← Chapters

အကြီးကြီး အထင်လွဲမှားမှု

Vol. 105 Ch. 1568

အကြီးကြီး အထင်လွဲမှားမှု

Vol. 105 Ch. 1568

“ မမ …. နင်နောက်ဆုံးတော့ ပြန်လာပြီပေါ့ … ငါ နင့်ကို စောင့်နေတာ အကြာကြီးပဲ …”

ကျီချင်းရန်ကို မြင်တော့ စုန့်ကျားယွီသည် သူမလက်ထဲရှိ ပန်းသီးအား အောက်ချ၍ အပြေးအလွှား ပြေးဖက်လေသည်။

“ အိုက်ယိုး … ငါလည်း နင့်ကို အရမ်း သတိရနေတာ … ငါတို့ချင်း မတွေ့ဖြစ်တာ နှစ်ဝက်လောက် ရှိပြီမလား …”

“ အဲ့တာ နင်က အရမ်း အလုပ်များတဲ့လူမို့လို့လေ… အခြေအနေတွေက အခု မတူတော့ဘူး … နင်က ကုမ္ပဏီတစ်ခုရဲ့ သူဌေးမကြီး ဖြစ်နေပြီ … ဝီချက်မှာ ကိုယ့်ဘက်က စာဆယ်ခုလောက် ပို့ရင် အများဆုံး သုံးခုလောက်ပဲ ပြန်စာလာတတ်ပြီးတော့ … ဒါကိုများ ငါ့ကို လာဝေဖန်ချင်နေတယ်ပေါ့ …”

သူမတို့ နှစ်ယောက် ငယ်ရွယ်စဉ်က ကျီချင်းရန် ဦးလေးဘက်ရှိ မိသားစုနောက်ခံ အခြေအနေက သိပ်ကောင်းမွန်မှု မရှိလှချေ။ တစ်နှစ်ပတ်လုံး ပြင်ပ၌ အလုပ်ကြိုးစားနေရပြီး အိမ်တွင် စုန့်ကျားယွီအား ဂရုစိုက်ပေးမည့်လူက မရှိချေ။ ထို့ကြောင့် သူမကို ကျီချင်းရန်၏ မိသားစုထံသို့ ပို့ထားခဲ့ကြ၏။ နှစ်ယောက်မှာ အသက်ခြောက်နှစ်အရွယ်ထိ အိပ်ရာတစ်ခုတည်း အတူအိပ်ခဲ့ကြသဖြင့် ဆက်ဆံရေးမှာ အထူးတလှယ် ကောင်းမွန်လှပေသည်။

“ အိုက်ယား … ညီအစ်မကောင်းကလဲ…” စုန့်ကျားယွီသည် ကျီချင်းရန်၏ လည်ပင်းကို ဖက်၍ “ငါတစ်ယောက်တည်း ခုတလော အလုပ်များနေတာမှ မဟုတ်တာ… လာပြီး ငြင်းခုန်မနေနဲ့ .. ပြီးတော့ နင့်ဆီ စာပို့ရင်တောင် အချိန်အကြာကြီးနေမှ ပြန်ပို့တတ်ပြီးတော့မှများ …”

“ ခုက နှစ်ကုန်လေဟယ်… ကုမ္ပဏီက နှစ်ပတ်လည် တွေ့ဆုံပွဲလုပ်ဖို့ရယ်.. ပရောဂျက်အသစ် ကိစ္စရယ်တွေနဲ့ အလုပ်တော်တော်များနေတာ….”

