုက်ကွန်ကြီးက တုန်လှုပ်ဖွယ်အသတ်အဖြတ်စိတ်ဆန္ဒနှင့် သုတ်သင်ခြင်းစွမ်းအားအပြည့်ဖြင့် ဖန်ရှုံ့ဖုန်းဆီ ထိုးဆင်းလာရာ တဂျိန်းဂျိန်းထစ်ချုန်းသံများ ဆူညံလာ၏။ တခဏလေးအတွင်း သုတ်သင်ခြင်းစွမ်းအားက ဖန်ရှုံ့ဖုန်းအနား ရောက်လာခဲ့လေပြီ။
ဖန်ရှုံ့ဖုန်းသာ တာအိုအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ဘဲ တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူဖြစ်လာခဲ့လျှင် တောင်ကောင်းကင်မရဏဝင်္ကပါသည် သူ့ကို အသိအမှတ်ပြုပြုမပြုပြု ပေါ်လာခဲ့မည်မဟုတ်ပေ။ မန္တန်ဝင်္ကပါက တာအိုနယ်ပယ်ကိုသာ ပစ်မှတ်ထားသည်မဟုတ်ပါလော။ ဧကရာဇ်တန် ၎င်းကို မထိန်းချုပ်သရွေ့ ၎င်းသည် တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူများကို အန္တရာယ်ပြုမည်မဟုတ်ပေ။
မန်ဟို့မျက်လုံးများ နီရဲသွားပြီး သူက ဝုန်းခနဲ လှုပ်ရှားလိုက်သည်။ မိုးကြိုးဒယ်အိုးက သူ့လက်ထဲတွင် လျှပ်စီးများဖျပ်ဖျပ်လက်လျက် ပေါ်လာသည်။ သူသည် သူ့အဖေနှင့် နေရာချင်းလဲရန် ကြိုးစားလိုက်သော်လည်း မိုးကြိုးဒယ်အိုးကား အလုပ်မလုပ်ပေ။
တောင်ကောင်းကင်၏မန္တန်ဝင်္ကပါကြောင့် ၎င်းသည် အသုံးမဝင်တော့။
မန်ဟိုကား လက်မလျှော့သေး။ သူသည် သူ့အဖေကို ကူညီဖို့ ပိုက်ကွန်ကို ချိုးဖောက်ရန် ရည်ရွယ်ရင်း မိုက်ရူးရဲဆန်စွာဖြင့် မြားတစ်စင်းလို ထွက်သွား၏။
သို့သော် ပိုက်ကွန်ကို ထိလိုက်သည်နှင့် မန်ဟိုမှာ နှင်ထုတ်ခြင်းအားကဲ့သို့ သူ့ကို တွန်းထုတ်နေသော အားလှိုင်းကြီးကို ခံစားလိုက်ရသည်။ သူ့ကို တွန်းရင်း ပိုက်ကွန်ဧရိယာအတွင်း ဝင်မလာနိုင်အောင် တားနေသည့် စူးစူးဝါးဝါးအော်သံများကိုလည်း ကြားလိုက်ရသည်။
သို့သော် ပိုက်ကွန်က သူ့ကို အနာတရဖြစ်စေခြင်းမရှိ။ ၎င်းက သူ့ကို တောင်ကောင်းကင်မန္တန်ဝင်္ကပါ၏စိတ်ဆန္ဒအား နှောင့်ယှက်ခြင်းမပြုနိုင်အောင်သာ တားထားလေသည်။
မန်ဟို့မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားပြီး သူက ခါးသီးစွာ အော်ရယ်လိုက်သည်။ သူ ... ဘာမှမတတ်နိုင်တော့ပေ။ ယခုတွင် သူ့မှာ ဘာဆိုဘာမှမကူညီနိုင်ဘဲ ကြည့်သာကြည့်နေနိုင်တော့သည်။ ဤလူက သူ့အဖေ ... သူ၏သွေးသား .... ထို့ကြောင့် မကူညီနိုင်သောခံစားချက်က သူ့ကို မချင့်မရဲ အော်ဟစ်ပစ်စေချင်သည်။
