ကျုပ်က လင်းယွင် အုပ်စုရဲ့ ဥက္ကဌ
Vol. 105 Ch. 1570
ဒူဘိုင်း၌ လည်ပတ်ခဲ့စဉ်အခါက ချင်ရင်ယွဲ့သည် ချွေးမလောင်း ကျီချင်းရန်အတွက် ပစ္စည်းအများအပြား ဝယ်ပေးခဲ့ရုံမျှမက လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်းတို့အတွက်ပါ ပစ္စည်းတို့ အသီးသီးဝယ်ပေးခဲ့သည်။
သူမ ပြောသည်မှာတော့ ဘက်လိုက်၍ မရဆိုပင်။ လူတိုင်းစီတွင် ရှယ်ယာတစ်ခုစီ ရှိရမည်။
သူ့အမေ၏ လုပ်ရပ်ကြောင့် လင်းရီ အံ့အားမသင့်သွားခဲ့ချေ။ သူ့အနားတွင် ဤမျှ အချိန်ကြာအောင် နေထိုင်လာပြီးသည့်နောက် လီချူးဟန်နှင့် ဝမ်ရင်းတို့အကြောင်း သိနေသည်က ထူးဆန်းသည်လို့ မဆိုသာချေ။
သို့သော် ချင်ရင်ယွဲ့၏ စိတ်သဘောထားက ပွင့်ပွင့်လင်းလင်း ရှိကာ သူ့အား အနှီကိစ္စနှင့် စပ်လျဉ်း၍ များများစားစား မပြောခဲ့ချေ။ ကိုယ့်ဇာတ်ကိုယ် နိုင်အောင် ကနိုင်သရွေ့ အဆင်ပြေသည်။
ထိုအချိန်တုန်းက သူ့အမေ ဝယ်ပေးခဲ့သည့် ပစ္စည်းများကို လင်းရီ သူနှင့် တပါတည်း မယူလာခဲ့ချေ။ မည်သို့ပင်ဆိုစေ ကျီချင်းရန်က အနားတွင် ရှိနေသည်ဖြစ်ရာ သိရှိသွားမည်ဆိုပါက ကောင်းသည့်အရာတို့ ဖြစ်မလာနိုင်ချေ။ ထို့ကြောင့် ဟွာရှသို့ ဒီလီဗာရီ တစ်ခုဖြင့် ပို့ပေးဖို့ ပြောထားခဲ့၏။
ဤသည်က လင်းရီ ပထမဆုံးအကြိမ် နိုင်ငံခြားမှ ပစ္စည်းတစ်စုံတစ်ရာကို လက်ခံရယူခြင်းလည်း ဖြစ်သည်။ သူတွေးထားသည့်အတိုင်း ဆိုပါက အကောက်ခွန်ရုံးသို့ ပစ္စည်းယူရန် သွားသည်က ပုံမှန်ပင်။
နာရီဝက်မျှကြာတော့ လင်းရီ အကောက်ခွန်ရုံးသို့ ရောက်ရှိလာခဲ့သည်။
“ ဟယ်လို … ကျုပ် နိုင်ငံခြားက မှာထားတဲ့ ပါဆယ်လာယူတာပါ … ဘယ်မှာ သွားယူရမလဲ မသိဘူး …”
ယခု အပိုင်းတွင် အတွေ့အကြုံ မရှိထားသဖြင့် လင်းရီသည် လုပ်ထုံးလုပ်နည်း ကိစ္စတို့နှင့် အနည်းငယ် ရင်းနှီးခြင်း မရှိချေ။
“ ဟုတ်ကဲ့ … လူကြီးမင်းရဲ့ နာမည်လေး တစ်ချက်ပြောပေးပါ … ကျုပ် စစ်ပေးပါ့မယ်…” ဝန်ထမ်းက မေးသည်။
“ လင်းရီ ….”