“ ငါတော့ အဲ့တာတွေ အားလုံးက မလိုအပ်တဲ့ အကြောင်းပြချက်တွေလို့ပဲ ထင်တယ်… ကောင်လေး ရသွားပြီဆိုတော့ ကိုယ့်ညီမကို မေ့သွားပြီပေါ့ … အိုက်ယား အရမ်းသနားဖို့ကောင်းလိုက်တဲ့ ငါလေး … ကောင်လေးဆိုလည်း မရှိဘူး… ကိုယ့်အစ်မရဲ့ ပစ်ထားတာကိုလည်း ခံထားရတယ်… ဘယ်သူမှ ငါ့ကို မလိုချင်ကြဘူး …”

“ တော်လိုက်တော့ တော်လိုက်တော့ … လူကို သနားစရာကောင်းအောင် လာလုပ်ပြမနေနဲ့ … နင့်အဲ့ဒီအကွက်တွေက အသုံးမဝင်ဘူး …”

လင်းရီ၏ သင်ပြပေးမှုအောက်တွင် ထိုကဲ့သို့ ရိုးရှင်းပြီး အဓိပ္ပာယ် ကင်းမဲ့သည့် နည်းလမ်းက ကျီချင်းရန်အပေါ် အသုံးဝင်ခြင်း မရှိတော့ချေ။

“ ဟီးဟီး … မမ … ငါ နင့်ကို အရေးကြီးကိစ္စ တစ်ခု ပြောစရာ ရှိတယ်…” စုန့်ကျားယွီ လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်၏။

“ ဘာကိစ္စလဲ… နင့်ကုမ္ပဏီ ကိစ္စလား …”

“ အွန်း …” စုန့်ကျားယွီ ခေါင်းညိမ့်လိုက်၏။ “ ငါတို့ ကျိုးဟိုင်မှာ offline စီးပွားရေး စနေပြီ… နင်က စီးပွား‌ရေး လုပ်နေတာ ကြာပြီဆိုတော့ အဆက်အသွယ်တွေ အများကြီး ရှိမှာပေါ့ ဟုတ်တယ်မလား … နင့်ငါ့ကို ကူညီပေးပါလားလို့ …”

“ ကူညီပေးလို့ရတယ်… ဒါပေမယ့် တည်ငြိမ်တဲ့ ဘဏ္ဍာရေး အခြေအနေမရှိဘဲ ပရောဂျက် တင်သွင်းလွှာကို ထုတ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဒေဝါလီခံလိုက်ရမှာပဲ ..” ကျီချင်းရန် ပြောလိုက်ပြီး “ နင် ရင်းနှီးမြုပ်နှံသူတွေ ရအောင် အရင်လုပ်ထားလိုက် ..”

ကျီချင်းရန်သည် စုန့်ကျားယွီ၏ စွန့်ဦးတီထွင် လုပ်ငန်းအကြောင်း သိရှိထားပြီး သူမ ရန်ပုံငွေ မလုံလောက်သည်ကိုလည်း သိရှိထားသည်။

ကနေဦးတုန်းက သူမ လင်းရီကို ရင်းနှီးမြုပ်နှံပေးနိုင်ခြင်း ရှိမရှိ မေးစမ်းကြည့်ချင်သော်လည်း ဂရုတစိုက်နှင့် ချင့်ချိန် ဆုံးဖြတ်ပြီးနောက်တွင် အဆိုပါ အကြံအစည်အား လက်လျော့လိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် လင်းယွင် အုပ်စုက လက်ရှိ semiconductor နယ်ပယ်၌ ကျင်လည်နေသည်။ စုန့်ကျားယွီ၏ စွန့်ဦးတီထွင် ပရောဂျက်က အင်တာနက်နယ်ပယ်အတွင်း ရှိသော်လည်းပဲ အစစ်အမှန် စီးပွားရေးဘက်သို့ စောင်းငဲ့နေပြီး လင်းယွင်အုပ်စု၏ ယေဘုယျ ဦးတည်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။

ထို့ပြင် စုန့်ကျားယွီက သူ့ ညီမပင်။ ပရောဂျက် ပလန်နှင့် စပ်လျဉ်း၍ ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် လင်းရီသည် သူမအတွက်ကြောင့်နှင့် ကျိန်းသေပေါက် ရင်းနှီးမြုပ်နှံပေးလိမ့်မည်။ သူ၏ ရင်းနှီးမြုပ်နှံမှုက သဲထဲရေသွန် ဖြစ်သကဲ့သို့ ဖြစ်သွားသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အဆိုပါ အကြောင်းပြချက် နှစ်ခုအပေါ် အခြေခံ၍ ကျီချင်းရန်သည် လင်းရီကို ယခု ကိစ္စ မပြောပြခဲ့ချေ။ သူမကိုယ်သူမ ကိုင်တွယ်ဖြေရှင်းသည်ကလည်း လေ့ကျင့်နည်း တစ်မျိုး ဖြစ်၏။

