နောက်ထပ် မုန်တိုင်း တစ်ခု
Vol. 105 Ch. 1572
ထိုအကြောင်း တွေးတောမိတော့ လျန်ရူရွှယ်သည် တခစ်ခစ် ရယ်နေသည့် ရုပ်ပြောင်အား လှမ်းပို့လိုက်၏။
“ ကောင်းပြီလေ… နင် ဘယ်လို လောင်းကြေးထပ်ချင်လဲ …”
“ မင်းအခု ဝတ်နေတဲ့ အတွင်းခံနဲ့ လောင်းမယ်… မင်းရှုံးရင် တစ်စုံပေးရမယ်… “
“ ကျစ် … နင် ရှုံးသွားရင်ကော …”
“ အပြန်အလှန်ပေါ့ …”
“ ကောင်းပြီလေ… ရှုံးတဲ့သူ ဒီနေ့ အတွင်းခံ ဝတ်ဖို့ကို မေ့လိုက်တော့ …”
လျန်ရူရွှယ် နှာကစ်မိသွားခဲ့သည်။
သူမ ဘာလို့ ဒီလင်းရီနဲ့ ဒီလို ပိန်းတိန်းတိန်းဂိမ်းတွေ ဆော့နေမိတာပါလိမ့်….
သူ ရှုံးသွားခဲ့ရင် ဘာဖြစ်မှာလဲ … သူနိုင်သွားတော့ကော ဘာဖြစ်လဲ … သူမ တကယ်ကြီး အတွင်းခံ ချွတ်ပေးမယ်ဆိုတာ ဘယ်သူက သိမှာမို့လို့….
“ ဒီလိုဆိုရင်ကော … ငါ ဗွီဒီယိုကော ခေါ်လိုက်မယ်.. အဲ့တာဆို နင့်ကို သက်သေပြလို့ရတယ်မလား ..”
လျန်ရူရွှယ်ဘက်က ထွက်ခွာရန် အဆင်သင့်ပင်။ အကယ်၍ လင်းရီ သဘောတူသည်ဆိုပါက သူမ ရုံးသို့ ပြန်သွားမည် ဖြစ်၏။
ဂိမ်းက နည်းနည်းလေး အူကြောင်ကြောင် နိုင်သော်ငြားလည်း ပျော်ဖို့ကောင်းလေသည်။
“ ဗွီဒီယိုကော ခေါ်စရာမလိုဘူး … လှည့်ကြည့်လိုက် …”
“ လှည့်ကြည့်ရမှာလား …”
သူမကိုယ်သူမ ရေရွတ်ရင်း လျန်ရူရွှယ်နောက်သို့ လှည့်လိုက်ရာ လင်းရီကို ရုတ်တရက်မြင်တွေ့လိုက်ရ၍ နောက်သို့ တွန့်ခနဲ ဖြစ်သွားခဲ့၏။
ထို့နောက် ………….
သူမ ကြက်သေသေသွားခဲ့သည်။
“ နင် ဒီမှာ ဘာလုပ်နေတာလဲ…”
“ ဘာလုပ်စရာမှ မရှိလို့ မင်းဆီ လာလည်တာလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်စုံတစ်ယောက်က ဝိတ်လျော့နေလို့ဆိုပြီး နေ့လည်စာ မစားဘူး ပြောခဲ့သလားလို့ … အဲ့တာကို ဒီလာပြီး ဘာလို့ လာတန်းစီနေလဲ မသိဘူးနော်…”
လျန်ရူရွှယ် ရှက်ရွံ့သွားခဲ့ရ၏။ လက်ပူးလက်ကြပ် အမိခံလိုက်ရသည်ကို ခံစားမိရင်း တွင်းတစ်တွင်း တူး၍ ဝင်ပုန်းအောင်ချင်နေမိလေသည်။
“ ရှုံးသွားပြီနော်…” လင်းရီ တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။ “ ဒါပေမယ့် လူမြင်ကွင်းကြီးမှာဆိုတော့ ရုံးခန်းထဲရောက်မှပဲ လောင်းကြေးကိစ္စ ဆက်ပြောကြတာပေါ့ …”
“ ပေါက်ကရတွေ မပြောနဲ့ …..”
