အချောင်ခံလိုက်ရတာလား
Vol. 105 Ch. 1573
“ ဘာဖြစ်တာလဲ ငါ့ကို ဖြည်းဖြည်းပြော ….”
လင်းရီ၏ အမူအရာသည် ယခင် သက်တောင့်သက်သာ ဖြစ်နေရာမှ ချက်ချင်း ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တော့၏။
“ ကျုပ် ခုလေးတင် သတင်းရတာ … တစ်ဖက်ပြောတာတော့ ကျုပ်တို့ ကုန်သင်္ဘောရဲ့ ရေကြောင်းလမ်းက သိပ်နက်လွန်းတယ်… ခုက ခြောက်သွေ့တဲ့ ရာသီဆိုတော့ မြစ်ကြမ်းပြင်က တိမ်လွန်းနေတယ်… ကျုပ်တို့ရဲ့ သင်္ဘောတွေကို ယာယီဖြတ်သန်းခွင့် ပိတ်ထားတယ်…”
လင်းရီ ဘာမျှ မပြောဘဲ စက္ကန့်အနည်းငယ်မျှ တွေးတောကြည့်လိုက်၏။
လက်ရှိ အချိန်သည် အမှန်ပင် ခြောက်သွေ့ရာသီဖြစ်၏။
သို့သော် ဇန်နဝါရီသာ ရှိသေးသဖြင့် အကျိုးသက်ရောက်မှုက ဆိုးရွားသည့် အခြေသို့တိုင် ရောက်မလာနိုင်သေးချေ။
ခြောက်သွေ့ရာသီက သင်္ဘောများ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားသည်ကတော့ အတွေးခေါင်လွန်းသွားပြီ ဖြစ်၏။
“ တခြားရော … တစ်ဖက်က ဘာပြောသေးလဲ …”
“ သူတို့ ဘာမှတော့ မပြောဘူး … ကျုပ်တို့ သင်္ဘာတွေ ဖြတ်သန်းဖို့ အခွင့်သာတဲ့ အချိန်ထိ စောင့်ရမယ်လို့တော့ ပြောတယ်…”
“ ငိုးပဲ …” လင်းရီ ကျိန်ဆဲလိုက်၏။
“ သူတို့ ခြောက်သွေ့ရာသီက ဧပြီမှ ဆုံးမှာလေ… ငါတို့က လေးငါးလ စောင့်ရမှာလား …”
“ ကျုပ်လည်း တစ်ဖက်ကို အဲ့လို ပြန်ပြောလိုက်တာပဲ … ဒါပေမယ့် သူတို့ဘက် သဘောထားက လုံးဝ ခိုင်မာတယ်… ခြောက်သွေ့ရာသီဖြစ်တယ်ဆိုတာပဲ အက်ကြောင်းထပ်အောင် ပြောသွားခဲ့တာ … ကျုပ်တို့ပေးတဲ့ တခြား ဘာအကြောင်းပြချက်မှ နားမထောင်ဘူး …”
“ ဘရက်စကိုဘက်ရော ဆက်သွယ်ပြီးပြီလား …”
ဘရက်စကိုကား ဘရာဇီး ကုမ္ပဏီတစ်ခု ဖြစ်၏။ သင်္ဘာဖြင့် တင်ပို့ဆောင်ပေးသူ တစ်ယောက် အနေဖြင့် ၎င်းတို့သည်လည်း ဆက်သွယ်၍ ဤပြဿနာကို ဖြေရှင်းပေးရန် တာဝန်ရှိသည်။
“ ပြီးပြီ… ဒါပေမယ့် သူတို့ရဲ့ သဘောထားက မောက်မာလွန်းတယ်… သူတို့ပြောတာ ဒီကိစ္စက သူတို့နဲ့ မဆိုင်လို့ ဝင်ဖြေရှင်းပေးမှာ မဟုတ်ဘူး ပြောတယ်… ကျုပ်တို့ဘာကျုပ်တို့ ကိုင်တွယ်ရမှာ …”
“ ဒီပရောဂျက် ပိုက်ဆံ အကုန်လုံး မင်းလွှဲလိုက်ပြီလား …”
“ အဲ့တုန်းက ပိုလီအုပ်စုနားကနေ ပရောဂျက် လုဖို့က အဓိကဆိုတော့ ၈၀ ရာခိုင်နှုန်းလောက် ကြိုချေပြီးပြီ… “ ချီရှန်းကျောက် ပြောလိုက်ပြီး “ ကျုပ်တို့ ကမ်းလှမ်းတဲ့ဈေးကလည်း ပေါက်ဈေးထက် အများကြီး မြင့်တယ်… ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို မပေးဘဲ ထားရင်တောင် သူတို့ဘက်က အမြတ်ကြီး မြတ်သွားဦးမှာ … ဒါနဲ့ ခြိမ်းခြောက်လို့ အလုပ်ဖြစ်မှာ မဟုတ်ဘူး ….”
