← Chapters

ကျီချင်းရန်လို သမီးလေး

Vol. 105 Ch. 1561

ကျီချင်းရန်လို သမီးလေး

Vol. 105 Ch. 1561

ချင်ရင်ယွဲ့နှင့် လမ်းခွဲပြီးသည့်နောက် လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

အခန်းထဲသို့ ရောက်ပြီးသည့်နှင့် ကျီချင်းရန်သည် သူမကိုယ်သူမ လုံးဝ လွှတ်ချလိုက်တော့၏။

ဒေါက်ဖိနပ်ကို ဝေ့ဝဲရင်း စကတ်ကို ချွတ်ပစ်လိုက်ကာ အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေလိုက်သည်။

“ ငါ့ကိုယ်ငါ စကေးရှိလှပြီ ထင်နေတာ အန်တီနဲ့ ယှဉ်ရင် ငါက လိုသေးတာပဲ … ငါ့ခြေထောက်တွေဆို ပင်ပန်းလွန်းလို့ ကျိုးတောင် ကျိုးတော့မယ်… ဒါတောင် အန်တီက ဘယ်လိုမှ မနေဘူး …”

“ ပြန်ရောက်ရင်တော့ ကိုယ့်ကိုယ်ကို လေ့ကျင့်ခန်းလေး ပြန်လုပ်ဦးမှပါ… အိမ်က ယောဂဖျာလည်း ဖုန်တက်နေတာ ကြာပြီ…”

“ သက်လုံကောင်းအောင် လုပ်ချင်ရင်လည်း … ထိုင်ထကို အဓိက အာရုံစိုက်ပြီး လုပ် .. ဒါပေမယ့် ဝိတ်တော့ မကျစေနဲ့ … မဟုတ်ရင် ငါ့အတွက်မကောင်းဘူး...."

“ အဲ့တော့ ဘာဖြစ်လဲ … နင်ငါ့ကို ဘာလုပ်နိုင်မှာ မို့လို့ …” ကျီချင်းရန်သည် ခေါင်းကို ဂုဏ်ယူစွာ မော်ကြွားလိုက်၏။

“ ငါ့မှာ မေမေဝမ်နဲ့ အန်တီချင်ရဲ့ ဖုန်းနံပါတ်တွေ ရှိတယ်နော်.. နင်ငါ့ကို နောင်ကျ အနိုင်ကျင့်ရဲကျင့်ကြည့် .. သူတို့ဆီ တိုင်ပြောလိုက်မယ်…. နင် ဘာဖြစ်သွားမလဲ ကြည့်ကြတာပေါ့ …”

“ မင်း အခု ပြောတဲ့ စကားတွေ အကုန် ငါ အသံဖမ်းထားတယ်….”

“ နင် အသံဖမ်းထားတယ်….” ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး “ အဲ့တော့ ဘာဖြစ်လဲ … ငါ ဘာမှ ပြောခဲ့တာလည်း မဟုတ်ဘူး … ငါ ကြောက်မယ်လို့ နင်ထင်လား …”

“ မင်းက ငါ့ရဲ့ မွေးစားအမေကိုကျ ‘မေမေ’ လို့ခေါ်ပြီး ငါ့ မွေးရင်း အမေကိုကျ ‘အန်တီ’ လို့ ခေါ်ခဲ့တယ်လေ… ဒါ မမျှမတ ဆက်ဆံတာပဲ … ဒီကိစ္စ သူတို့ကို ပြောမှ ဖြစ်မှာ …”

“ အာ……”

ထိုအခါမှသာ ကျီချင်းရန်သည် သူမ စကားလုံး၏ သွယ်ဝိုက်ဖော်ပြနေသော အဓိပ္ပာယ်များကို သတိပြုမိသွားခဲ့တော့သည်။ သူမ ကုတင်ပေါ်ကနေ အလျင်အမြန်ဆင်းပြီး လင်းရီကို အပေါ်စီးက အုပ်မိုးထားလိုက်၏။ အတွင်းခံတစ်ခုတည်းသာ ဝတ်ဆင်ထားသော်လည်း ကျီချင်းရန်သည် လုံးဝ ဂရုစိုက်သည့်ပုံ မပေါ်ချေ။

“ အခု ဖျက်လိုက် … မဟုတ်ရင် ငါ နင်နဲ့ တူတူမနေတော့ဘူး …”

“ ဒါက သက်သေလေ… မင်းနောင်ကျ ဘဝင်လေဟပ်နိုင်ဦးမလား ကြည့်စမ်းဦးမယ်…”