လင်းရီ ပြုံးလိုက်ပြီး လျန်ရူရွှယ်၏ ပခုံးကို ကိုင်၍ တီးတိုးပြောလိုက်သည်။ “ ငါ့ကိုလည်း နည်းနည်းယူခဲ့ပေး … ရုံးခန်းထဲ စောင့်နေမယ်…”
လူတို့က ပို၍ များသထက် များလာနေပြီး လျန်ရူရွှယ်သည် လင်းရီအား ဤနေရာတွင် ပြသရန် ရှက်ရွံ့နေသဖြင့် အလိုက်တသိနှင့် သူမ၏ ရုံးခန်းသို့ သွားမည်ကို ခွင့်ပြုလိုက်ရလေသည်။
လင်းရီ ရုံးခန်းထဲသို့ ရောက်ပြီး သိပ်မကြာမီ လျန်ရူရွှယ် ပြန်ရောက်လာခဲ့သည်။
“ ဘာလို့ တစ်ပန်းကန်တည်းလဲ …”
“ ငါပြောပြီးပြီပဲဟာ … ဒီနေ့မစားပါဘူးဆိုနေ…” မာရည်ကြောရည် ရှိဟန်ဆောင်၍ လင်းရီအား ပြောလိုက်သည်။
“ မစားဘူးဆို ဘာလို့ ဟိုသွားပြီး တန်းစီနေရတာ …”
“ အသီးစားမလို့ …”
“ ဘယ်မလဲ အသီး …”
“ နင့်ကိုမြင်တော့ စားချင်စိတ် ပျောက်သွားပြီ…”
လျန်ရူရွှယ် ယူလာသည့် နေ့လည်စာ ပန်းကန်ပြားအား ယူရင်း လင်းရီ ပါးစပ်အပြည့် ထည့်လိုက်၏။
“ စားတာ မစားတာ မင်းသဘောပဲ … ဒါပေမယ့် ငါတို့ရဲ့ လောင်းကြေးကတော့ တရားဝင်နေတုန်းပဲနော်… ခု ရုံးခန်းထဲ ဘယ်သူမှလဲ မရှိဘူးဆိုတော့ စလိုက်တော့ …”
လျန်ရူရွှယ် ရှက်သွေးဖြန်းသွားခဲ့ပြီး အော်ဟစ်လိုက်လေသည်။ “ ငါလည်း ဘာမှမစားဘဲနဲ့ ဘာလို့ ရှုံးသွားတာလဲ…”
“ မင်း အဲ့သွားပြီး အစားအသောက် သွားယူတယ်လေ…”
“ ငါမှမစားတာ ငါမရှုံးဘူး …”
“ မင်း မျက်နှာပြောင် တိုက်နေတာပဲ …”
“ ငါ ဘာမှ မစားဘူး … နင့်ဘာနင် ထင်ချင်သလို ထင် .. လုပ်ချင်သလိုလုပ်…”
လျန်ရူရွှယ်သည် မျက်နှာကို မြင့်မြင့်မော့ထား၍ တစ်ဖက်သို့လှည့်ကာ ဝန်ခံရန် ငြင်းဆန်နေသည်။
“ အင်းပါ … ဟန်ဆောင်မနေနဲ့တော့ … ဗိုက်ဆာနေတယ်မလား …”
လင်းရီ အသားတစ်ဖက်ကို တူဖြင့်ညှပ်၍ လျန်ရူရွှယ်၏ ပါးစပ်နား တေ့ပေးလိုက်သည်။
“ တစ်ကိုက်လောက် စားလိုက် …”
ယခုလို ဆွဲဆောင်မှု ရှိသည့် အမူအရာဖြင့် ရင်ဆိုင်လိုက်ရတော့ လျန်ရူရွှယ် မခုခံနိုင်တော့ပဲ သူမ၏ နှုတ်ခမ်းကို ပွင့်အာ၍ ရှက်ကိုးရှက်ကန်း စားသောက်လိုက်၏။
“ ခု စားလိုက်ပြီ… မင်း ကတိတည်တော့ …”
“ လင်းရီ … ငါနင့်ကို သေအောင် သတ်မိတော့မယ်…”
လင်းရီ တဟားဟား ရယ်မောလိုက်သည်။ “ အိုကေ အိုကေ … စတာ …. စိတ်ငြိမ်ငြိမ်ထား …”
ပြောပြီးနောက် လင်းရီသည် တူအပို တစ်စုံကို လျန်ရူရွှယ်ထံ ကမ်းပေးလိုက်သည်။
“ အများကြီးပဲ … တစ်ယောက်တည်း စားလို့မကုန်ဘူး အတူစားကြတာပေါ့ …”
“ ကျစ် … နင့်ဥစ္စာ ငါတစ်ခုမှ မထိဘူး “
“ ဘာလို့ … ညစ်ပတ်လို့လား …”
“ နင့်ကိုယ်နင်သိ ပြီးတာပဲ ..”