“ ငါ နားလည်ပြီ… ငါ့ကို ရုံးမှာစောင့်နေ… ခုချက်ချင်း လာခဲ့မယ်…”
“ ကျုပ်လည်း သူတို့နဲ့ ထပ်ဆက်သွယ်ပြီး ဒီကိစ္စ ပြန်ပြောလိုက်မယ်…”
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီသည် ဖုန်းချလိုက်၏။
လျန်ရူရွှယ် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
“ ဘာဖြစ်တာလဲ …”
“ ဘရာဇီးက တင်လာတဲ့ သစ်ကိစ္စပါ… ပနားမား တူးမြောင်းကို ဖြတ်တော့ ရေက တိမ်လွန်းလို့ ဖြတ်မရဘူး ပြောနေလို့ ရေလျှံတဲ့ ရာသီရောက်တဲ့အချိန်ထိ စောင့်ရမယ်ဆိုပဲ…”
လျန်ရူရွှယ် အလွန်အမင်း အံ့အားသင့်သွားခဲ့၍ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ဤ အကြောင်းပြချက်ကြီးက လက်ခံရန် သိပ်ခဲယဉ်းလွန်းလှ၏။ ရယ်ချင်စရာပင် ကောင်းနေသည်။
“ မလောသေးနဲ့ .. ငါဖုန်းဆက် မေးကြည့်ဦးမယ်…”
“ဖုန်းဆက်မေးလည်း ထူးမယ် မထင်ဘူး … ကိုယ့်အလုပ်ကိုယ်သာ လုပ် … ငါ ရုံးပြန်ပြီး တစ်ချက်ကြည့်ဦးမယ်…”
“ လမ်းမှာ ဂရုစိုက်ဦး … အမြန်ကြီးလည်း မောင်းမနေနဲ့ …”
“ အင်းပါ … စိတ်မပူနဲ့ …”
လျန်ရူရွှယ်၏ ရုံးခန်းထဲက ထွက်လာပြီးသည့်နောက် လင်းရီသည် လင်းယွင်အုပ်စုသို့ ပြန်ရောက်လာခဲ့၏။
သူ ချီရှန်းကျောက်ကို ရုံးခန်းထဲ ဆင့်ခေါ်လိုက်သည်။
“ အခြေအနေ ဘယ်လိုရှိလဲ …. တစ်ခုခု ထူးခြားပြီလား …”
“ အရင်အတိုင်းပဲ … ကျုပ် ညှိနှိုင်းမှုတွေ အများကြီး လုပ်ပြီး ပုံမှန် ဖြတ်သန်းမှာထက် ၃၀ ရာခိုင်နှုန်း အပိုပေးမှာကို သူတို့ရဲ့ သဘောထားက မပြောင်းလဲဘူး … ညှိနှိုင်းဆွေးနွေးနိုင်မယ့် အခန်းကဏ္ဍ မရှိတော့ဘူး …” ချီရှန်းကျောက် ပြောလိုက်သည်။ “ ပြီးတော့ သူတို့ ပြောသေးတာ ကျုပ်တို့ သင်္ဘာမှာတင်လာတဲ့ ကုန်တွေကလည်း ပြဿနာ တစ်ခုခု ရှိရမယ်တဲ့ … အခြေအနေ မဟန်ရင် ကုန်တွေ အကုန်ချပြီး စစ်ဆေးမှု ပြုလောက်တယ်… သူတို့ရဲ့ သဘောအတိုင်းဆိုရင် ကျုပ်တို့ကို ရွက်လွင့်ခွင့် ပေးချင်ပုံတောင် မရဘူး …”
“ သူတို့ရဲ့ သဘောထားက မပြောင်းမလဲ ရှိနေတယ်ဆိုတော့ ထင်သလောက် မရိုးရှင်းလောက်ဘူး ..”