လင်းရီ၏ နာမည်ကို ကြားတော့ ဝန်ထမ်းမှာ တဒင်္ဂမျှကြာအောင် ကြက်သေသေသွားခဲ့ပြီး ထူးဆန်းသည့် မျက်နှာထားနှင့် ဖြစ်ပျက်သွားခဲ့၏။
သို့သော် လင်းရီ၏ နာမည်ကို ပါဆယ်ပို့လာသည့် စာရင်း၌ ရှာမပေးချေ။ ထိုအစား ဝေါ်ကီတော်ကီကို နှိပ်၍ “ သူ ရောက်နေပြီ…”
ဤသည်က လင်းရီကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။ မည်သည့်အရာတို့ ဖြစ်ပျက်နေလဲဆိုတာကို လင်းရီ အမှန်တကယ် ကြောင်အမ်းသွားခဲ့ရ၏။
သို့သော် မကြာမီ ယူနီဖောင်းနှင့် လူနှစ်ဦးက အပြင်ကနေ ပြေးဝင်လာပြီး လင်းရီအား ချက်ချင်း ချုပ်ထားလိုက်ကြသည်။
လင်းရီ ထိတ်ထိတ်ပျာပျာ မဖြစ်သွားသကဲ့သို့ ခုခံခြင်းလည်း မရှိချေ။ အံ့အားသင့်စရာကောင်းလောက်အောင်ကို တည်တည်ငြိမ်ငြိမ် ရှိနေသည်။
“ မင်းတို့ ဒါဘာသဘောလဲ…”
“ မင်း သိလျက်နဲ့ မေးနေတာ မဟုတ်လား … ငါတို့နဲ့ လိုက်ခဲ့ …”
တစ်ဖက်သူ၏ အကြောတင်းသည့် တုံ့ပြန်သံကို ကြားတော့ လင်းရီ ပို၍ပင် ရှုပ်ထွေးသွားခဲ့တော့၏။
သူက ဒီတိုင်း ပါဆယ်လာယူရုံတင်ပဲလေ… ဘာလို့ ဒီလိုတွေ လာကြုံနေရတာ … သူတို့ လူမှားနေကြတာများလား…။
မကြာမီ စစ်ကြောရေး အခန်းတစ်ခုအတွင်းသို့ လင်းရီ ခေါ်ဆောင်လာခြင်း ခံခဲ့ရ၏။ သူ့ရှေ့တွင် ထိုင်နေသည်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။ နှစ်ဦးလုံး၏ မျက်နှာအမူအရာက ကင်းမဲ့နေသည်။
၎င်းတို့အပြင် မီတာဝက်လောက်မြင့်မည့် အမွှေးပွ အရုပ်တစ်ခုကလည်း စားပွဲပေါ်တွင် တင်ထားသေးသည်။
အဆိုပါမြင်ကွင်းက လင်းရီကို နားမလည်နိုင်လောက်သည်အထိ ဖြစ်သွားခဲ့စေသည်။
“ ပြောစမ်း … မင်း ဝန်ခံရင် ငါတို့ မင်းကို ခွင့်လွှတ်ပေးလို့ရတယ်… မင်း ငြင်းနေဦးမယ်ဆိုလို့ကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမှာပဲ … ငါတို့ကို လေကုန်ခံရအောင် မလုပ်နဲ့ …” အမျိုးသားက ပြောလိုက်၏။
“ ငါ ဒီလာခဲ့တာ ပါဆယ်ပို့လာတယ်ဆိုလို့ ပစ္စည်း လာယူရုံပဲ … မင်းတို့ ဘာတွေ ပြောနေလဲဆိုတာကို ငါတကယ်ကြီး နားမလည်တာ …” လင်းရီ အေးဆေးလေး ရှင်းပြလိုက်သည်။
“ မင်း ဘာလုပ်ထားခဲ့လဲဆိုတာ မင်းမသိဘူးပေါ့ … မင်းသိအောင် ငါတို့က ပြန်ပြောရဦးမှာလား ..”
“ အင်း … ပြောပြရမယ် ထင်တာပဲ …”
၎င်းတို့၏ အမူအရာကင်းမဲ့နေသည့် မျက်နှာအမူအရာသည် ပို၍ပင် အကျည်းတန်သွားခဲ့ပြီး စားပွဲပေါ်တင်ထားသည့် အမွှေးပွရုပ်ကို လက်ညိုးထိုးလျက် “ မင်း ဒါကို ပို့ခဲ့တယ် ဟုတ်တယ်ဟုတ်…”
“ မဟုတ်ဘူး …” လင်းရီ အမှန်အတိုင်း ပြောလိုက်ပြီး “ ငါ မှာခဲ့တာက လက်ဝတ်ရတနာတစ်ခုပဲ … ဒီအရုပ်မဟုတ်ဘူး ..”