“နင် …. ဒါ လူကို အနိုင်ကျင့်နေတာပဲ … ပြီးတော့ ငါက ဘာအဓိပ္ပာယ်နဲ့မှ ပြောတာလည်း မဟုတ်ဘူး …”

“ မင်းဘာပြောချင်လဲ မင်းဘာမင်းပဲ သိမှာပေါ့ …. ငါနဲ့ ဘာဆိုင်လို့ …”

ကျီချင်းရန် အလျင်အမြန် တုံ့ပြန်၍ လင်းရီ၏ လက်ကို ကိုက်ကာ ဖုန်းကို လုယူလိုက်သည်။

ထိုအခါမှသာ ထိုလူညစ်ကောင်၏ ဖုန်းက ဘက်ထရီ မရှိတော့ပြီကို သတိပြုမိလိုက်လေသည်။

“ နင် ညာနေတာပဲ …”

လင်းရီ ပြုံးလိုက်ပြီး ကျီချင်းရန်၏ တင်ပါးကို ပုတ်လိုက်သည်။ “ ရေချိုးမှာလည်း မချိုးဘူးလား … မချိုးရင် ငါအရင် ချိုးမလို့ …”

“ နင်အရင်ချိုး… ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်… မနက်ဖြန် ပြန်ကြတာပေါ့ …”

“ ပြန်တော့မှာလား …”

“ ငါတို့ ဒီရောက်နေတာ သုံးလေးရက် ရှိပြီလေ… လည်သင့်တဲ့ နေရာတွေလည်း သွားလည်ပြီးပြီ … ပြန်ကြစို့ ..”

“ ဒီနေ့ညမှာ ဖြစ်သွားတဲ့ ကိစ္စက မင်းကို အတော်လေး ထိတ်လန့်သွားစေလို့လား …”

“ ဟင့်အင်း … ဒီတိုင်း နယူးရီးယား နီးလာပြီမို့ပါ … ပြီးတော့ ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲကလည်း ရှိသေးတာလေ… ဒီကိစ္စတွေ မြန်နိုင်သမျှ မြန်မြန် ကိုင်တွယ်ဖို့လို့တယ်…” ကျီချင်းရန် ဆံပင်ကို နားအနောက်သို့ သပ်ရင်း ပြောလိုက်ပြီး “ နောင်ကျ အလုပ်မများတဲ့အချိန် ဒီကို အချိန်မရွေး ပြန်လာလို့လည်း ရတယ်လေ…”

“ ကောင်းပြီလေ… မင်း သဘောပဲ … ငါတို့ မနက်ဖြန် ထွက်ကြတာပေါ့ …”

“ အွန်း …”

“ သွားပြီး ရေချိုးတော့ … ငါ့ပစ္စည်းတွေ အရင်သိမ်းဦးမယ်…”

ယနေ့အတွေ့အကြုံက သူတို့နှစ်ယောက်လုံးကို ပင်ပန်းနွမ်းနယ်စေသည်။

ပစ္စည်းများအာ သိမ်းဆည်းပြီး၍ ရေချိုးပြီးနောက် နှစ်ယောက်သား ညအိပ်ဝတ်စုံ လဲပြုကာ စောစောအိပ်လိုက်ကြသည်။ သူတို့ နောက်တစ်နေ့ နံနက် ကိုးနာရီအချိန်ထိတိုင်အောင် အိပ်စက်ခဲ့ကြလေသည်။

ဤသည်က လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦးလုံးအတွက် အလွန်အမင်း နောက်ကျနေပြီ ဖြစ်၏။

လင်းရီနှင့် ကျီချင်းရန်တို့ ပြန်တော့မည်ကို သိတော့ ချင်ရင်ယွဲ့သည် မနက်အစောကြီး ပြေးလာခဲ့သည်။ သူမက နှစ်ယောက်လုံးကို မပြန်စေချင်သေးပဲ နောက်တစ်ရက် ထပ်နေခိုင်းသည်။ ဤတစ်ကြိမ်တွင်တော့ သူတို့ မောလ်သို့ မသွားဘဲ ထိုအစား ဒူဘိုင်း၏ ရှုခင်းကောင်းသည့် နေရာများသို့ လည်ပတ်ခဲ့ကြသည်။

ပျော်ဖို့ကောင်းသည့် နေရာများအား လည်ပတ်ပြီးနောက် နေ့အချိန်ဇယားကို အောင်အောင်မြင်မြင်နှင့် အဆုံးသတ်နိုင်လိုက်လေသည်။