မန်ဟို့အမေနှင့်အစ်မလည်း ဖန်ရှုံ့ဖုန်း အန္တရာယ်ကျရောက်နေသည်ကို ကြည့်ရင်း အော်နေကြသည်။
သို့သော် ဤအခိုက်အတန့်တွင် တန်နိုင်ငံ၏ အင်ပါယာနန်းတော်ထဲမှ မာန်သွင်းဟိန်းဟောက်သံကြီးတစ်သံ ထွက်လာသည်။
“ငါကိုယ်တော်ရဲ့လီမျိုးနွယ်သွေးနဲ့ မန္တန်ဝင်္ကပါအတွင်းက ဘိုးဘေးစိတ်ဝိညာဉ်ကို ဆင့်ခေါ်တော်မူတယ်။ ဒီလူက ... တောင်ကောင်းကင်ရဲ့ စောင့်ရှောက်သူ။ သူက ... လောကပါလဖန်မျိုးနွယ်။ သူ့ကို အန္တရာယ်မပြုရသလို၊ သတ်လည်း မသတ်ရဘူး... “ စကားလုံးများကို အဖော်ပြုလျက် အလွန်ကျယ်လောင်သောထစ်ချုန်းသံကြီးက ကောင်းကင်နှင့်မြေကြီးကို ရိုက်ခတ်လိုက်သည်။ ပိုက်ကွန်မှာ ခေတ္တရပ်သွားပုံံပေါ်ပြီး တစ်ချိန်တည်းမှာပင် အရိပ်တစ်ခုသည် ဖန်ရှုံ့ဖုန်း၏ဘေး၌ ဘွားခနဲ ပေါ်လာခဲ့၏။
သူက အင်ပါယာဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ဆောင်းထားသည်။ ထိုလူကား ဧကရာဇ်တန်မှတစ်ပါး အခြားသူမဟုတ်ပေ။ သူသည် ဖန်ရှုံ့ဖုန်းကို ဆွဲ၍ မြေကြီးပေါ် ကမန်းကတန်း ဆင်းလိုက်၏။ သူတို့ မြေကြီးနှင့်ထိတော့မည့်အချိန်မှာပင် အဆုံးမဲ့တောက်ပနေသော မိုးကြိုးက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ဖန်ရှုံ့ဖုန်းဆီ ရုတ်တရက် ပစ်ချလိုက်သည်။
မြေကြီးပေါ် ဆင်းပြီးနောက် ဧကရာဇ်တန်၏အသံက အလောတကြီးထွက်လာပြန်သည်။ “ညီနောင်ရှုံ့ဖုန်း၊ မန္တန်ဝင်္ကပါက ရှုံးလည်း မရှုံးသေးသလို၊ အောင်လည်း မအောင်မြင်သေးဘူး။ အောင်မြင်သွားခဲ့ရင် ကျုပ်အနေနဲ့ ခင်ဗျားကို အခုလို ကယ်နိုင်ခဲ့မှာမဟုတ်ဘူး။ မြန်မြန် ထိုင်ချပြီး တရားထိုင်လိုက်။ ကျုပ် ခင်ဗျားကို လီမျိုးနွယ်သွေးစက်တစ်စက် ပေးမယ်။ အဲ့ဒါကို အောင်အောင်မြင်မြင် ခင်ဗျား စုပ်ယူပြီးရင် မန္တန်ဝင်္ကပါရဲ့အသိအမှတ်ပြုမှုရအောင် ကျုပ် ဘိုးဘေးတာအိုမှော်အတတ်တစ်ခု စီရင်ပေးမယ်။ ဒါပေမဲ့ ခင်ဗျား အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ တောင့်ခံထားဖို့ လိုတယ်
“အဲဒီအချိန်တိုလေးက ခင်ဗျားအတွက် သေရေးရှင်ရေးစစ်ဆေးမှုပဲ....
