လောင်းကြေးထပ်ရအောင်
Vol. 105 Ch. 1571
“ လင်းယွင်အုပ်စု …”
လင်းယွင်အုပ်စုသည်ကား ကျိုးဟိုင်ရှိ နာမည်ကြီး လူသိများသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်း၏ နာမည်ကို သူတို့နှစ်ဦးလုံး ကြားဖူးကြ၏။
သို့သော် အသေးစိတ်တော့ သိရှိခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ စီးပွားရေးက ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိဘဲ သူတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိထားသင့်သည့် အရာလည်း မဟုတ်သဖြင့် များများစားစား သိပ်မသိရှိကြချေ။
“ မင်း အိပ်ပျော်ရင်း ကယောင်ကတမ်းတွေ ပြောနေတာ မဟုတ်ဘူးဆိုတာ သေချာလား … လင်းယွင်အုပ်စု ဥက္ကဌ နာမည်ရဲ့ မျိုးရိုးနာမည်က ချီပါ … ငါတို့ မသိဘူးများ မှတ်မနေနဲ့ … မင်း ဒီလို ပြောလိုက်တာနဲ့ပဲ ငါတို့ကို အရူးလုပ်နိုင်လိုက်ပြီ ထင်နေလား …”
လင်းရီ “ …..”
ကြည့်ရတာ သူ သိုသိုသိပ်သိပ်နေတာ သိပ်များသွားတယ်နဲ့တူတယ်…
ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းအသစ်တွေကလည်း သူ့ကို မသိကြဘူး … သာမန်လူတွေကလည်း သူ့ကို မသိကြဘူး … ဒါပေမယ့် ဥက္ကဌကိုကျမှ ဘယ်လိုလုပ် လောင်ချီနဲ့ လာမှားနေကြရတာ … လူက သိုသိပ်ပေမယ့် နာမည်ပါ သိုသိပ်နေတာကြီးကတော့ ဒါ …. ဒါ မဖြစ်သင့်ပါဘူး…
“ ဒီလိုဆိုမှတော့ … ကျုပ်ရှင်းပြလည်း အလကားပဲ … ခင်များတို့ဘော့စ်ကို ဒီခေါ်လာခဲ့လိုက် … သူ ကျုပ်ကို သိရင်သိလောက်တယ်…”
“ ဟီးဟီး … ငါတို့ ခေါင်းဆောင်နဲ့ တွေ့ရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ … အိပ်မက်မက်နေလိုက် …” အမျိုးသားက ပြောလိုက်ပြီး “ သက်ဆိုင်ရာဌာနတွေက ပစ္စည်းတွေကို စစ်ဆေးပြီးသွားပြီ … ဒီသုံးခုပေါင်းရင် အနည်းဆုံး ယွမ် ငါးသန်းကျော်တယ်… မင်းကို မှောင်ခိုတင်သွင်းမှုနဲ့ သံသယ ရှိနေပြီဆိုတော့ မင်း ဒီကိစ္စနဲ့ အတိမ်အနက်ကို သိသင့်ပြီ… ခုကစပြီး မင်းကို ငါတို့ ထိန်းသိမ်းထားရလိမ့်မယ်… တိကျခိုင်မာတဲ့ သက်သေအထောက်အထားလည်း ရှိပြီ… အသုံးမဝင်တဲ့ ရုန်းကန်မှုတွေ ပြုမနေနဲ့ … မင်းအတွက် ကောင်းမှာ မဟုတ်ဘူး …”
“ ကျုပ် ဖုန်းခေါ်လို့ရလား …”
“ မရဘူး …” အမျိုးသားက ပြောလိုက်ပြီး “ စုံစမ်းရေး ဌာနက လူတွေ ခဏနေ ရောက်လာတော့မှာ … အဲ့ခါကျ မင်းသူတို့ကို ပြောပြလို့ ရတယ်…”