ညကိုးနာရီ ဝန်းကျင်တွင် ချင်ရင်ယွဲ့သည် လင်းရီတို့နှစ်ဦးကို လေဆိပ်သို့ လိုက်ပို့ပေးပြီး မျက်ရည်တို့အားလည်း အဆက်မပြတ် သုတ်နေရလျက် ရှိ၏။

“ အိုက်ယား မငိုနဲ့တော့လေ အန်တီရယ်… ဒီလိုဆက်ငိုနေရင် သမီးတို့နှစ်ယောက်က ဘယ်လိုထွက်သွားရတော့မှာလဲ ..”

ကျီချင်းရန်လည်း အနည်းငယ် မျက်ရည်ဝဲနေမိသည်။ သူမက အင်မတန် စိတ်ထိခိုက်လွယ်သည့် မိန်းကလေး တစ်ယောက်ဖြစ်ပြီး ယခုလို အခါသမယ၌ မျက်ရည်တို့အား ထိန်းမထားနိုင်ပါချေ။

“ ဒီတိုင်း အန်တီတို့ ဘယ်အချိန် ပြန်တွေ့နိုင်မလဲဆိုတာ မသိလို့ပါ …”

“ မဖြစ်နိုင်တာ …”

“ သူ ပြောတာ အန်တီ ဟွာရှမှာ အချိန်အကြာကြီး နေခဲ့ဖူးတယ်ဆို … အန်တီ အားရင် အချိန်မရွေး ပြန်လာလို့ ရနေတာပဲ ..”

“ ဒါပေမယ့် . . . . . . . . .” ချင်ရင်ယွဲ့ တစ်စုံတစ်ရာကို ပြောချင်သော်ငြား တုံ့ဆိုင်းနေမိခဲ့သည်။ ဟုတ်သည်။ သူမ သွားနိုင်သည်။ သို့သော် လင်းရီအား ပေါ်ပေါ်ထင်ထင်ကြီး သွားမရှာဝံ့ချေ။

မည်သို့ပင် ဖြစ်စေ သူမစိတ်ထဲ လင်းရီအပေါ် တာဝန်မကျေစိတ်၊ ဧရာမ အကြွေးကြီး တစ်ခု တင်နေသည်ဟူသော အပြစ်ရှိစိတ်က လူကို သတ္တိမရှိအောင် ပြုလုပ်နေတော့သည်။

“ နောက်တစ်ခါ ကျိုးဟိုင်လာရင် သမီးဆီ ကြိုပြီး ဖုန်းဆက်နော်… အန်တီ့ကို လေဆိပ်မှာ လာကြိုပေးမယ်...."

“ အန်တီ အိတ်တွေ ကူသယ်ပေးမယ်…”

“ အွန်း …”

ကျီချင်းရန်သည် ရင်ဘက်ဖွင့်၍ ချင်ရင်ယွဲ့အား ဖက်ထားလိုက်သည်။

သူမက လင်းရီ၏ သွေးရင်း မိခင် ဖြစ်သော်လည်းပဲ စိတ်ချလက်ချ ရှိမနေခဲ့ချေ။ ခွဲခွာပြီးနောက်တွင် နောက်တစ်ကြိမ် ပြန်မတွေ့ရတော့မည်ကို စိုးရွံ့နေသကဲ့သို့ မခွဲနိုင်မခွာရက် ဖြစ်နေခဲ့ရသည်။

“ သမီးတို့ သွားတော့မယ်နော်…” ကျီချင်းရန် တိုးတိုး‌လေး ပြောလိုက်၏။

“ အင်း … ကောင်းကောင်းသွား … ကျိုးဟိုင် ပြန်ရောက်ရင်လည်း အန်တီ့ဆီ မက်ဆေ့ချ်ပို့ဖို့ မမေ့နဲ့ဦး …”

“ ဟုတ်ကဲ့ …”

သူမ သူနှင့် မခွဲချင်သော်လည်း သူမ ခွဲခွာရမည်။ လင်းရီသည်လည်း တစ်စုံတစ်ရာကို ပြောချင်နေသည်။ အတိတ်က ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးကို သူ ခွင့်လွှတ်ပေးပြီး ဖြစ်သည်ဟု ပြောချင်နေခဲ့သည်။