“စစ်ဆေးမှုကို အောင်သွားရင် တောင်ကောင်းကင်ဂြိုဟ်မှာ ခင်ဗျားက တစ်ယောက်တည်းသော တာအိုနယ်ပယ်ပညာရှင်ဖြစ်လာလိမ့်မယ်
“မအောင်ရင်တော့ အဲဒီအချိန်ကစပြီး ခင်ဗျားနဲ့ကျုပ်ဟာ လူ့ပြည်မှာ ထပ်မဆုံနိုင်တော့ဘူး....” ဧကရာဇ်တန်က စကားများကို မြန်မြန်ဆန်ဆန် ပြောသွားခဲ့သည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် သူက လက်ချောင်းတစ်ချောင်းကို ပထမဆုံး ဖန်ရှုတောက်ဆီ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ဖန်ယန်ရှီ။ နှစ်ယောက်လုံး ပျောက်ကွယ်သွားပြီးနောက် ဖန်ရှုံ့ဖုန်းလေးတွင် ပြန်ပေါ်လာကြ၏။
“ခင်ဗျားတို့နှစ်ယောက် သူ့ကို အမွှေးတိုင်တစ်တိုင်ထွန်းစာတောင့်ခံစေနိုင်ချင်ရင် သူ့အတွက် ခင်ဗျားတို့တတ်နိုင်သမျှ အကုန်လုပ်ပေးရမယ်။ ဒါပေမဲ့ ... ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တာအိုနယ်ပယ်စွမ်းအားကို အသုံးပြုမရဘူးဆိုတာ မှတ်ထားပါ။ အသုံးပြုလိုက်ရင် ဖန်ရှုံ့ဖုန်း ရှုံးနိမ့်သွားရုံတင်မကဘူး။ ခင်ဗျားတို့လည်း သေရလိမ့်မယ်” ဤသို့ပြောပြီးနောက် ဧကရာဇ်တန်သည် တင်ပျဉ်ခွေထိုင်ပြီး လက်ကိုလှုပ်ရှားလိုက်ရာ သွေးစက်တစ်စက်သည် တရားထိုင်နေသော ဖန်ရှုံ့ဖုန်း၏နဖူးထဲ ဝင်သွား၏။
ဧကရာဇ်တန်၏မျက်လုံးများက အာရုံစူးစိုက်မှုပြည့်နေသည်။ သူ ၎င်းတို့ကို ပိတ်တော့မည့်အချိန်မှာပင် အက်ကွဲကွဲအသံတစ်သံက သူ့နားထဲသို့ ပေးပို့ခံလိုက်ရသည်။
“ဧကရာဇ်တန် ကျွန်တော့်ကိုလည်း ပါခွင့်ပေးပါ” မန်ဟိုက မျက်လုံးများနီရဲနေလျက် ပြောလိုက်သည်။ ဧကရာဇ်တန်၏မျက်လုံးများ အရောင်လက်သွားပြီး သူ့မှာ တခဏတွေဝေသွားသော်လည်း သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် မန်ဟိုလည်း ပျောက်ကွယ်သွားပြီးနောက် ဧကရာဇ်တန်၏ဘေးတွင် ပြန်ပေါ်လာသည်။
ဤအရာများကို လုပ်ဆောင်ပြီးသော် ဧကရာဇ်တန်သည် မျက်လုံးများကို ပိတ်၍ ဖန်ရှုံ့ဖုန်း မန္တန်ဝင်္ကပါ၏အသိအမှတ်ပြုမှုကို ရရှိအောင် ကူညီပေးဖို့ လီမျိုးနွယ်စု၏ လျှို့ဝှက်အတတ်တစ်ခုကို သုံးရင်း လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်သည်။
ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးက တဝုန်းဝုန်းအော်ြမည်လျက် သူတို့ဆီ ဆက်လက်ကျဆင်းလာနေသည်။ ၎င်းက တောင်ကောင်းကင်ဂြိုဟ်ကို ထိခိုက်ပျက်စီးစေခြင်းမရှိသော်လည်း ၎င်းအတွင်းရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပြင်းထန်သထက် ပြင်းထန်လာနေ၏။ ထူးဆန်းသောအရောင်အဝါများ လင်းလက်လာပြီး လေများ တိုက်ခတ်လာသည်။