ချီရှန်းကျောက်လည်း လင်းရီ၏ စကားကို ထောက်ခံသည်။
“ စီးပွားရေး ပဋိပက္ခအသစ်ကြောင့် ဒီလူတွေ တမင် ရစ်နေလားမသိဘူးနော်…”
ချီရှန်းကျောက်၏ သုံးသပ်မှုက တော်တော်လေး ယုတ္တိရှိသည်။ ယခုအခြေအနေတွင် သူတို့က အချောင်ဝင်ခံလိုက်ရခြင်းပင်။
သို့သော် ဂရုတစိုက်နှင့် စဉ်းစားကြည့်ပြီးနောက် ဤသည်က မဖြစ်နိုင်ဟု လင်းရီ ဆုံးဖြတ်ချက်ချလိုက်၏။
အကယ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခ ဖြစ်မည်ဆိုပါက ဟွာရှရှိ အခြားသော စီးပွားရေး သမားများလည်း ပစ်မှတ်ထားခံရလိမ့်မည်။ သူတစ်ဦးတည်း ပစ်မှတ်ထားခံရမည် မဟုတ်ချေ။
ထို့ပြင် သူ့လက်ထဲ၌ Intel နှင့် cymer ၏ ရှယ်ယာတို့လည်း ရှိထားသေးသည်။ သူနှင့် အမေရိကန်နိုင်ငံကြားရှိ ဆက်ဆံရေးက မဆိုးဟု ပြော၍ရ၏။ သူတို့က ဟွာရှန့်လူမျိုးများအတွက် ဥပမာတစ်ခု ပေးချင်လျှင်ပင် ယခုလို သူ့အား ဥပမာပြလိမ့်မည် မဟုတ်သည်မှာတော့ ကျိန်းသေသည်။
သို့ပေမယ့် သူ့အပေါ် ယခုလို ဖြစ်လာသည်မှာတော့ တော်တော်လေး ထူးဆန်းလှ၏။
“ ဥက္ကဌလင်း … ကျုပ်သွားပြီးတော့ သူတို့ရဲ့ တာဝန်ရှိသူနဲ့ ညှိနှိုင်းဖို့ စီစဉ်ထားတယ်… အဲ့လိုဆို အနည်းဆုံး ပြဿနာရဲ့ အရင်းအမြစ်ကို သိနိုင်မှာပဲ… အဲ့ခါကျမှ ပြဿနာကို ဖြေရှင်းလို့ရမှာ..”
“ ကောင်းပြီ… မင်း တစ်ချက် သွားကြည့်လိုက် …” လင်းရီ ခေါင်းညိမ့်လိုက်၏။ “ တစ်ခုခု ဖြစ်ရင် ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့ …”
“ နားလည်ပါပြီ…”
အလုပ်ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီသည် သူ၏ စားပွဲတွင် ခြေထောက်တင်ရင်း အချိန် အတော်ကြာသည်အထိ အတွေးနက်နေမိ၏။ သို့တိုင် မှားယွင်းနေသည့် မည်သည်ကိုမျှ သူ မစဉ်းစားနိုင်ခဲ့ချေ။
သူ့ဘက်က ပြဿနာလို့တော့ သူ မထင်ချေ။
သူတို့ ယခုတင် ဆွေးနွေးသွားခဲ့သည့်အတိုင်း လင်းယွင်အုပ်စုက ဤအရေးတွင် အချောင်ခံလိုက်ရခြင်းပင်။
မြို့ဂိတ်မီးလောင်သည်တွင် ကျုံးထဲရှိ ငါးတို့လည်း ပျက်စီးကြရ၏။
မီး ဘယ်က လာသလဲဆိုတာကတော့ လောလောဆယ် သိရန် နည်းလမ်းမရှိချေ။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် လင်းရီ ဖုန်းထုတ်၍ ရှန်းရှုရီထံ ဖုန်းခေါ်လိုက်သည်။
“ မီလိလေးဆီက ကြားတာ နင့်သင်္ဘောတွေ ပနားမား တူးမြောင်းမှာ ပိတ်မိနေတယ်ဆို…”
“ အန်တီရှန်းက သိတောင် သိနေပြီပေါ့…”
“ ခုလေးတင် ငါ့ကို ဖုန်းခေါ်ပြီး ပြောသွားတာပဲ … ဒါပေမယ့် သူ တစ်ခုခု လုပ်စရာရှိလို့ နင့်ကို ဖုန်းပြန်ဆက်ဖို့ အချိန်မရလိုက်ဘူး …”