“ ငါ့ညီလေးကိုတောင် စားပြီးပြီကို ဒါကျမှ ညစ်ပတ်တယ် ထင်သေးတာလားဟ… အဓိပ္ပာယ် မရှိလိုက်တာ …”
“ ငါနင့်ကို တကယ် ညစ်သတ်လိုက်ချင်တယ် သိရဲ့လား … မပြောစမ်းနဲ့ …”
“ ဟုတ်ပြီ ဟုတ်ပြီ … အဲ့အကြောင်း မပြောတော့ဘူး …” လင်းရီ ပြောလိုက်ပြီး “ အဲ့ဒီ အတွင်းခံ ကိစ္စလည်း မပြောတော့ဘူး … စားကြစို့ …”
လင်းရီ လက်လျော့လိုက်သည်ကို မြင်တော့မှ လျန်ရူရွှယ်သည် တူအပိုကို ကိုင်၍ စတင် စားသောက်တော့သည်။
“ ဒီ အချိန်ရောက်လာတာ ကိစ္စတစ်ခုခု ရှိလို့လား…”
“ ငါဒီကို အတွင်းရေးမှူးလျန်ဆီ တင်ပြဖို့ ရောက်လာတာပါ…”
“ နင့်လေသံ နားထောင်ကြည့်လိုက်တာနဲ့ ကောင်းတာ မဟုတ်ဘူးဆိုတာ သိတယ်…” လျန်ရူရွှယ် ထိုင်နေသည့်ဟန်ကို ပြောင်းလိုက်ပြီး “ ပြော … ဘာကိစ္စလဲ…”
“ ငါ ဒီကိုလာတာ အတွင်းရေးမှူးလျန်ကို လက်ဆောင်ပေးချင်လို့ပါ…”
လင်းရီ ဘူးအရှည်တစ်ခုအား လျန်ရူရွယ်ထံ တွန်းပို့ပေးလိုက်သည်။
“ ဘာတွေလဲ… ကြည့်ကြည့်ရအောင် …”
သူမ ဘူးကို ညင်သာစွာ ဖွင့်လိုက်ပြီး အထဲတွင် အပြာရောင် စိန်ပွင့်များဖြင့် အလှဆင်ထားသည့် လည်ဆွဲတစ်ခုကို မြင်တွေ့လိုက်ရသည်။
“ သကာလောင်းတဲ့ စကားလေးတွေနဲ့ ငါ့ကို လှည့်စားတော့မယ်ပေါ့ ..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါက ဒီလို ပစ္စည်းတွေ ကြိုက်တာ မဟုတ်ဘူး …”
“ မကြိုက်ရင် ငါ့အမေဆီ ပြန်ပေးလိုက်…”
တူအစုံကို ပါးစပ်ထဲထည့်ထားရင်း လျန်ရူရွှယ် ကြက်သေသေသွားခဲ့၏။
“ နင် ဘာပြောလိုက်တယ်… ပြန်ပေးလိုက် … ဘယ်သူ့ကို ပြန်ပေးရမှာ …”
“ ငါ့အမေ….”
“ လာပြီး လိမ်မနေနဲ့ …” လျန်ရူရွှယ် မျက်လုံးလှန်လိုက်ပြီး “ မေမေဝမ်က ဂေဟာမှာပဲ နေတာကို ဒီလိုပစ္စည်းတွေ ဝယ်ပေးဖို့ ဘယ်နားက အချိန်ရှိမှာ…”
ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့အား တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသေးသော်လည်း လျန်ရူရွှယ်သည် ဂေဟာအကြောင်း အနည်းအကျဉ်းသိထားသည်။
ဝမ်ချွေ့ပင်းသည်ကား သာမန် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးဖြစ်ပြီး သူမကိုယ်သူမ ရွှေလည်ဆွဲတစ်ကုံး ဝယ်နိုင်လျှင်ပင် ဧရာမ ကံကောင်းမှုကြီးပင်။ သူမအတွက် အဘယ်၌ အပြာရောင် စိန်ပွင့်တို့ဖြင့် စီခြယ်ထားသည့် လည်ဆွဲ ဝယ်ပေးနိုင်လိမ့်မည်နည်း။
“ ငါ့မှာ အမေတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ….”
“ တစ်ယောက်ထက်ပိုတော့ …… အမ်……..”