ဖန်ရှုတောက်၏မျက်လုံးများ လင်းလက်လာပြီး သူက ဖန်ယန်ရှီနှင့်အတူ ဝုန်းခနဲ လေပေါ် ပျံတက်သွားသည်။ သူတို့က တာအိုနယ်ပယ်စွမ်းအားကိုမသုံးဘဲ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအထိ ဖိနှိပ်ကန့်သတ်ထားသော ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် ပိုက်ကွန်ကို အတူတိုက်ခိုက်ကြတော့သည်။
မန်ဟိုလည်း လေပေါ်ပျံတက်သွားရင်း သူတို့နှင်ပူးပေါင်းလိုက်သည်။ ချက်ချင်းဆိုသလို သုံးယောက်သား သွေးအန်လိုက်ကြရသည်။ ပိုက်ကွန်၏ပစ်မှတ်က ဖန်ရှံ့ဖုန်းဖြစ်သော်လည်း သူတို့ကို အတိုင်းအတာတစ်ခုအထိတော့ ရန်ပြုနိုင်သေး၏။
အထူးသဖြင့် မန်ဟိုမှာ မျက်နှာဖြူဖျော့သွားပြီး အတွင်းဒဏ်ရာများ ဆိုးဆိုးဝါးဝါး ရရှိလိုက်သည်။ သူ့မှာ တဆတ်ဆတ်တုန်လာသော်လည်း အံတင်းတင်းကြိတ်၍ အချိန်ဆွဲပေးနိုင်ဖို့ ပိုက်ကွန်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ဖန်ရှုတောက်က မာန်သွင်းဟိန်းဟောက်နေပြီး ဖန်ယန်ရှီ၏တန်ခိုးများ အလိပ်လိပ်ထနေသည်။ သို့သော် သူတို့မည်သို့ပင်လုပ်စေကာမူ ရလဒ်က ပိုက်ကွန်၏အရှိန်လျော့သွားခြင်းသာ ဖြစ်သည်။ ၎င်းကို မတားနိုင်ပေ။
အသက်ဆယ်ရှိုက်ကြာသော် မန်ဟို့ကိုယ်ထဲတွင် တဝုန်းဝုန်းမြည်သံများ ဆူညံလာပြီး အဆုံးမဲ့မိုးပြာရောင်အလင်းက သူ၏သွေးထဲမှ ဖြာထွက်လာသည်။ သူ ပိုက်ကွန်ကို အုန်းခနဲ အုန်းခနဲ ထိုးနှက်နေစဉ် လောကပါလတာအိုအင်မော်တယ်တန်ခိုးက ပေါက်ကွဲထွက်လာသည်။ ဖန်ရှုတောက်နှင့်ဖန်ယန်ရှီတို့လည်း ထိုနည်းတူ ထိုးနှက်နေကြ၏။
မိုးကောင်းကင်သည် လှုပ်ခါရမ်းနေပြီး မြေပြင်လည်း သိမ့်ကာတုန်နေသည်။ တိုက်ကွက်များကြောင့် ပိုက်ကွန်ကြီးမှာ တစ်ဖန်နှေးသွားသည်။ သို့သော် ၎င်းက သူတို့သုံးယောက်လုံးကို တွန်းထုတ်၍ ဆက်လက်ကျဆင်းရင်း ကျုံ့ကျုံ့လာသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမှာ သိပ်မကြာသော်လည်း ဤအခြေအနေအောက်တွင် အချိန်ကား လိပ်သွားသွားနေသလို မန်ဟို ခံစားနေရ၏။ မည်မျှကြာပြီလဲ သူ မသိသော်လည်း သူ့မှာ ဆက်တိုက်တွန်းထုတ်ခံနေရသည်။ သူ့အဝတ်များသည် သွေးတို့ရွှဲရွှဲစိုနေပြီဖြစ်သည့်တိုင် ပိုက်ကွန်ကြီးက မီတာဒါဇင်အနည်းငယ်မျှသာ ရှိတော့သည့်အထိ ကျုံ့လာခဲ့လေပြီ။