လင်းရီ ငိုရ၊ ရယ်ရ အခက် ဖြစ်သွားခဲ့သည်။
ဤ ရိုမန်တစ် ဆန်သည့် အသေးစား ပစ္စည်းလေးများက ဤမျှ ပြဿနာ များလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
လင်းရီ ခုခံမနေချေ။ ဝန်ထမ်းတွေဘက်ကလည်း မှားယွင်းနေခြင်း မရှိချေ။ ၎င်းတို့က ၎င်းတို့ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်၏။
“ အစ်ကိုမာ … သူ့ကြည့်ရတာ တစ်စက်ကလေးမှကို ကြောက်နေတဲ့ပုံလည်း မပေါ်ဘူးနော်.. ကျွန်မတို့ အရင်က တွေ့နေကြ လူတွေနဲ့ မတူဘူး …” ယူနီဖောင်းနှင့် အမျိုးသမီးက ပြောလိုက်သည်။
“ ဒါက တည်ငြိမ်ချင်ယောင် ဆောင်နေတာ … စုံစမ်းစစ်ဆေးရေး ဌာနက လူတွေ ရောက်လာရင် သေချာပေါက် ဝန်ခံလာမှာပဲ စိတ်ပူမနေနဲ့ …”
“ သူ ဘာမှ မသိဘူးဆိုတာ တကယ်ဖြစ်နိုင်တယ်လို့ရော ရှင် မစဉ်းစားကြည့်ဖူးဘူးလား …”
သူ၏ လုပ်ဖော်ကိုင်ဘက်အား ကြည့်ရင်း အမျိုးသားက ပြောလိုက်၏။
“ သူ ချောတာ ကြည့်ပြီး အပြစ်ကင်းတယ် ထင်နေတယ်လို့ ငါ့လာမပြောနဲ့နော်…”
“ ဘယ်လို ဖြစ်နိုင်မှာလဲ … ကျွန်မက ဒီတိုင်း မှတ်ချက်ပြုကြည့်နေတာကို …” စစ်ကြောရေး တာဝန်ခံ အမျိုးသမီးမှာ အနည်းငယ် မျက်နှာရဲသွားခဲ့၏။ “ ဒါပေမယ့် သူက တော်တော်တော့ ချောတယ်…”
“ အထင်ကြီးမိပါပေရဲ့ … အလုပ်လုပ်နေတဲ့ အချိန်မှာတောင် ချောတာ လှတာတွေ အာရုံထားနိုင်သေးတယ် ဟုတ်လား … မင်းရဲ့ ဒီအကျင့်ကို ပြင်မှ ရတော့မယ်…”
“ ကျွန်မက ဒီတိုင်း တခြား ဖြစ်နိုင်ချေတွေကို အကြံပြုကြည့်နေတာပါ…”
“ မင်းက အလုပ်အတွေ့အကြုံမရှိသေးလို့ … ပြီးတော့ အတွေးအကြံတွေကလည်း တအား ရိုးရှင်းလွန်းနေတယ်… ခုလို ဖမ်းမိထားတာတောင် ဒီလောက် တည်ငြိမ်နေပုံ ထောက်ရင် သူက ဒီလို အမှုမျိုး ထပ်ခါတလဲလဲ ကျူးလွန်နေတဲ့လူဆိုတာ သေချာတယ်… အာဏာပိုင်တွေ ရောက်လာရင် မင်းမြင်ပါလိမ့်မယ်… ငါတို့ ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်ဖို့ လိုတယ်…”
“ ကျွန်မ နားလည်ပြီ…”
ဒေါက် ဒေါက် ဒေါက် …
“ ဝင်လာခဲ့ …”
ထိုစဉ် စစ်ကြောရေး အခန်း တံခါးဝသို့ ခေါက်သံတစ်ခု ထွက်ပေါ်လာပြီး အမျိုးသားက တုံ့ပြန်လိုက်သည်။
တံခါး တွန်းပွင့်လာပြီး လူသုံးယောက် အထဲဝင်လာသည်။ ၎င်းတို့အားလုံးက ယူနီဖောင်းများ ဝတ်ဆင်ထားကြပြီး အင်မတန် လေးနက်တည်ကြည်သည့် အမူအရာတို့ဖြင့် ဖြစ်နေကြ၏။