သို့ပေမယ့် စကားလုံးတို့က လည်ချောင်းဝ၌သာ ရှိနေကာ နှုတ်က ပြောမထွက်လာခဲ့ချေ။

“ အမေ… သမီးတို့ သွားပြီ… အမေ ကျိုးဟိုင်ကို ရောက်လာခဲ့ရင် သမီးတို့ လာကြိုပြီး အမေ့ဖို့ ဟင်းချက်ပေးမယ်…”

ကျီချင်းရန်က သူမကို 'အမေ'ဟု ခေါ်လာသည့် အသံကို ကြားတော့ ချင်ရင်ယွဲ့မှာ ကြက်သေသေသွားခဲ့ရသည်။

သူမ ထိုသို့ ခေါ်လာလိမ့်မည်လို့ မျှော်လင့်မထားမိခဲ့ချေ။ သူမသား၏ မွေးစားအမေပင် ထိုသို့သော ဆက်ဆံပေးမှုမျိုး မခံစားရသည့်ပုံပင်။

ချင်ရင်ယွဲ့ လင်းရီဘက်သို့ ကြည့်လိုက်သောအခါ သူမသားက သူမကို ပြုံးယောင်သမ်းသည့် မျက်နှာဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းနောက် သူမပို၍ သည်းထန်စွာ ငိုကြွေးမိလေတော့သည်။

ကျီချင်းရန်က အလွန်အင်မတန် ထက်မြက်သည့် မိန်းကလေးပင်။ သူမက လင်းရီ လုပ်ချင်သော်လည်း မလုပ်နိုင်ခဲ့သည့် အမှုကို ပြုသည်။ လင်းရီ ပြောချင်ခဲ့သော်လည်း မပြောနိုင်ခဲ့သည့် စကားတို့ကို ပြောပေးခဲ့သည်။ ယခုအချိန်တွင် ကျီချင်းရန်သည် သူမလေး၏ ဉာဏ်ရည်အား အစွမ်းကုန် ပြသနေလျက် ရှိတော့၏။

နှစ်ဖက်လုံးက မျက်ရည်ကိုယ်စီနှင့် ဆိုသော်ငြားလည်း ကျီချင်းရန်၏ အပြုအမူတို့က ယခု ခွဲခွာမှုကို နောက်ထပ် အဓိပ္ပာယ်တစ်မျိုး ဆောင်ကြဉ်းပေးလာခဲ့သည်။

လူတိုင်းက ထပ်ပြီး ဝမ်းနည်း မနေကြတော့ချေ။

ဒူဘိုင်းမှ ကျိုးဟိုင်သို့ ပျံသန်းသည့် လေယာဉ်က ရှစ်နာရီကျော်ကြာသည်။ သို့သော် လေးနာရီ အချိန်ကွာဟမှုကြောင့် သူတို့ ကျိုးဟိုင်သို့ ရောက်သည့်အချိန်၌ မနက် ကိုးနာရီ ထိုးနေပြီး ဖြစ်၏။

ကိုင်တွယ်ရမည့် ကိစ္စတို့ များစွာ ရှိနေသော်လည်း နှစ်ဦးလုံး အလျင်လိုခြင်း အရှိချေ။

ပထမဦးစွာ ကျီချင်းရန်သည် အိမ်သို့ပြန်၍ ရေမိုးချိုးပြီး တစ်ရေးအိပ်လိုက်သည်။ ညနေပိုင်းတွင်မှ ရုံးသို့သွား၏။

“ နှစ်သစ်တောင် ရောက်တော့မယ်.. အိမ်မှာ ပြင်ဆင်ချင်တာ ရှိလား .. ငါ ကြိုပြီး ဝယ်ထားရအောင်လို့ …” ကုမ္ပဏီသို့ သွားသည့်လမ်းတွင် လင်းရီ မေးလိုက်၏။

“ ဘာမှမလိုပါဘူး … နင်သာ အချိန်မီ ပေါ်လာသရွေ့ပေါ့ …”

“ ဘယ်လောက်ရှက်ဖို့ ကောင်းထားလဲ … ငါက ငါ့ခမည်းခမက် အိမ်ကိုနှစ်သစ်ကူး သွားလည်မလို့လာ ငါ့အမေသာ ငါ လက်ဗလာနဲ့ လာခဲ့မှန်း သိလို့ကတော့ ကျိန်းသေပေါက် ဆဲလောက်တယ်…”

“ နင့်မှာ ဂျင်ဆင်း ရှိတယ်မဟုတ်ဘူးလား … အဲ့လက်ဆောင်က အခု အသုံးဝင်လာပြီလေ…”