ဤအခိုက်အတန့်တွင် ဖန်ယန်ရှီ မျက်နှာပျက်သွားပြီး တိုက်ခိုက်နေသည်ကို ရပ်လိုက်သည်။ ကြည့်ရသရွေ့ သူ့မှာ တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံကို ဆက်လက်ထိန်းချုပ်ထားဖို့ အခက်တွေ့သွားခဲ့ပုံရသည်။ ၎င်းသာ ထွက်ပေါ်လာခဲ့လျှင် သူ့အသက်အန္တရာယ်ရှိလာလိမ့်မည်။
နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်၍ နောက်ဆုံးလက်ကျန်စွမ်းအားဖြင့် တိုက်ခိုက်ပြီးနောက် ပိုက်ကွန်၏အခြားတစ်ဖက်သို့ ထွက်သွားပြီး လေတွင်ပျံဝဲနေသည်။ သူ့မျက်နှာက ခက်ထန်နေသော်လည်း သူ့မျက်ဝန်းများသည် တောင်းပန်နေ၏။
ဖန်ယန်ရှီမရှိတော့သည့်အခါ ပိုက်ကွန်၏ကျုံ့နှုန်းက ပိုမြန်လာသည်။ မန်ဟိုနှင့်ဖန်ရှုတောက်အတွက် ပို၍ဖိအားများလာပြီး အထူးသဖြင့် အစကတည်းက ဒဏ်ရာရထားပြီးသည့်အပြင် ကျင့်ကြံခြင်းအဆင့်က ဖန်ရှုတောက်အဆင့်၏ခြေဖျားကိုပင် မမှီသော မန်ဟိုပင်။ သူ့တွင် ထာဝရအလွှာရှိသော်လည်း သူ့ခန္ဓာကိုယ်မှာ ပိန်ချုံးခြောက်ကပ်လာသဖြင့် သူ့မှာ တုန်ရီနေသည်။
ဖန်ရှုတောက်က ဟိန်းဟောက်လိုက်သည်။ သူလည်း ယခုတွင် တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံကို မထိန်းထားနိုင်တော့သောနေရာအထိ ရောက်လာခဲ့လေပြီ။ သူက အံတင်းတင်းကြိတ်ရင်း သူ့ကျင့်ကြံခြင်းအခြေခံကို ဆက်လက်ဖိနှိပ်ထားနိုင်ဖို့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ထုကာ သူ့ကိုယ်သူ ဒဏ်ရာရစေလိုက်သည်။
သို့သော် ၎င်းက ရေရှည်အတွက် အဖြေမဟုတ်ပေ။ ယခုတွင် အမွှေးတိုင်တစ်တိုင်ထွန်းစာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဖန်ရှုတောက်မှာလည်း တစ်ကိုယ်လုံးတုန်ရီလျက် မျက်နှာဖြူဆုပ်နေသည်။ မိမိကိုယ်ကို ထိခိုက်စေခဲ့သည့်တိုင် သူ့မှာ အကန့်အသတ်သို့ ရောက်သွားခဲ့၍ သူ၏တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့တော့ပေမည်။ သူက သက်ပြင်းချလိုက်၏။
“ဟိုအာ ငါ တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီ။ ကျေးဇူးပြုပြီး ... စိတ်မကွက်ပါနဲ့” သူ့မှာ ပို၍အိုစာသွားပြီး ခါးသီးနေသောမျက်နှာထားဖြင့် ရိပ်ခနဲ ထွက်သွားတော့သည်။ ပိုက်ကွန်ကို ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့သဖြင့် သူသည် သူ့ကျင့်ကြံခြင်းအခြေခံကို မနည်းထိန်းချုပ်ရင်း အပြင်သို့ ရောက်သွား၏။ သို့သော် သူ့သက်ပြင်းချသံများက လေးပင်နေသည်။