“ ကပ္ပတိန်ရွှီ… ခင်များလာပြီလား …”
ဝင်လာသည့် လူကို မြင်တော့ လင်းရီကို စစ်ကြောမေးမြန်းခဲ့သည့် လူနှစ်ဦးမှ မတ်တပ်ရပ်၍ ၎င်းတို့၏ ရိုသေလေးစားမှုကို ပြလိုက်ကြသည်။
ကပ္ပတိန်ရွှီဆိုသည့်လူအား လင်းရီ တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။
ယခင်တစ်ကြိမ် သူ ချိန်ပင်းချန်တို့နှင့် ဂျပန်က ရောက်လာသည့် နင်ဂျာများအား သွားဖမ်းစဉ်တွင် ၎င်းနှင့် ဆုံတွေ့ခဲ့ဖူးသည့်ဟန်ပင်။
လင်းရီ မှတ်မိသလောက် ၎င်း၏ နာမည်က ရွှီတဲ့ထျန် ဖြစ်ဖို့များ၏။
သို့သော် လင်းရီ၏ အမြင်တွင် ဤပုဂ္ဂိုလ်က ရာဇဝတ်မှု စုံစမ်းလေ့လာရေး တာဝန်ခံဖြစ်၏။ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသနည်း။
“ ခု လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တော်တော်လေး နားလည်ထားလောက်ပြီ ထင်တယ်… ဒီလိုဆို ဒီလူကို ငါနဲ့ ခေါ်သွားလိုက်တော့မယ်…”
“ ကျုပ် ရိုးရှင်းတဲ့ စုံစမ်းမေးမြန်းမှုလေးတွေတော့ လုပ်ထားတယ်… သူ့ပုံစံ ကြည့်ရတာ အတော်လေး ဝါရင့်နေပြီ.. ပေါက်တတ်ကရတွေဆိုတာ သူ့ပါးစပ်ထဲမှာ အပြည့် … သူက အဆင့်အတန်း တစ်ခုနဲ့ နေတာတဲ့ .. ပြီးတော့ သူ့ကိုယ်သူ လင်းယွင်အုပ်စုရဲ့ ဥက္ကဌပါဆိုပြီးတောင် ပြောလိုက်သေးတယ်… ဒီခု ရာဇဝတ်ကောင်တွေကတော့ ဘာမဆို ပြောရဲဆိုရဲ ရှိနေကြတော့တာပဲ …”
“ လင်းယွင် အုပ်စုရဲ့ ဥက္ကဌ….”
ရွှီတဲ့ထျန် အလျင်အမြန် လှည့်ကြည့်လိုက်ပြီး စစ်ကြောရေး စားပွဲတွင် ကူကယ်ရာမဲ့သည့် အမူအရာဖြင့် ထိုင်နေသည့် လင်းရီအား မြင်တွေ့လိုက်ရ၏။
“ အဲ့တာသူပြောတာလေ… ဒါပေမယ့် ကျုပ် ဖောက်ထွင်းမြင်နိုင်ပြီးသားပါ…”
“ မင်း ……. မင်းက ဘယ်လို ဖောက်ထွင်းမြင်နိုင်သွားတာ …” ရွှီတဲ့ထျန် မသိစိတ်အလျောက် ဆတ်ကနဲ ပြန်မေးလိုက်မိသည်။
“ သိသာနေတာပဲ မဟုတ်လား … “ အမျိုးသားကနေပြီး “ လင်းယွင်အုပ်စုရဲ့ ဥက္ကဌနာမည်က ချီရှန်းကျောက် … ကျုပ် သူ့အင်တာဗျူးကို တစ်ခါကြည့်ဖူးတယ်… ဒီလူက ဘယ်လိုလုပ် လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ဖြစ်နိုင်မှာ…”
“ စိတ်ဝင်စားစရာ အကောင်းဆုံးက ယွမ်သန်း အနည်းငယ်က သူ့အတွက် ဘာမှ မပြောပလောက်ဘူးဆိုပဲ … ခင်များပြောကြည့် … ဒီမှောင်ခိုလေးတောင် ကောင်းကောင်းမသွင်းတတ်တာ ဒီလူ့ကြည့်ရတာ စိတ်အခြေအနေက သိပ် ပုံမှန် မဟုတ်ဘူးထင်တယ်…”