“ ကျွန်တော်တို့ ခုလေးတင် သုံးသပ်ကြည့်တာတော့ ကျွန်တော်တို့ဘက်က ပြဿနာ ရှိနေတာကြောင့်လို့တော့ မထင်ဘူး … ဒီတိုင်း ကံဆိုးသွားတာကြောင့်လို့ ထင်တယ်…”
လင်းရီ၏ စကားလုံးတို့က ရေရာ ပြတ်သားခြင်း မရှိသော်လည်း ရှန်းရှုရီသည် သူဆိုလိုချင်တာကို နားလည်သည်။
“ မဖြစ်နိုင်ဘူး … ဆက်ဆံရေး တင်းမာနေတယ်ဆိုပေမယ့် လွန်ကြူးတဲ့ လုပ်ရပ်တွေ ဘာတစ်ခုမှ မရှိသေးဘူး … ပြဿနာ ကိစ္စ တော်တော်များများက လက်တွေ့ထိရောက်မှု မပါတဲ့ စကားနဲ့ အချေအတင် ဖြစ်နေတာချည်းပဲ … သူတို့က နင့်ရဲ့ လင်းယွင်အုပ်စုကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေး …”
(T/N - ဒါတွေကတော့ တရုတ်နဲ့ အမေရိကန်ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြောနေကြတာပါ။ 'အရင်က' နဲ့ 'လက်ရှိ' နိုင်ငံရေး အခြေအနေနဲ့ မတူညီတော့ပေမယ့်ပေါ့။ ဆိုပေမယ့်လည်း သိပ်ကွာလှတာ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရသလဲ ဆိုရင်တော့ တရုတ်က အဆမတန် တန်ခိုးထွားလာပြီး ကမ္ဘာကြီးရဲ့ နံပါတ်တစ်ဆိုတဲ့ အမေရိကန်ရဲ့ နေရာကို သိမ်းပိုက်သွားမှာ ကြောက်လို့ပါ။ ဒါကြောင့်မို့ ပိတ်ဆို့မှု တွေ လုပ်တယ်။ အခွန်တိုးကောက်တာတွေ လုပ်တယ်။ အထူးသဖြင့် Semiconductor အစိတ်အပိုင်းတွေဆို နောက်ဆုံးပေါ် နည်းပညာတွေ ဘယ်တော့မှ တရုတ်ကို ရခွင့်မပေးဘူး။ အသေအချာ ကာကွယ်ထားတာ။ AI နည်းပညာပိုင်းမှာ တရုတ်က ဘုန်းကြီးလာမှာကို တအားစိုးရိမ်တာ။ စသဖြင့်ပေါ့နော်။ အကြောင်းအရင်းက ဒီတစ်ခုတည်းလားဆိုရင်တော့ တခြား အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ ဥပမာ တရုတ်က တစ်ပါတီ အုပ်ချုပ်ရေးနဲ့ ကွန်မြူနစ် စနစ်ကိုသွားတယ်။ အမေရိကန်ကကျ သူ့စနစ်ကို သဘောမကျဘူး။ ဒီမိုကရေစီ စနစ် ဖြစ်စေချင်တယ်။ ဒါကြောင့်မို့ အရင်က ရုရှားကို ပစ်ထားပြီး တရုတ်ကို ဖေးမပေးရာကနေ အကွဲအပြဲတွေ ဖြစ်လာတာပဲ။( အကြောင်းက ဖေးမပေးရင်း တရုတ်စီးပွားရေး အင်အားကြီးလာပြီး သူ့အုပ်ချုပ်ရေး စနစ်ပါ ပြောင်းလဲနိုင်မယ်လို့ အမေရိကန်က မျှော်လင့်ခဲ့တာ။ အဲ့လိုသာဆို အင်မတန် ကောင်းမွန်တဲ့ မိတ်ဖက် အင်အားကြီးနိုင်ငံ ဖြစ်လာမှာလေ။ အမေရိကန်က စစ်ရေးမှာ ကမ္ဘာ့ နံပါတ်တစ်၊ တရုတ်က စီးပွားရေးမှာဆို ကမ္ဘာ့ နံပါတ်တစ်။ တွေးကြည့်ရုံနဲ့ ဘယ်လောက်မိုက်ထားလဲ ဟုတ်တယ်မလား။ ဒါပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။) တခြား ကိစ္စတွေလည်း အများကြီး ရှိပါတယ်။ ကျနော်လည်း ကျနော့် ဦးနှောက် သေးသေးလေးနဲ့ သိရင် သိသလောက် ဒီလို note လေးတွေနဲ့ဝေမျှပေးသွားပါ့မယ်ဗျ။ ပေရှည်သလို ဖြစ်သွားခဲ့ရင် စိတ်မရှိကြပါနဲ့။)