လင်းရီ၏ စကားကို ကြားတော့ အမှန်တရား၏ ဘက်တော်သားများ မျက်နှာထားဖြင့် လူနှစ်ဦးသည် အချင်းချင်း ပြန်ကြည့်မိလိုက်ကြသည်။
ယခုလို အဖြေမျိုးကို သူတို့ မျှော်လင့်မထားခဲ့ကြပါချေ။
“ မင်းပြောတာ မင်း လက်ဝတ်ရတနာတစ်ခုကို မှာခဲ့တာ ဟုတ်လား …”
“ ကျုပ်အမေ ဒူဘိုင်းကနေ စိန်အဆင်တန်ဆာတစ်ချို့ ဝယ်ပေးပြီး ကျုပ်ဆီ ပို့လိုက်တာ … ဒီ ၀က်ဝံရုပ်မဟုတ်ဘူး …”
“ စိန်အဆင်တန်ဆာတွေဆိုတော့ …. မင်းပြောနေတာ ဒါတွေလား ….”
ပြောပြီးနောက် အမျိုးသားက အရုပ်နောက်တွင်ရှိ ဝှက်ထားသည့် ဇစ်ကို ဆွဲကာ ဘူးအသေးလေး သုံးခုကို ထုတ်လာခဲ့သည်။
ဖွင့်ကြည့်ပြီးနောက် မတူညီသည့် စိန်လည်ဆွဲ သုံးခုကို လှစ်ဟာပြလာသည်။
“ အင်း … ဟုတ်တယ်…”
ဤသည်ကို မြင်တော့ လင်းရီသည် နောက်ဆုံး၌ သူ့အား အဘယ်ကြောင့် ဖမ်းဆီးရသလဲဆိုတာကို နားလည်သွားခဲ့တော့သည်။
အကယ်၍ ပွင့်ပွင့်လင်းလင်းနှင့် လေယာဉ်တင်ပေးလိုက်မည်ဆိုပါက ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် လုပ်ရိုးလုပ်စဉ်များအား ဖြည့်စွက်၍ ဒဏ်ကြေးဆောင်သည်နှင့် ပြဿနာမှာ ကြီးမားလိမ့်မည်မဟုတ်ချေ။
သို့သော် ယခုတော့ သူက လက်ဝတ်ရတနာများအား ဝက်ဝံရုပ်ထဲတွင် ဝှက်ထားခဲ့၏။ ဤဖြစ်စဉ်အား မှောင်ခိုသွင်းသည်ဟု သတ်မှတ်၍ရကာ ဥပဒေနှင့် သွားငြှိနေသည်။
“ ဒါတွေကို ဘာလို့ ဒီရဲ့ တက်ဒီ ဝက်ဝံရုပ်နဲ့ ပို့လာခဲ့လဲ ဆိုတာရော မင်းသိလား …”
“ ကျုပ်သိတယ်..” လင်းရီ ပြောလိုက်ပြီး “ ခဏလောက်နော်… ကျုပ် ဖုန်းတစ်ချက်ဆက်ပြီး လှမ်းမေးကြည့်ဦးမယ်…”
လင်းရီ ငြင်းစရာအကြောင်း မရှိဟု ခံစားနေရ၏။ အကယ်၍ ဤအမွှေးပွရုပ်ကတဆင့် ပို့ပေးလာခဲ့သည်ဆိုပါက သူသည် ဤအရာအတွက် တာဝန်ခံရပေမည်။
သို့သော် သူ့အမေ၏ အသိဉာဏ်ဖြင့် ယခုလို ပြုသည်က တရားမဝင်ကြောင်းကို မသိဘဲမနေဟု လင်းရီ ခံစားနေရသည်။ ထို့ပြင် ပို့ဆောင်စရိတ်လည်း ချို့တဲ့မနေလေရာ အဘယ်ကြောင့် ယခုလို အရုပ်ထဲ ထည့်၍ ပို့လာခဲ့ရမည်နည်း။
လင်းရီ၏ ရိုးသားသည့် သဘောထားကို မြင်တော့ နှစ်ယောက်လည်း မတားမြစ်တော့ကာ ဖုန်းခေါ်ခွင့် ပြုလိုက်သည်။
“ ယူပြီးပြီလား …”
ဖုန်းဝင်သည်နှင့် ချင်ရင်ယွဲ့ မေးမြန်းလာခဲ့၏။