တစ်စုံတစ်ရာကို တွေးမိလိုက်သည့်နှယ် လျန်ရူရွှယ်၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။
“ နင်ပြောချင်တာ အန်တီချင်ကိုလား …”
“ မဟုတ်တော့ ငါက အပြင်ထွက် ခြေရှည်ပြီး တခြား မေမေတစ်ယောက် ရှာနေမယ် ထင်လို့လား …” လင်းရီ မျက်လုံးလှန်လိုက်ပြီး “ ဒီနေ့တင်ပဲ ကျိုးဟိုင်ရောက်တာ…. ချက်ချင်း သွားယူပြီး မင်းဆီ လာပို့ပေးတာနော်…”
“ အန်တီချင်က ဒူဘိုင်းမှာ မဟုတ်ဘူးလား …”
“ သိပ်မကြာခင်က ခရီးသွားရင်းနဲ့ ဒူဘိုင်းမှာ ဆုံခဲ့တာလေ…”
လျန်ရူရွှယ် ခေတ္တမျှ ကြက်သေသေသွားခဲ့၏။ ဤသည်က နည်းနည်းလေး တိုက်ဆိုင်လွန်းသည်ဟု ခံစားနေရလေသည်။
သူတို့က ခရီးသွားရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆုံမိကြတယ်ပေါ့ …..
“ ဒီတော့ အန်တီက ငါ့အတွက် ဒါဝယ်ပေးလိုက်တယ်ပေါ့ ….”
“ ဒါပေမယ့် မင်းမကြိုက်ဘူးလား … ငါ အမေ့ကို ပြန်ပေးလိုက်မယ်….”
“ နင် ... ပြန်ပေးစမ်း …”
လျန်ရူရွှယ် ဘူးကို ပြန်လုယူလိုက်၏။ ဆွဲကြိုး တစ်ကုံးမျှ ဖြစ်သော်လည်း အဓိပ္ပာယ်ကား မတူညီပါချေ။ လင်းရီကို ပြန်ယူသွားခွင့် ပြုလိုက်၍ လုံးဝ မဖြစ်ချေ။
သူမ၏ အစာအတွက် မည်မျှ ကာကွယ်လိုစိတ် ပြင်းထန်နေသည်ကို မြင်တော့ လင်းရီ ပြုံးလိုက်မိသည်။
“ ငါတော့ ဆွဲကြိုးဒီဇိုင်းက မင်းရဲ့ စိတ်နေစရိုက်နဲ့ အတော်လေး လိုက်ဖက်တယ်လို့ ထင်တယ်… မင်းသာ ဝတ်လိုက်ရင် သိပ်ကြည့်ကောင်းသွားမှာ …”
“ ဟွန့် …. စကား ဘယ်လိုပြောရမှန်းတော့ သိသေးသားပဲ …”
ဆွဲကြိုးက တန်ဖိုးကြီးသော်လည်းပဲ လျန်ရူရွှယ်သည် ဈေးနှုန်းကို စိတ်မဝင်စားချေ။
လျန်မိသားစု၏ ကြွယ်ဝမှုဖြင့် ဤကဲ့သို့ ဆွဲကြိုးမျိုး ရာချီလည်း ဝယ်နိုင်သည်။
ထူးခြားသွားစေသည်က ချင်ရင်ယွဲ့မှ သူမအား ပေးလာသည့် လက်ဆောင်ဖြစ်သဖြင့် မတူညီသည့် အဓိပ္ပာယ်နှင့် ခံစားချက်တို့အား ဆောင်ကြဉ်းနေလေသည်။
“ နင် ဒီနေ့ ဒီလာခဲ့တာ ငါ့ကို ဒီဥစ္စာ ပေးဖို့ သပ်သပ်ပဲလား …”
“ ဒါပေါ့ ….”