“ အဲ့ကိစ္စ မပူနဲ့တော့ … ရန်ပုံငွေ ပြဿနာကို ဖြေရှင်းပြီးသွားပြီ…”

“ ဟင် … ဘယ်လောက်မှတောင် မကြာသေးတာကို ယွမ် ၁၅ သန်း စုဆောင်းနိုင်ခဲ့ပြီပေါ့ …. မဆိုးဘူးပဲ …”

“ မမ အဲ့လိုပြောလိုက်တာက ငါ့ကို အထင်သေးနေတာပဲ … ၁၅ သန်းက ဘာမှမဟုတ်သေးဘူး .. ဒီတိုင်း အသေးအဖွဲလေးကိုများ….”

စုန့်ကျားယွီသည် ခြေတင်ချိတ်၍ ဂုဏ်ယူစွာဖြင့် လက်သုံးချောင်းကို ဆန့်ထုတ်လိုက်လေသည်။

“ သန်း ၃၀ တောင် …”

“ အွန်း …”

“ ငါ နင့်ရဲ့ ပရောဂျက် အဆိုပြုလွှာကို ကြည့်ပြီးပါပြီ… နင့်အတွက် ၁၅ သန်းရဖို့တောင် ခက်ခဲနေတာကို အခု တကယ်ကြီး သန်း ၃၀ ရလာခဲ့တယ်… နင့်အစွမ်းအစတွေက တကယ်မဆိုးဘူးပဲ …”

“ တကယ်တမ်းကျ ညီမ စစတုန်းက လိုချင်တာ သန်း ၂၀ တည်း .. ဒါပေမယ့် သူ့ဘက်က သန်း ၃၀ ပေးဖို့ ပြောလာခဲ့တာ … ညီမလည်း ဘယ်ငြင်းနိုင်မှာ ဟုတ်တယ်မလား .. ဒါကြောင့်မို့ ဖျစ်ညှစ်ပြီး သဘောတူလိုက်ရတယ်လေ…” စုန့်ကျားယွီ ဘဝင်လေဟပ်စွာ ပြောလိုက်သည်။

စုန့်ကျားယွီ၏ လုပ်နိုင်စွမ်းကို ကျီချင်းရန် မသိဘဲ နေချေ။

သူမက အနည်းငယ် ထက်မြက်သည်။ အရည်အချင်းရှိပြီး ဒူပေနာပေလည်း ခံနိုင်သည်။ သို့သော် တခြားနယ်ပယ်တို့၌ ထူးချွန်ပြောင်မြောက်နေသည်မျိုး မဟုတ်ပေ။ သို့တိုင် သူမ၏ စီးရီး-အေ တွင် ယွမ်သန်း ၃၀ ကို ရရှိအောင် ရှာဖွေနိုင်ခဲ့သည်က ကျီချင်းရန်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။

“ နင့်ကို နောက်ကွယ်ကနေ ညွှန်ကြားပြသပေးနေတဲ့ ကျွမ်းကျင်သူတစ်ယောက်ယောက် ရှိနေတာလား …”

“ ကိုယ့်ညီမရဲ့ အစွမ်းအစကို မယုံဘူးပေါ့…” စုန့်ကျားယွီ ပြောလိုက်ပြီး “ ဒီ ရန်ပုံငွေကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ရအောင် လုပ်ခဲ့တာပါနော်… တခြား ဘယ်သူနဲ့မှ မဆိုင်ဘူး …”

ကျီချင်းရန် အတော်လေး စိတ်ဝင်စားသွားခဲ့၏။ “ ဒါဆို ငါ့ကို ပြောပြ … နင် သူတို့ကို ပိုက်ဆံ ရင်းနှီးမြုပ်နှံလာအောင် ဘယ်လို ဆွဲဆောင်လိုက်တာ …”