လင်းရီ သူမအား အရေးကြီး ကိစ္စ တစ်စုံတစ်ရာ ပြောလာခဲ့မည်ကို နားလည်သည်။ ထို့ပြင် ထိုအရေးကြီးကိစ္စသည်လည်း ယခင် ပို့လိုက်သည့် စိန်အဆင်တန်ဆာ တစ်သုတ်နှင့် ပတ်သက်နေရမည်။
“ ရောက်ပြီ… ဒါပေမယ့် အမေ ပစ္စည်းကို ဘယ်လို ပို့လိုက်တာ … ဝက်ဝံရုပ်ထဲ ထည့်ပို့ပေးလိုက်တာလား ဟုတ်လား …”
“ ဘယ်နားကသာ ….” ချင်ရင်ယွဲ့ အားပါးတရဖြင့် “ အဲ့ဒီတုန်းက အမေ လက်ဝတ်ရတာနာ ပစ္စည်းတွေ ပို့ပေးတဲ့ ကုမ္ပဏီတစ်ချို့ကို ရှာကြည့်သေးတယ်… သူတို့ပြောတာ ပစ္စည်းက သိပ်ဈေးကြီးလို့ သားဆီ မပို့ပေးနိုင်ဘူးတဲ့ … အဲ့တာနဲ့ နောက်ဆုံး ဒီတိုင်း ဒီလီပို့တဲ့ ကုမ္ပဏီကနေတဆင့် ပို့လိုက်တာပဲ …”
“ အင်း … ကျွန်တော်သိပြီ…” လင်းရီ ပြောလိုက်ပြီး “ ခဏကျရင် ဒီလီကုမ္ပဏီနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အချက်အလက်လေးတွေ ပို့ပေးဦး … ပြေစာရောပဲ … ဓာတ်ပုံရိုက်ပြီး ကျွန်တော့်ဆီ ပို့ပေး …”
“ တစ်ခုခု ဖြစ်သွားလို့လား ..” အာရုံခံ အသိစိတ် စူးရှထက်မြက်သည့် ချင်ရင်ယွဲ့သည် တစ်စုံတစ်ရာ မူမမှန်သည်ကို ချက်ချင်း ခံစားမိပြီး အလျင်စလို မေးလာခဲ့၏။
“ အဆင်ပြေတယ်… ကိုယ့်ဘာကိုယ် ဖြေရှင်းလို့ရတယ်… ဘာမှ စိတ်ပူမနေနဲ့ …”
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
သူ့အမေ လှည့်စားခံလိုက်ရသည်ဟုပင် လင်းရီ ခံစားလိုက်ရသည်။ လည်ဆွဲသုံးခုက စုစုပေါင်း ယွမ် ငါးသန်းကျော်မျှ တန်ကြေးရှိ၏။
သာမန် နိုင်ငံခြားသို့ ပစ္စည်းပို့ဆောင်ပေးနေသည့် ဒီလီကုမ္ပဏီတို့က ဤသို့သော ပစ္စည်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မပြုရကြချေ။ အဘယ်ကြောင့်ဆိုသော် အလွန်တရာ ဈေးကြီးလွန်းသောကြောင့်ဖြစ်၏။ သူတို့တွေ မစွန့်စားဝံ့ကြချေ။ ထို့ကြောင့် သူ့အမေသည်လည်း ရွေးချယ်စရာ မရှိ ဒီလီ ကုမ္ပဏီ အသေးလေး တစ်ခု ရှာရတော့သည်။
ကြည့်ရသည်မှာတော့ တစ်ဖက်သူသည် ဤနည်းလမ်းဖြင့် ပို့လာခဲ့မည်ဆိုပါက အကောက်ခွန်ရုံးမှာ သတိမမူမိလောက်ဟု ထင်မှတ်ခဲ့ပုံရ၏။ သို့သော် ကံမကောင်းစွာဖြင့် ဖော်ထုတ်ခံလိုက်ရသည်။
မကြာမီ ချင်ရင်ယွဲ့မှ ဒီလီကုမ္ပဏီ၏ နာမည်နှင့် ပို့ဆောင်ခအတွက် ကျသင့်သည့် ပြေစာတို့အား ဓာတ်ပုံ ပို့ပေးလာခဲ့သည်။