ရွှီတဲ့ထျန်၏ နှုတ်ခမ်းတို့ လှုပ်ရှားသွားခဲ့၏။ ခေါင်းဆောင်ချိန်တောင် ဒီလို စကားမျိုးမပြောရဲတာ မင်း သေတွင်းတူးနေတာလားကွ ဟမ်…
“ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ဟုတ်တယ်…” ရွှီတဲ့ထျန် ပြောလိုက်ပြီး “ အမြန် ဥက္ကဌလင်းကို လွှတ်လိုက် …”
“ ခင်များ ဘာပြောလိုက်တယ်… ဥက္ကဌလင်း ဟုတ်လား …”
“ သူ ညာနေတာ မဟုတ်ဘူး … တကယ်ကြီး လင်းယွင်အုပ်စုရဲ့ ဥက္ကဌဆိုတာ ဟုတ်တယ်…” ရွှီတဲ့ထျန် ပြောလိုက်ပြီး “ ဥက္ကဌလင်းကို မြန်မြန်တောင်းပန်လိုက် … မဟုတ်ရင် ခေါင်းဆောင်ချိန် မင်းတို့ကို အပြစ်ပေးလိမ့်မယ်…”
“ သူ ….. သူ လိမ်နေတာ မဟုတ်ဘူးပေါ့ …”
ကူကယ်ရာမဲ့စွာဖြင့် ရွှီတဲ့ထျန်သည် နှစ်ယောက်ကို ဘေးသို့ ဆွဲခေါ်သွား၍ လင်းရီ မည်သူ မည်ဝါဖြစ်ကြောင်းကို သေချာ ရှင်းပြလိုက်ရသည်။
၎င်းတို့နှစ်ဦး၏ အမူအရာမှာ ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
“ ဟဲဟဲဟဲ .. ဥက္ကဌလင်း … ကြည့်စမ်းပါဦး … အထင်တွေ လွဲသွားတယ်နော်…”
စစ်ကြောရေး တာဝန်ကျနေသည့် အမျိုးသားမှ လင်းရီကို လက်ထိပ်များ အလျင်အမြန် ပြန်ချွတ်ပေးရင်း အားတောင့်အားနာ အပြုံးမျိုးဖြင့် ပြောလာခဲ့သည်။
ခေါင်းဆောင်ချိန်ပင် ကြောက်ရွံ့ရသည့်လူက သူ လုံးဝ အပြစ်မပြုနိုင်သည့် တစ်စုံတစ်ယောက်ပင်။
“ ဥက္ကဌလင်း … ကျုပ် တကယ်ကို တောင်းပန်ပါတယ်… ကျုပ် တကယ်ကြီး ဒီလို ဖြစ်မယ်လို့ ထင်မထားလို့ပါ…”
“ တောင်းပန်စရာ မလိုပါဘူး … ခင်များတို့ ခုလုပ်နေတာတွေကလည်း လုပ်ပိုင်ခွင့် ဥပဒေဘောင်ထဲကပဲလေ… ကျုပ်ကိုက ပြဿနာ ဖြစ်နေတာ …”
လင်းရီ သူတို့နှင့် ငြင်းခုံမနေသည်ကို မြင်တော့ နှစ်ယောက်သားလုံး စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်ကြသည်။ မဟုတ်ပါက သူတို့၏ အလုပ်ကလေးလည်း ပြုတ်ပြီဖြစ်၏။
ထို့နောက် လင်းရီသည် လုပ်ထုံးလုပ်နည်း တစ်ချို့အား ပြုလုပ်ပြီး ဖော်ရွေပျူငှာစွာဖြင့် အပြင်သို့ ပြန်လိုက်ပို့ခြင်း ခံလိုက်ရ၏။
လင်းရီ ထွက်ခွာသွားသည့် မြင်ကွင်းကို ကြည့်ရင်း စစ်ကြောရေး တာဝန်ခံ အမျိုးသမီးမှ “ အစ်ကိုမာ … ကျွန်မ ပြောခဲ့တာတွေ မှတ်မိသေးလား … ဒီအစ်ကိုလေး သေချာပေါက် ပြဿနာ မရှိလောက်ပါဘူးလို့ … ရုပ်ဒီလောက်ချောတာ ဘယ်နားက ဥပဒေကို ဆန့်ကျင်မှာလဲ …”