“ ဒီကောင်မလေးကတော့ .... ခုမှပဲ မင်းဘယ်လောက် ဉာဏ်များလဲဆိုတာ သိရတော့တယ်…” လင်းရီ ပြုံးလိုက်ပြီး “ သမီးတွေ အိမ်ထောင်ကျပြီးသွားရင် သွန်ပစ်လိုက်တဲ့ ရေတွေဆိုပဲ ဆိုတာ မင်းလို တစ်စုံတစ်ယောက်ကို ညွှန်းနေတာလား မသိ …”

“ ငါ ဘာလဲလုပ်လို့ …”

“ ငါ ဂျင်ဆင်းကို ခမည်းခမက်ဆီ လက်ဆောင်ပေးမယ် လုပ်တုန်းက ငါ့ကိုတားတယ်… ကြည့်ရတာ ခုလို အချိန်အတွက် ချန်ထားတယ်နဲ့တူတယ်…”

ကျီချင်းရန်သည် ငါးပူတင်းကဲ့သို့ ပါးဖောင်းလိုက်ကာ မကျေမနပ် မိမိကိုယ်ကို ခုခံပြောဆိုတော့၏။ “ ငါက နင့်အတွက် စဉ်းစားပြီး လုပ်ပေးနေတာ … နင်သာ အဲ့ဒီ အချိန်က ပေးလိုက်မယ်ဆို အခုလို အချိန်ကျရင် နင် ခေါင်းစား နေရမှာ မဟုတ်လား …”

လင်းရီ ပြုံးလိုက်မိ၏။

သူမလေး၏ ဖခင်ကို ကျေနပ်အောင် ပြုချင်သည်ဆိုပါက သူ့အတွက် သိပ်လွယ်ကူသည်။ လင်းရီသည် သူ့အား ယွမ်တစ်သန်း တန်ဖိုးရှိသည့် ငါးဘောလုံးများ ပေး၍ ဟက်ပီး နယူးရီးယား ဖြစ်အောင် လုပ်ပေးလိုက်၍ရသည်။

သို့သော် လင်းရီ ထုတ်မပြောခဲ့ချေ။

မဟုတ်ပါက ခမည်းခမက်နှင့် သားမက်တို့ကြား ကောင်းမွန်သည့် ဆက်ဆံရေးလေး ပျက်သုဉ်းသွားနိုင်သည်။

“ မင်းက သိပ်တွေးပေးတတ်တာပဲ … ကိုယ်က မင်းနဲ့ ယှဉ်ရင် အများကြီး လိုသေးတယ်…”

ကျီချင်းရန် ခေါင်းကို မြင့်မြင့်မော့ထား၏။ သူမ၏ မော်ကြွား ဂုဏ်ယူနေသည့် အမူအရာကို လင်းရီအား ပြသနေသကဲ့သို့ပင်။

“ လင်းရီ... ငါ ပြောထားမယ်နော်… နင်အဲ့နေ့ကျ ခန့်ခန့်ညားညား ဝတ်စားရမယ် နားလည်လား … “ ကျီချင်းရန် လေးလေးနက်နက်ဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ဒီနေ့ကစပြီး စကင်းကဲတာတွေရော ၊ မျက်နှာမာ့စ်ကပ်တာတွေရော မှန်မှန် လုပ်ရမယ်… နင့် အသားအရေက ခြောက်သွေ့လွန်းတယ်… ကောင်းကောင်းဂရုစိုက်မှ …”

“ မင်းရဲ့ အိမ်မှာ ထမင်းသွားစားမှာက ပထမဆုံးအကြိမ်လည်း မဟုတ်တာကို ဒီလိုတွေ လုပ်ဖို့ လိုလို့လားဟ….”

“ ဒီတစ်ကြိမ်ကျရင် မိသားစုအကြီးကြီး ဖြစ်နေမှာ … ဆွေမျိုးတွေရော ၊ အငယ်ဝမ်းကွဲတွေရော အားလုံး လာကြမှာ … နင်က နင့်ရဲ့ အကောင်းဆုံး အနေအထားမှာ ရှိပြီး အားလုံးကြားထဲမှာ ထင်းထင်းလင်းလင်း ဖြစ်နေရမယ်….”

ဟားဟား …

ဖူး … ဒီကောင်မလေးက ရုပ်ရည်နဲ့ ပတ်သက်လာရင် တအား အဖြစ်သည်းလွန်းတယ်။

All Chapters