ဤအရာတို့အား လင်းရီ သူ့ရှေ့ရှိ လူနှစ်ယောက်ထံ ပြလိုက်၏။
“ ဖုန်းပြောတုန်းက စကားတွေလည်း ကြားပြီးရောပေါ့ … ဒါက ပို့ခအတွက် ပြေစာ … နောက်မှာ ကုမ္ပဏီနာမည်လည်း ပါတယ်… ဒါ ကျုပ်နဲ့ ဘာမှ မပတ်သက်ဘူး …”
လင်းရီ၏ ရှင်းပြချက်ကို ကြားတော့ နှစ်ယောက်လုံး၏ အမူအရာမှာ ပြေလျော့သွားခြင်း မရှိဘဲ လေးနက်နေဆဲဖြစ်၏။
“ ဒီဥစ္စာလေးနဲ့ ငါတို့မင်းကို ယုံမယ်လို့ ထင်လား …” အမျိုးသားက အေးစက်စွာ ပြောလိုက်ပြီး “ ငါတို့ ဒီလို ဇာတ်လမ်းမျိုး မရေမတွက်နိုင်အောင် ကြည့်လာခဲ့ပြီးပြီ… လူတိုင်းမှာ ကိုယ်လွတ်ရုန်းနိုင်မယ့် အကြောင်းပြချက် တစ်ခုစီ ရှီပြီးသား … ဒါပေမယ့် တကယ်တမ်းကျ သူတို့တွေက အချင်းချင်း လက်ဝါးရိုက်ထားကြတာ … ကျေးဇူးပြုပြီး မလှည့်စားပါနဲ့ … ဒီလောက်လေးနဲ့ ငါတို့ကို လှည့်စားလို့ ရနိုင်မယ် ထင်နေလို့ကတော့ မင်း အိပ်မက်မက်လွန်းနေပြီ…”
လင်းရီ ပြုံးလိုက်၏။ ယခုလို အေးစက်စက် အကြည့်ခံလိုက်ရ၍လည်း ဒေါသမထွက်သွားခဲ့ချေ။ ထိုအစား သူ နားလည်ပေးနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ သက်သေများက တစ်ဖက်သတ်ဆန်လွန်းနေပြီး သူ့ဘက်က အပြစ်မရှိကြောင်းကို သက်သေပြဖို့ရန် လောက်ငှ မနေခဲ့ချေ။
“ ခင်များတို့ ဘယ်လိုခံစားနေရလဲ ဆိုတာ ကျုပ်နားလည်ပေးနိုင်တယ်… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်လည်း အဆင့်တစ်ခုနဲ့ နေတဲ့လူပါ … ဒီလို ယွမ်သန်းအနည်းငယ်လောက်လေးက ကျုပ်အတွက် ဘာမှ ဟုတ်တာ မဟုတ်ဘူး .. ဒီလောက်လေးနဲ့ ဒီလိုလည်း အလုပ်ရှုပ်ခံမနေဘူး …”
“ ယွမ်သန်း အနည်းငယ်လောက်က မင်းအတွက် ဘာမှ မဟုတ်ဘူးပေါ့ …” အမျိုးသားမှ အေးစက်စွာ နှာမှုတ်လိုက်ပြီး “ ငါတို့ ယုံမယ်ထင်လား … ပြီးတော့ မင်းလို အဆင့်တစ်ခုနဲ့ နေတဲ့လူကြီးက ဒီလီပို့လာတဲ့ ပစ္စည်းကို ကိုယ်တိုင်လာယူတယ်ပေါ့ … မင်း လာရွဲ့နေတာလား … ဒါမှမဟုတ် ငါတို့ကို သောက်ရူးတွေလို့ ထင်နေတာလား …”
“ ခင်များတို့ရဲ့ ဘော့စ်ကို ဒီခေါ်လိုက် … သူ ကျုပ်နာမည်ကို ကြားဖူးလောက်တယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌပဲ.....”