“ သေချာပေါက် ညီမရဲ့ အလှနဲ့ ညီမရဲ့ ခြေတံလေးတွေနဲ့ပေါ့ …”

“ ဟင် … နင် သူများကို မြှူဆွယ်ခဲ့တာလား … နင် အဲ့လို လုပ်ရပ်တွေ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ … ငါ ဒုတိယ ဦးလေးကို သွားပြောပြမယ်…”

“ စိတ်အေးအေးထားဦး … မမ ထင်နေသလောက်လည်း ဆိုးမနေပါဘူး … ညီမက ကိုယ့်ခန္ဓာကိုယ် မရောင်းပါဘူး .. ကိုယ့် စိတ်ဝိဉာဏ်ကိုဆို ပြောမနေနဲ့တော့ …” စုန့်ကျားယွီ ပြောလိုက်ပြီး “ ညီမ ရင်းနှီးမြုပ်နှံမယ့် အကြောင်း ပြောနေတဲ့အချိန် အသားလေး နည်းနည်းလောက် ဖော်ပြပြီးမှ သူ့ကို ဆွဲဆောင်လိုက်တယ်… အဲ့နောက် ချက်ချင်း သန်း ၃၀ ရင်းနှီးမြုပ်နှံဖို့ ကမ်းလှမ်းလာတာပဲ …”

“ ညီမ ဆုံးဖြတ်လိုက်ပြီ… နောက်တစ်ခေါက် သူနဲ့တွေ့ရင် စတော်ကင် အနက်နဲ့ စကတ်အကြပ် ဝတ်ကို ဝတ်ရမယ်.. သူ ညီမရဲ့ ဖျားယောင်းမှုထဲကနေ မရုန်းနိုင်အောင်ကို ဖမ်းစားထားရမယ်…”

“ နင်တော့ တကယ် မျှော်လင့်ချက်မဲ့နေပြီ… နင် ဒီလိုနည်းလမ်းမျိုးနဲ့ ရန်ပုံငွေ ရအောင် ရှာခဲ့တယ်ဆိုတာ ယုံနိုင်မယုံနိုင်ဘူး ..”

“ အဲ့တာ မမကိုက ဒိတ်အောက်နေလို့လေ… အမျိုးသမီးတွေက သူတို့ရဲ့ အားသာချက်ကို ကောင်းကောင်း အသုံးချတတ်ရတယ်…” စုန့်ကျားယွီ ပြောလိုက်ပြီး “ မဟုတ်ရင် နှစ်တိုင်းနှစ် ပိုက်ဆံတွေ အများကြီးသုံးပြီး စကင်းကဲဖို့ ပစ္စည်းတွေ ဝယ်တာ အလကား ဖြစ်သွားမှာပေါ့ …”

“ နင် အဲ့လို လုပ်တာကတော့ မဟုတ်သေးဘူးလေ… စီးပွားရေး လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ရိုးသားပြီး ဖြောင့်မတ်ရမယ်… ဒီလို ညစ်ညမ်းတဲ့ နည်းလမ်းတွေသုံးတာက အလုပ်ဖြစ်မှာ မဟုတ်ဘူး…”

“ ဖြစ်စဉ်က နည်းနည်းလေး အပေါ်မကျဘူးဆိုပေမယ့် ရလဒ်က ကောင်းတယ်လေ..” စုန့်ကျားယွီ ပြောလိုက်ပြီး “ ပြီးတော့ မမ မသိသေးလို့ .. ညီမဆီမှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်လိုက်တဲ့ အစ်ကိုလေး အရမ်း အရမ်း ချောတာ … ရုပ်ရှင် စတားတစ်ယောက်လို့တောင် ထင်ရတယ်.. ကြည့်ရတာ ညီမတို့နှစ်ယောက်က ရေစက်လို့ ထင်ပါတယ်လေ… နောင်ကျ သူက မမရဲ့ မေ့ဖူး(ညီမယောက်ျား) ဖြစ်လာတော့မှာ …”