အကောက်ခွန်ရုံး၌ ဖြစ်ပျက်ခဲ့သည်များအား လင်းရီ စကားမဖော်ခဲ့ချေ။ အကယ်၍ လျန်ရူရွှယ်သာ လည်ဆွဲက စုစုပေါင်း သုံးခု ရှိပြီး သူမအား တစ်ခုတည်း ပေးသည်ကို သိသွားပါက သူ ချောင်လိမ့်မည် မဟုတ်ချေ။
မစ်ရှင်က လုံးဝ ရှုံးနိမ့်သွားမည်မှာ မဟုတ်သော်ငြားလည်း ထိုကဲ့သို့ အရာမျိုး ဖြစ်ပျက်မလာစေရေး အတွက် အတတ်နိုင်ဆုံး ရှောင်ရှားသွားရပေမည်။
“ အနည်းဆုံးတော့ နင့်မှာ အသိစိတ်လေး ရှိသေးသားပဲ …”
“ စကားမစပ် မင်း တုံးစန်းကောင်တီက အခြေအနေတွေ သိပြီးပြီလား …” လင်းရီ သာမန်အေးဆေး မေးမြန်းလိုက်သည်။
“ နင့်ကျေးဇူးနဲ့ အခု အဲ့ဒီနေရာက တော်တော်လေး ရေပန်းစားနေပြီ… စက်ရုံတော်တော်များများလည်း အဲ့မှာ ပြန်နေရာချနေကြပြီ… ပြီးတော့ အထက်က မူဝါဒတွေနဲ့ ပတ်သက်ပြီး အကူအညီတစ်ချို့ ပေးထားတယ်လို့လည်း ကြားမိတယ်…. နင် တကယ့်ကို သိပ်ကောင်းတဲ့ အမှုကို ပြုခဲ့တာ ခုဆို ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ရည်မှန်းချက်ကို ပြည့်ဝဖို့ မကြာတော့ဘူး ….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ လျန်ရူရွှယ်ပင် ပြောလာပြီ ဖြစ်သဖြင့် သူ၏ မစ်ရှင် ပြီးမြောက်ဖို့ကလည်း မကြာလောက်တော့ချေ။
ကောင်တီရှိ နွမ်းပါးမှုက ဒုတိယ နှစ်ဝက်တွင် ပျောက်ကွယ်သွားလောက်ပေသည်။
သို့သော် ဤမစ်ရှင်ကို စနစ်က ချမှတ်ထားပြီး ပြီးပြည့်စုံခြင်း ရှိမရှိကို ပြည်နယ်အစိုးရက သတ်မှတ်သည် မဟုတ်သဖြင့် လိုအပ်သည့် အခြေအနေတို့ဖြင့် ကိုက်ညီပါက မစ်ရှင်သည်လည်း သဘာဝအလျောက် ပြီးဆုံးသွားလိမ့်မည်။
ကလင် ကလင် ကလင် ….
ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းသံ မြည်လာသည်။ ချီရှန်းကျောက်က ဆက်သွယ်လာခဲ့ခြင်းပင်။
“ ဥက္ကဌလင်း … ဘရာဇီးက ပို့လာတဲ့ သစ်တွေ ပနားမား တူးမြောင်းမှာ ပြဿနာ တစ်ချို့ တက်နေတယ်… သူတို့ သင်္ဘောကို ပေးမဖြတ်ဘူး …”
( T/N - တကယ်တော့ ပနားမား တူးမြောင်းကို အမေရိကန်တွေကပဲ ပြန် ဒီဇိုင်းဆွဲ၊ ပြီးစီးအောင် တည်ဆောက်ပေးခဲ့တာဖြစ်ပြီးမှ ဂျင်မီကာတာ လက်ထက်မှာ ရူးရူးမိုက်မိုက်နဲ့ ပနားမား အစိုးရကို ပြန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အရင်က အမေရိကန်တွေ ထိန်းချုပ်ထားတာပေါ့။ သူ့၀င်ငွေကလည်း တစ်ရက်တစ်ရက် တော်တော်ကို ကောင်းတာပါ။ ဖြတ်သန်းမယ့် သင်္ဘောရဲ့ အရွယ်အစားပေါ် မူတည်ပြီး ဒေါ်လာ ထောင် ဂဏန်းကနေ ဒေါ်လာ ၄ သိန်းအထိ ပေးရပါတယ်။ ဒါတောင် ရိုးရိုး ဂိတ်ကြေးပဲနော်။ အလျင်လိုလို့ အလှည့်ကျော်ချင်ရင် ဦးစားပေး လမ်းကြောင်းက သူ့ ကြေးနဲ့သူ။ ပြီးတော့ တခြား အပို စစ်ဆေးခတွေလည်း ရှိသေးတယ်။ ပနားမား အစိုးရရဲ့ အဓိက ၀င်ငွေကလည်း ဒီကပဲ။ ပြောထားတာတော့ တစ်နှစ်ကို သင်္ဘော အစင်းရေ ၁၄,၀၀၀ ကျော်နဲ့ ကုန်တင် သင်္ဘောတွေ အစင်း သန်း ၃၀၀ လောက် အသုံးပြုနေကြတယ်ဆိုပဲဗျ။ တူးမြောင်းကို အများဆုံးသုံးတာက တရုတ်နဲ့ အမေရိကန် သင်္ဘောတွေ အသုံးများတယ်။ )