ပိုက်ကွန်ကို ထိန်းထားခဲ့သည့် သုံးယောက်အနက် ယခုတော့ မန်ဟိုတစ်ယောက်သာ ကျန်ခဲ့လေသည်။ သူ့ကျင့်ကြံခြင်းအခြေခံမှာ အားအနည်းဆုံးဖြစ်သော်လည်း သူသည် အကြာဆုံး တောင့်ခံနိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံမရှိ၍ ချုပ်တည်းနေစရာမလိုသည့်အတွက်ကြောင့်ပင်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့မှာ သွေးတစ်ပွက်ပြီးတစ်ပွက် ဆက်တိုက်အန်နေရသည်။ သို့သော် သူကား လက်မလျှော့သေး။ ယခုတွင် ပိုက်ကွန်သည် ဆယ့်ငါးမီတာသာ ရှိတော့သည်အထိ ကျုံ့သွားခဲ့လေပြီ။
မန်ဟို့နောက်တွင် သူ့အဖေသည် တင်ပျဉ်ခွေထိုင်နေ၏။ မန်ဟိုမှာ လက်လျှော့လိုစိတ်မရှိသည့်အပြင် ပိုက်ကွန်ကျုံ့လာသည့်အချိန်မှာပင် သူ့မျက်ဝန်းများ၌ ရူးမိုက်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက ညာလက်ကို ဆန့်၍ ဝှေ့ယမ်းလိုက်ရာ အသားဂျယ်လီပေါ်လာသည်။
“အဖေ့ကို ကာကွယ်ပေးထား” မန်ဟိုက ပြောသည်။ အသားဂျယ်လီက ချက်ချင်း ချပ်ဝတ်တန်ဆာအသွင်ပြောင်းရင်း ဖန်ရှုံ့ဖုန်းအား နေရာလပ်မကျန် လွှမ်းခြုံလိုက်သည်။ ထို့နောက် မန်ဟိုသည် ... သူ၏စတုတ္ထနိဗ္ဗာနသစ်သီးကို ထုတ်လိုက်၏။
သူက သွေးများဆူပွက်နေလျက် တွန့်ဆုတ်မနေဘဲ ၎င်းကို သူ့နဖူးအပေါ် ဖိချလိုက်သည်။ နိဗ္ဗာနသစ်သီးသည် လျင်မြန်စွာ အရည်ပျော်သွားပြီး မိုးခြိမ်းသံကဲ့သို့အသံများက သူ့ကိုယ်တွင်းမှ ချက်ချင်း ပဲ့တင်ထပ်လာသည်။
သူက မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် မိုးပြာရောင်အလင်းကို ဖြန့်ကျက်လိုက်၏။ ဖော်ပြမတတ်နိုင်အောင် အားကောင်းသော ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ရုတ်တရက် လိမ့်ထွက်လာကာ တံခါးတစ်ချပ်ပေါ်လာသည်။
၎င်းကား ... ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ်ဖြစ်၏။
ကောင်းကင်ထက်တွင် အလိပ်လိပ်ထစုဝေးနေသော တိမ်တိုက်များအတွင်း၌ ရှေးဟောင်းနယ်ပယ်၏တံခါးတော်မြတ်ကား ဆင့်ခေါ်ခံနေရသကဲ့သို့ ပေါ်လာခဲ့လေပြီ။
မန်ဟိုက စတုတ္ထနိဗ္ဗာနသစ်သီးမှ စွမ်းအားကို ငှားယူရင်း လက်နှစ်ဖက်လုံးကို မြှောက်၍ မြေကြီးအား ရိုက်ချလိုက်သည်။ သူ့ကိုယ်တွင်းမှ ထစ်ချုန်းသံများ မြည်ဟည်းနေစဉ် ရိုက်အားသည် မြေကြီးကို ဝင်ဆောင့်ပြီးနောက် ပိုက်ကွန်ကြီးထံသို့ ပြန်ကန်ထွက်သွား၏။