“ သူ ငါ့ရဲ့ မေ့ဖူ ဖြစ်လာမလာ ငါဂရုမစိုက်ဘူး … အရေးကြီးဆုံးက ပုံမှန် နည်းလမ်းနဲ့ ရန်ပုံငွေ ကိစ္စ အဆင်ပြေအောင် လုပ်ဖို့ပဲ …”

“ တကယ်လို့ ပရောဂျက် ကိုယ်တိုင်ကိုက ပြဿနာ ရှိနေတယ်ဆိုရင် နင့်ရဲ့ စီးရီး-ဘီ၊ စီးရီး-စီ ရောက်လာတဲ့အချိန်ကျ ရန်ပုံငွေ ကိစ္စက ကျိန်းသေပေါက်ကို လမ်းမှာ ပိတ်ဆို့ထားတဲ့ ကျောက်တုံးလို ဖြစ်နေမှာ သေချာတယ်… နင် အဲ့ခါကျ ငိုနိုင်တော့မှာတောင် မဟုတ်ဘူး …”

“ အင်း … ညီမလည်း သတိထားမိပါတယ်… ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် ခုလောလောဆယ် ရန်ပုံငွေ ကိစ္စ ပြေလည်သွားပြီလေ.. ခုလိုအပ်နေတာက မမရဲ့ အကူအညီပဲ … ကျိုးဟိုင်မှာ လုပ်ငန်းကို ကောင်းကောင်း စိတ်ချရပြီဆိုရင် စီးရီး-ဘီအတွက် ရန်ပုံငွေ ကိစ္စလည်း ယုံကြည်မှု ရှိတယ်… ပြီးရင် စဦးဈေးကွက်မှာ ခြေကုပ်တစ်ခု ယူထားမယ်…”

“ ငါ့အဆက်အသွယ်တွေက အကန့်အသတ်နဲ့ … တကယ်လို့ နင် တကယ်လုပ်ချင်တယ်ဆိုရင် ခဏကျ နင့်ခဲအိုလာရင် ငါမိတ်ဆက်ပေးမယ်… သူနဲ့ နည်းနည်းပါးပါးသောက်ပြီး အကူအညီတောင်းကြည့်လိုက် …”

စုန့်ကျားယီ ကျီချင်းရန်ထံ လက်ဝှေ့ယမ်းပြလိုက်သည်။

“ ခဲအိုက တော်တော်လေး ချောတယ်လို့ ညီမကြားထားတယ်နော်….”

“ မဟုတ်ဘဲနဲ့ ကောလဟာလတွေ ရှိနိုင်ပါ့မလား ..” ကျီချင်းရန် ဂုဏ်ယူစွာ ပြောလိုက်၏။

“ အလှဆိုတာ ရှုမြင်သူရဲ့ မျက်လုံးထဲမှာပဲ ရှိတယ်… သူက ညီမဆီ ရင်းနှီးမြုပ်နှံပေးတဲ့ အစ်ကိုလေးလောက်တော့ မချောမှာ သေချာတယ်… “ စုန့်ကျားယွီ ပြောလိုက်ပြီး “ ညီမတို့ ဆက်ဆံရေး တိုးတက်လာရင် မမတို့ကို ထမင်းတစ်နပ်ဖိတ်ကျွေးပြီး အနာဂတ် မေ့ဖူနဲ့ မိတ်ဆက်ပေးမယ်လေ… အကဲခတ်ကြည့်ကြည့်ပေါ့ …”

“ ပြဿနာ မရှိဘူး …”

ပြောရင်းဖြင့် ခြံဝန်းဆီမှ ကားဘရိတ်အုပ်သံ တစ်ခု ထွက်ပေါ်လာသည်။ လင်းရီသည် လက်ထဲ ဝယ်လာခဲ့သည့် အထုပ်ပလုတ်များဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။

“ အာ … ညီမဆီ ရင်းနှီးမြုပ်နှံပေးတဲ့ အစ်ကိုလေးက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ..” စုန့်ကျားယွီ အာမေဋိတ်သံဖြင့် မြည်တမ်းမိလိုက်၏။

All Chapters