“ ဒါဆိုရင်တော့ ဒါက ထူးဆန်းသွားပြီ… ပုံမှန်ဆို မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား ..” လင်းရီလည်း မယုံကြည်နိုင်ချေ။
ကုန်တင်သင်္ဘောက ကြီးမားပြီး ရေကြောင်းလမ်း နက်သည်ဆိုသော်လည်းပဲ ခြောက်သွေ့ရာသီအား အကြောင်းပြချက် ပေးသည်ကတော့ ဆီလျော်မှု မရှိလှချေ။
“ မပူနဲ့ … အန်တီ ဒီကိစ္စ တစ်ယောက်ယောက် စုံစမ်းခိုင်းလိုက်မယ်… မကြာခင် ဖြေရှင်းနိုင်မှာပါ…”
“ ကျေးဇူးပါ အန်တီရှန်း …”
“ ငါ့ဆီက သတင်းကို စောင့်နေလိုက် …”
ရှန်းရှုရီနှင့် ဖုန်းပြောပြီးနောက် လင်းရီ အညောင်းဆန့်လိုက်သည်။
ရှန်းရှုရီ၏ အဆင့်အတန်း ၊ အဆက်အသွယ်တို့ဖြင့် သူကိုယ်တိုင် စုံစမ်းသည်ထက်တော့ ပိုကောင်းမည်မှာ အမှန်ပင်။ ယခု သူလုပ်ဖို့လိုအပ်သည်က ယောက္ခမလောင်းကြီးထံက ရလာသည့် သတင်းတို့အား စောင့်ဆိုင်းဖို့ရာပင် ဖြစ်သည်။
သူ၏ အလုပ်ကိစ္စများ ပြီးဆုံးသွားပြီးနောက် လင်းရီသည် ဟွာရှန်းဆေးရုံသို့ သွားလိုက်သည်။
လီချူးဟန်ထံ လည်ဆွဲလက်ဆောင် ပေးဖို့ ဟန်ပြင်ထားသော်လည်း သူ ဆေးရုံသို့ ရောက်သည်တွင်……
လီချူးဟန်သည် သူမ၏ အိတ်အား လွယ်လျက်ဖြင့် ဆေးရုံထဲက ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမက အဖြူရောင် သိုးမွေးထည် အင်္ကျီနှင့် အားကစား ဘောင်းဘီ၊ အားကစား ဖိနပ်ကို ဝတ်ဆင်ထား၏။ နှစ်ဆယ်ကျော် ကောင်မလေး တစ်ယောက်နှယ် နုပျိုလန်းဆန်းမှု အပြည့်နှင့် ဖြစ်နေတော့သည်။
တစ်ခုဆိုးသွားသည်က သူမမှာ ရယ်ပြုံးချင်းကို သိပ်မနှစ်သက်လှချေ။ မဟုတ်ပါက ပို၍ပင် ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းသွားနိုင်သည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကဲ့သို့ အဝတ်ကို တစ်နေ့ပြီး တစ်နေ့ မထပ်အောင် ဝတ်ရသည်အား ကြိုက်နှစ်သက်သည့် လူစားမျိုး မဟုတ်ချေ။ များသောအားဖြင့် နှစ်ရက်သုံးရက်ကြာမှ တစ်စုံလဲတတ်၏။ လဲသည့်အချိန်ကလည်း အဝတ်၏ ညစ်ပတ်သည့်အချိန်ပေါ် မူတည်နေသည်။
မူလက အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ဖြစ်နေသည့် လီချူးဟန်သည် လင်းရီကို မြင်တော့ ပြုံးရွှင်လာပြီး လျှောက်သည့် ခြေလှမ်းတို့ကလည်း သွက်လာသည်။
“ နင်လာမယ်ဆို ဘာလို့ ဘယ်တော့မှ လူကို ကြိုမပြောတာ … ငါ မရှိရင် နင်ဘယ်လိုလဲ လုပ်မှာ….”