အမှန်ပင်။ ကမ္ဘာကြီးက အတော်လေးကို အပေါ်ယံဆန်သည့် ကမ္ဘာကြီးပင်။
အကောက်ခွန်ရုံးထဲက ထွက်လာပြီးသည့်နောက် လင်းရီသည် လျန်ရူရွှယ်၏ နေရာသို့ မောင်းထွက်လာခဲ့သည်။
နာရီကို ငုံ့ကြည့်လိုက်တော့ နေ့လည်ခင်း ထမင်းစားသည့် အချိန်သို့ပင် နီးနေချေပြီ။ လမ်းကြုံသည်နှင့် တစ်ခါတည်း ဝင်စားသွား၍ရ၏။
သို့သော် ရုံးခန်းထဲရောက်တော့ လျန်ရူရွှယ် ရှိမနေသည်ကို သတိထားမိလိုက်သည်။ လှည့်ပတ်မေးမြန်း စုံစမ်းကြည့်ပြီးနောက်တွင် ကန်သင်း၌ ရှိနေသည်ကို သိရှိလိုက်ရလေသည်။
ကန်သင်း၌ လူတို့ သိပ်မများချေ။ လျန်ရူရွှယ်က အပြာရောင် ရှပ်ကို ဝတ်ဆင်ထားပြီး အပေါ်က ကာဗာပေးမည့် ကုတ်လည်း ရှိမနေချေ။ သူမ၏ ကောက်ကွေ့ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကိုယ်ပေါက်အား အထင်းသား မြင်တွေ့နေရသည်။
သူမ၏ တမူထူးခြားသည့် စိတ်နေစရိုက်နှင့် သွင်ပန်းသဏ္ဌာန်ကို ထည့်ပေါင်းလိုက်သည်တွင် လင်းရီ တစ်ချက်ကြည့်ရုံမျှဖြင့် လူအုပ်ထဲက သူမကို ချက်ချင်း မြင်တွေ့သွားခဲ့သည်။ သူမက နေ့လည်စာဗန်းဖြင့် တန်းစီနေသည်။
တန်းစီနေရင်း တစ်ဖက်က ဖုန်းကို ကြည့်နေကာ လင်းရီအား သတိမပြုမိချေ။
လျန်ရူရွှယ်အနောက်၌ တိတ်တဆိတ် လာရပ်ရင်း လင်းရီသည် ဖုန်းကိုထုတ်၍ အသံတိတ်မုဒ်သို့ ပြောင်းကာ သူမထံ ဝီချက်ဖြင့် စာတစ်စောင် လှမ်းပို့လိုက်၏။
“ ဘာလုပ်နေတာလဲ …”
“ ပြောပြစရာလား …” (နောက်တွင် ဗုံး အီမိုဂျီဖြင့် )
“ မှန်းကြည့်မယ်… နေ့လည်စာ စားနေတာမလား …”
“ မှားတယ်… ငါအခု ဝိတ်ချနေတာ နေ့လည်စာ မစားတာ ကြာပေါ့…”
လျန်ရူရွှယ် များများစားစား တွေးတောမနေဘဲ ချက်ချင်း စာပြန်လိုက်သည်။
ယခုက နေ့လည်စာ စားသည့် အချိန်ဖြစ်သဖြင့် လင်းရီ ယခုလို မှန်းဆမှုပြုနိုင်သည်က သာမန်ပင်။
“ မယုံဘူး … လောင်းကြေးထပ်ကြစို့ … “
လင်းရီပို့လာသည့်စာကို မြင်တော့ လျန်ရူရွှယ် မရယ်ဘဲ မနေနိုင်ချေ။ ထိုလူရှုပ်က ယနေ့ ထူးထူးဆန်းဆန်းတွေ ပြုမူနေသည်ဟု ခံစားနေရ၏။
သူမကတော့ ပင်ပင်ပန်းပန်းနှင့် အလုပ်တွေ လုပ်နေစဉ် ထိုအကောင်မှာ တစ်နေရာရာတွင် အနှိပ်ခံရင်း အပန်းဖြေနေလောက်ပေသည်။
သူမ ဘာလုပ်နေလဲဆိုတာကို မည်သို့ သိနိုင်လိမ့်မည်နည်း။
ထို့ပြင် ထိုအကောင်က သူမနှင့်ပင် လောင်းကြေးထပ်ချင်နေလိုက်သေးသည်။
သူမ ရှုံးဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။